စစ်တပ် အာဏာသိမ်းမှု ၁ နှစ် ကျော်လာခဲ့ပြီးနောက် လူထု၏ လက်နက်ကိုင် ခုခံမှုနှင့် ပြင်းပြင်းထန်ထန် ကြုံတွေ့နေ ရသည့် အာဏာသိမ်းစစ် ကောင်စီအနေဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားမှုများအပေါ် ပိုမို ဖိနှိပ်ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေသစ်တရပ်အား မတ်လ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။
ဥပဒေသစ်အရ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် ရဲချုပ်ခန့်အပ်မှုများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်းပြီးမှသာ ခန့် အပ်နိုင်သည့် ပြဋ္ဌာန်းချက်အပြင် ရဲတပ်ဖွဲ့အနေဖြင့် မူလတာဝန်ဖြစ်သည့် ရပ်ရွာ အေးချမ်းတည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများအပြင် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကိုပါ ဆောင်ရွက်ရန် ထည့်သွင်းထားသည်။
ယင်းပြင် ရဲတပ်ဖွဲ့ဝင်၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍လည်း ဝရမ်း မလိုဘဲ နိုင်ငံသားတဦးအား အလွယ်တကူ စွပ်စွဲ အကြောင်းပြ ဖမ်းဆီးနိုင်ခွင့် အခွင့်အရေးများ ပေးအပ်ထားသည့်အပြင် နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ် မည်ဆိုပါကလည်း ရဲတပ်ဖွဲ့ထံသို့ တင်ပြရမည်ဖြစ်ကြောင်း ဥပဒေ၌ ထည့်သွင်းထားသည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် နဂိုမူလရှိပြီးသား ဥပဒေများဖြစ်သည့် The Yangon Police Act(1899)၊ The Police Act (1945)၊ ၁၉၅၉ ခုနှစ်-ကရင်ပြည်နယ် ရဲအဖွဲ့အက်ဥပဒေ(ကရင်ပြည်နယ်အက်ဥပဒေအမှတ် ၂/၁၉၅၉)နှင့် ၁၉၅၉ ခုနှစ်-ကယားပြည်နယ်ရဲအဖွဲ့ အက်ဥပဒေ(ကယားပြည်နယ်အက်ဥပဒေအမှတ် ၄/၁၉၅၉) တို့အား ပယ်ဖျက်လိုက်ကြောင်းလည်း စစ်ကောင်စီက ကြေညာခဲ့သည်။
ယင်းသို့ စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအပေါ် မည်ကဲ့သို့ သက်ရောက်မှုများ ရှိလာနိုင်သည်ကို ဥပဒေရေးရာ အကြံပေး တဦးဖြစ်သည့် ဦးခင်မောင်မြင့်နှင့် ဧရာဝတီက ဆက်သွယ် မေးမြန်းဖြစ်ခဲ့သည်။
မေး။ ။ ရဲတပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေအပြင် နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ပါ ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းလိုက်တာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ အရင်ကတော့ ရဲတပ်ဖွဲ့ဆိုတာ သီးခြား ရပ်တည်ခဲ့တဲ့ သမိုင်းရှိတာပေါ့။ သို့သော်လည်းပဲ ဒီဘက် ၁၉၆၂ နောက်ပိုင်း ကျတော့ ရဲတပ်ဖွဲ့အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေသည် တပ်မတော်ရဲ့ အရံအင်အား အနေနဲ့ သုံးလာခဲ့တာပေါ့။ လုံ/ ထိန်းလို့ ခေါ်တဲ့ လုံခြုံမှု ထိန်းသိမ်းရေး ရဲတပ်ရင်းတွေပါ ဖွဲ့စည်းလာတာ ကျနော်တို့ တွေ့ရပါတယ်။ များသောအားဖြင့် ရဲတပ်ရင်းတွေက နယ်ခြား ဒေသတွေရဲ့ လုံခြုံရေး၊ နောက်တခုက လုံခြုံရေး မစိုးမိုးနိုင်တဲ့နေရာ တနည်းအားဖြင့် တိုင်းရင်း သား လက်နက်ကိုင်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ နယ်မြေ လုံခြုံရေး စိုးမိုးထားနိုင်ဖို့ ရဲတပ်ရင်းတွေ ၁၀ ရင်း အထိ ဖွဲ့စည်းခဲ့တာလည်း တွေ့ရပါတယ်။
လက်ရှိကတော့ ဥပဒေတရပ် ပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေ အပ်နှင်းတဲ့ သဘောပါပဲ။ အရင်က တော့ ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့သည် တပ်မတော်ရဲ့ လက်အောက်ကဆိုတဲ့ သဘောမျိုးနဲ့ လုံခြုံရေးတပ်ရင်းတွေ ဖွဲ့စည်း ဆောင်ရွက်ခဲ့တာ ကြာပါပြီ။ တနည်းအားဖြင့် ရဲတပ်ဖွဲ့ကိုပါ လိုအပ်လာခဲ့ရင် ကာကွယ်ရေး တာဝန်တွေ ပေးအပ်လို့ရအောင် ပြဋ္ဌာန်းလိုက်တဲ့ သဘောပါပဲ။
မေး။ ။ ဒါဆိုရင် နောက်ပိုင်းမှာ လိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေပါ ရှေ့တန်း စစ်မြေပြင်ထွက်ရနိုင်တဲ့ အနေအထား ရှိလာ နိုင်သလား။
ဖြေ။ ။ ဖြစ်လာနိုင်ပါတယ်။ တကယ်တမ်းလည်း အရင်တုန်းက ရဲတပ်ရင်းတွေဆိုတာ အဲဒီတာဝန်တွေ လုပ်ခဲ့ကြရတာပဲ လေ။ နယ်ရဲလို့ ခေါ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တရား ဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်ရတဲ့ ရဲတပ်ဖွဲ့တွေက လွဲရင် ရဲ တပ်ရင်းတွေကတော့ တပ်မတော်နဲ့ တွဲပြီးတော့မှ ရှေ့တန်း ဒေသတွေမှာ ပါဝင် တိုက်ခိုက်ရတာတွေ ရှိတယ်။ တိုက်ခိုက်လို့ အဲဒီ နယ်မြေမှာ စိုးမိုးလို့ရပြီဆိုရင် တပ်မတော် စစ်ကြောင်းတွေက တခြားဒေသတွေကို သွားတဲ့အခါမှာ ဒီစိုးမိုးထားတဲ့ ဒေသတွေရဲ့ လုံခြုံရေးကို ရဲတပ်ရင်းတွေက တာဝန်ယူ ဆောင်ရွက်ရတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ဒီဥပဒေအရ ရဲတပ်ရင်းတွေ သာမက ကျန်တဲ့ ရဲအရာရှိ ရဲတပ်ဖွဲ့ဝင်တွေကိုပါ လိုအပ်ခဲ့ရင် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန် တွေ ထမ်းဆောင်ခိုင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တော့ တွေ့ရှိရပါတယ်။
မေး ။ ။ ဒီဥပဒေသစ်အရ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ များစွာ ပေးထားတာ တွေ့ရပါတယ်။ ဒါပြဋ္ဌာန်းချက်တွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဖြေ ။ ။ ဥပဒေ တရပ်ကို ပြဋ္ဌာန်းပြီဆိုရင် လူ့အဖွဲ့အစည်းကြီး တခုလုံးကို ကာကွယ်ပေးရမှာ ဖြစ်သလို နိုင်ငံသားတဦးချင်း စီရဲ့ ပုဂ္ဂလိက လုံခြုံခွင့်နဲ့ လွတ်လပ်ခွင့်ကိုလည်းပဲ ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန် ပါကို ပါပါတယ်။ ဒီနှစ်ခုကို မျှတအောင် ထည့် သွင်းပြီး ပြဋ္ဌာန်းပေးရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူထဲမှာရော ပြဋ္ဌာန်းချက်တွေမှာရော နိုင်ငံ တော်သည် နိုင်ငံသား တဦးချင်းစီကို ဥပဒေအရ အကာအကွယ်ပေးရမယ် ဆိုတာ ပါဝင်သလို နိုင်ငံသားတဦးချင်းစီရဲ့ ပုဂ္ဂလိက ရှာဖွေ စုဆောင်းမှုကြောင့် ရရှိထားတဲ့ ဥစ္စာပစ္စည်းတွေကိုလည်းပဲ လုံခြုံမှုရှိအောင် ကာကွယ်မှုပေးရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ကျနော်တို့က ကာလတရပ်မှာ ပကတိ လိုအပ်ချက်အရ ဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်ပြီး ဒီဥပဒေဟာ လူ့အဖွဲ့အစည်းကြီး တခုလုံးရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကိုပဲ အဓိက ဇောင်းပေးပြီး ပြဋ္ဌာန်းလိုက်ရင်တော့ ကျန်တဲ့ နိုင်ငံသား တဦးချင်းစီရဲ့ နိုင်ငံသား အခွင့်အရေးတွေ၊ ပုဂ္ဂလိက လွတ်လပ်မှု၊ လုံခြုံမှုတွေ အလိုအလျောက် အားနည်းသွားမှာ ဖြစ်ပါတယ်။ အခု လည်းပဲ ဒီဥပဒေသည် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ လုံခြုံရေး တာဝန်တွေကို ပိုမို တိုးမြှင့်ဆောင်ရွက် နိုင်အောင် ဥပဒေအရ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြဋ္ဌာန်းထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ကျော် လွန်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းဖို့ ရည်ရွယ် ဆောင်ရွက် လိုက်တယ်လို့ပဲ မြင်ပါတယ်။
တည်ဆဲ ဥပဒေတွေထဲမှာဆိုရင် နိုင်ငံသားများရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေ ထဲမှာ ပါတဲ့ အရေးကြီးတဲ့ ပုဒ်မတွေ ဖြစ်တဲ့ ၅၊ ၇၊ ၈၊ ဒါတွေကိုလည်းပဲ န.စ.က အနေနဲ့ အရေးပေါ် ကာလအတွင်းမှာ ရပ် ဆိုင်းထားတယ်လို့ ကြေညာထားတယ်။ အဲဒါအရလည်း တော်တော်များများ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံ မှုတွေက ဆုံးရှုံးသွားပြီ။ ပြီးတော့မှ ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ ရဲလက်စွဲ ဥပဒေ၊ အဓိကရုဏ်း နှိမ်နင်းရေး ဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့ ရဲတပ်ဖွဲ့ကနေ နိုင်ငံသားတွေကို လက်လွတ်စပယ်၊ လွယ်လွယ်ကူကူ စွပ်စွဲ အရေးယူတာတွေ မလုပ်နိုင် အောင် ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေကို အခု ရဲတပ်ဖွဲ့ ဥဒေသစ် ပြဋ္ဌာန်းလိုက်တဲ့အခါမှာ ဒီဥပဒေက အကုန်လုံးကို လွှမ်းမိုး သွားတယ်။
နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုက ဒီဥပဒေပါအရဆို အတော်ကို အားနည်းသွားတယ်။ ရဲတပ်ဖွဲ့ဝင်တဦးက နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး အကြောင်းပြချက်နဲ့ အချိန်မရွေး နိုင်ငံသားတဦးကို ဖမ်းလို့ရတယ်၊ ဖမ်းခွင့်ရှိတယ်။ စစ်ဆေးခွင့် ရှိတယ်၊ အဆောက်အအုံတွေထဲတွေကို ဝင်ရောက် ရှာဖွေခွင့်ရှိတယ်။ အခုဆိုရင် ဆောက်မယ့် အိမ်တောင်မှပဲ အဆောက်အအုံ ဒီဇိုင်းနဲ့တကွ ရဲထံ တင်ပြရမယ်ဆိုတော့ ဘာမှ လုံခြုံလွတ်လပ်မှု မရှိနိုင်တော့ဘူး။
အဲဒါသည် တကယ်သာ ဒီဥပဒေပါ အခွင့်အရေးကို ကျင့်သုံးမယ့်သူတွေက ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်တယ်ဆိုရင်၊ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ၊ နိုင်ငံသား တဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ် လပ်မှုနဲ့လုံခြုံမှုကို လေစားတတ်တဲ့ အနေအထားမျိုးနဲ့ ဆောင်ရွက်ရင် ပြဿနာမရှိပေမယ့် ဒီဥပဒေပါ အခွင့်အရေးတွေကို အသုံးချပြီးတော့၊ အလွဲသုံးပြီးတော့ အနိုင်အထက် တွေလုပ်လာရင် တော်တော် အန္တရာယ်ကြီးပါတယ်။
မေး။ ။ လက်ရှိကာလ လူထုလှုပ်ရှားမှုတွေဖြစ်တဲ့ သံပုံးတီးတာမျိုးအထိ ထောင်ဒဏ်ပြစ်ဒဏ်ပေးနိုင်ဖို့ ပြဋ္ဌာန်းချက်တွေ ပါဝင်လာတာလည်း တွေ့ရပါတယ်။ ဒါက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်ထိန်းချုပ်ချင်တဲ့ သဘောမျိုးရော ရှိမလား။
ဖြေ ။ ။ ပြောရင်တော့ ဒီဥပဒေသစ်မှာ ပြဋ္ဌာန်းချက်တွေက ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို တည်ဆဲ ဥပဒေတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးလိုက်တာက ဘယ်ရဲ့ တွန်းအားလည်းဆိုတော့ တဖက်က ဖြစ်လာနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု အနေအထားအပေါ် အများကြီး မူတည်နေတယ်လို့ ပြောရမှာပါပဲ။ တဖက်ကလည်းပဲ NUG နဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေက ပြည်နယ်တွေ တောနယ် ကျေးရွာတွေက တဆင့် မြို့ကြီးတွေကို အင်အားကောင်းကောင်းနဲ့ ပျံ့နှံ့လာတာတွေ ရှိတယ်။
နောက်တခါ D-Day ဆိုတာကို သတ်မှတ်ပြီးတော့မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ့် အနေအထားမျိုး ပြင်ဆင်လာ တာကိုလည်း တွေ့ရတဲ့ အခါကျတော့ အဲဒီလို အခြေအနေတွေကို ထိန်းသိမ်း ထိန်းချုပ်နိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယခင် ရှိပြီးသား ဥပဒေ အကန့်အသတ်တွေကို ဖယ်ရှားပေးလိုက်တာလို့ မြင်ပါတယ်။ ဒါသည် လက်ရှိဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ပြောင်းလဲမှုတွေ အပေါ်မှာ မူတည်ပြီးတော့မှ ထပ်ဆင့် ပေါ်ပေါက်လာတဲ့ ဖြစ်စဉ် တရပ်ပါပဲ။
မေး။ ။ ဥပဒေသစ်အရ မူလ ပြစ်မှုပြစ်ဒဏ်တွေ အပေါ်မှာ ပြစ်ဒဏ်တွေ တိုးမြှင့်လိုက်တဲ့အပေါ်မှာရော ဘာများ သုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ ပြစ်ဒဏ်ပိုင်းကတော့ အရေးပေါ် ကာလအခြေအနေမှာရှိတဲ့ အစိုးရတိုင်းဟာ အကြောက်တရားနဲ့ပဲ အုပ်ချုပ်ကြ တာကိုး၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်။ အရေးပေါ် ကာလအခြေအနေမျိုး ပေါ်ပေါက်နေပြီးဆိုရင် နိုင်ငံသားတွေအပေါ် အကြောက် တရားနဲ့ အုပ်ချုပ်ခြင်းသည် အလွယ်ကူဆုံးလို့ မြင်ကြတာကိုး။ ပြစ်ဒဏ်တွေကို တိုးမြှင့်လိုက်ခြင်းဖြင့် ကျူးလွန်မယ့်သူတွေ က ပြစ်ဒဏ်တွေကို တွေ့ပြီးတော့မှ ကျူးလွန်ဖို့ ဝန်လေးသွားမယ်၊ ခက်ခဲသွားမယ်ပေါ့။ အဲဒါမှ ပြစ်မှုတွေလျော့နည်း ကျဆင်းသွားမယ်လို့ မျှော်လင့်တာလည်း ပါပါလိမ့်မယ်။
အမှန်ကတော့ ဥပဒေရဲ့ သဘောက ပြုလုပ်မှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်မျိုးပဲ ဖြစ်ရမှာပေါ့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်ညီမျှမှသာလျှင် ဒီဥပဒေ ဟာ မျှတတဲ့ ဥပဒေ၊ လူ့အဖွဲ့အစည်း တခုလုံးနဲ့ တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းနိုင်တဲ့ ဥပဒေဖြစ်မှာပါ။ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘူးဆိုရင် ဥပဒေတရပ် အနေနဲ့ အားနည်းတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီဥပဒေကို လက်တွေ့ ကိုင်တွယ် ကျင့်သုံးတဲ့အခါ လူထုအပေါ် ယခုထက်ပိုမိုတဲ့ ဖိအားတွေ ရှိလာနိုင်မလား။
ဖြေ ။ ။ ဖြစ်သင့်တာကတော့ ဒီလို ဥပဒေပြဋ္ဌာန်းလိုက်ပြီဆိုရင် ကျနော်တို့ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ပြဋ္ဌာန်း လိုက်ပြီးတော့ ဒီဥပဒေကို အသေးစိတ် ဆောင်ရွက်နိုင်ဖို့ တပ်မတော် နည်းဥပဒေဆိုတာ ထပ်ပြီး ပြဋ္ဌာန်းပေးရတယ်။ ဒါမှသာလျှင် ဒီဥပဒေကို လက်တွေ့ ကိုင်တွယ်ကျင့်သုံးကြမယ့် တပ်ဖွဲ့ဝင်တွေက ဥပဒေကို အကောင်အထည်ဖော်သလို ဥပဒေထက် ကျော်လွန်ပြီးတော့ လွန်လွန်ကျွံကျွံ ဆောင်ရွက်တာမျိုး မဖြစ်အောင် ထိန်းညှိတဲ့ သဘောပေါ့။
အခုဒီမှာတော့ ရဲတပ်ဖွဲ့ ဥပဒေကိုတော့ ပြဋ္ဌာန်းလိုက်ပြီ။ ပြဋ္ဌာန်းလိုက်တာနဲ့ ချက်ချင်း အာဏာတည်သွားရင် ပြဋ္ဌာန်းချက်ထဲ မှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရင်၊ ပြောရမယ်ဆိုရင်တော့ လက်ရှိ ဥပဒေကို ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ က သေသေချာချာ ဂဃနဏ ခြေခြေမြစ်မြစ် အသုံးပြုနိုင်ဖို့ သီးခြား လေ့ကျင့်ပေးမှု မရှိဘဲနဲ့ သုံးလိုက်ရင်တော့ အန္တရာယ် ကြီးတယ်။ အဲဒီတော့ ဒီဥပဒေအပြင် လိုက်နာ ဆောင်ရွက်ရမယ့် ကျင့်သုံးရမယ့် ရဲအရာရှိတွေ ရဲတပ်ဖွဲ့ဝင်တွေကို တကယ် လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်ရမယ့် နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ လိုပါသေးတယ်။ ဒီလို နည်းဥပဒေတွေ ပေါ်ပေါက်လာပြီးတဲ့ အခါကျမှပဲ ဒီဥပဒေတွေက အသက်ဝင်ပြီးတော့ စတင် ဆောင်ရွက်မယ် ဆိုရင်တော့ ဥပဒေနဲ့ပိုပြီး တော့ ညီညွတ်မယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ဥပဒေသစ်နဲ့ ပတ်သက်လို့ ခြုံငုံ သုံးသပျပေးပါဦး။
ဖြေ။ ။ ကမာ္ဘ့နိုင်ငံအသီးသီးမှာရှိတဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ရဲတပ်ဖွဲ့ဝင်တွေ ရဲအရာရှိတွေကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတဲ့ ဥပဒေ ဖြစ် တယ်။ သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းကိုကပဲ ကျယ်ပြန့်လှတဲ့ အတွက် အဲဒီ လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဖို့ အားနည်းသွားစေနိုင်တယ်။ သူက လုံခြုံရေးတွေရော ကာကွယ်ရေး တွေရော လုပ်ရတော့မယ်ဆိုရင် လက်ရှိ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတောင်မှ လက်ရှိကာလမှာ မလုပ်နိုင်တဲ့ အခြေအ နေမှာတောင် ဒီလို ကျယ်ပြန့်တဲ့လုပ်ငန်းတွေ တာဝန်တွေ ပေးလိုက်ရင် ပိုပြီး မနိုင်မနင်း ဖြစ်သွားနိုင်တယ်။ လက်တွေ့နဲ့ ကွာဟသွားနိုင်တယ်။
တကယ်တမ်းက ရဲတပ်ဖွဲ့ရဲ့ မူလတာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကိုသာလျှင် သီးသီး သန့်သန့် လုပ်ကိုင်စေခြင်းကသာလျှင် နိုင်ငံအတွက်လည်း အကျိုးရှိမယ်၊ ရဲတပ်ဖွဲ့ကလည်း ထိထိရောက်ရောက် လုပ်နိုင် မယ်။ ဒီဥပဒေက ကျယ်ပြန့်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် အနေအထား ဖြစ်ပါတယ်။
ဥပဒေတရပ် ပြဋ္ဌာန်းလိုက်ပြီးဆိုရင် နိုင်ငံတော်လို့ဆိုတဲ့ လူ့အဖွဲ့အစည်းတခုလုံးကို လုံခြုံဖို့ အကာအကွယ်ပေးဖို့ တာဝန်ရှိ သလို လူ့အဖွဲ့အစည်းထဲမှာပါတဲ့ နိုင်ငံသား တဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်မှု၊ လုံခြုံမှု၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ အကာအကွယ်ပေးဖို့လည်း လိုပါတယ်။
အဲဒီလို မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေးကိုပဲ တဖက်သတ် မြင်ပြီးတော့ တဖက်သတ် အကာအကွယ်ပြုပြီး တော့ ရေးဆွဲလိုက်မယ်ဆိုရင် အဲဒီဥပဒေသည် ရေရှည်မှာ တည်တန့်နိုင်ဖို့ ခဲယဉ်းပါတယ်။ ကာလတခုအလွန်မှာ ဒီဥပဒေ သည် အလိုအလျောက် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိ က လွတ်လပ်မှု၊ လုံခြုံမှုကို အကာအကွယ်မပေးနိုင်ရင် လျော့ရဲပြီးတော့ ပျက်ပြားသွား အနေအထား ရှိတယ်။ ဒါကိုတော့ နှစ်ဖက်မျှပြီး ထိန်းညှိ ဆောင်ရွက်ဖို့ လိုပါတယ်။
You may also like these stories:
ဆက်စပ်ဖတ်ရှုရန် နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
မြန်မာတွေ အကြမ်းဖက်မှုနဲ့ ယဉ်ပါးလာပြီလား