မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာရဲ့ချဉ်းကပ်ဆောင်ရွက်မှုတွေက ဘာတွေမှားနေလဲ၊ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလဲ၊ ဘာကြောင့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ရန်ပုံငွေနဲ့ လက်နက်အကူအညီတွေ မရရှိတာလဲ၊ မြန်မာနိုင်ငံရဲ့ ရန်သူနဲ့မိတ်ဆွေနိုင်ငံများအနေနဲ့ ယူကရိန်းနဲ့ မြန်မာကို ဘာကြောင့် ကွဲပြားစွာတုန့်ပြန်ကြလဲ ဆိုတာတွေကို ဧရာဝတီနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပြပေးပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးကို နိုင်ငံတကာ ဘယ်နိုင်ငံကမှ ဘာမှကို မထောက်ပံ့ဘူးလို့ သိရတယ်။ ဘာကြောင့် အဲဒီလိုမျိုးဖြစ်နေရတာလဲ။
ဖြေ။ ။ အဓိကကတော့ ကျမတို့ မြန်မာပြည်အရေးကိစ္စကို ပြည်တွင်းရေးကိစ္စလို့ပဲ မြင်နေတာပေါ့နော်။ ဒီဟာက ဘယ်မှာ ပိုထင်ရှားလာလဲဆိုရင် ရုရှားနဲ့ ယူကရိန်းကိစ္စ ဖြစ်တဲ့အခါမှာ ယှဉ်ကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ သိသာထင်ရှားတယ်။ နိုင်ငံတွေမှာက တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ ဟာမျိုးပေါ့။ နောက်ဒုတိယတချက်က သံတမန်ဆက်ဆံရေးတွေမှာ သူတို့ဆက်ဆံတာက အစိုးရကို ဆက်ဆံတာမဟုတ်ဘူး၊ State ပေါ့၊ နိုင်ငံတွေကို ဆက်ဆံတာပေါ့။ နိုင်ငံကို ဆက်ဆံတဲ့အနေနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ရှိနေမှုကို အသိအမှတ်ပြုတယ်။
ဒါကလည်း ဘာကိုပြလဲဆို SAC (စစ်ကောင်စီ) နဲ့ NUG နဲ့ ပြည်သူလူထု ဖြစ်နေတဲ့ကိစ္စက သူ့ရဲ့ အချုပ်အခြာအာဏာ အတွင်းမှာ သူ့ဖာသာသူ ဖြစ်နေတဲ့ ပြည်တွင်းရေးဆိုတဲ့ သဘောပါပဲ။
အဲဒီကိစ္စ ဖြစ်နေတဲ့အခါကျတော့ Morally support လုပ်တယ်။ ဒီမိုကရေစီအရေးကို အားပေးတဲ့ နိုင်ငံတွေကတော့ သံခင်းတမန်ခင်းအရ ထောက်ခံပေမယ့် တကယ့်လက်တွေ့အရ ထောက်ခံဖို့ကြတော့ ဒါကပဲ ပြန်ပြီးတော့ အတားအဆီးဖြစ်နေတယ်၊ အကန့်အသတ်ဖြစ်နေတဲ့သဘောပေါ့။
မေး။ ။ စစ်အစိုးရရဲ့ ဒီတနှစ်ကျော်အတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့ရတာတောင် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု လုပ်ဖို့၊ ပံ့ပိုးကူညီဖို့ မလုံလောက်သေးဘူးလို့ ယူဆနေတာမျိုးလား။
ဖြေ။ ။ မြန်မာ့နိုင်ငံရေးကို တစိုက်မတ်မတ် စိတ်ဝင်တစားရှိခဲ့တဲ့ နိုင်ငံတွေကတော့ သိပါတယ်။ သိလို့မို့လို့ပဲ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) ကိစ္စလိုမျိုးတွေ၊ Genocidal intent နဲ့ စွပ်စွဲပြစ်တင်တာမျိုးတွေ၊ တရားစွဲတာမျိုးတွေကို ဆောင်ရွက်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့ သက်တမ်း ငါးနှစ်လုံးလုံးမှာလည်း ဒီကိစ္စကို တချို့၊ အထူးသဖြင့် EU နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အစိုးရတွေက ဒါကို ကောင်းကောင်း သိကြပါတယ်။
ကျမတို့ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ တည်ရှိနေမှုကလည်း အာဆီယံကို ဗဟိုပြုမှုပေါ့။ တရုတ်ကလည်း ဒါကိုပဲပြောတယ်။ ဂျပန်ကလည်း ဒါကိုပဲပြောတယ်။ EU ကလည်း ဒါကိုပဲပြောတယ်။ US ကလည်း ဒါကိုပဲပြောတယ်။
တဖက်က ကျမတို့ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ တည်ရှိနေမှုကလည်း အာဆီယံကို ဗဟိုပြုမှုပေါ့။ တရုတ်ကလည်း ဒါကိုပဲပြောတယ်။ ဂျပန်ကလည်း ဒါကိုပဲပြောတယ်။ EU ကလည်း ဒါကိုပဲပြောတယ်။ US ကလည်း ဒါကိုပဲပြောတယ်။ သူတို့အတွက်လည်း ဒါက အင်အားကြီး နိုင်ငံကြီးတွေကြားထဲမှာ မြန်မာနိုင်ငံကိုအကြောင်းပြုပြီး ပွတ်တိုက်မှု မဖြစ်နိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေနေကြတဲ့ အနေအထားမျိုးတော့ ကျမတို့ သွားတွေ့နေရပါတယ်။
မေး။ ။ US အပါအဝင်ပေါ့လေ၊ အကုန်လုံးက အာဆီယံကို ရှေ့တန်းတင်တယ်။ အာဆီယံဆိုတာလည်း ထိရောက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ စစ်ကောင်စီနဲ့ ပုလဲနံပ သင့်နေတာကများတယ်။ အောင်မြင်မှာ မဟုတ်တာကို အာဆီယံနောက်မှာ ရပ်နေတာက US ကို ဘာပြောမလဲ။
ဖြေ။ ။ ဒါက Initial step တခုအနေနဲ့ သူတို့က စဉ်းစားတဲ့အခါမှာ ကျမတို့က ၁၀၀ ရာခိုင်နှုန်းတော့ ငြင်းပယ်လို့မရဘူး။ ဒါပေမယ့်လည်း ဒီ အဆင့်က အလုပ်မဖြစ်ရင် ဘာလုပ်မလဲဆိုတာကိုတော့ စဉ်းစားသင့်တယ်။ ဒါကိုတော့ ပိုပြီးတော့မတူညီတဲ့နည်းတွေနဲ့ စဉ်းစားသင့်တယ်၊ ချဉ်းကပ်သင့်တယ်လို့ ကျမတို့ အမြဲပြောပါတယ်။
နောက်တခုကကျတော့ မြန်မာပြည်ရဲ့အရေး ၂၁ ရာစု အခင်းအကျင်းတွေမှာ ၂၀ ရာစုက အချုပ်အခြာအာဏာကို ဆုံးဖြတ်ပြီး Diplomatic definition လုပ်ပုံနဲ့တော့ ချဉ်းကပ်လို့မရဘူး။ အထူးသဖြင့် မြန်မာပြည်ပြဿနာက နည်းလမ်းဟောင်းတွေနဲ့ စဉ်းစားလို့တော့ မရတော့ဘူး။ နည်းလမ်းဟောင်းတွေနဲ့ ချဉ်းကပ်ခဲ့တာလည်းပဲ မအောင်မြင်ခဲ့ဘူးဆိုတာကို ဆယ်စုနှစ်ပေါင်းများစွာက သက်သေပြခဲ့ပြီး ဖြစ်တယ်။
ဒုတိယအချက်၊ အာဆီယံချည်းပဲလည်း လွှတ်မထားသင့်ဘူး။ ဒါကြောင့်မို့လို့ အာဆီယံသံတမန် ချည်းပဲလည်း လွှတ်မထားသင့်ဘူး ဆိုပြီးတော့ အာဆီယံသံတမန်နဲ့ UN သံတမန်နဲ့ ပေါင်းစပ် အလုပ်လုပ်ဖို့လိုတယ်။ ဒါ့အပြင်ကိုလည်းပဲ နောက် EU ပေါ့။ EU ကလည်း သံတမန်အသစ် ခန့်အပ်တယ်ဆိုတဲ့ အခါကျတော့ ဒီသံတမန်တွေကြားထဲမှာ ပူးပေါင်းပြီးတော့ အားကောင်းတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သွားသင့်တယ်လို့ ကျမတို့ကတော့ ဆွေးနွေးပါတယ်၊ အကြံပြုပါတယ်။
မေး။ ။ နည်းဟောင်းမဟုတ်ဘဲ နည်းသစ်ကိုပြောင်းဖို့ လိုပြီလို့ပြောတဲ့အခါမှာ NUG အနေနဲ့ကရော ဘာများ လုပ်စေချင်လဲ။
ဖြေ။ ။ အဓိကကတော့ ကျမတို့နိုင်ငံရဲ့ အခုဖြစ်နေတဲ့ကိစ္စမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေါ့။ ကျန်တဲ့ စစ်ရေးဆိုင်ရာ အကူအညီဆိုတာက အဝေးကြီးပါ။ ဒါ ကိုယ့်လူထုရဲ့အားနဲ့ သွားနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ အနိမ့်ဆုံးအဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆိုတာတောင်မှ ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ အဲဒါလုပ်ဖို့အရေးကိုပဲ ဒီအာဏာရှင်တွေ ဆီကနေပြီး State နဲ့ ချိတ်ဆက်လုပ်ရမယ်ဆိုပြီး နေပြည်တော်မှာ ရှိနေတဲ့သူတွေနဲ့ စကားမပြောရင် ကျန်တဲ့နေရာက လူတွေက ဒုက္ခရောက်ချင်သလိုရောက်ဆိုတဲ့ အနေအထားတခု ဖြစ်နေတာပေါ့။ ဒီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကိုတောင်မှ ထိထိရောက်ရောက်မလုပ်နိုင်တာမို့လို့ ကျမတို့ဘက်က အဆိုပြုထားတာ ရှိတယ်။
အများစုက IDP (စစ်ဘေးရှောင်) တွေ ဖြစ်လာတယ်။ ဒါကို လွှမ်းခြုံမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ၊ နောက် ပြည်တွင်းမှာလည်းပဲ ဘာပဲပြောပြော စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး။ စီးပွားရေးလုပ်ငန်းတွေ အားလုံးက ပြိုလဲလာတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေက အခြေခံ လိုအပ်ချက် ဖြစ်လာတယ်။
ဒီကိစ္စကိုလည်းပဲ ခုနပြောသလို မတူညီတဲ့နည်းတွေနဲ့ချဉ်းကပ်ဖို့။ အများစုက IDP (စစ်ဘေးရှောင်) တွေ ဖြစ်လာတယ်။ ဒါကို လွှမ်းခြုံမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ၊ နောက် ပြည်တွင်းမှာလည်းပဲ ဘာပဲပြောပြော စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး။ စီးပွားရေးလုပ်ငန်းတွေ အားလုံးက ပြိုလဲလာတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေက အခြေခံ လိုအပ်ချက် ဖြစ်လာတယ်။ ဒီအတွက်ကိုလည်း နည်းလမ်းသစ်တွေနဲ့ စဉ်းစားဖို့၊ ချဉ်းကပ်ဖို့ ကျမတို့ဘက်က ဆွေးနွေးနေတာ ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အလှူရှင်အဖွဲ့အစည်းတွေနဲ့။
ဆိုတော့၊ ထိုက်သင့်တဲ့ တိုးတက်မှုတော့ ရှိလာနေပြီ။ လက်တွေ့ အကောင်အထည်ဖော်မှုမှာ ဘယ်လိုမျိုး ထိထိရောက်ရောက်လုပ်မလဲ ဆိုတာထိ ကျမတို့သွားဖို့ သူတို့ဘက်ကလည်း သုံးသပ်မှုလုပ်နေတာတွေ ရှိတယ်လို့ သိရတယ်။ ကျမတို့ NUG အစိုးရအနေနဲ့ ဒါကိုသိပြီးတော့ ထိထိရောက်ရောက်ချိတ်ဆက်နိုင်အောင်လို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး။ ။ ပြည်သူ့ခုခံ တွန်းလှန်စစ်အတွက်ရော နိုင်ငံတကာကနေ ဘယ်လိုမျိုး အထောက်အပံ့ အကူအညီတွေ ဖြစ်စေချင်ပါသလဲ။
ဖြေ။ ။ တခုကတော့ စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးနဲ့ လက်နက်ဝယ်ယူဖို့ အထောက်အပံ့ ဖြစ်စေတဲ့ စစ်တပ်ရဲ့ ဘဏ္ဍာငွေပေါ့လေ။ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ ဒါတွေကိုအဓိက လုပ်ဖြစ်တယ်။ အဲဒါတွေကတော့ ထိုက်သင့်တဲ့ထိရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ဒါတွေကိုတော့ လိုက်ပါ ဆောင်ရွက်ပေးတယ်။ US ရော၊ UK ရော၊ EU ရောပေါ့။ ဒီ Targeted sanction မှာ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေ၊ ခရိုနီတွေကို သေသေချာချာ ထိထိရောက်ရောက်နဲ့ လုပ်တာမှာတော့ ပူးပေါင်းဆောင်ရွက်တာ တွေ့တယ်။ ကျမတို့ဒေသတွင်းနိုင်ငံတွေရဲ့ အချက်အလက်တွေကို ဒီထက်ပိုရဖို့ ကြိုးစားနေတယ်။
စင်ကာပူက ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်နဲ့ အဆက်အသွယ်လုပ်တဲ့ဟာမျိုးတွေ၊ ငွေကြေးစီးဆင်းမှုတွေကို တားဖို့၊ နောက်ပြီး အထူးသဖြင့် ဆိပ်ကမ်းတွေကို ပေးသုံးတာပေါ့။ လေယာဉ်ဆီသင်္ဘော ဆိုက်ကပ်ဖို့ ပေးတာတွေ။ ဒါတွေကို မပေးဖို့ ကျမတို့ဘက်က တောင်းဆိုတာတွေရှိတယ်။ အပြည့်ပူးပေါင်းပေးဖို့တော့ ဒီဒေသတွင်းနိုင်ငံတွေမှာ ကျမတို့ဆက်တွန်းရမှာတွေ ရှိတယ်။
ကျမတို့ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ဖို့တို့ ဘာတို့ကကျတော့ ဒါတော်တော်လေးကို ခက်ခဲနေတဲ့ အနေအထားမျိုး ရှိနေပါသေးတယ်။ ယူကရိန်းလိုမျိုး ဖြစ်လာဖို့ကတော့ ကျမတို့အများကြီး ဝေးပါသေးတယ်လို့ ပြောလို့ရပါတယ်။ ကျမတို့ဖာသာကျမတို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သံတမန်အရ အသိအမှတ်ပြုမှုတွေ၊ သံခင်းတမန်ခင်းအရ အားပေးထောက်ခံမှုတွေ ရလာဖို့ကိုပဲ မျှော်လင့်လို့ရပါသေးတယ်။
မေး။ ။ ခုနပြောသလို ထောက်ပံ့မှုကရော။ လက်နက်ပိုင်းဆိုင်ရာ ထောာက်ပံ့စေချင်တာမျိုး ရှိလား။
ဖြေ။ ။ ကျမတို့ကတော့ ပြောတယ်။ တောက်လျှောက်ပြောတယ်။ အခု ယူကရိန်းကိုသွားတဲ့ အစွန်းထွက်လောက်ပဲ ထောက်ပံ့မှု ရရင်တောင်မှ ကျမတို့တိုင်းပြည်မှာ အာဏာရှင်စနစ် ဖယ်ရှားရေးကို အများကြီး အထောက်အကူ ဖြစ်မယ်။ နောက် လူတွေရဲ့ ခံစားနေရမှုတွေ လျော့သွားမယ်ပေါ့။ ဒီလိုမျိုး ပစ်ထားလိုက်လေလေ၊ ကျမတို့ပြည်သူလူထုက ပိုပြီးတော့ ခံစားရလေလေပဲ ဖြစ်တယ်ဆိုတာတော့ ကျမတို့ရဲ့ သံတမန် တွေ့ဆုံမှုတိုင်းမှာ အခုမှ ပြောတာမဟုတ်ပါဘူး။ ယူကရိန်းကိစ္စ မဖြစ်ခင်ကတည်းက ပြောတယ်။ ပြည်သူလူထုတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေ၊ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးခံနေရတာတွေ၊ အသက်သေတာတွေကို လျော့စေချင်ရင် ကျမတို့ကို ထောက်ပံ့ပါ။ ဒါမှမဟုတ်လို့ရှိရင်တော့ ဒါကြီးက ကြာသွားလိမ့်မယ်။ နာတာရှည်ရောဂါသည်လိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျမတို့ပြောတယ်။
ကျမတို့ နှုတ်ပိတ်မနေပါဘူးလို့။ ပြည်သူကို ထုတ်ပြောလို့ မရလို့သာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ပြည်သူလူထု ဘာလိုနေတာ၊ ကျမတို့တော်လှန်ရေးမှာ ဘာလိုနေတာ၊ လိုအပ်ချက်ရှိနေတယ်ဆိုတာ ကျမတို့ဘက်က စဉ်ဆက်မပြတ် နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိပါတယ်ဆိုတာ တင်ပြချင်တယ်။
ကျမတို့ဘက်ကတော့ ပြည်သူလူထုကိုလည်း ဧရာဝတီကနေတဆင့် အစီရင်ခံချင်တာက ကျမတို့ နှုတ်ပိတ်မနေပါဘူးလို့။ ပြည်သူကို ထုတ်ပြောလို့ မရလို့သာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ပြည်သူလူထု ဘာလိုနေတာ၊ ကျမတို့တော်လှန်ရေးမှာ ဘာလိုနေတာ၊ လိုအပ်ချက်ရှိနေတယ်ဆိုတာ ကျမတို့ဘက်က စဉ်ဆက်မပြတ် နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိပါတယ်ဆိုတာ တင်ပြချင်တယ်။ တဖက်က ရခြင်းမရခြင်းကတော့ သူတို့ဘက်မှာရှိနေတဲ့ အကန့်အသတ်တွေက ဘယ်ချိန်မှာ ဘယ်လောက်ကျော်နိုင်မလဲ၊ ကျမတို့ရဲ့တော်လှန်ရေး လိုအပ်ချက်ကိုရော ဘယ်အချိန်မှာ ထိထိရောက်ရောက် ဖြေရှင်းနိုင်မလဲ ဆိုတာတွေကိုကတော့ နေ့စဉ်နဲ့အမျှ ထိုးထွင်းပီးတော့ စဉ်းစားနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်ဆိုတာ မျှဝေချင်ပါတယ်ရှင့်။
မေး။ ။ နိုင်ငံတကာကနေ ဘာာထောက်ပံ့မှုမှ မရှိတာက ဘယ်လိုများ တော်လှန်ရေးကို အဟန့်အတား ဖြစ်စေလဲ။ နိုင်ငံတကာကနေ ကူညီရင် ဘယ်လောက် ခရီးပိုရောက်သွားမလဲ။
ဖြေ။ ။ ဘက်စုံထောင့်စုံက စဉ်းစားကြည့်ရင်တော့ ကျမတို့ဘက်က တကယ့်ကို သေရေးရှင်ရေးတမျှ အရေးကြီးလို့ လိုအပ်နေတာဖြစ်တယ်။ ဘယ်နိုင်ငံက ပေးလာမလဲ။ အနှောင်အဖွဲ့ ကင်းမယ်ဆိုရင် ကျမတို့ရဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကလွဲလို့ တခြား အနှောင်အဖွဲ့တွေ ကင်းမယ်ဆိုလို့ရှိရင် ကျမတို့ဘက်ကလည်း လက်ခံဖို့ အဆင်သင့်ရှိနေတယ်။ တဖက်က နိုင်ငံတွေကလည်း စဉ်းစားမယ်ဆို ကျမတို့နိုင်ငံနဲ့ အထူးသဖြင့် ဒီ NUG နဲ့ ကျမတို့ကိုချည်းပဲ ဆက်ဆံတာမဟုတ်ဘူး သူတို့မှာ တခြားထည့်တွက်ရတဲ့ နိုင်ငံကြီးတွေရှိနေတာကို သူတို့အချင်းချင်းကြား ညှိရတာတွေ၊ အားပြိုင်ရတာတွေ ကမ္ဘာ့ဟန်ချက်တွေ ကြားထဲမှာ အကျပ်အတည်း သွားဖြစ်နေတယ်လို့ ကျမမြင်တယ်။
ကျမတို့ကတော့ ရတဲ့နည်းနဲ့ ဖိအားပေးဖို့ပဲ။ မရရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်မယ်။ ဒါကိုမျှော်ပြီးတော့ ကျမတို့ တော်လှန်ရေးက၊ ကျမတို့အလုပ်တွေက ရပ်နေလို့တော့ မရတာအမှန်ပဲ။ ကျမတို့ဘက်က ဆက်လုပ်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ကိုပဲ အခုကို လူထုရဲ့တော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ။ ဒီလောက် ခံနိုင်ရည်ရှိလိမ့်မယ်လို့ကို ထင်မှတ်မထားဘူး။ ဒါကိုဆက်ပြီးတော့ ထိန်းသိမ်းထားပြီးတော့ ကိုယ့်ပြည်သူလူထုရဲ့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အင်အားတွေနဲ့ ဆက်ပြီးတော့ ကျမတို့ တောင့်ခံနိုင်လေလေ၊ တဖက်မှာရှိလာမယ့် အထောက်အပံ့တွေ၊ ဥပဒေကြောင်းအရ၊ သံတမန်ရေးအရ၊ ငွေရေးကြေးရေးအရ အထောက်အပံ့တွေက ဖြစ်လာပါလိမ့်မယ်လို့ ကျမအနေနဲ့တော့ ယုံကြည်တယ်။ ကျမတို့ Resilient ဖြစ်ဖြစ်နဲ့ ဒီနှစ်ပိုင်းတွေမှာ ဆက်ပြီးတော့ တောင့်ခံထားမယ်၊ ကိုယ့်အလုပ်ကို ဆက်လုပ်သွားမယ်ဆိုရင် ဒါက ကျမတို့ဆီကို မျက်စိကျလာမှာ၊ အချိန်တခုက ရောက်လာမှာလို့ ယုံကြည်ပါတယ်။
မေး။ ။ NUG အနေနဲ့ရောခုနပြောသလို ငွေရေးကြေးရေး အရရော diplomacy အရ ရော ဥပဒေအရ ရော ထောက်ပံ့ကူညီမှု ပိုရအောင် တရားဝင်အသိအမှတ်ပြုမှုအပိုင်းရော ပိုရလာအောင် ဘယ်လိုမျိုး မတူညီတဲ့ချဉ်းကပ်မှု တွေနဲ့သွားဖို့ရှိမလဲ။
ဖြေ။ ။ ကျမတို့ ဒီနှစ် ဧပြီလမှာ NUG အစိုးရ ဖွဲ့စည်းတာ တနှစ်ပြည့်ပါပြီ။ ဆိုတော့ ကျမတို့ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတွေ ပြန်လုပ်နေကြတယ်။ ဘာတွေကတော့ အားကောင်းအောင်လုပ်ရမလဲ ဆိုတာကို ပြန်လုပ်နေပါတယ်။ အထူးသဖြင့် Media engagement တွေက အစ၊ Public relations က အစပေါ့၊ သုံးသပ်မှုတွေ ပြန်လုပ်နေတယ်။ ဒီတော်လှန်ရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးချင်တာကတော့ ကျမတို့က ပြည်သူလူထုနဲ့ တူတူပါပဲလို့။ အဲဒီလုပ်တဲ့အထဲမှာ သံတမန်ရေးကလည်း အဓိကကျတဲ့ထဲ ပါတယ်။ သံခင်းတမန်ခင်းမှာ ပိုပြီးတော့ အဆင့်မြှင့်တင်ဖို့နဲ့ Virtual engagement တွေကနေပြီးတော့ လူချင်းတွေ့ဆုံမှုတွေအထိ တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။
ကျမတို့ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတွေ ပြန်လုပ်နေကြတယ်။ ဘာတွေကတော့ အားကောင်းအောင်လုပ်ရမလဲ ဆိုတာကို ပြန်လုပ်နေပါတယ်။ အထူးသဖြင့် Media engagement တွေက အစ၊ Public relations က အစပေါ့၊ သုံးသပ်မှုတွေ ပြန်လုပ်နေတယ်။ ဒီတော်လှန်ရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးချင်တာကတော့ ကျမတို့က ပြည်သူလူထုနဲ့ တူတူပါပဲလို့။
မေး။ ။ US က ကျွမ်းကျင်သူ တချို့နဲ့ ပြောတာမှာလည်း သူတို့က နိုင်ငံတကာ အကူအညီကို တကယ်ရဖို့ဆိုရင် PR (Public relations) က အရေးကြီးတယ်ဆိုပြီး ပြောတာမျိုးရှိတယ်။ ဒီ PR ကိုရော ဘာတွေလုပ်နေတာရှိလဲ၊ လုပ်ဖို့ရှိမလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျမတို့ ဒီအားနည်းချက်ရှိနေတယ်ဆိုတာကို ကောင်းကောင်းလက်ခံတယ်။ မီဒီယာနဲ့ပြောတာမှာ ဘယ်သတင်းမျိုးကိုတော့ ဘယ်အဝန်းအဝိုင်းထဲမှာပဲ ထားပြီးတော့ ဘယ်သတင်းမျိုးကိုတော့ ကျမတို့က ပြည်သူကိုပြောမလဲ၊ ဘယ်ဟာကတော့ Target audience လဲ။ နောက် PR လို့ပြောလို့ရှိရင် Media engagement တခုတည်းတင် မဟုတ်ဘဲနဲ့ ကျမတို့ရဲ့ သက်ဆိုင်တဲ့ပြည်သူလူထုတွေ၊ သက်ဆိုင်တဲ့ Focus group တွေနဲ့ရော ကျမတို့ဘယ်လိုမျိုး ချိတ်ဆက်လုပ်မလဲပေါ့။ အဲဒီလို ချိတ်ဆက်လုပ်တဲ့ နေရာမှာရော ဘယ်လိုမျိုး သတင်းစကားမျိုးကို ပေးမှာလဲ။
ဘယ်လိုအကြောင်းအရာမျိုးကို ပြောမှာလဲဆိုတာက အစပေါ့။ မဖြစ်သင့်တဲ့ သတင်းတွေ ဖြစ်ပြီးတော့ ဖြစ်သင့်တဲ့သတင်းတွေကြတော့ မဖြစ်ဘဲ ဖြစ်နေတာမျိုးတွေလည်း ရှိတယ်ပေါ့။ လာမယ့်နှစ်မှာ (ဧပြီလနောက်ပိုင်းမှာ) ဒီ PR နဲ့ပတ်သက်လို့ အကောင်းဆုံး မဟုတ်ရင်တောင် အခုရှိနေတဲ့ အခြေအနေ ထက်တော့ ပိုပီးတော့ ကောင်းမွန်တဲ့ Engagement တခု ဖြစ်လာအောင်လို့တော့ ပိုပီးတော့ ကြိုးစား ဆောင်ရွက်နေပါတယ်။
You may also like these stories:
ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ
လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်