စစ်အာဏာရှင်ကို တော်လှန်နေသည့်ကာလမှာ ၁ နှစ် ကျော်လာပြီ ဖြစ်ရာ အာဏာသိမ်းမှုအပေါ် ကျန်းမာရေးကဏ္ဍမှ ဝန်ထမ်းအများအပြားလည်း ဆန့်ကျင်ခဲ့ကြသလို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ယခုချိန်ထိ တောင့်ခံ ပါဝင်နေကြဆဲ ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီနှင့် စင်ပြိုင် တာဝန်ယူထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့်လည်း ယိုယွင်းနေသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအား မည်သို့ တာဝန်ယူလုပ်ဆောင်နေသည်ကို သိရန် NUG ၏ ကျန်းမာ ရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး အား ဧရာဝတီသတင်းဌာနက မေးမြန်းထား သည်များကို ဖော်ပြပေးလိုက်ပါသည်။
မေး။ ။ အခုက မိုးတွင်းကာလ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ တော်တော်လေး တွေ့လာနေရတဲ့ အဲဒီအတွက် ဆေးဝါးကူညီထောက်ပံ့မှုတွေ ဘယ်လို လုပ်ပေးနေလဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်ပြီး လူကယ်ပြန်ဝန်ကြီးဌာန၊ ဒေါက်တာ ဝင်းမြတ်အေးတို့ ကျနော်တို့ ကြားမှာ တော်တော်လေး ပူး ပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ငှက်ဖျား တင်မဟုတ်ဘူး။ ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကိုဗစ်တုန်းကလည်း ကျနော် ပြောခဲ့တယ်။ အခု ငှက်ဖျားနဲ့ ပတ်သက်ရင် ကျနော်တို့ ကြိုခန့်မှန်းထားတာ ရှိတယ်၊ တီဘီတို့ HIV တို့ကိုလည်း ကြိုခန့်မှန်းထားတာ ရှိတယ်။ ဒါကြောင့်လည်းပဲ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်ပြီး ဌာနခွဲတွေ ဖွင့်ပြီးတော့ ကြိုတင် ကာကွယ်ရေးတွေလည်း လုပ်သလို ဆေးဝါးစုဆောင်းမှုတွေလည်း လုပ်တယ်။
ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် မပြည့်စုံဘူးဆိုတာ ကျနော်တို့ သိတယ်။ ငှက်ဖျားဆေးလိုတယ်ဆိုရင် လိုတဲ့ နေရာကို တန်းပို့တယ်။ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ငှက်ဖျား ကာကွယ်ကုသရေးဌာနဆိုပြီး သီးခြားအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေတယ်။ ကျွမ်းကျင်သူတွေလည်း ရှိပါတယ်လို့ ဒီလို အကြမ်းဖျင်းတော့ ကျနော် ဖြေလို့ရပါတယ်။ နောက်တခု က ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး Task Force ကို တိုင်းရင်းသား အဖွဲ့တွေနဲ့ ပေါင်းပြီး ဖွဲ့စည်းပြီး စတင် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။
မေး။ ။ မြေပြင်က ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အဖွဲ့တွေနဲ့ ချိတ်ဆက်တာ အား နည်းသလို၊ ကူညီထောက်ပံ့မှုတွေလည်း လုံလုံလောက် လောက်မပေးနိုင်ဘူးဆိုပြီးတော့ အားမလိုအားမရဖြစ်ပြီး ဝေဖန်တဲ့ အပေါ် ဘာများ ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ အဲဒီလို အားမလိုအားမရ ဖြစ်တာတွေကို ဝေဖန်ပြောဆိုတာတွေကို လက်ခံတဲ့အပြင် အဲဒီဟာကို မီဒီ ယာတွေမှာ တွေ့တယ်၊ ဖေ့ဘုတ်စ်မှာ တွေ့တယ်ဆိုရင် အဲဒီဟာက ဘယ်ကလဲ ဆိုတာကို သိအောင်လုပ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးတယ်။ ကျနော်တို့မှာ၂၄ နာရီ ချိတ်ဆက်နေတဲ့ Command ၊ Control ဆိုတဲ့ စင်တာတခု ကျနော်တို့ တည် ဆောက်ထားတယ်။ အဲဒီအထဲမှာ တိုင်းနဲ့ ပြည်နယ်အသီးသီး၊ မြို့နယ်အသီးသီး တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အသီးသီး ရဲ့ ကိုယ်စားလှယ်တွေ ၂၄ နာရီစလုံး Signal နဲ့ ချိတ်ဆက်ထားတယ်။
အဲဒီလို ချိတ်ထားတဲ့အထဲမှာ စောစောကပြောတဲ့ လိုအပ်ချက်တဲ့ နေရာကို တန်းပြီးတော့ ဘယ်နေရာမှာ ဖြစ်တာလဲ၊ ဘယ် အဖွဲ့အစည်းမှာ ဖြစ်တာလဲ၊ ဘယ် PDF တွေ ဖြစ်တာလဲဆိုပြီးတော့ ရှာပြီးတော့ ကျနော်တို့ အမြန်ဆုံး ဖြည့်ဆည်းပေး တယ်။ အဲဒီတော့ ကျနော်က ပြောချင်တာက အဲဒီလို အားမလို၊ အားမရ ဖြစ်တယ်၊ မပြည့်စုံဘူးဖြစ်တယ်ဆိုရင် ကျနော် တို့ကို အမြန်ဆုံးသာ ပြောလိုက်။ ဒီနေရာမှာ လိုနေတာသိရင် အမြန်ဆုံးဖြည့်ဆည်းပေးရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ဖြည့်ဆည်းပေးမယ်။
ဒီလိုမျိုးတွေ လစ်ဟင်းနေတာ ဆိုတာကလည်း တကယ်တမ်း အေးချမ်းနေတဲ့ တိုင်းပြည်တခုမှာတောင် ကျန်းမာရေး စောင့် ရှောက်မှုက ၁၀၀ ရာခိုင်နှုန်းရဖို့ ခက်တယ်ဆိုတော့ ဒီလို အခြေအနေမှာ ပိုခက်မယ်ဆိုတာ ကျနော်တို့ သိတဲ့အတွက် လို အပ်ချက်တွေ ဖြစ်နေတဲ့ နေရာတွေက လူတွေ ကျနော်တို့ဆီ ဆက်သွယ်ပါ။ ကျနော်တို့ အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘာပဲလိုလို ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး ဖြည့်ဆည်းပေးပါ့မယ်။
မေး။ ။ အခုဆိုရင် စစ်ကောင်စီရဲ့ ကျန်းမာရေးယန္တရားက သေချာ မလည်ပတ်နိုင်ဘူး။ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေ ကြောင့်လည်း တိုက်နယ်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေလည်း လုံခြုံရေးကြောင့် ပိတ်ထားရတော့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က ပြိုလဲပျက်စီးနေပြီလို့ ပြောလို့ရတယ်၊ အဲဒါကို NUG ကျန်းမာရေး ဝန်ကြီးဌာန ကရော ဘယ်လို အစားထိုးပြီး ဝင်ရောက်ပြီး လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ ဒီဟာက အမှန်ပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကအတော့်ကို ပြိုလဲသွားတာပေါ့။ အဲဒီ ဟာမှာ စောစောက ပြောသလို CDM လုပ်တယ်။ CDM ဒီနေ့ လုပ်ပြီး အဲဒီနေ့ပဲ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျနော်တို့က ပြန်လည်ပြီး တည်ဆောက်နေတဲ့ အချိန်ဖြစ်သွားပြီ။ ကျန်းမာရေး ယန္တရားကို NUG က ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြန်လက်တွဲပြီး ပြန်အကောင်ထည် နေတဲ့ အချိန်ဖြစ်သွားပြီပေါ့ဗျာ။
ကျနော်တို့ လက်ရှိမှာ ရှိနေတဲ့ အင်အားကို ပြောရရင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ ကျော်ရှိတယ်။ အထူးကု ဆရာဝန် ၁၅၆ ယောက် ရှိတယ်။ ဆရာဝန် ၄၀၀ ကျော်ရှိတယ်။ သူနာပြု ၅၆၀ ကျော်ရှိတယ်။ အခြေခံ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၅၅၄ ဦးနဲ့ တခြား စေတနာ့ဝန်ထမ်းတွေနဲ့ အားလုံးပေါင်းပြီးတော့ ဒီ ၄၀၀၀ ကျော်နဲ့ ကျနော်တို့ အကောင်အထည်ဖော်နေတယ်။
အခုကျနော်တို့ရဲ့ ထိန်းချုပ်ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ မြို့နယ် အဖွဲ့အစည်းတွေ အသီးသီးဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ဆောင်ရွက်နေတော့ ကျနော်တို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ပိတ်ထားရတဲ့ တိုက်နယ်ဆေးရုံတွေဆိုရင် ကျနော်တို့ လက်အောက်မှာ ရှိတယ်။
တချို့မြို့နယ် ဆေးရုံတွေတောင်မှ ကျနော်တို့ လက်အောက်မှာ ရှိတယ်။ အဲဒီလို ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျနော်တို့ အသစ် တည်ဆောက်ထားတဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း ၁၆၇ ခုရှိတယ်။
ကျနော်တို့မှာ ရှေ့တန်း ဆေးရုံတွေ ရှိတယ်။ ကျနော်တို့ အခြေစိုက်ပြီးတော့ ခွဲစိတ်ကုသမှုတွေ လုပ်နိုင်တာတွေက အဲဒီ ဆေးရုံတွေကို ပြောင်းလဲထားတာ ရှိသလို ကိုယ့်ဘာသာ တည်ဆောက်ထားတွေလည်း ရှိတယ်ပေါ့ဗျာ။ အဲဒီနည်းအားဖြင့် အကောင်အထည်ဖော်နေတယ်။ နောက်တခုကတော့ တယ်လီဆက်သွယ်ရေး နည်းပညာ အခြေခံထားတဲ့ Tele Medicine အစီအစဉ်ကိုလည်း ကျနော်တို့ လုပ်နေတယ်။ အဲဒီအစီအစဉ်ဆိုရင် ကျနော်တို့နိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်မှာ ၃၀၉ မြို့နယ်မှာ တယ်လီဆက်သွယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်တဲ့ အနေအထားရှိတယ်။ အထူးကုဆရာ ဝန်တွေနဲ့ ပေါင်းပြီးတော့ ချန်နယ် ၅ ခု၊ ၆ ခု ဖွင့်ပြီးတော့ လုပ်နေတာ ရှိတယ်။ ကျနော်ကိုယ်တိုင်တောင် ဆေးခန်းထိုင်ပေး တယ်။
အဲဒါအပြင် ကျနော်တို့ သင်တန်းတွေကိုလည်း ပို့ချနေတယ်။ PDF သင်တန်းပေါင်း ၈၀၀၀ ကျော်ကို ရှေးဦးပြုစုနည်းသင် တယ်၊ စေတနာ့ ဝန်ထမ်းတွေကိုလည်း ရှေးဦးပြုစုနည်းသင်တယ်။ အရေးပေါ် အသက်ကယ်နည်းသင်တန်း၊ သွေးသွင်း ကုသနည်း သင်တန်း၊ ဓာတုလက်နက်ဆိုင်ရာ အခြေခံ ဆေးတပ်သား သင်တန်းတွေကိုလည်း ကျနော်တို့ သင်ပေးနေ တယ်။ နောက်တခုက တိုက်ပွဲမှာ ထိခိုက် ဒဏ်ရာရတဲ့သူတွေကို အရေးပေါ် ခွဲစိတ်ကုသမှုတွေ ပေးပြီးတော့ စစ်မြေပြင်သုံး အရေးပေါ် အသက်ကယ် ပစ္စည်းတွေကိုလည်း ထုတ်ပြီး ဖြန့်ဝေပေးနေတယ်။
ဒါတွေကတော့ ကျနော်တို့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးထားတာတွေပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီထက်အများကြီး လို သေးတယ်။ ရှေ့လျှောက် တိုက်ပွဲတွေ အများကြီးဖြစ်လာလေ၊ ပိုလိုလာလေဖြစ်တယ်။ အခြေခံ ကျန်းမားရေး စောင့်ရှောက် မှုတွေလည်း လိုသလို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အများကြီး လိုတယ်လို့ ကျနော်တော့ ပြောချင်ပါ တယ်။
မေး။ ။ နောက်တခုက CDM ဆရာဝန်တွေကို NUG ကျန်းမာရေး ဝန်ကြီးဌာနက ဘယ်လို ကူညီထောက်ပံ့မှုတွေ လုပ်ပေး ထားလဲ။
ဖြေ။ ။ CDM တွေနဲ့ ပတ်သက်လို့ ကျနော်တို့နဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ လူတိုင်းကိုတော့ အနည်းဆုံး ၁ လကို အခု တော့ ကျပ် ၅ သောင်းနှုန်းနဲ့ ပံ့ပိုးပေးနေတယ်။ ဆရာဝန်၊ ဆရာဝန်မ ဘယ်သူပဲ ဖြစ်ဖြစ် ကျန်းမာရေး စောင့်ရှောက်မှုလုပ် ပေးနေတဲ့ လူတိုင်းကို ထောက်ပံ့ပေးနေတယ်။ တကယ်လို့ ကျနော်တို့နဲ့ မချိတ်မိတဲ့ လူတွေ ရှိနေနိုင်တယ်။ တချို့ကလည်း ရှောင်တိမ်းနေရတယ်။ ပုန်းနေရတဲ့ လူတွေ ရှိတာပေါ့။ သူတို့တွေအနေနဲ့လည်း ကျနော်တို့ကို ချိတ်ဆက်လာမယ်ဆိုရင် စောင့်ရှောက်ပေးလို့ ရတယ်။
Non CDM ဖြစ်သွားတဲ့ သူတွေအတွက်ကတော့ ဘယ်အချိန်မှာ CDM လုပ်တယ်၊ ဘယ် အချိန်မှာ Non CDM လုပ်သွားလဲ ဆိုတာကို မှတ်တမ်းတွေ လုပ်ထားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒါကတော့ နောင်တချိန်တော့ ပြည်သူ ဆုံးဖြတ်ကြမှာ ပေါ့။ ဒါတွေလည်း ကျနော်တို့ မှတ်တမ်း တင်ထားတယ်ဆိုတဲ့ အကြောင်း ပြောချင်တယ်။ ပံ့ပိုးမှုအပိုင်းကတော့ ကျနော်တို့ အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမယ့် ဘယ်ဟာမှတော့ မပြည့်စုံနိုင်ဘူး ဆိုတာ ကျနော်တို့ သိပါတယ်။
ကျနော်တို့က အခုချိန်မှာ တိုက်ပွဲတွေက ရှေ့လျှောက် ထပ်ဖြစ်လာတော့မှာ။ ဒါကြောင့် ဒီကျန်းမာရေး စောင့်ရှောက်သူ တွေ ရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးကြီးလာတယ်။ အရင်တုန်းက CDM လုပ်ရုံနဲ့ ရတယ်။ အခုက CDM လုပ်ရုံနဲ့ မရတော့ ဘူး။ ဒီတိုက်ပွဲတွေထဲမှာ ကိုယ်ကိုယ်တိုင် ဝင်ပြီး ဆေးကုပေးရမယ့်အဆင့် ရောက်လာပြီ။ ဒါကြောင့် အခု ရှိနေတဲ့တော် လှန်ရေးမှာ ပါဝင်နေတဲ့ ပါဝင်ခဲ့ကြတဲ့ ဒီလိုမျိုး CDM လုပ်ခဲ့ကြတဲ့၊ သပိတ်တွေမှာ ပါဝင်ခဲ့ကြတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ အထူးကုတွေကို ကျနော် ဒီနေရာမှာ သူတို့ ကျနော်ပြောချင်တယ် ကျနော်တို့ တိုက်ပွဲ နောက်တဆင့် တက် တော့မှာ ဖြစ်တဲ့အတွက် နောက်တဆင့် ပါဝင်ဖို့ လိုအပ်ပြီ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ လိုအပ်ပြီလို့ ဆရာဝန်၊ ဆရာမကိုတွေ ပြောချင်ပါတယ်။
မေး။ ။ အခု စစ်ကောင်စီက စစ်ကြောင်းထိုး၊ ရွာတွေ မီးရှို့ ဖျက်ဆီး အလုပ်ခံနေရတဲ့ စစ်ကိုင်းနဲ့ မကွေးက ပြည်သူတွေ၊ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးထောက်ပံ့မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ဘယ်လိုလုပ်ဆောင် ပေးနေ လဲ။
ဖြေ။ ။ စစ်ကိုင်းနဲ့ မကွေးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေကို အပြတ်ချေမှုန်းဖို့ သူတို့လုပ်တာပေါ့။ မချေ မှုန်းနိုင်တဲ့အခါမှာကျတော့ ပြည်သူကို လုံးဝ ဒုက္ခပေးတာ၊ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့တယ်၊ သတ်တယ်၊ ့ အခုလို လုပ်လာတဲ့အခါမှာ တော်တော်လေးကို ပြည်သူတွေ ဒုက္ခ ရောက်ကြတာပေါ့ဗျာ။
ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ဟိုးအရင်ကတည်းက ပြည့်စုံခဲ့တာ မဟုတ်ဘူး။ ကမာ္ဘ့ပေါ်မှာ အဆင့် အနိမ့်ဆုံးထဲမှာတောင် ပါနေတဲ့ အနေအထားကနေပြီးတော့ ပြည်သူ့ အစိုးရလက်ထက်မှာ ကြိုးစားပြီး တင်ထားလို့ နည်းနည်းလေး တက်လာတုန်းပဲ ရှိသေးတယ်။ ဒါဖြစ်တဲ့အချိန်မှာ ဒုက္ခ ရောက်တာပေါ့။
အခုလည်း ကျနော်တို့ ကြိုးစားပြီး အစွမ်းကုန် ဆောင်ရွက်နေတယ်။ တဖက်က ဘယ်လောက်ပဲ တိုင်းပြည်နဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးကို ဘယ်လောက်ပဲ ဖျက်ဆီး၊ ဖျက်ဆီး ကျနော်တို့က တဖက်ကနေ တည်ဆောက်မှု တွေလုပ်ပြီး တော့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အစွမ်းကုန်ပေးဖို့ ကြိုးစားနေတယ်။ ကျနော်တို့ ဒီဟာတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော် တို့ ပြည်သူတွေ ဒီလို မဖြစ်သင့်ဘဲ ဖြစ်နေရတာပေါ့။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ ခင်ဗျ။
ဖြေ။ ။ ကျနော်တို့ ဘယ်လောက်ပဲ တည်ဆောက်မှုတွေ၊ ဖွဲ့စည်းမှုတွေနဲ့ သွားသွား ရန်ပုံငွေ လိုတယ်။ ဒါကြောင့် ကျနော် တို့ နိုင်ငံတကာကို သွားပြီးတော့ အကူအညီတွေ ရအောင် ဆောင်ရွက်နေတယ်။ အဖွဲ့အစည်း တော်တော်များများက လည်း စိတ်ဝင်စားမှုရှိတော့ တချို့ အကူအညီလည်း စပြီး ရရှိလာတွေ ရှိပါတယ်။
ဒါ့ပြင် ပြည်သူလူထုကနေပြီးတော့ ချွေးနည်းစာနဲ့ လှူဒါန်းလိုက်တဲ့၊ ပြည်တွင်းပြည်ပ မြန်မာတွေ လှူဒါန်းလိုက်တဲ့ဟာတွေ ကို ဖြစ်နိုင်ရင်၊ တတ်နိုင်ရင်သမျှ တော်လှန်ရေးကို အားဖြည့်စေမယ့်နေရာတွေမှာ သုံးတာပေါ့ဗျာ။ အဲဒီအတွက် ကျနော်တို့ အသေအချာကို တွက်ချက်ပြီးတော့ ဘယ်နေရာကို ဦးစားပေးပြီး သုံးသင့်သလဲဆိုတာကိုကြည့်ပြီး သုံးစွဲနေသလို၊ လူအင် အားနဲ့ ပတ်သက်ပြီးတော့လဲ CDM တွေ၊ တော်လှန်ရေးကို စိတ်ပါဝင်စားတဲ့သူတွေ၊ ကိုယ့်ရဲ့ သမိုင်းကို ရေး ချင်တဲ့သူတွေ၊ ပါဝင်ကြပေးဖို့ ကျနော်က ထပ်ပြီးတော့ တောင်းဆိုချင်ပါတယ်။
You may also like these stories:
ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ
မတူပီမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလည်း ပြတ်လပ်နေ
နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ်