စစ်တပ်ကတဆင့် ထောက်ပံ့မယ်ဆိုတာကို ယောင်လို့တောင် မစဉ်းစားပါနဲ့

ဧရာဝတီ
လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး

တိုင်းနှင့် ပြည်နယ်များရှိ ခုခံတော်လှန်ရေး အင်အားစုများ ရှိရာနေရာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများကို လုယက်ယူဆောင်ခြင်း၊ ဒေသခံပြည်သူများကို နှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူများ သိန်းချီ ရှိလာနေပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မည်ကဲ့သို့ ကူညီနေသည်၊ ကူညီနိုင်မည်နှင့် ပတ်သက်၍ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မကွေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာ ဝင်းမြတ်အေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

မေး ။ ။ သတင်းတွေထဲမှာ သိနေကြားနေရတဲ့ စစ်ကောင်စီတပ်က မြို့တွေ၊ ရွာတွေ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက်ကြောင့် လူပေါင်းမြောက်များစွာ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ပြီးတော့ ဒုက္ခများစွာ ကြုံတွေ့နေရတာပေါ့။ အခု အစုလိုက်အပြုံလိုက် ဖြစ်နေတာတွေကို ကရင်နီ (ကယား)၊ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတွေမှာပါ တွေ့နေတာပေါ့။ ဒီလို ပြည်တွင်းစစ်ဘေးဒဏ်ခံ ဒုက္ခသည်တွေအရေးကို NUG အနေနဲ့ ဘယ်လို တာဝန်ယူ ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဒီကာလကတော့ အကြမ်းဖက် စစ်ဘေးခံစားနေရတဲ့ နေရာတွေ ရှိတယ်။ ဒါကတော့ ကရင်နီတို့၊ ချင်း၊ စစ်ကိုင်း၊ မကွေး စသဖြင့် ဒီနေရာတွေကတော့ ထိပ်ဆုံးကနေ ခံစားနေရတာ ဖြစ်တယ်။ ဒီလိုမျိုးခံစားနေရတဲ့ ပြည်သူတွေအတွက်ကို ကျနော်တို့က ပြည်သူ့အစိုးရဆိုတော့ တုံ့ပြန်တယ်။ ခံစားမှုတွေ သက်သာအောင် ဆောင်ရွက်နေတာ ရှိတာပေါ့။

တနိုင်လုံး အတိုင်းအတာအနေနဲ့ နိုင်ငံတကာ စာရင်းတွေအရ၊ ဥပမာ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) စာရင်းတွေအရ ဆိုရင်တော့ အခုလတ်တလော နေရပ်စွန့်ခွာတဲ့ ပြည်သူပေါင်းက ၅ သိန်း ၆ သောင်း ၆ ထောင်နဲ့ ၁ ရာလောက် ရှိတယ်လို့ ဆိုပါတယ်။ ကျနော်တို့အနေနဲ့တော့ ဒါကို အတတ်နိုင်ဆုံး ခြုံငုံမိအောင် ကြိုးစားတယ်။ သို့သော်လည်း အားလုံးကို ခြုံမိအောင်လုပ်ဖို့က ခက်ခဲနေသေးတဲ့အတွက်ကြောင့် လတ်တလောမှာတော့ ပြည်သူပေါင်း ၃ သိန်း ၅ သောင်း ၄ ထောင့် ၁ ရာ ၉၄ ယောက်အထိ ရောက်ရှိအောင် ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်နိုင်ပြီလို့ ပြောလိုပါတယ်။

စုစုပေါင်း ငွေကျပ်ကတော့ ကျနော်တို့ ကူညီခဲ့တာဆိုရင် မြန်မာငွေကျပ် ၂ ဒသမ ၇ ဘီလီယံ ရှိပြီးတော့ ဒီထဲက ၆၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁ ဒသမ ၆၆၇ ဘီလီယံကတော့ ကျနော်တို့ပြောခဲ့တဲ့ ကရင်နီတို့၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးစတဲ့ အဖြစ်များတဲ့ ဒဏ်ခံရတဲ့၊ ဒဏ်အခံရဆုံး ပြည်နယ်နဲ့ တိုင်းတွေကို ကျနော်တို့ ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်

စုစုပေါင်း ငွေကျပ်ကတော့ ကျနော်တို့ ကူညီခဲ့တာဆိုရင် မြန်မာငွေကျပ် ၂ ဒသမ ၇ ဘီလီယံ ရှိပြီးတော့ ဒီထဲက ၆၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁ ဒသမ ၆၆၇ ဘီလီယံကတော့ ကျနော်တို့ပြောခဲ့တဲ့ ကရင်နီတို့၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးစတဲ့ အဖြစ်များတဲ့ ဒဏ်ခံရတဲ့၊ ဒဏ်အခံရဆုံး ပြည်နယ်နဲ့ တိုင်းတွေကို ကျနော်တို့ ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ဆက်လက်ပြီးတော့ အားလုံးကို ခြုံမိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။

မေး ။ ။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဆရာတို့ နယ်မြေခံတွေနဲ့ အထူးသဖြင့်တော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေလဲ ဆိုတာကို ရှင်းပြပေးပါဦး။

ဖြေ ။ ။ တကယ်တော့ အကူအညီ လိုအပ်တာက စာရင်းတွေအရဆိုရင် တနိုင်ငံလုံးမှာ စားနပ်ရိက္ခာ ချို့တဲ့နေတာက တကယ်တမ်းဆိုရင် ၁၄ ဒသမ ၄ သန်းလောက်ရှိတယ်။ အဲဒီထဲကမှ ကျနော်တို့ ကူညီနိုင်တဲ့ ရာခိုင်နှုန်းနဲ့ တွက်လိုက်ရင် တော်တော်ကြီးကို လိုအပ်နေသေးတာကို တွေ့ရတယ်။ ဆောင်ရွက်တဲ့အခါမှာ NUG အစိုးရတရပ်တည်းနဲ့လည်း ဆောင်ရွက်လို့မရဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမှာဖြစ်လို့ အဓိကအားဖြင့်တော့ ဒုက္ခရောက်နေတဲ့လူတွေ စစ်ဘေးရှောင်တွေက တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေမှာ အများဆုံး ရောက်ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့က အင်မတန်အရေးကြီးတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်များ / CJ

နောက်တခုက မြေပြင်မှာ တကယ်ဆောင်ရွက်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ မြေပြင်မှာ တကယ့်လက်တွေ့ ဆောင်ရွက်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိဖို့လိုတယ်။ ဒီလူမှုအဖွဲ့အစည်းတွေက သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဒီအဖွဲ့တွေကနေ ချိတ်ဆက် ဆောင်ရွက်ထားတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိဖို့ဆိုရင် Coordination ကော်မတီတရပ်တော့ လိုအပ်တယ်။

ဒီ NUG လက်အောက်မှာ လုပ်တာလည်း မဟုတ်ဘူး။ NUG က ဖွဲ့ပေးတာလည်း မဟုတ်ဘူး။ Coordination ကော်မတီကို လိုအပ်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အဲဒီမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ CBO (လူထုအခြေပြု အဖွဲ့အစည်း)၊ CSO (အရပ်ဖက် လူမှုအဖွဲ့အစည်း) တွေ အကုန်လုံးက ချိတ်ဆက်ပြီးတော့ Coordinate ဖြစ်သွားရင်၊ တကယ်ဆောင်ရွက်ရင် ထိရောက်မယ်လို့ ယူဆပြီးတော့ Coordination ကော်မတီတရပ်ကို ဖွဲ့စည်းဖို့ အားလုံးဝိုင်းဝန်းပြီးတော့ အကြံပြုဆွေးနွေးပြီးတော့ သီးခြား Coordination ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြတာ။

ကျနော်တို့က ပြည်သူက ပြည်သူကိုပဲ အားကိုးရတာ ဖြစ်တယ်။ ပြည်သူက ပြည်သူကို အားကိုးတယ်ဆိုတာ နိုင်ငံတကာရောက် ပြည်သူတွေကို အဓိက အားကိုးရတယ်။ ဒီအလှူငွေနဲ့ ကျနော်တို့က ဆောင်ရွက်ရတာဖြစ်တယ်။ ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေကလည်း မကုန်ဆုံးနိုင်တဲ့ တကယ့်ကို စေတနာတွေနဲ့ အားတက်တရောနဲ့ ကူညီခဲ့ကြတယ်။

ဒါဟာ သီးခြားလွတ်လပ်တဲ့ Coordination ကော်မတီတရပ်ဖြစ်ပြီးတော့ ဒီအဖွဲ့အစည်းကနေ သူတို့ဖွဲ့စည်းမယ့် လုပ်ငန်းစဉ်တွေ မူဝါဒတွေကို ချမှတ်ပြီးတော့ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ၁ နှစ်တာ ကာလအတွင်းမှာ ပိုမိုပြီးတော့ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်တယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒီနေရာမှာရော ဆရာတို့ လုပ်ကိုင်ရတာ အခက်အခဲ စိန်ခေါ်မှုတွေ ဘာများရှိမလဲ။ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေရဲ့ လှူဒါန်းငွေတွေကရော လုံလောက်မှုရှိပါသလား။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ သုံးစွဲရတဲ့ ငွေကြေးအနေနဲ့ကတော့ ပြန်စဉ်းစားကြည့်ရင် NUG အစိုးရက စပြီးတော့ ဆောင်ရွက်ကတည်းက လက်ဗလာနဲ့ လာရတယ်။ ကျနော်တို့ အကူအညီတွေ လိုအပ်တဲ့အခါမှာ ဘတ်ဂျက်က အလွန်အရေးကြီးတယ်။ သုံးစွဲနိုင်ဖို့ ရန်ပုံငွေရဖို့ အရေးကြီးတယ်။

ဒါအတွက်ဆိုရင် ကျနော်တို့က ပြည်သူက ပြည်သူကိုပဲ အားကိုးရတာ ဖြစ်တယ်။ ပြည်သူက ပြည်သူကို အားကိုးတယ်ဆိုတာ နိုင်ငံတကာရောက် ပြည်သူတွေကို အဓိက အားကိုးရတယ်။ ဒီအလှူငွေနဲ့ ကျနော်တို့က ဆောင်ရွက်ရတာဖြစ်တယ်။ ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေကလည်း မကုန်ဆုံးနိုင်တဲ့ တကယ့်ကို စေတနာတွေနဲ့ အားတက်တရောနဲ့ ကူညီခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တော်လှန်ရေးကာလမှာ လုပ်နေတဲ့ အစိုးရဖြစ်တယ်။ နောက် တော်လှန်ရေးကာလမှာ ပြည်သူတွေကို စောင့်ရှောက်ရတာ ဖြစ်တယ်။ ဒီတော်လှန်ရေးကြီး အောင်မြင်သွားရင် ဒီလိုမျိုး စောင့်ရှောက်မှုတွေအတွက်က အကျိုးကျေးဇူး အများကြီးရှိနိုင်တယ်။

ဒါကြောင့်မို့လို့ နိုင်ငံတကာရောက် ပြည်သူတွေကလည်း တော်လှန်ရေးအောင်မြင်ဖို့ကို ဦးတည်ပြီးတော့ တော်လှန်ရေးကို ဆင်နွှဲနေရင်း ဒုက္ခရောက်နေတဲ့ ပြည်သူကို ကူညီဖို့ဆိုတာကို အင်မတန် အားတက်သရောနဲ့ ကူညီနေကြတာ ရှိပါတယ်။ အဲဒီလို ကူညီတဲ့အခါမှာ ကျနော်တို့ကို တိုက်ရိုက်ချိတ်ဆက်ပြီး ကူညီတာရှိတယ်။ အလှူရှင်တွေ ကိုယ်တိုင်က ခံစားနေရတဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ကူညီနေတာတွေရှိတယ်။ နောက် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိပါတယ်ခင်ဗျ။

မေး ။ ။ အခု ဒီလိုမျိုး ဒုက္ခတွေ ကြုံနေကြရပေမယ့်လည်း အာဆီယံ အထူးကိုယ်စားလှယ် ကနေတဆင့် ဒေသတွင်း နိုင်ငံတွေရော ကုလသမဂ္ဂပါ ဝင်ပြောနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ အကူအညီပေါ့။ ဒါတွေအပေါ်မှာရော ဆရာတို့ ဘယ်လို သဘောထားပါသလဲ။ ဒီကိစ္စကို ခွင့်ပြုချက်ကို အာဏာသိမ်း စစ်ကောင်စီဆီမှာ နားချနေရတာဟာ အလုပ်ဖြစ်ပါ့မလား။

ဖြေ ။ ။ တကယ်တော့ ကျနော်တို့က အခုလိုအပ်ချက်တွေ အရမ်းများတယ်။ ပြည်သူ့လိုအပ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်နိုင်တာနဲ့ဆိုရင် လိုအပ်ချက်တွေက ရှိသေးတဲ့အတွက်ကြောင့် နိုင်ငံတကာက အကူအညီက မလွဲမသေ လိုအပ်တယ်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ပြည်သူက ပြည်သူရဲ့ အကူအညီသာ ရရှိပြီးတော့ နိုင်ငံတကာရဲ့ အကူအညီကို ထင်ထင်ရှားရှား မရှိသေးဘူးဆိုတာတော့ သေချာတယ်။ ဒါကြောင့်မို့လို့ အဲဒီလို ထောက်ပံ့နိုင်တဲ့ အခြေအနေတွေ ရောက်အောင် ကျနော်တို့က ကြိုးစားဆောင်ရွက်နေတယ်။

အာဆီယံနိုင်ငံမှာလည်း အာဆီယံနိုင်ငံတွေ စုပေါင်းပြီးတော့ Humanitarian Team ဆိုပြီး လုပ်တယ်။ လုပ်ထားပြီးတော့ နိုင်ငံတကာကငွေတွေ ရောက်ရှိတာ အမြောက်အများရှိတယ်။ ဒါကို ပြည်တွင်းက ပြည်သူတွေဆီ ရောက်ဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုနည်းနဲ့ လက်တွေ့ကျကျ ဆောင်ရွက်မလဲဆိုတော့ အခု မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။

အခု မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။ တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး။

တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတော့ ထိထိရောက်ရောက် ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာက သိဖို့ပဲလိုတယ်။

အဲဒီနည်းလမ်းကတော့ အခုကျနော်တို့ ဆောင်ရွက်နေတဲ့ Coordination ကော်မတီနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လို့ရတယ်။ NUG နဲ့ချိတ်ဆက် ဆောင်ရွက်လို့ရတယ်။ NUG နဲ့ ပူးပေါင်းဆောင်ရွက်ရင် ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေရှိတယ်။ NGO တွေရှိတယ်။ ဒါတွေနဲ့ ကျနော်တို့က ချိတ်ဆက်ပေးလိုက်ရင် လူသားချင်းစာနာတဲ့ အကူအညီ ငွေကြေးစီဆင်းမှုတွေမှာလည်း အဲဒီကနေ သွားလို့ ရသလို ကျနော်တို့ကနေ တိုက်ရိုက်ဆောင်ရွက်နေတဲ့ CBO ၊ CSO တွေကို ချိတ်ဆက်ဆောင်ရွက်တဲ့ နည်းလမ်းတွေကို ရှင်းပြနေတယ်ပေါ့။

ဒါတွေကိုသာ သူတို့သဘောပေါက်ရင် NUG ကို တိုက်ရိုက်ပေးစရာ မလိုပေမယ့် NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ NUG ရဲ့ ပါတနာတွေပေါ့။ NUG က ထောက်ခံထားတဲ့ ပါတနာတွေပေါ့။ တကယ် ပြည်သူတွေဆီရောက်အောင် မြေပြင်မှာ ဆောင်ရွက်နိုင်တဲ့ တကယ့် လက်တွေ့ ဆောင်ရွက်နေတဲ့ လူတွေဆီကို ငွေကြေးစီးဆင်းမှုတွေ၊ အကူအညီတွေ ရောက်ရှိသွားမယ်ဆိုရင် အင်မတန်ထိရောက်တဲ့ အကူအညီတွေဖြစ်မယ်။

ဆိုလိုတာကတော့ စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မသွားဘဲနဲ့ NUG ခွင့်ပြုချက်နဲ့ သွားမယ်။ Coordination ကော်မတီခွင့်ပြုချက်နဲ့ သွားမယ်ဆိုရင်တော့ ဒီချဉ်းကပ်မှုပုံစံကို နိုင်ငံတကာက သိအောင် ဆောင်ရွက်ပေးနေပါတယ်။ အဲဒီပုံစံသာ မှန်မယ်ဆိုရင်တော့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းမှာလည်း ကျနော်တို့လုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပြီးတော့ နိုင်ငံတကာကို ရှင်းပြလျက်ရှိပါတယ်။ ဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုရင်တော့ လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်မယ်လို့ ယူဆပါတယ်။

ဒါကြောင့်မို့လို့ အကယ်၍ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့သာ သွားမယ်ဆိုရင်တော့ တကယ် လိုအပ်တဲ့ နေရာတွေကို မရောက်ဘဲနဲ့ နိုင်ငံတကာရဲ့ ငွေတွေက တနည်းတဖုံ လမ်းကြောင်းသွေဖည် သွားနိုင်ပါတယ်လို့ ထင်မြင်ပါတယ်။ တကယ်လည်း အဲဒီအတိုင်း ဖြစ်မှာပါ။ အဓိက အရေးကြီးတာကတော့ လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့ပဲ အရေးကြီးပါတယ်။ ဒါကို ထိထိရောက်ရောက်ပဲ နိုင်ငံတကာက လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

မေး ။ ။ ပြောရမယ်ဆိုရင် လူကယ်ပြန်ဝန်ကြီးဆိုတာ ဟိုးတုန်းကဆိုရင် ဂျောင်ထိုးထားတဲ့ ဝန်ကြီးဌာနပေါ့။ အဲဒါကို ရှေ့တန်းရောက်အောင် ဆွဲထုတ်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် ဆရာလုပ်ခဲ့ ကိုင်ခဲ့တဲ့ အလုပ်တော်တော်များများကို သိနေခဲ့ပါတယ်။ ဆရာ့အနေနဲ့ ဒီနေ့ စစ်အစိုးရခန့် လူကယ်ပြန်ဝန်ကြီးဌာနက လုပ်နေတဲ့ လုပ်ကိုင်နေပုံတွေကိုရော ဘယ်လို သုံးသပ်မိလဲ။

ဖြေ ။ ။ မေးခွန်းအတွက် ကျေးဇူးတင်တယ်။ ကျနော်တို့ အရင်လုပ်ခဲ့ရတဲ့ ပြည်သူ့အစိုးရလက်ထက် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုပြီးတော့ စတင် အကောင်အထည်ဖော်တဲ့ လက်ထက်နဲ့ အခုလက်ထက်နဲ့ လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက် အခြေအနေကတော့ အလွန်ကွာဟတာရှိတယ်။ ဒါပေမယ့် အဲဒီမှာလည်း တချို့အချက်တွေ ဖော်ပြချင်တာရှိတယ်။

ဆိုလိုတာကတော့ အရင်တုန်းက ကျနော်တို့က ပြည်သူ့အစိုးရလည်းဖြစ်တယ်။ ပြည်သူ ဒုက္ခရောက်နေရင် အချိန်နဲ့တပြေးညီ ချက်ချင်းသွားပြီး ကူညီနိုင်တယ်။ လူကိုယ်တိုင်သွားတယ်။ ပြည်သူတွေရဲ့ အသိအမှတ်ပြုခြင်းကိုလည်း အများကြီးခံခဲ့ရပါတယ်။ အဲဒီတုန်းက ပြည်သူတွေနဲ့ လူချင်းနီးစပ်ခဲ့တယ်။ ဒုက္ခခံစားနေရတဲ့ စစ်ရှောင်တွေ၊ တိုင်းရင်းသား၊ တိုင်းရင်းသူတွေနဲ့လည်း ကျနော်တို့ တွေ့ဆုံပြီးတော့ အကူအညီတွေပေးခဲ့ရတယ်။

ဒီမှာ ကျနော်တခုပြောချင်တယ်။ အရမ်းလည်း အရေးကြီးတယ်။ အဲဒီတုန်းက ပြောနိုင်တယ်။ အဲဒီတုန်းက လူချင်းနီးစပ်ပေမယ့် တကယ်ဒုက္ခခံစားနေရတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ တထပ်တည်း မနီးစပ်ခဲ့ဘူးဆိုတာ ကျနော်အခု သိရှိခံစားလာရတဲ့ အဖြစ်မျိုးတွေ ရှိတယ်ဆိုတာကို ပြောချင်တာဖြစ်တယ်။

စစ်ဘေးရှောင် တိုင်းရင်းသားတွေနဲ့ လူချင်းရင်းရင်းနှီးနှီး ဆက်ဆံရင်းနှီးခဲ့ရပေမယ့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အခွင့်မသာဘူး။ ဒါဟာ အုပ်ချုပ်ရေးမှာ စစ်တပ်ရဲ့ ပါဝင်စိုးမိုးမှုကြောင့် ဆိုတာ အခုတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ။

တချို့ စစ်ဘေးဒုက္ခသည်တွေ ရှိတဲ့နေရာကို လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်ပြုချက် မရခဲ့ဘူး။ မသွားရောက်နိုင်ခဲ့ဘူး။ အခြေအနေအမှန်နဲ့ စစ်ဘေးရှောင်တွေရဲ့ ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ထားခြင်း ခံခဲ့ရတယ်လို့ သိလာရတယ်။ ဒါကို အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေက ထင်ထင်ရှားရှား ဖော်ပြနေတာကိုလည်း အားလုံးသိမှာ ဖြစ်ပါတယ်။

အရင်က ဘယ်လောက် ခံစားကြရမလဲဆိုတာကို ပြန်တွေးပြီးတော့ အလွန်ကို စိတ်မကောင်း ဖြစ်ရတယ်။ ဒါအတွက်ကိုလည်း ကျနော့်အနေနဲ့ တောင်းပန်လိုပါတယ်။

အခု ကျနော်တို့ NUG အစိုးရမှာတော့ လူသားချင်းစာနာမှု လုပ်ငန်းတွေကို မြေပြင်ထိ ကိုယ်တိုင်လာရောက်ပြီး လူချင်းနီးစပ်ဖို့ ခက်ခဲပေမယ့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခံစားချက်နဲ့တော့ ထပ်တူရှိနေတယ်ဆိုတဲ့ ကွာခြားချက်ကို တွေ့ရှိရတယ်။

အရင်က ဘယ်လောက် ခံစားကြရမလဲဆိုတာကို ပြန်တွေးပြီးတော့ အလွန်ကို စိတ်မကောင်း ဖြစ်ရတယ်။ ဒါအတွက်ကိုလည်း ကျနော့်အနေနဲ့ တောင်းပန်လိုပါတယ်။ ဘတ်ဂျက်အနေနဲ့ ပြန်စဉ်းစားကြည့်ရင် အရင် NLD အစိုးရလက်ထက်မှာ ပြည်သူ့အစိုးရဆိုတော့ ပြည်သူ့အတွက် ဆိုပြီးတော့ လူသားချင်း စာနာထောက်ပံ့ပေးဖို့ ဘတ်ဂျက်တွေကို အဆများစွာတိုးဖို့ စဉ်းစားခဲ့ကြတယ်။

အဲဒီတော့ စစ်ဘက်ဆိုင်ရာတွေမှာ အသုံးများပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီတွေမှာ တော်တော့်ကို နည်းခဲ့တဲ့ အခြေအနေတွေကနေပြီးတော့ အဆများစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ဆောင်ရွက်ဆဲမှာပဲ ကျနော်တို့ အာဏာသိမ်းခြင်း ခံရတဲ့အတွက် လုံးဝ သုညဘဝကို ပြန်ဆင်းသွားတယ်။

အခု NUG အစိုးရက ဒုက္ခရောက်တဲ့ ပြည်သူတွေကို အပြည့်အဝကူညီနေတယ်။ သို့သော်လည်း အစိုးရအနေနဲ့ လက်ဗလာနဲ့ စတာမို့လို့ ပြည်သူ့ငွေနဲ့ ကူညီရတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ သို့သော်လည်း လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အရင်တုန်းက ဝန်ထမ်းများများနဲ့ ပေါ်ပေါ်လွင်လွင် ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒီဝန်ထမ်းတွေက အခု စစ်ကောင်စီလက်အောက်မှာ တကယ် လိုအပ်နေတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်မဖော်နိုင်ကြဘူး။

စစ်ကောင်စီတပ် မီးရှို့ထားသော ဟားခါး-ဖလမ်း လမ်းပေါ်ကရွာများ / The Chin Journal

ကျနော်တို့ကတော့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ မိတ်ဖက်အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ မြေပြင်ကို တိုက်ရိုက်ထောက်ပံ့မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်။ အဲဒီအပြင်ကို အလှူရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ထောက်ပံ့တာတွေလည်း လုပ်နိုင်တယ်။

ဒါတွေကတော့ ကျနော်တို့က တော်လှန်ရေးကာလမှာ ပိုပြီးတော့ ကွာသွားတာက မြေပြင်မှာ စည်းလုံးညီညွတ်မှုနဲ့ ပိုဆောင်ရွက်လာနိုင်တယ် ဆိုတာကို တွေ့ရတယ်။ ဒါ ကျနော်တို့ရဲ့ အဓိက ကွာခြားချက်တွေပါပဲ။

မေး ။ ။ ဆရာဖြည့်စွက်ပြီး ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

ဖြေ ။ ။ ကျနော် ထပ်မံဖြည့်စွက် ပြောချင်တာကတော့ လက်ရှိ စစ်ဘေးရှောင်တွေက ကြုံတွေ့ နေရတာကတော့ စစ်တပ်က ရွာတွေကို မီးရှို့တယ်။ အိုးအိမ်တွေကို ဖျက်ဆီးတယ်။ ပစ္စည်းတွေကို ခိုးယူတယ်။ ရွာထဲမှာ တပ်စွဲတယ်။

စစ်ဘေးရှောင်စာရင်းတွေ အတိအကျ ကောက်ယူဖို့ ခက်ခဲတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခုလို ပူးပေါင်းဆောင်ရွက်မှုနဲ့တော့ ရနေတယ်။ ဒီအချိန်မှာ အရေးကြီးတာတော့ ဘဏ္ဍာငွေ လိုအပ်ချက်ပဲ။

အဲဒီတော့ ပြည်သူတွေက ကျေးရွာတွေက တောတွေ၊ နီးစပ်ရာတွေကို ပြောင်းရွှေ့ရတယ်။ စစ်တပ် ပြန်ထွက်သွားတော့လည်း အိုးအိမ်တွေက မီးလောင်သွားပြီ၊ မရှိတော့ဘူး။ ပြန်တည်ဆောက်ဖို့လည်း ဘာမှ မကျန်တော့ဘူး။ အားလုံး ဆုံးရှုံးသွားတာကို။

ဒီလိုအမျိုး အခြေအနေမှာ ကျနော်တို့ ဝန်ကြီးဌာနကနေ ဘယ်လို ကူညီရမလဲဆိုတာကို အမြဲတမ်း စဉ်းစားပြီးတော့ ကူညီဖို့ ဆောင်ရွက်နေတယ်။ ဆက်ပြီးတော့ ကူညီဖို့ဆိုလည်း ကျနော်တို့ စီမံချက်တွေကို ရေးဆွဲထားတယ်။

ဒီမှာ အဓိက လိုအပ်ချက်ကတော့ တော်လှန်ရေးအောင်ဖို့ပဲ။ တော်လှန်ရေးအောင်ရင် ဒါတွေ အကုန်လုံးက ဆောင်ရွက်နိုင်တာတွေ ရှိတယ်။ လူသားချင်းစာနာမှု ပေးတဲ့အခါမှာလည်း ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ ဆိုတာလည်း အမြဲတမ်း စဉ်းစားနေတယ်။

စစ်ဘေးရှောင်စာရင်းတွေ အတိအကျ ကောက်ယူဖို့ ခက်ခဲတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခုလို ပူးပေါင်းဆောင်ရွက်မှုနဲ့တော့ ရနေတယ်။ ဒီအချိန်မှာ အရေးကြီးတာတော့ ဘဏ္ဍာငွေ လိုအပ်ချက်ပဲ။

အဓိက လိုအပ်ချက်ကတော့ ပြည်သူကို ပြည်သူက လှူတာနဲ့ပဲ သွားနေရတာ ဖြစ်တဲ့အတွက် ဒီဘဏ္ဍာငွေ ပိုမိုရရှိဖို့အတွက်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကျနော်တို့ ဆွေးနွေးနေတယ်။ ဒါတွေရဲ့ ရလဒ်တွေကလည်း မကြာခင်မှာ ပေါ်ပေါက်လာမှာပေါ့။ အဲဒါကြောင့် နိုင်ငံတကာရဲ့ အကူအညီတွေလည်း အများကြီးလိုအပ်နေတယ်။ ကျနော်တို့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါအတွက်ကိုလည်း နိုင်ငံတကာက သိရှိပြီးတော့ ကူညီနိုင်ဖို့ အလားအလာတွေ အများကြီး ရှိနိုင်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ကျနော့်အနေနဲ့ကတော့ ဒီလောက်ပါပဲ။

အဓိက အရေးကြီးတာတော့ တော်လှန်ရေး အောင်မြင်သွားဖို့ လိုတယ်။ ကျနော်တို့ ဘာလုပ်လုပ် တော်လှန်ရေး အောင်မြင်ဖို့အတွက် ဦးတည်ပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ တော်လှန်ရေးမှာ တောင့်ခံထားဖို့ပဲ လိုတယ်။ တောင့်ခံထားနိုင်ဖို့ ကျားကန်ပေးနေကြတယ်။ တော်လှန်ရေး အောင်မြင်သွားရင်တော့ ပြည်သူ့အစိုးရ ပြည်သူ့အာဏာ ပြန်အပ်ပြီးတော့ ကျနော်တို့နိုင်ငံမှာ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားနိုင်မယ်လို့ ယူဆပါတယ်။

ကျနော့် အနေနဲ့တော့ အချုပ်မှာ နှစ်ချက်ပြောချင်တယ်။ ပထမ အချက်ကတော့ ကျနော်တို့ တကယ်လိုအပ်တဲ့ ပြည်သူတွေကို အကူအညီပေးတဲ့အခါမှာ၊ ကျနော်တို့ ပြည်သူက ပြည်သူကို အကူအညီ ပေးရတဲ့အခါမှာ နိုင်ငံတကာရောက် ပြည်သူများ၊ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူများ အခုလို လက်ရှိအခြေအနေအထိ တနှစ်တာ ကာလအတွင်းမှာ တောင့်ခံနိုင်အောင် ကူညီပေးနိုင်တဲ့လူတွေ ကျေးဇူးတင်တယ်လို့ အားလုံးကို ပြောချင်တယ်။

နောက်တချက်ကတော့ အဲဒီလိုကူညီတဲ့အခါမှာ နိုင်ငံတကာရောက် မြန်မာများက သူတို့ကိုယ်တိုင် ကူညီတာ မဟုတ်ဘဲနဲ့ သူတို့နိုင်ငံမှာရှိတဲ့ မိတ်ဆွေနိုင်ငံတွေက ပြည်သူတွေကို သူတို့ကတဆင့် ကြိုးပမ်းလာကြတာကိုလည်း တွေ့ရတယ်။ ဒါဟာ အင်မတန်ကောင်းတယ်။ ပြည်သူက ပြည်သူကို ကူညီပေါ့။

ပြည်သူကပြည်သူလို့ ပြောတဲ့အခါမှာ ကျနော်တို့ မြန်မာပြည်သူတွေသာ မကဘဲနဲ့ နိုင်ငံတကာမှာရှိတဲ့ ပြည်သူတွေကလည်း ပြည်သူက ပြည်သူကို စောင့်ရှောက်ကြတာတွေ ဖြစ်လာကြပါပြီ။ ဒါဟာ တော်လှန်ရေးအတွက် အားတက်စရာဖြစ်ပါတယ်။

ဥပမာ ကိုရီးယားနိုင်ငံဆို ကိုရီးယားနိုင်ငံသားတွေက မြန်မာနိုင်ငံ ဒုက္ခရောက်နေတာကို ကူညီတယ်။ သူတို့လည်း ဒီလိုကြုံတွေ့ခဲ့ရတာ ရှိတယ်။ ဂျပန်ဆိုလည်း ဒီလိုကြုံတွေ့ခဲ့ရတာ ရှိတယ်။ ဒီလို တော်လှန်ရေးကို ဆင်နွှဲခဲ့ရတာ ဖြစ်တဲ့အတွက် စာနာမှုတွေရှိပြီးတော့ ပြည်သူကပြည်သူလို့ ပြောတဲ့အခါမှာ ကျနော်တို့ မြန်မာပြည်သူတွေသာ မကဘဲနဲ့ နိုင်ငံတကာမှာရှိတဲ့ ပြည်သူတွေကလည်း ပြည်သူက ပြည်သူကို စောင့်ရှောက်ကြတာတွေ ဖြစ်လာကြပါပြီ။ ဒါဟာ တော်လှန်ရေးအတွက် အားတက်စရာဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ကျေးဇူးတင်တယ်။

ဆက်ပြီးတော့လည်း တိုးတက်အောင် ဆောင်ရွက်သွားမယ်။ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေကိုလည်း နိုင်ငံအနှံ့မှာ ထားရှိနေပါပြီ။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ ကျနော်တို့က လူသားတွေဖြစ်တယ်။ လူသားတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူအချင်းချင်း မတရားနှိပ်စက် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး။ လူသားဆန်တဲ့၊ စာနာတဲ့၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လူ့အသိုက်အမြုံတခုကို ဖန်တီးတည်ဆောင်ဖို့ လိုတယ်။ ဒါဟာ လူသားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း မြေပြင်မှာ တကယ် ထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေပြီးတော့ လက်တွေ့ကျကျ အကူအညီပေးဖို့ ပြောလိုပါတယ်။ လူသားချင်းစာနာမှုကို အကြမ်းဖက် စစ်တပ်ကတဆင့် ထောက်ပံ့မယ်ဆိုတာကို ယောင်လို့တောင် မစဉ်းစားပါနဲ့လို့ တိုက်တွန်းလိုတယ်။

စစ်ဘေးရှောင်တွေကို ရန်သူလို့ သဘောထားတဲ့အတွက် ဘယ်တော့မှ ပေးမှာမဟုတ်ပါဘူး။ နိုင်ငံတကာက ပေးတဲ့အကူအညီတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်သွားမှာ ဖြစ်ပါတယ်။

ပဋိပက္ခခံစားနေရတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေကို လက်တွေ့ကျကျ ကူညီနိုင်ဖို့ဆိုရင် NUG အစိုးရနဲ့ လက်တွဲဆောင်ရွက်မယ်။ ကျနော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပါဆိုတာကို မြန်မာပြည်သူတွေရဲ့ တကယ့် ခံစားချက်အမှန်ကို သိပြီးတော့ ကြားရုံတင်မဟုတ်ဘဲ လက်တွေ့ကူညီပါလို့ ပြောချင်ပါတယ်။

You may also like these stories:

တိုက်ပွဲပြင်းထန်နေသည့် ကန်ပက်လက်တွင် စစ်ရှောင်များ အရေးပေါ် အကူအညီလိုနေ

စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား အိမ်ပြန်ခိုင်းနေ

မိခင်ဖြစ်သူအား ထောက်ပံ့ငွေ ပြန်ပေးသည့် လူကယ်ပြန်ဝန်ကြီး ဝေဖန်ခံနေရ

ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး

Loading