မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့အခြေစိုက် လူထုရေးရာ မူဝါဒဆိုင်ရာ သုတေသန အဖွဲ့အစည်းဖြစ်သည့် Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသန လုပ်နေသည့် ကိုရဲမျိုးဟိန်းက မြန်မာ့လက်နက်ကိုင် ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော်ဟု အမည်ပေး ထားသည့် သုတေသန အစီရင်ခံစာတစောင် ရေးသားပြုစုထုတ်ဝေ ဖြန့်ချိခဲ့သည်။
ကိုရဲမျိုးဟိန်းသည် တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။ ၎င်းရေးသားထားသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်ပုန်ကန်မှုဟာ တရှိန်ထိုး ကြီးမားပျံ့နှံ့သွားမှုအပေါ် ကိုရဲမျိုးဟိန်းက အသေးစိတ် အစီရင်ခံထားတာ ဖတ်ရပါတယ်။ ဒီတနှစ်အတွင်း အထူးခြားဆုံးဖြစ်ရပ်ကို ပြောပါဆိုရင် ဘာဖြစ်မလဲ။
ဖြေ။ ။ ဒီအစီရင်ခံစာက ပြီးခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အုံကြွပုန်ကန်မှု တော်လှန်ရေးနဲ့ ပတ်သက်ပြီး ကျနော်လေ့လာထားတဲ့ အကြောင်းအရာဖြစ်ပါတယ်။ အဲဒီတနှစ်အတွင်းမှာ စပြီး အာဏာသိမ်းတဲ့ အချိန်မှာ လူထုက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ခံရတဲ့ အခါကျတော့ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ လက်နက်ကိုင် တော်လှန်တဲ့ လမ်းစဉ်ကို ပြောင်းလာတယ်။ PDF တွေပေါ်လာတယ်။ နောက်ပြီးတော့ NUG ကနေ ခုခံစစ်ကြေညာတယ်။ အဲဒီကနေမှတဆင့် စစ်နယ်ဝန်းတွေ ပေါ်လာပြီးတော့ စစ်ပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးကြီးမားမား ဖြစ်လာတယ်ဆိုတာကို ကျနော်တို့ တနှစ်စာလုံး လေ့လာခဲ့တာဖြစ်ပါတယ်။
အထင်ရှားဆုံး အနေနဲ့ ပြောရမယ်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြို့နယ် ၃၃၀ မှာ ပြီးခဲ့တဲ့ တနှစ်အတွင်း ကျနော်တို့ရဲ့ အချက်အလက်တွေအရ ဆိုရင် မြို့နယ် ၂၆၆ မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်။
အထင်ရှားဆုံး အနေနဲ့ ပြောရမယ်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြို့နယ် ၃၃၀ မှာ ပြီးခဲ့တဲ့ တနှစ်အတွင်း ကျနော်တို့ရဲ့ အချက်အလက်တွေအရ ဆိုရင် မြို့နယ် ၂၆၆ မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်။ တခုနဲ့တခု ပြင်းအားမတူပေမယ့်လည်း တချို့နေရာတွေမှာ တိုက်ခိုက်တာက နည်းကောင်းနည်းလိမ့်မယ်။ တချို့နေရာတွေမှာက တကယ့်ကို စစ်ပွဲကြီးတွေ ဖြစ်နေတယ်။ ပြင်းအားမတူပေမယ့်လည်း မြို့နယ် ၃၃၀ ထဲက ၂၆၆ မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကို တွေ့ရတယ်။ အဲဒီတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ကို လက်နက်ကိုင်အုံကြွ ပုန်ကန်မှုက ဖြစ်တယ်။
ပြောရမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး အတိုင်းအဆ ပမာဏက တော်တော်ကို ကြီးမားတာကို တွေ့ရတယ်။ နောက်ပြီးတော့ တနှစ်အတွင်းမှာ လက်နက်ကိုင်တော်လှန်ရေးရဲ့ အရှိန်အဟုန်က တော်တော်လေးကို အားကောင်းလာတယ်။ ဒါ လုံးဝကို မထင်ထားတဲ့ အနေအထားပေါ့။
အရင်တုန်းကတော့ လေ့လာကြတဲ့ ပညာရှင်တွေ ကိုယ်တိုင်ပြောကြတာရှိတယ်။ နောက်ဆုံးမှာတော့ စစ်တပ်ကပဲ နိုင်သွားမှာပဲဆိုတာမျိုး ပြောကြတယ်။ ဒါမြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခကို အစဉ်တစိုက် လေ့လာသူတွေ ပြောကြတယ်။ သို့သော် ဒီတနှစ်မှာတော့ သူတို့လေသံပြောင်းလာတယ်။ စစ်တပ် ရှုံးနိုင်ခြေရှိတယ်။ အခြေအနေ မကောင်းနိုင်တဲ့ အနေအထားမျိုး ရှိတယ်ဆိုတာမျိုး ပြန်ပြောလာတာ ကျနော်တို့ တွေ့ရတယ်။
အဲဒီတော့ တနှစ်အတွင်းမှာ အရှိန်အဟုန်က တော်တော်လေး အားကောင်းလာတာကို တွေ့ရတယ်။ အခုအချိန် တနှစ်ကျော်သွားပေမယ့် ခုခံတော်လှန်စစ်က အရှိန်အဟုန်မကျသေးဘူး။ ပိုပြီး အားကောင်းလာတယ်။ လက်ရှိ အနေအထားက ပိုပြီးအားကောင်းလာမယ့် အနေအထားမျိုးကို တွေ့ရတယ်။ ဒါကတော့ အထင်ရှားဆုံး အချက်လို့ ပြောရမယ်ထင်ပါတယ်။
မေး။ ။ အစီရင်ခံစာရဲ့ အပိုင်း (၄) မှာ လက်နက်ကိုင် တော်လှန်ရေးတွေ ဖြစ်နေတဲ့အပေါ် စစ်နယ်ဝန်းကြီးတွေ ခွဲပြီး တင်ပြထားတာကို တွေ့ရပါတယ်။ အညာ၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင် စစ်မျက်နှာကြီးတွေမှာ အညာကို ထိပ်ဆုံးမှာတပ်ပြီးတော့ ဆွေးနွေးထားတာကို တွေ့ရပါတယ်။ တကယ့် မြေပြင်မှာလည်း ကျနော်တို့ ဆွေးနွေးတင်ပြသွားသလိုမျိုး စစ်ကောင်စီက ရွာတွေကို မီးတိုက်ပြီးတော့ အပြင်းအထန် နှိပ်ကွပ်နေတာလည်း ဖြစ်တယ်။ အဲဒီတော့ အညာစစ်မျက်နှာပြင်ဟာ ဘယ်လောက်ထိ အရေးပါလဲ။
ဖြေ။ ။ ကျနော့် အစီရင်ခံစာထဲမှာတော့ စစ်နယ်ဝန်းတွေပေါ့။ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင် ပြီးတော့ မြို့ပြပြောက်ကျား အဲဒါတွေကို အဓိက လေ့လာထားတယ်။ အဲဒီမှာမှ အညာပေါ့။ အညာကို ထိပ်ဆုံးက စပြီး လေ့လာတယ်။ အညာစစ်နယ်ဝန်း ကတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးပါတဲ့ မြန်မာပြည်မြေပြန့်ဒေသပေါ့။
လူထုတော်လှန်ရေးကြီး ဖြစ်လာတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေး မရှိတဲ့ အညာလိုနေရာမျိုးမှာ လက်နက်ကိုင်တော်လှန်ရေး သည်းသည်းထန်ထန် ဖြစ်လာတာကို တွေ့ရတယ်။
အဲဒီမှာ ဘာထူးခြားလဲဆိုတော့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ဗမာအများစုနေထိုင်တဲ့ မြေပြန့်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခမဖြစ်တာ တော်တော်ကြာပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် ပဲခူးရိုးမမှာ ရှိတဲ့ ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ပြိုကွဲပြီးနောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေက မြေပြန့်ဒေသမှာ မဖြစ်ဘဲနဲ့ လူမျိုးစုတွေနေထိုင်တဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်တာတွေ့ရတယ်။ ဒီ လူထုတော်လှန်ရေးကြီး ဖြစ်လာတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေး မရှိတဲ့ အညာလိုနေရာမျိုးမှာ လက်နက်ကိုင်တော်လှန်ရေး သည်းသည်းထန်ထန် ဖြစ်လာတာကို တွေ့ရတယ်။
ဒုတိယတချက်က အရင်က တိုင်းရင်းသားတွေနဲ့ လူမျိုးစုတွေနဲ့ စစ်ပွဲ ဆင်နွှဲတဲ့အခါ ဗမာစစ်တပ်ဆိုပြီး ပြောကြတာရှိတယ်။ အခုကျတော့ ဗမာလူမျိုးစု အများစု နေတဲ့ဒေသမှာ အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လူမျိုးစုတွေအားလုံး တော်လှန်တဲ့ အသွင်ဆောင်တယ်ပေါ့။ သမိုင်းပြန်ကြည့်မယ်ဆိုရင် အညာဒေသ ဆိုတာ စစ်တပ်ရဲ့ တလျှောက်လုံး လူအင်အားအရင်းအမြစ် အဓိကရရှိတဲ့ နေရာပေါ့။ အားထားရတဲ့နေရာပေါ့။ အဲဒီလို နေရာမျိုးကပါ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ကို သည်းသည်းထန်ထန် တော်လှန်တာကို တွေ့ရတယ်။ ပြောရမယ်ဆိုရင် နွေဦးတော်လှန်ရေးရဲ့ အဓိကကျတဲ့အချက်တွေလို့ ကျနော်တော့ မြင်တယ်။ ဒါဟာအရင်ရှိခဲ့တဲ့ ပဋိပက္ခနဲ့ လုံးဝကွဲသွားတဲ့ ဟာမျိုးပေါ့။
တချက်က အရင် လက်နက်ကိုင်ပဋိပက္ခမရှိခဲ့တဲ့ အညာဒေသလို နေရာမျိုးမှာ လက်နက်ကိုင် တော်လှန်ရေး ဖြစ်လာတယ်။ နောက်တချက်က ဗမာလူမျိုးအများစုနေတဲ့ အညာဒေသတွေမှာ စစ်တပ်ကို သည်းသည်းထန်ထန် တော်လှန်နေကြတယ်။ နောက်တတိယအချက်က အညာက စစ်ရေးစစ်ရာ မဟာဗျူဟာ အရ အရေးပါတဲ့နေရာလို့ မြင်တယ်။ မြန်မာပြည်မြေပြန့်ဖြစ်သလို၊ တချို့ပြောကြတယ်၊ ကချင်စစ်နယ်ဝန်း၊ ချင်းစစ်နယ်ဝန်းနဲ့ ၂၀၂၀ မတိုင်ခင်ထိ လက်နက်ကိုင်တော်လှန်ရေး ကြီးကြီးမားမားဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ဆက်စပ်ပေးနိုင်တဲ့ အဓိကကျတဲ့နေရာဖြစ်တယ်။ အဲဒီ ဒေသကြီးတခုလုံး ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ အနောက်ဘက် စင်္ကြန်ကြီးတခု ပေါ်ပေါက်လာမယ်လို့ တချို့ပညာရှင်တွေ သုံးသပ်ကြတာရှိတယ်။
တချို့ပညာရှင်တွေဆိုရင် ဗီယက်နမ်စစ်ပွဲက ဟိုချီမင်းလမ်းနဲ့ နှိုင်းယှဉ်သုံးသပ်ကြတာရှိတယ်။ အဲဒီတော့ အညာက ခုနကအချက်တွေအပြင်ကိုမှ မဟာဗျူဟာအရလည်း အရေးပါတဲ့ နေရာတချက်ဖြစ်တာလည်း တွေ့ရတယ်။ အညာဒေသရဲ့ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ရှေ့ဆုံးကနေ အဓိကထား လေ့လာဖြစ်တယ်။
မေး။ ။ ဒီ အညာစစ်မျက်နှာပြင်ကိုပဲ ဆက်ကြည့်ရင် စစချင်း တူမီးတွေနဲ့ပဲ စတင်ပုန်ကန်တိုက်ခိုက်မှုဟာ အခု တနှစ်ကျော်အတွင်းမှာ ကြည့်ရင် မောင်းပြန်ရိုင်ဖယ်တွေ ကိုင်လာနိုင်ပြီ။ အစုအဖွဲ့တွေကလည်း ပြန့်ကျဲနေရာကနေ အချင်းချင်းရော၊ NUG နဲ့ရော ချိတ်ဆက်ဆောင်ရွက်လာနိုင်ပြီ။ ပြောက်ကျားစစ်ကိုလည်း ပိုစနစ်တကျ တိုက်လာနိုင်တာကိုလည်း တွေ့နေရတယ်။ ဒါဟာ EAO လို့ခေါ်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ထောက်ပံ့မှုကြောင့်လို့ ပြောလို့ မရနိုင်ဘူးလား။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ ။ အရင်ဆုံး PDF တွေနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောဖို့ လိုတယ်။ သူတို့လက်နက်အနေထားကို ပြောဖို့ လိုပါတယ်။ လက်ရှိမှာတော့ ကျနော်တို့ လေ့လာသုံးသပ်ချက်အရ ဆိုရင်တော့ PDF ရှိတယ်။ ဒါကတော့ NUG ရဲ့ ထိန်းချုပ်မှုမှာရှိတဲ့ PDF ပေါ့။ နောက်ပြီး ပြည်သူ့ကာကွယ်ရေး (ပကဖ) ပေါ့၊ ရှိတယ်။ နောက်ပြီး LDF ဆိုတာ ဒေသခံ ကာကွယ်ရေးတပ်တွေပေါ့။ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘဲ၊ သီးသန့် ရပ်တည်နေတဲ့ အဖွဲ့တွေရှိတယ်။
NUG ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုအရ တနိုင်ငံလုံးအနေအထားနဲ့ဆိုရင် PDF က တပ်ရင်း ၂၅၉ ရင်း ရှိတယ်။ ပကဖ ဆိုရင် မြို့နယ်ပေါင်း ၃၃၀ မှာ အဖွဲ့ ၂၅၀ ရှိတယ်လို့ သိရတယ်။
NUG ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုအရ တနိုင်ငံလုံးအနေအထားနဲ့ဆိုရင် PDF က တပ်ရင်း ၂၅၉ ရင်း ရှိတယ်။ ပကဖ ဆိုရင် မြို့နယ်ပေါင်း ၃၃၀ မှာ အဖွဲ့ ၂၅၀ ရှိတယ်လို့ သိရတယ်။ LDF တွေကတော့ ကျနော်တို့ ကိုယ်တိုင်လည်း စာရင်းတွေလုပ်ပေမယ့် နေရာအနှံ့မှာ ပေါ်နေတာ ဖြစ်တဲ့အတွက် စာရင်းကောက်ယူဖို့ ခက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ LDF ၄၀၁ ဖွဲ့ရှိတယ်။ အဲဒီ ၄၀၁ ဖွဲ့ထဲမှာမှ ၃၅၄ ဖွဲ့က NUG နဲ့ ချိတ်ဆက်မှု ရှိတယ်။ အဲဒီအထဲက ၁၀၀ ကို NUG ရဲ့ ထိန်းချုပ်မှုအောက်က PDF တွေအဖြစ် အသွင်ပြောင်းနိုင်ပြီလို့ ပြောတယ်။
PDF တွေ၊ LDF တွေ၊ ပကဖတွေကို တနိုင်ငံလုံး လေ့လာကြည့်လိုက်တဲ့အခါမှာ NUG ကာကွယ်ရေးဝန်ကြီးကတော့ PDF ၅ သောင်းနဲ့ တသိန်း ကြားမှာ ရှိတယ်လို့ ပြောတယ်ပေါ့။ ကျနော်တို့ လေ့လာကြည့်သလောက် ရရှိထားတဲ့ စာရင်းတွေအရဆိုရင် တနိုင်ငံလုံးမှာ အသစ်ပေါ်လာတဲ့ လက်နက်ကိုင် အရေအတွက်က တသိန်း ပတ်ဝန်းကျင်လောက်ရှိတယ်။ အဲဒီတသိန်းပတ်ဝန်းကျင်မှာ ကျနော်တို့ လေ့လာထားတဲ့ စာရင်းတွေအရဆိုရင် တိုက်ပွဲဝင်လက်နက်အင်အား တသောင်းခွဲပတ်ဝန်းကျင်လောက်ပဲ တပ်ဆင်ထားရသေးတယ်။ ကျနော်တို့ တွက်ချက်မှုအရဆိုရင်တော့ ၂၀ ရာခိုင်နှုန်းအောက်ပဲ တပ်ဆင် ပေးနိုင်တယ်။
အဲဒီလိုမျိုး လက်နက်လိုအပ်ချက်ကြောင့် ပြည်တွင်းမှာ လက်နက်ထုတ်မယ့်နေရာတွေ ပေါ်လာတယ်။ အဲဒီတော့ ပြည်တွင်းလက်နက်ထုတ်လုပ်မှု ဆိုတာဖြစ်လာတာ။ သို့သော်လည်း ပြည်တွင်း လက်နက်ထုတ်လုပ်မှုက အဆင့်မြင့်လက်နက်တွေ ထုတ်ဖို့အတွက်ကတော့ ကြိုးစားနေဆဲ ရှိတယ်လို့ သုံးသပ်မိတယ်။ အဲဒီတော့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကတော့ ရှိထားပြီးသား၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ၃၀ ရာခိုင်နှုန်း အောက်ကိုပဲ လက်နက်တပ်ဆင်ပေးနိုင်တယ်။ ပြောရမယ်ဆိုရင် တခုလုံးခြုံကြည့်မယ်ဆိုရင် လက်နက်ကိုင်အင်အား တသိန်းလောက် ရှိတဲ့အထဲကမှ စုစုပေါင်း လက်နက်ကိုင်အင်အား ၄၀ ရာခိုင်နှုန်း လောက်ကိုပဲ ပြည်တွင်းထုတ်လုပ်မှုအပါအဝင် လက်နက်တပ်ဆင်မှု လုပ်နိုင်သေးတာကို တွေ့ရသေးတယ်။
ဒီလက်နက်ကိုင်အဖွဲ့တွေ စပြီးတော့ ပေါ်လာကတည်းက လက်နက်တပ်ဆင်မှုတွေကို ကြည့်လိုက်တဲ့ အခါမှာ တချို့ကတော့ NUG ကနေ တပ်ဆင်တယ်။ တချို့က ပြည်သူတွေ လှူတာနေ တပ်ဆင်တာတွေ ရှိတယ်။ တချို့ကတော့ EAO က တပ်ဆင်တာတွေ ရှိတယ်။ တချို့ကတော့ ကိုယ်တိုင် ကိုယ့် ပိုက်ဆံနဲ့ကိုယ် လက်နက်ဝယ်ပြီးတော့ တပ်ဆင်တာတွေရှိတယ်။ တလျှောက်လုံး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင် ဒီလက်နက်ကိုင်အဖွဲ့တွေက EAO တွေဆီကနေပြီးတော့ သင်တန်းတွေ ရတာမျိုးတွေ ရှိတယ်။ လက်နက် တပ်ဆင်ပေးတာတွေ အထိုက်အလျှောက် ရှိတာမျိုးတွေ တွေ့ရတယ်။
ပူးတွဲစစ်ဆင်ရေးတွေ လုပ်တာမျိုးတွေ ရှိတယ်။ အဲဒီပူးတွဲစစ်ဆင်ရေးတွေကြောင့်ပဲ အသစ်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေက တော်တော်လေး အားကောင်းပြီးတော့ တိုက်ရည်ခိုက်ရည်လည်း ကောင်းလာတာကို တွေ့ရတယ်။
နောက်တခုကတော့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်တာမျိုးတွေ ရှိတယ်။ အဲဒီပူးတွဲစစ်ဆင်ရေးတွေကြောင့်ပဲ အသစ်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေက တော်တော်လေး အားကောင်းပြီးတော့ တိုက်ရည်ခိုက်ရည်လည်း ကောင်းလာတာကို တွေ့ရတယ်။ အဲဒီတော့ လက်ရှိ ရှိနေတဲ့ အနေအထားကတော့ အဲဒီအနေအထားမျိုး ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကပဲ တပ်ဆင်ပေးထားတာမျိုး မရှိဘူး။ လက်ရှိကတော့ အကုန်လုံးလည်း တပ်ဆင်နိုင်တဲ့ အနေအထားမျိုး မရှိသေးဘူး။ ၄၀ ရာခိုင်နှုန်းလောက်ပဲ တပ်ဆင်ပြီးတယ်လို့ သုံးသပ်တယ်။
အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့တော့ ၃ မျိုး တွေ့ရတယ်။ ပထမတမျိုးကတော့ လက်ရှိတော်လှန်ရေးနဲ့အတူ ရပ်တည်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့အဖွဲ့တွေပေါ့။ အထူးသဖြင့်တော့ KIA တို့၊ KNU တို့၊ CNF၊ KNPP တို့တွေ။
ဒုတိယတမျိုးကတော့ လက်ရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ မပေါင်းဘဲနဲ့ တဖက်မှာရှိတဲ့ စစ်ကောင်စီနဲ့ တဖြည်းဖြည်းချင်း နီးလာတဲ့ အဖွဲ့တွေ။ အထူးသဖြင်တော့ RCSS တို့၊ သိပ်မကြာသေးခင်က စစ်ကောင်စီနဲ့ ဆွေးနွေးတွေ့ဆုံခဲ့တဲ့ အဖွဲ့တွေပေါ့။ မွန်ပြည်သစ်တို့ဘာတို့။ အထူးသဖြင့်တော့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက တွေ့ရတယ်။
အထူးသဖြင့်တော့ ဝ လိုအဖွဲ့မျိုး၊ UWSA လို အဖွဲ့မျိုး၊ နောက်တခုကတော့ AA လို မြောက်ပိုင်းအဖွဲ့တွေပေါ့။ သူတို့က ဒီဘက်နဲ့လည်း ပေါင်းလာဆိုတော့ ပေါင်းတယ်လို့ ပြောဖို့ခက်တယ်။ ဟို စစ်ကောင်စီနဲ့လည်း တွေ့တာမရှိဘူးလား ဆိုတော့လည်း ရှိတယ်
နောက်တဖွဲ့ကတော့ ဒီဘက်နဲ့လည်း မပေါင်းဘူး၊ ဟိုဘက်နဲ့လည်း မပေါင်းဘူး။ ဒါပေမယ့် အခြေအနေအရ တွေ့ဆုံမှုတွေတော့ ရှိလိမ့်မယ်။ ဟိုဘက်နဲ့လည်း ပေါင်းတာ၊ ဒီဘက်နဲ့လည်း ပေါင်းတာမဟုတ်ဘဲနဲ့ လက်ရှိ သူ့ရဲ့ နိုင်ငံရေး မျှော်မှန်းချက် အကျိုးစီးပွား၊ နိုင်ငံရေးရပ်တည်ချက်ကို လက်ရှိအချိန်မှာ ပိုပြီးတွန်းနေတဲ့ အဖွဲ့တွေရှိတယ်။ အထူးသဖြင့်တော့ ဝ လိုအဖွဲ့မျိုး၊ UWSA လို အဖွဲ့မျိုး၊ နောက်တခုကတော့ AA လို မြောက်ပိုင်းအဖွဲ့တွေပေါ့။ သူတို့က ဒီဘက်နဲ့လည်း ပေါင်းလာဆိုတော့ ပေါင်းတယ်လို့ ပြောဖို့ခက်တယ်။ ဟို စစ်ကောင်စီနဲ့လည်း တွေ့တာမရှိဘူးလား ဆိုတော့လည်း ရှိတယ်။ သို့သော် စစ်ကောင်စီနဲ့လည်း ပေါင်းပြီး နေမလားဆိုတော့လည်း အဲဒီလိုမဟုတ်ဘူး။ အဲဒီ ၂ ခု ကြားထဲမှာ သူတို့သွားချင်တဲ့လမ်းကြောင်းကို တွန်းပြီး သွားနေတဲ့အဖွဲ့တွေပေါ့။ အဲဒီလိုအဖွဲ့တွေရှိတယ်။
ဒါပေမယ့် အဲဒီအဖွဲ့တွေက လက်ရှိအနေအထားမှာတော့ အားအကောင်းဆုံး ဖြစ်နေတာကို တွေ့ရတယ်။ ဒီအဖွဲ့တွေရဲ့ ရပ်တည်မှုအနေအထားက လက်ရှိသွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို အများကြီးသက်ရောက်မှုရှိတယ်။ သူတို့ဘယ်ဘက်မှာ ရပ်တည်လိုက်မလဲ ဆိုတာက လက်နက်ကိုင်တော်လှန်ရေးကို အများကြီးရိုက်ခတ်မှု၊ သက်ရောက်မှုရှိတယ်လို့ ကျနော်တော့ မြင်ပါတယ်။
ဆက်ရန်ရှိသည်။
You may also like these stories:
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား
စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား