အာဏာသိမ်း စစ်ကောင်စီလက်ထက် နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီးချုပ် နှောင်ထားသူများအား ထောင်အာဏာပိုင်များနှင့် ၎င်းတို့ လက်ဝေခံ ရာဇဝတ်အကျဉ်းသားများ၏ ဖိနှိပ်မှုများ၊ ဝိုင်းဝန်းရိုက် နှက် ညှဉ်းပန်းနှိပ်စက်မှုများ များပြားစွာ ဖြစ်ပေါ်လျက် ရှိသည်။
အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားနှင့် အချုပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများသည် ရန်ကုန်အင်းစိန်ဗဟိုအကျဉ်း ထောင်၊ မုံရွာထောင်၊ မန္တလေးအိုးဘိုထောင်နှင့် ဘားအံတောင်ကလေး အကျဉ်းထောင်တို့တွင် ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအချို့မှာ ထိခိုက်ဒဏ်ရာများဖြင့် တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံထားရကြောင်း ထောင်နှင့်နီးစပ်သူများက ထုတ်ဖော်ပြောဆိုကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက အင်းစိန်ထောင်ရှိ ကိုယ်ဝန်ဆောင် အကျဉ်းကျ အမျိုးသမီးတဦးအား လုံလောက်သည့် ဆေး ကုသမှု မရှိသည့်အပြင် ဆေးရုံသို့ အချိန်မီ မပို့ပေးခဲ့သည့်အတွက် ကလေးအသက် ဆုံးရှုံးခဲ့ပြီး ယင်းလုပ်ရပ်အပေါ် ဆန္ဒပြ တောင်းဆိုရာ၌ ထောင်အာဏာပိုင်များက ပြစ်ဒဏ်ပေးသည့် အနေဖြင့် အမျိုးသမီးဆောင်အား ရေဖြတ်တောက်ထားသည့် အတွက် မိလ္လာရေများသာ သောက်သုံးနေရကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင်သို့ လာရောက်စစ်ဆေးသည့် ညွှန်မှူးအား အင်းစိန်ထောင်အတွင်း အကျပ်အတည်းများ တင်ပြခဲ့ သည့် နိုင်ငံရေးအကျဉ်းသား ၆၀ ဦးကို ထောင်အာဏာပိုင်များက ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား ၁ ဦး လက်ကျိုးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာများဖြင့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရကြောင်း လည်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ထိုသို့ ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်များအတွင်း ညှဉ်းပန်းရိုက်နှက်မှုများသည် စစ် အာဏာရှင်စနစ်၏ အငြိုးအတေးဖြင့် ရည်ရွယ်ချက်ရှိစွာ နှိပ်စက်နေခြင်းဖြစ်ပြီး တည်ဆဲအကျဉ်းထောင်ဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုထားသည်။
ထောင်များအတွင်း လတ်တလော ဖြစ်ပေါ်နေသည့် ရိုက်နှက်နှိပ်စက်နေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင် စနစ်တွင် ကိုင်တွယ်ကျင့်သုံးလျက်ရှိသော အကျဉ်းထောင်အက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲ စသည့် ဥပဒေများတွင် ထောင်အရာရှိ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအား မည်သို့ ပြဋ္ဌာန်းထားသည်ကို ထောင်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူ ဦးခင်မောင်မြင့်အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ လက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ ရိုက်နှက်မှုတွေ အတော် လေး ဖြစ်နေတယ်လို့ သတင်းတွေ ကြားသိနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ အကျဉ်းထောင်ဥပဒေတွေမှာ ဘယ်လိုများ ပြဋ္ဌာန်းထားပါသလဲ။
ဖြေ ။ ။ ဥပဒေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတော့ အခြားသူတဦးရဲ့ ခြေ၊ လက်၊ ကိုယ် အင်္ဂါ အပြင်းအထန် ထိခိုက်ဒဏ်ရာရအောင် လုပ်တာ ဒါမှမဟုတ် အမှုအခင်းတွေမှာ ဖြောင့်ချက်၊ သတင်းအချက်အလက်၊ ဝန်ခံချက်ရယူဖို့ ရည်ရွယ်ချက်နဲ့ ကိုယ်၊ လက်အင်္ဂါ အစိတ်အပိုင်းတွေကို အပြင်းအထန် ထိခိုက်ဒဏ်ရာရအောင် လုပ်တာ ဒါတွေကို ညှဉ်းပန်းနှိပ်စက်မှုလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၂၆ လောက်က အကျဉ်းထောင်စနစ် စတယ်။ ၁၈၉၄ မှာ အကျဉ်းထောင်များ အက်ဥပဒေရယ်၊ အဲဒါကို အသေးစိတ်ဆောင်ရွက်ဖို့ အကျဉ်းထောင်လက်စွဲဥပဒေရယ်ဆိုပြီး ပြဋ္ဌာန်းထားခဲ့တယ်။ အဲဒီ ဥပဒေတွေထဲမှာ အကျဉ်းသား တွေကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ အတိအလင်း ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
အကျဉ်းထောင်များ အက်ဥပဒေ ပုဒ်မ ၄၆ မှာ အကျဉ်းထောင် တာဝန်ခံအရာရှိ တယောက်ထဲကပဲ အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားသူတွေကို ပြစ်ဒဏ် ပေးနိုင်တယ်။ အခြား အကျဉ်းထောင်အရာရှိ၊ အကျဉ်းထောင်ဝန်ထမ်းတွေ ဘယ်သူကမှ ပြစ်ဒဏ်ချမှတ်လို့ မရဘူးလို့ ပြဋ္ဌာန်းထားတယ်။ အဲဒီမှာလည်းပဲ ထောင်တာဝန်ခံအရာရှိ ကိုယ်တိုင် သတ်မှတ်ပေးရမယ့် ပြစ်ဒဏ် ၁၂ မျိုးကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီအထဲ ရိုက်နှက်တာ လုံးဝ မပါဘူး။ ပြဋ္ဌာန်းချက်တွေထဲက နောက်ဆုံး ပြစ် ဒဏ်ကတော့ အချက်ရေ ၃၀ ထက်မပိုတဲ့ ကြိမ်ဒဏ်ပေးတာပါ။ သို့သော် ကြိမ်ဒဏ် ပေးတာကိုလည်း ၁၉၉၄ မှာ ပယ်ဖျက် လိုက်တဲ့အတွက် ထောင်ပိုင်ကနေ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်သည် ၁၁ ခုပဲ။ အဲဒီ အထဲမှာ အကျဉ်းသား၊ အချုပ်သားတွေကို ရိုက်နှက်ဖို့ဆိုတာ မပါဘူး။
နောက်ပြီး အလုံထောင်ချတာ (တိုက်ပိတ်) ပြစ်ဒဏ်ချတာကို ၁၄ ရက်တကြိမ်၊ အလွန်ဆုံး ၁ လထက်ပိုပြီး မချမှတ်ရဘူး။ ချမှတ်မယ်ဆိုရင် ၁ လထက်ပိုပြီး ချမှတ်ဖို့လိုအပ်တဲ့ အကျဉ်းဦးစီးဌာနရဲ့ ညွှန်ချုပ်ရဲ့ ခွင့်ပြုချက် ယူရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်။ နောက်ပြီး ထောင်တာဝန်ခံအရာရှိမှအပ လက်အောက် အရာရှိတွေက ဘယ်လို အကျဉ်းထောင် ပြစ်မှုမျိုးကိုမှ စီရင် ပိုင်ခွင့်လည်း မရှိဘူး။ ပေးပိုင်ခွင့်လည်း မရှိဘူး။
ပုဒ်မ ၄၉ မှာကျတော့ အကျဉ်းထောင်များ အက်ဥပဒေမှာ ဖော်ပြထားတဲ့ ပြစ်ဒဏ်တွေက လွဲပြီးတော့ တရားရုံးရဲ့ အမိန့်မရ ဘဲနဲ့ အကျဉ်းသား၊ အချုပ်သားတွေကို ဘယ်လို ပြစ်ဒဏ်မျိုးမှ မချမှတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။ နောက်ပြီး ပုဒ်မ ၅၀ မှာကျတော့ ပိုမိုကြမ်းတမ်းအလုပ်ကို ပြောင်းရွှေ့ချထားတဲ့ ပြစ်ဒဏ်၊ ရိက္ခာဖြတ်တောက်တဲ့ ပြစ်ဒဏ်တွေ ပေးမယ်ဆိုရင် အပေးခံရတဲ့ အကျဉ်းသား၊ အချုပ်သားရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ခံက ဒီပြစ်ဒဏ်ကို သူခံနိုင်တဲ့ ကျန်းမာရေး အခြေအနေ ရှိပါတယ်ဆိုတဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ အဲဒီ ထောက်ခံချက် မပါဘဲနဲ့ အပြစ်မပေးရဘူး လို့ ပြဋ္ဌာန်းထားပါတယ်။ အကယ်၍ ပြစ်ဒဏ်ကိုခံနိုင်တဲ့ ကျန်းမာရေးအခြေအနေ မရှိဘူးလို့ စစ်ဆေးတွေ့ရှိရင် ပြစ်ဒဏ်ကို လုံးဝ မပေးဖို့။ ဒါမှမဟုတ် အခြားသင့်လျော်တဲ့ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ဖို့ တင်ပြနိုင်ရင် အဲဒီတင်ပြချက်အရပဲ တာဝန်ခံ အရာရှိက ဆောင်ရွက်ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မေး ။ ။ နောက်ပြီး ထောင်အရာရှိတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့ ပတ်သက်လို့ရော အကျဉ်းထောင် လက်စွဲမှာ ဘယ်လို ပြဋ္ဌာန်းထားပါသလဲခင်ဗျာ။
ဖြေ ။ ။ အကျဉ်းထောင်အက်ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အသေးစိတ် အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ ပြဋ္ဌာန်းချက်တွေမှာ အကျဉ်းဦးစီးဌာန အရာရှိတွေ၊ ဝန်ထမ်းတွေဟာ အကျဉ်းသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ စိတ်ရင်းကောင်းနဲ့၊ ကိုယ်ချင်းစာတဲ့စိတ်နဲ့၊ သနားကြင်နာတဲ့စိတ်နဲ့ သာတူညီမျှ ဘက်မလိုက်တဲ့စိတ်နဲ့ ဆက်ဆံရမယ်။ အကျဉ်းသားတွေရဲ့ တင်ပြချက်၊ တိုင်တန်းချက်၊ နစ်နာချက်တွေကို အဆင့်ဆင့် တင်ပြ၊ သုံးသပ်နားထောင် ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းထောင်တိုင်းမှာ တနင်္လာနေ့တိုင်းမှာ ထောင်တာဝန်ခံအရာရှိနဲ့ ဒု-တာဝန်ခံအရာရှိ က အချုပ်ထောင်၊ အကျထောင်နဲ့ တိုက်ခန်းတွေမှာရှိတဲ့ အကျဉ်းသား၊ အချုပ်သားတွေကို မပျက်မကွက် လိုက်လံတွေ့ဆုံ ပြီးတော့ သူတို့ရဲ့ တင်ပြချက်၊ နစ်နာချက်တွေကို နားထောင်ပြီး ဖြေရှင်းဆောင်ရွက်ပေးရတာ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရ တာတွေ မပျက်မကွက် လုပ်ရပါတယ်။
သိပ်အရေးကြီးတဲ့အချက်က ဒီကနေ့ ဖြစ်ပျက်နေတာတွေနဲ့ လုံးဝ ဆန့်ကျင်နေတဲ့ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။ အဲဒါက မည်သည့် အကျဉ်းထောင် အရာရှိမဆို၊ ဝန်ထမ်းမဆို တာဝန်ခံအရာရှိရဲ့ အမိန့်မရဘဲ အကျဉ်းသား ၁ ယောက်ကို အပြစ် ပေးလို့ မရဘူး။ အပြစ်ဒဏ်နဲ့ ခြိမ်းခြောက်လို့၊ ကြမ်းတမ်းစွာ ဆဲဆိုလို့ မရဘူး။ အကျဉ်းသားတွေရဲ့ အရှက်ကို ထိခိုက်စေတဲ့ စကား၊ အပြုအမူတွေ ရှောင်ကြဉ်ရမယ်လို ပြဋ္ဌာန်းထားပါတယ်။
နောက်တချက်က မိမိရဲ့ ကိုယ်ခန္ဓာ (သို့) အသက်အန္တရာယ်ကို ထိပါးလာလို့ အခြားဝန်ထမ်းတဦး၊ အကျဉ်းထောင်အရာရှိ တဦး၊ အကျဉ်းသား၊ အချုပ်သားတဦးရဲ့ ကိုယ်ခန္ဓာ၊ အသက်ကို ထိခိုက်အောင် ဆောင်ရွက်တာကို ကာကွယ်ဖို့ရန်မှတပါး (သို့) အကျဉ်းထောင်အတွင်း ဆူပူထကြွစေမှုကို ကာကွယ်ရန်မှတပါး အကျဉ်းသား၊ အချုပ်သား ၁ ဦးကို ဘယ်လို အကြောင်းနဲ့မှ မရိုက်နှက်ရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ စောစောက ရိုက်နှက်ရမယ့် အကြောင်းအချင်းအရာ တွေနဲ့ ပတ်သက်လို့ ကြုံတွေ့လာရင်လည်း တာဝန်ခံအရာရှိရဲ့ အမိန့်မရဘဲ မရိုက်ရဘူး။ ကာကွယ်ဖို့ လိုအပ်လို့ ဆောင်ရွက် မယ် ဆိုရင်လည်း လိုအပ်တာထက် ပိုတဲ့အင်အားကို သုံးလို့မရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
အချုပ်တရားခံ ဥပမာအားဖြင့် ပုဒ်မ ၅၀၅-က အပါအဝင် နိုင်ငံရေးနဲ့နွယ်သော အချုပ်တရားခံတွေကို အခြားပြစ်ဒဏ် ချခံပြီး ဖြစ်တဲ့ ထောင်ကျအကျဉ်းသားတွေနဲ့ အတူရောနှောမထားရဘဲ သီးခြားခွဲပြီးတော့ အချုပ်ဆောင်တွေ၊ ဝန်းနေရာတွေမှာ ထားရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ နောက်ပြီး အချုပ်တရားခံတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲနဲ့ အကျဉ်းထောင် လုပ်ငန်းတွေ ခိုင်းစေခြင်းမပြုရ၊ အကျဉ်းထောင်ပြင်ပမှာလည်း ခိုင်းစေခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
မေး ။ ။ လက်ရှိမှာ အင်းစိန်ထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရထားသူတွေ ရှိသလို ဆန္ဒပြတောင်းဆိုလို့ တိုက်ပိတ်ပြစ်ဒဏ် ချခံထားရသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုများ သိထားပါသလဲ။
ဖြေ ။ ။ လက်ရှိကြားနေရတဲ့ သတင်းတွေအရ အင်မတန် ကြမ်းတမ်းတယ်လို့ သိထားရပါတယ်။ သက်ဆိုင်ရာ နီးစပ်တဲ့ သူတွေရဲ့ ပြောပြချက်တွေအရ ကိုဖြိုးဇေယျာသော်တို့၊ ကိုဂျင်မီတို့ကို သေဒဏ် အတည်ပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အဖမ်းခံထားရသူတွေ၊ ပြစ်ဒဏ်ချခံထားရသူတွေက အစားငတ်ခံ ဆန္ဒပြကြတယ်လို့ သိရတယ်။ တဖက်ကလည်း အမျိုးသမီးဆောင်မှာ အင်မတန်ဆိုးဝါးတဲ့ ရေနဲ့ပတ်သက်လို့ ကန့်သတ်မှုတွေ၊ အစားအစာနဲ့ ပတ်သက်လို့ ခက်ခဲကြမ်းတမ်းမှုတွေ ဒါတွေကို တင်ပြတဲ့အခါမှာ ရက်ရက်စက်စက် ရိုက်နှက်ခံရလို့ မခံမရပ်နိုင်ဘဲ ဆန္ဒပြတဲ့သူအားလုံး စုစုပေါင်း ၆၀ နီးပါးလောက် ရှိတယ်လို့ သတင်းအားဖြင့် သိထားပါတယ်။ တိုက်ပိတ်ပြစ်ဒဏ် ချခံထားရသူတွေလည်း ရှိ တယ်လို့ သိရပါတယ်။ ရိုက်နှက်တဲ့အခါမှာလည်း တော်တော် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးတော့မှ ၂ ယောက်လောက်က တော့ စိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ သိထားရပါတယ်။ သို့သော် အသေးစိတ်အချက်အလက်တွေနဲ့ မှန်မမှန် သီးခြား အတည်ပြုလို့တော့ မရသေးပေမယ့် သက်ဆိုင်ရာနီးစပ်သူတွေရဲ့ ပြောပြချက်အရ ဒီသတင်းတွေဟာ မှန်ကန်နိုင်တယ်လို့ တော့ ပြောလို့ရပါတယ်။
အခြားသော ဒေသမှာရှိတဲ့ ထောင်တွေထဲမှာလည်း ကြားသိနေရတဲ့ သတင်းစကားတွေအရ ထောင်ပိုင်တွေက ဦးစီးပြီး တော့ ထောင်အရာရှိတွေ၊ ဝန်ထမ်းတွေက ရိုက်ကြတယ်။ နောက်ပြီး သောက်ရေ၊ သုံးရေ လုံလုံလောက်လောက် မရဘူး။ ရပြန်တော့လည်း ရေကောင်းရေသန့် မရဘူး။ ဆေးဝါးကုသမှုမခံရဘူး စတဲ့ အထွေထွေအကျပ်အတည်းတွေနဲ့ ပတ်သက် လို့ တင်ပြလာတဲ့အခါ တင်ပြတဲ့သူတွေကို သီးခြားခွဲပြီးတော့ တိုက်ပိတ်တယ်၊ ရိုက်နှက်တယ်၊ အကျဉ်းထောင်ထဲက အိပ် ခန်းတွေထဲကို လေးခွတွေနဲ့ ပစ်တယ်။ သတင်းတခုမှာ တာဝန်ခံအရာရှိကိုယ်တိုင်က ဓားနဲ့ ဝင်ထိုးတယ်။ နောက်တခါ လို အပ်တဲ့ ဆေးဝါးကုသမှုမရလို့ ထောင်ကျအမျိုးသမီး ၁ ဦး ကိုယ်ဝန်ကလေး ပျက်ဆီးသွားတယ် ဆိုတာမျိုးတွေ ကြားသိနေ ရတယ်။
ဒါတွေ တကယ်တမ်း လုပ်လို့ရသလား ဆိုတာက အကျဉ်းထောင် ဥပဒေတွေအရ အကျဉ်းထောင် တာဝန်ခံအရာရှိသည် ပင်လျှင် အကျဉ်းသား၊ အချုပ်သားကို ကိုယ်တိုင် ရိုက်နှက်ခြင်း မပြုရတဲ့အပြင် အခြားသူကို ရိုက်နှက်ဖို့ အမိန့်ပေးလို့ မရပါ ဘူး။ ရိုက်နှက်နိုင်သည့် အခြေအနေ ဆိုတာသည် အဲဒီသူက အကျဉ်းသား၊ အချုပ်သား ၁ ဦးကို၊ ထောင်ဝန်ထမ်း၊ ထောင် အရာရှိ ၁ ဦးဦးကို အသက်အန္တရာယ်ပြုမယ်၊ ပြင်းပြင်းထန်ထန် နာကျင်အောင် ရိုက်နှက်ဖို့ကြိုးပမ်းရင် (သို့) ထောင်မှာ ဆူပူ ထကြွ သောင်းကျန်းစေတာမျိုး ဆိုရင်တော့ တာဝန်ခံအရာရှိရဲ့ အမိန့်အရ လိုအပ်သလောက် ရိုက်နှက်ပြီးတော့ ဆောင်ရွက် နိုင်ခွင့် ရှိတယ်။ ဒါသည်လည်း လိုအပ်သည်ထက် အင်အားမသုံးရဘူးလို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မေး ။ ။ ဒီလို ဥပဒေအရ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီး အကျဉ်းသားတွေအပေါ် ဆောင်ရွက်နေတာတွေကရော ဥပဒေအရ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ ။ ။ အားလုံးကို ခြုံပြီးပြောရရင် ဒီကနေ့ သတင်းတွေအရ အကျဉ်းထောင်တွေမှာ ဖြစ်ပေါ်နေတဲ့ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ တည်ဆဲအကျဉ်းထောင်ဥပဒေတွေကို ဆန့်ကျင်နေပြီးတော့မှ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ရိုက်နှက်တယ် ဆိုရင်လည်း သာမန်ထိခိုက်ဒဏ်ရာ ရမယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၂၅ တို့အရ အရေးယူနိုင်သလို ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားမယ်၊ အပြင်းအထန် ဒဏ်ရာရသွားမယ်၊ အမြဲတစေ မသန်စွမ်းနိုင်တဲ့ဒဏ်ရာမျိုး ရမယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၆ အရ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။ နှိပ်စက်ညှဉ်းပန်းရင်းမှ လက်လွန်ခြေလွန်ဖြစ်ပြီး သေသွား တယ်ဆိုရင်၊ အစီအစဉ်တကျ စီစဉ်ပြီးမှ ဆောင်ရွက်ရာကနေ သေဆုံးတာဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၀၂-၁(ခ) အရ သေဒဏ်မှတပါး အခြားပြစ်ဒဏ် မချမှတ်နိုင်တဲ့ ရာဇဝတ်မှုတွေသာ ဖြစ်တယ်လို့ ဥပဒေကြောင်းအရ ဒီလိုပဲ မြင်ပါတယ်။
မေး ။ ။ လတ်တလော ဖြစ်ပေါ်နေတဲ့ ထောင်အတွင်းက ဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ ။ ။ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ တော်တော်လေး ဆောင်ရွက် နိုင်ခဲ့တယ်။ အဲဒီတုန်းကလည်း တပ်မတော်က အရာရှိကြီးတွေ တာဝန်ယူကိုင်တွယ် ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါ တယ်။ အဲဒီကနေ တောက်လျှောက် တည်ငြိမ်လာခဲ့တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဌာနရဲ့ ရည်ရွယ်ချက်ကို အကျဉ်း ထောင်များဟာ လူ့အဖွဲ့အစည်းအတွင်းက ရာဇဝတ်မှုတွေကို ကာကွယ်ရန်အတွက် ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်အပြင် အကြောင်းကြောင်းကြောင့် လူ့အသိုင်းအဝိုင်းကနေမှ အကျဉ်းထောင်တွေအတွင်း ရောက်လာတဲ့ အကျဉ်းသား၊ အချုပ် သားတွေကို အမူအကျင့် ပြုပြင်ပြောင်းလဲရေးမူဝါဒ ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ပြောင်းလဲလာခဲ့တယ်။
မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း အကျဉ်းသား၊ အချုပ်သားတွေ အပေါ်မှာ ကိုယ့်နိုင်ငံသား ဖြစ်တဲ့အတွက် ကြင်ကြင်နာနာ ဆက်ဆံဆောက်ရွက်ပါ။ သို့သော် ရပ်တည်ချက် ခိုင်မြဲပါစေဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၂၀ ထိ အကျဉ်းထောင် အုပ်ချုပ်ရေးစနစ်က တော်တော်ကို တည်ငြိမ်ခဲ့တယ်။ သို့သော် ဒီနောက်ပိုင်းမှာကျတော့ ရပ်တည်ချက်က လည်း အားနည်းသွားပြီ။ အခု ညှဉ်းပန်းနှိပ်စက်သတင်းတွေက အနှစ်နှစ်အလလ တည်ဆောက်ခဲ့တဲ့ ဌာနရဲ့သိက္ခာ၊ ဂုဏ် ကို ပြိုကျပျက်စီးသွားစေတယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်ပြီးတော့ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းမယ် ဆိုရင် တော့ ပိုပြီးတော့ သင့်တော်ကောင်းမွန်ပါတယ်လို့ပဲ ပြောချင်ပါတယ်။