ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း ၂ ဦး ဖြစ်သည့် သင်္ဘောလှကျေးရွာ၌ တာဝန်ကျနေသော မူလွန် ကျောင်းအုပ် ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် မောင်တောသို့ ရုံး ကိစ္စဖြင့်လာစဉ် မွတ်ဆလင် လက်နက်ကိုင်များ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထို့နောက် မြန်မာငွေ သိန်း ၁၀၀၀ နှင့် ညီမျှသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေသိန်း ၅၀ ကို ပြန်ပေးသမားများထံ လွှဲပေးခဲ့ပြီးနောက် ဇွန် ၂၃ ရက်တွင် ပြန်လွတ်မြောက်လာခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) ၏ လက်ချက်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်က တွစ်တာအကောင့်မှတဆင့် ရေးသားခဲ့သလို ARSA အဖွဲ့ဘက်ကလည်း ၎င်းတို့အပေါ် တဖက်သတ် စွပ်စွဲခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ငြင်းဆိုထားပြီး စစ်ကောင်စီ အနေဖြင့်လည်း ယင်းပြန်ပေးဆွဲကိစ္စအား တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထို့ကြောင့် ပြန်ပေးဆွဲခံရသည်မှစပြီး ပြန်လွတ်လာသည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်ပေးဆွဲခံရသူ ကျောင်းအုပ် ဆရာကြီး ဦးဘိုဝင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားမှုအား ကောက်နုတ်ဖော်ပြပါသည်။
မေး ။ ။ သင်္ဘောလှရွာကနေ မောင်တောကို လာတဲ့လမ်းမှာ ဘယ်လို အဖမ်းခံ ခဲ့ရတာလဲ။
ဖြေ ။ ။ မောင်တောမြို့နယ်မှာရှိတဲ့ သင်္ဘောလှ မူလွန်ကျောင်းမှာ ကျောင်း ၁ ပတ် တက်ပြီး ၁ လ နားတယ်၊ ဆရာ/ ဆရာမတွေလည်း ကျောင်းမတက်ဘူးဆိုပြီး လူမှုကွန်ရက်မှာရေးတာကို ပြည်နယ်ပညာရေးမှူးမြင်တော့ မြို့နယ်ပညာ ရေးမှူး ဦးဇော်လင်းဦးက ဇွန် ၁၆ရက်မှာ ချက်ခြင်းလာရှင်း ရမယ်ဆိုတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆရာတယောက် ဆိုင်ကယ် ၁စီး၊ ရပ်မိရပ်ဖနဲ့ ကျောင်းကော်မတီနဲ့ တစီး၊ ကျနော်နဲ့ ဆရာမနဲ့က ဆိုင်ကယ်တစီး စုစုပေါင်း ဆိုင်ကယ် ၃စီးနဲ့ မွန်လွဲ ၂နာရီလောက်မှာ မောင်တောကို သွားပါတယ်။
သာယာကုန်းရွာကို ဖြတ်တဲ့အချိန် ဒီရွာမှာ တာဝန်ကျတဲ့ဆရာတွေက ဆရာကြီး မောင်တောသွားတာလား။ လူမှုကွန်ရက် မှာ တင်ထားတဲ့အကြောင်းကို သူတို့ဖုန်းပါ ကော်ပီယူထားတာ ရှိတယ်ဆိုပြီး ပြဖို့ ခေါ်တယ်။ ကျနော်နဲ့ ဆရာမက ဘာတွေ ရေးထားလဲဆိုပြီး သွားကြည့်တယ်။
အဲဒီအချိန်မှာ နောက်ကပါတဲ့ ဆိုင်ကယ်တွေက ဖြတ်တက်သွားတယ်။ ကျနော်တို့ အဲ့ရွာက ပြန်ထွက်ချိန် ဆိုင်ကယ် ၂ စီး ကတော့ ရှေ့ကသွားကြပြီ။ မိုးကလည်းရွာ၊ လမ်းကလည်း မကောင်းတော့ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပြီး သွားနေတဲ့ အချိန် ဇီးပင်ချောင်းခွဆုံအလွန် တံတားတစင်း ရှိတယ်။ အဲဒီနေရာက လူလည်းပြတ်၊ လမ်းလည်းဆိုး၊ မိုးလည်းရွာတော့ ဆိုင်ကယ်ကို အမြန်မောင်းလို့ မရဘူး။ ကျနော်က ပြောတယ်။ ဆရာမ ပတ်ဝန်းကျင်ကို ကြည့်ထား။ ကျနော်တို့က ဒီနေရာ မှာ တောဆင်ရိုင်းတွေ ထွက်တာရှိတော့ ဆင်အန္တရာယ်ကိုပဲ စိုးရိမ်တာ။ အဲဒီအချိန်မှာပဲ လမ်းဘေးခြုံတွေကြားမှာ ဝပ်နေတဲ့ လူတွေက ရှေ့ကပေါ်လာပြီးတော့ ဆိုင်ကယ်ကို တားတယ်။ ကျနော့်ကို သေနတ်နဲ့ ခါးကိုထောက်ပြီး အဲဒီမှာပဲ အဖမ်းခံ လိုက် ရတာ။
မေး ။ ။ ဖမ်းတဲ့လူတွေက ဘယ်လို ပုံစံမျိုးလဲ။ ဘာလက်နက်တွေ ကိုင်ထားလဲ။
ဖြေ ။ ။ ကျနော်တို့ကို ဖမ်းတာ မွတ်စလင် ၅ ယောက်။ သေနတ်အတို ၂ လက် ပါတယ်။ ၂ လက်မှာ အော်တို ၁ လက် ပါတယ်။ နောက် ၁ လက်က လုပ်သေနတ်ပါ။ ဓါးကောက် ၂ ချောင်း၊ လှံ ၂ ချောင်း၊ စကားပြောစက် ၁ လုံး ပါတယ်။ ကျနော့်ကို ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီးတော့ ခင်ဗျားဆီက ပစ္စတိုသေနတ်ပေးလို့ တောင်းတယ်။
ဘယ်က သေနတ်ရှိမလဲ။ ကျနော်က ကျောင်းဆရာ၊ ဘောပင်တောင် မပါဘူးဆိုတော့ အဲဒီအနားက လျှိုမြောင်တခုထဲကို ဆွဲခေါ်ပြီး ကျနော့်ကို နောက်ပြန်ကြိုးတုပ်တယ်။ ဆရာမကိုတော့ သူ့မှာပါလာတဲ့ ဖုန်းအားသွင်း ကြိုးနဲ့ ချည်တယ်။ ကျနော် တို့မှာပါလာတဲ့ ပိုက်ဆံတွေကို ယူတယ်။ ဆရာမမှာပါလာတဲ့ ပိုက်ဆံနဲ့ လက်စွပ်တွေကိုလည်း သူတို့ ချွတ်ပြီးတော့ ယူ တယ်။ ပစ္စည်းနဲ့ ပိုက်ဆံကို ယူပြီး ပြန်လွှတ်မယ် ထင်တာ။ မလွှတ်ဘဲ တောထဲကို ခေါ်သွားတယ်။
မေး ။ ။ ဆရာတို့ကို ဖမ်းတဲ့လူတွေက မျက်နှာဖုံးတွေ တပ်ထားသေးလား။ အဝတ်အစားတွေကရော ဘယ်လိုပုံစံမျိုး ဝတ်ထားကြလဲ။
ဖြေ ။ ။ မျက်နှာဖုံးတွေနဲ့ မဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့ ရွာသားတွေပုံစံပဲ။ ကျနော်တို့ ပါးစပ်ကို တိတ်နဲ့ကပ်ပြီး ခေါ်သွား တယ်။ ၁ နာရီလောက် လမ်းလျှောက်ပြီး ပုစွန်တာတမံတခုကို ရောက်တယ်။ အဲဒီမှာ ၁ နာရီခွဲ လောက် ထိုင်ခိုင်းတယ်။ နေဝင်ခါနီး တောင်ကုန်းတခုကို ခေါ်သွားပြန်တယ်။ အဲဒီတောင်မှာ ညအိပ်မယ်ထင်ပေမယ့် အဲဒီတောင်ပေါ်ကနေ တခါဆင်း တယ်၊ နောက်တောင်တလုံးကို တက်တယ်။ နောက်ပြန်ကြိုးတုပ်ထားတော့ ကျနော့် လက်သွေးမလျှောက်ဘူး ရောင်ကိုင်း လာတယ်။ နောက်ပြန်မချည်ပါနဲ့ ရှေ့ကနေချည်ပါဆိုပြီး ပြောတော့ ကျနော့်လက်နှစ်ဖက်ကို ရှေ့ကနေ ချည်ပေးတယ်။

တညလုံး သူတို့ လယ်ကွင်းတွေ၊ တောတွေဖြတ်ပြီး ခေါ်သွားတယ်။ လှေတွေနဲ့တခါ ခေါ်သွားပြန်တယ်။ သူတို့ခေါ်တဲ့ နေရာကို လိုက်ရတာပဲ။ နယ်စပ်ခြံစည်းရိုးကို ရောက်တာနဲ့ ဟိုဘက်မှာ လူ ၄ ယောက် လှေ ၁ စီးနဲ့ စောင့်နေတာ တွေ့ တယ်။ အဲဒီ လူ ၄ ယောက်ကလည်း အရပ်ဝတ်တွေနဲ့။ အရပ်သားပုံစံပဲ။ အဲဒီလှေနဲ့ မြစ်ကို ဖြတ်ကူးပြီးတော့ သိပ်မကြာဘူး ဘင်္ဂလားဘက်ကို ရောက်သွားတယ်။
မေး ။ ။ အဲဒီနေ့ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတော့ ဘာတွေ ဆက်ဖြစ်သေးလဲ။
ဖြေ ။ ။ ဘင်္ဂလားဘက် ရောက်တာနဲ့ ကျနော့်မျက်နှာကို အဝတ်ဖုံးတယ်။ ဆရာမကိုတော့ မဖုံးဘူး။ ပုစွန်ကန်တာရိုး ပေါ်က လျှောက်သွားရတယ်။ သိပ်မကြာဘူး ကွန်ကရစ်လမ်းတခုကို ကျော်ရတယ်။ ခွေးဟောင်သံ ကြားရတော့ ဒီနား မှာ ရွာရှိမယ်လို့ ထင်တယ်။ လယ်ကွင်းတခုကိုဖြတ်၊ တောင် ၄ လုံးလောက် ကျော်ရတယ်။ ပြီးတာနဲ့ အဲဒီ ကွန်ကရစ်လမ်းကိုပဲ ပြန်ရောက်တယ်။ မျက်စိလည်အောင်လုပ်တာ ဖြစ်မယ်။ ပြီးတာနဲ့ လယ်ကွင်းကိုထပ်ဖြတ်၊ တောင်တလုံးကျော်တယ်။ နောက် တောင်တလုံးကို ရောက်တဲ့အခါ သူတို့ ဆက်မသွားတော့ဘူး။ အဲဒီတောင်ပေါ်ကုန်းလေးမှာ ကျနော်တို့ကို ထားတယ်။
အဲဒီတောင်ကုန်းမှာ ရွှံ့ကာထားတဲ့ သွပ်မိုးအိမ် ၃ လုံး ရှိတယ်။ ရောက်တာနဲ့ ထမင်းဝိုင်း အဆင်သင့် လုပ်ထားတယ်။ ဖုန်းကြိုဆက်ထားတယ်လို့ ထင်တယ်။ စားပြီးတာနဲ့ သူတို့ အိပ်ခိုင်းတဲ့နေရာမှာ အိပ်ရတယ်။ အိပ်မယ်ပြင်တော့ လူ ၄ ယောက် ရောက်လာတယ်၊ တဦးက မျက်နှာဖုံးစွပ်ထားတော့ မျက်စေ့ ၂လုံးပဲ မြင်ရတယ်၊ ခေါင်းဆောင်လို့ ထင်တယ်။ ဗမာစကား၊ ရခိုင်စကား ရောပြီးပြောတယ်။ “ဆရာကြီးနဲ့ ဆရာမတို့ကို ကျနော်တို့ မသတ်ဘူး တာကာ သိန်း ၅၀ ပေးရင် ပြန်လွှတ်ပေးမယ်”လို့ ပြောတယ်။
ဒီစကားကြားတော့ တော်တော် စိုးရိမ်သွားတယ်။ တာကာငွေ သိန်း ၅၀ မြန်မာငွေ ဘယ်လောက်လဲမေးတော့ သိန်း ၁၀၀၀ လောက် ပေးရမယ်ပြောတယ်။ ကျနော်တို့မှာ ဘယ်ကရမလဲ။ ကျောင်းဆရာဘဝ သုံးဆလုပ်ရင်တောင် သိန်း ၁၀၀၀ မရနိုင်ဘူး ပြောတော့ မသိဘူး ဆရာကြီးတို့အတွက် အစိုးရဆီက ပေးလိမ့်မယ်ဆိုတယ်။
ဘယ်အစိုးရ ဘယ်ပေးမလဲ၊ မိသားစုတွေကပဲ ရှာဖွေပေးမယ့် အနေအထားမလို့ သိန်း ၂၀ လောက်လုပ်။ တယောက် ၁၀ သိန်းလို့ ချော့မော့ပြောတော့ သူတို့က မလျှော့နိုင်ဘူး။ တာကာငွေ သိန်း ၅၀ ပေးရင်ပေး၊ မပေးရင် ဆရာကြီးတို့ကို သတ်ပစ်မယ်။ အဲဒီလို ပြောပြီး ပြန်ထွက်သွားတယ်။
မိုးက လင်းစပြုနေပြီ။ အဲဒီနေ့တညလုံး ကျနော်တို့ မအိပ်ရသေးတော့ မိုးလင်းပေမယ့် အိပ်လိုက်ကြတယ်။ နေ့လယ် ၁၂ လောက်မှာ နိုးတယ်။ ဇွန် ၁၇ ရက် နေ့ခင်းဘက်ကို ရောက်နေပြီ။ အဲဒီအချိန် ကျနော်တို့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပြု တယ်။ ဦးလေးဆီ ကျနော်ဖုန်းဆက်ပြီး မြို့နယ်ပညာရေးမှူးကို ပြောပေးဖို့ မှာတယ်။ ပညာရေးမှူးကဆင့်ခေါ်လို့ မောင်တော ကို လာရတာ။ ကျနော်တို့ ဈေးဝယ်ထွက်တာ အလည်သွားခဲ့တာလည်း မဟုတ်ဘူး။ ရုံးကိစ္စနဲ့ခေါ်လို့ လာတဲ့အချိန် ဒီလိုဖြစ် ခဲ့တာ။ ပညာရေးမှူးကို အကျိုးအကြောင်း ပြောပြ။ ငွေကလည်း တာကာ သိန်း ၅၀ တောင်းတယ်။ မပေးနိုင်ရင် ကျနော်တို့ နှစ်ယောက်ကို သတ်ပစ်တော့မယ်ဆိုပြီး ပြန်ပေးသမား ပြောခိုင်းတဲ့အတိုင်း ဦးလေးဆီကို ပြောတယ်။
ကျနော်တို့ မိသားစုတွေကလည်း လွှဲပေးမယ် မသတ်နဲ့လို့ ပြောတယ်။ မြို့နယ်ပညာရေးမှူးဆီကိုလည်း တိုက်ရိုက်ဖုန်း ဆက်ပြီးတော့ ကျနော် ပြောတယ်။ ဆရာမနဲ့ ကျနော် အသက်ရှိသေးတယ်။ တာကာ သိန်း ၅၀ ပေးရင် လွှတ်ပေးမယ်လို့ ပြောတယ်။ ဆရာကြီးတို့ ကျနော့်မိသားစုနဲ့ တိုင်ပင်ပြီး ဒီငွေတချက်လွှဲပေးဆိုပြီး တောင်းဆိုတယ်။
ဇွန် ၁၇ ရက် ညနေဘက်မှာတော့ ငွေလွှဲတာ နောက်ကျတယ်၊ မိသားစုကို သေချာမပြောပြဘူးဆိုပြီး ကျနော်ကို နောက် ပြန်ကြိုးတုပ် ခြေသလုံးတွေကို သံတုတ်နဲ့ လှိမ့်တယ်။ စူးတွေနဲ့ ထိုးတယ်။ အဲဒီသံတုတ်နဲ့ ကျောကုန်းကို ရိုက်ပြီး နှိပ်စက် တယ်။ သူတို့အနားမှာ ဗမာစကား နဲနဲပြောတတ်တဲ့ ဘာသာပြန်လူငယ်တွေလည်းရှိတယ်။ နောက်ပိုင်း ငွေလွှဲကြတယ် ဆိုတာ ကြားရတယ်။ ဘယ်လောက်လွှဲတယ်ဆိုတာတော့ မသိရဘူး။
ကျနော်တို့ကို ပထမ ၃ ရက်လောက် မြေသားအိမ်မှာ အိပ်ခိုင်းပေမယ့် နောက်ပိုင်း ၄ ညလောက်ကိုတော့ အိပ်မခိုင်း တော့ဘူး။ ညမှောင်ပြီဆိုတာနဲ့ မနီးမဝေးက တောထဲတနေရာမှာ ယာယီမိုးကာမိုးပြီး သစ်ကိုင်းတွေနဲ့ ထောက်ပြီးတော့ မိုးရေစက်လက်နဲ့ အိပ်ခိုင်းတယ်။ အမျိုးမျိုး ခြိမ်းခြောက်တယ်။ ငွေလွှဲတာကြာရင် ပစ်သတ်မယ် ဆိုပြီးသေနတ်တွေနဲ့ ထောက်တယ်။ ကျနော်က မြို့နယ်ပညာရေးမှူးဆီကို ဖုန်းဆက်တယ်။ ဆရာကြီး ငွေလွှဲရင် မွတ်စလင်တယောက်ကို ခေါ်ပြီးတော့လွှဲ။ ဟိုဘက်ဒီဘက် စကားပြောတဲ့အခါ အဆင်ပြေအောင်။ အခု ငွေလွှဲတာက ဟိုဘက်နဲ့ ဒီဘက် သေချာ စကားနားမလည်ဘဲ လွှဲနေကြတဲ့ သဘော ဖြစ်နေတယ်ပေါ့။
မေး ။ ။ ဆရာတို့က ဇွန် ၁၇ ရက်မှာ မိသားစုတွေ၊ မြို့နယ်ပညာရေးမှူးတွေဆီ ဖုန်းဆက်ပြီး ပြန်ပေးဆွဲခံရကြောင်းနဲ့ ငွေလွှဲပေးဖို့ ပြောပြီးပြီ၊ ဒါပေမယ့် ဒီဘက်မှာတော့ ကျန်တဲ့ ကျောင်းဆရာတွေနဲ့ ရွာသားတွေက ဒါကို မသိတဲ့အတွက် တောထဲအထိ အရဲစွန့်ပြီး သွားရှာနေရတယ်၊ ဒီလို ပြန်ပေးက ငွေတောင်းတဲ့သတင်းကို လိုက်ရှာတဲ့သူတွေကို ပညာရေး ဌာနက လူတွေက ဘာကြောင့် ပြောမပြတာလဲ။
ဖြေ ။ ။ ကျနော်တို့ ပြန်လွတ်ပြီးမှ လိုက်ရှာတာကို သိရတာပါ။ ဘင်္ဂလားဘက် ရောက်သွားတာကိုမသိလို့ လိုက်ရှာကြ တာလို့ ထင်တယ်။ ဇွန် ၂၂ ရက် ရောက်တော့ တာကာငွေ သိန်း ၃၀ ပဲ ရောက်တယ်။ ငွေကို ကျေအောင်မလွှဲ ဆိုပြီး သတ်ပစ်မယ်၊ ဘာညာဆိုပြီး ခြိမ်းခြောက်ပြန်တယ်။ နားရင်းရိုက်တယ်။ ရင်ဝကို လက်သီးတွေနဲ့ ထိုးတယ်။ ကျနော့်ကို ဖုန်းပြောခိုင်းရင်လည်း ငွေ မရောက်ဘူးဆိုတာ ထပ်ပြော။ အဲဒီလောက်ပဲ ပြောခွင့်ရတာ။
သူတို့က တာကာငွေ သိန်း ၃၀ ပဲ ရောက်တယ်။ နောက်ထပ် ၂၀ မရောက်ဘူး။ လိမ်တယ်ဆိုပြီး နှိပ်စက်ကြပြန်တယ်။ ဖုန်း ဆက်ခွင့်ပေးတော့ ကျနော် မြို့နယ်ပညာရေးမှူးဆီကို ဆရာကြီး ကျနော် တော်တော်နှိပ်စက်ခံနေရပြီ။ ဒီနေ့ တာကာငွေ သိန်း ၂၀ ကို ထပ်မလွှဲရင် ကျနော်တို့ကိုထားတဲ့ တောင်တဖက်မှာ လျှိုရှိတယ်။ ကျနော်နဲ့ ဆရာမကိုသတ်ပြီး တွင်းထဲမှာ မြေမြုပ်ပစ်မယ် ဆိုပြီး နေရာကို လှမ်းပြနေတဲ့အကြောင်း ပြောတော၊့ မြို့နယ်ပညာရေးမှူးက တာကာငွေ သိန်း ၃၀ လည်း လွှဲပေးထားပြီ။ လူ ၂ ယောက်လည်း သူတို့ လက်ထဲမှာ ရှိနေပြီ။ ကျန် ၂၀ ကိုလည်း ဒီနေ့ရောက်အောက် လွှဲပေးမယ်ဆို တာ ပြောလိုက်လို့ ဆရာကြီးကဆိုတာကြောင့် ကျနော်ကလည်း သူတို့ကို ပြောပြတယ်။
သူတို့ လက်ခံတော့ ကျနော့်ကို နှိပ်စက်တာတွေ ရပ်သွားတယ်။ အိပ်ခဲ့ရတယ်ဆိုတဲ့ည မရှိဘူး။ ဘေးနားမှာ မိန်းမသား တယောက်လည်း ရှိနေတော့ နိုးနိုး ကြားကြား နေကြရတယ်။ တခုခုဆို ထွက်ပြေးလို့ရမလား ဆိုပြီး အမြဲတမ်းစဉ်းစား နေခဲ့ကြတယ်။ တညလုံးမအိပ်ဘဲ ပရိတ်ရွတ်တယ်။ အန္တရာယ်ကင်းဂါထာ ရွတ်တယ်။ အဲဒီလိုပဲ နေခဲ့ကြတာ။
မေး ။ ။ ပြန်ပေးသမားတွေ လက်ထဲကို ဘယ်နေ့က ငွေအပြီး လွှဲပေးနိုင်ခဲ့လဲ။
ဖြေ ။ ။ လွတ်မယ့်နေ့ ည ၈ နာရီလောက်မှာ ကျနော့်ကိုထားတဲ့ တောင်ကုန်းက တဲဆီကို လူတယောက် ရောက်လာ တယ်။ ကျနော်တို့ကို စောင့်နေတာကတော့ ၃ ယောက် ရှိတယ်။ အဲဒီ လာတဲ့လူက ဆရာကြီး ငွေအားလုံး ရောက်ပြီ။ အဲဒီအတွက် ဆရာကြီးတို့ကို ဒီနေ့ ကျနော်တို့ ပြန်လွှတ်ပေးတော့မယ်။ မနက်ဖြန်မနက် ပို့ပေးရမလား၊ ဒီနေ့ညပဲ ပြန်ပို့ရ မလား မေးတယ်။
ကျနော်တို့က အခုချက်ချင်းပဲ သွားကြတော့မယ်ဆိုပြီး ပြောတယ်။ သူတို့ အစီအစဉ်ချကြတယ်။ ကျနော့်ကိုလည်း ကြိုး ချည်ပြီး မျက်နှာစည်းလိုက်ကြတယ်။ လူနှစ်ယောက်ကိုင်ပြီး တောင်အောက်ကို ဆင်းတယ်။ လယ်ကွင်းတွေကို ဖြတ်တယ်။ ကွန်ကရစ်လမ်းကိုရောက်မှ ကြိုးဖြည်ပေးတယ်။
အဆင်သင့်လုပ်ထားတဲ့ သုံးဘီးပေါ်ကို တက်ခိုင်းတယ်၊ ပြန်ပေးသမား ၄ယောက်မှာ ၁ ယောက် ပြန်သွားတယ်၊ ကျန်သူ တွေက သုံးဘီးရှေ့မှာထိုင်တယ်၊ တယောက်က ကျနော်ဘေးမှာထိုင်တယ်။ နှစ်ယောက်က သေနတ်ခါးကြားထိုးထားတယ်။
မိနစ် ၂၀ လောက် မောင်းသွားတော့ ရွာတရွာကို ရောက်တယ်။ ရွာထဲက ဖြတ်ပြီး မောင်းနေချိန် လမ်းပေါ်မှာ ဖုန်းပွတ်နေတဲ့ မွတ်စလင်ရွာသား ၁၀ ယောက်လောက်က ရှေ့ကနေ လမ်းပိတ်ပြီး မေးတယ်။ ကျနော်တို့ကို ဖမ်းတဲ့လူတွေက ပြန်မဖြေ တော့ ဟို လူတွေက သွားခွင့်မပြုဘူး။ ဒါနဲ့ ခါးကြားကသေနတ်ကို ထုတ်ပြတော့ လမ်းဖယ်ပေးလိုက်ကြတယ်။ သုံးဘီး သမားကို အမြန်မောင်းခိုင်းပြီး ဆက်သွားတာ။
၅ မိနစ်လောက်အကြာမှာ နောက်က တုတ်တွေ၊ ဓါးတွေ ကိုင်ပြီးတော့ ဆိုင်ကယ်တွေ လိုက်လာတယ်။ သုံးဘီးသမားက ရှေ့ ဆက်မသွားဘဲ ရပ်လိုက်ပြီး ဒီကနေ ဆင်းပြေးတော့လို့ ကျနော်တို့ကို လိုက်ပို့တဲ့ ဓားပြ ၃ ကောင်ကို ပြောတယ်နဲ့ တူတယ်။ အဲဒီ ၃ ကောင်က ကျနော်တို့လက်ကို ဆွဲပြီးတော့ ပြေးတယ်။ လမ်းအတိုင်းမပြေးဘဲ ရွာ ထဲကို ဝင်ပြေးတယ်။
အဲဒီ ရွာအနောက်ဘက်မှာ တောင်ရှိတယ်။ အဲဒီ တောင်တွေကိုကျော်ပြီး ပြေးတယ်။ အဲဒီတောင်တွေက မတ်စောက်ပြီး တော့ တော်တော်မြင့်တယ်။ တောင် ၄ တောင်လောက်ကို ဖြတ်ကျော်ပြီး ပြေးရတယ်။ ကျနော်တို့ တည လုံး ပြေးနေခဲ့ ရတာ။ အဲဒီလို ပြေးရင်းနဲ့ ကျနော်တို့ကို ဖမ်းထားတဲ့ တောင်ကုန်းနေရာကို ပြန်ရောက်သွားတယ်။
မေး ။ ။ ဖမ်းထားတဲ့နေရာကို ပြန်ခေါ်လာတယ်ဆိုတော့ ဘာတွေ ဆက်ဖြစ်ကြလဲ။
ဖြေ ။ ။ သူတို့ ခေါင်းဆောင်တွေဆီ ဖုန်းဆက်ကြတယ်။ သွားပို့တာ အဆင်မပြေခဲ့ဘူး ပြောပြတယ်နဲ့ တူတယ်။ ဘင်္ဂါလီ စကားနဲ့ ဆရာလို့ ခေါ်တာတော့ ကြားတယ်။ ဟိုဘက်က နောက်တခေါက် ပြန်ပို့ဆိုပြီး ပြောတယ်နဲ့ တူတယ်။ ကျနော်တို့ကို ပို့တဲ့ ၃ ယောက်မှာ တယောက်က သူ့အမျိုးသမီးဆီကနေ ဓားပေးဆိုပြီး တောင်းတယ်။ သူတို့မှာ သေနတ် ၃ လက်၊ ဓါး ၁ ချောင်း ပါတယ်။ သွားရင်းနဲ့ ကျနော်တို့ နောက်က ဘာသာပြန်ပေးတဲ့လူကို ချော့မော့ပြီးတော့ ဒီဓား ဘာလုပ်ဖို့ ယူတာလဲ မေးတော့ ဒီတခေါက်ပို့လို့ အဆင်မပြေခဲ့ဘူးဆိုရင် ဆရာကြီးနဲ့ ဆရာမကို တခါတည်း လည်ဖြတ်ပြီး သတ်ပစ်တော့မယ်လို့ ပြောကြတယ်တဲ့။ နားကိုကပ်ပြီးတော့ တိုးတိုးလေး ပြောတယ်။ အဲဒီစကားကို ကြားတော့ ကျနော်ရဲ့ ရှေ့ကို သွားဖို့ လှမ်းတဲ့ခြေလှမ်းက နောက်ကို ပြန်ဆုတ်သွားတယ်။
ဒါပေမဲ့ ကျနော်ကတော့ မထူးတော့ဘူး။ သူတို့ ခေါ်တဲ့နောက်ကို လိုက်ရတော့မယ်။ ကျနော်နဲ့ ဆရာမရဲ့ ကံတရားပဲလို့ မှတ် လိုက်တယ်။ ဆရာမကိုတော့ မပြောပြဘူး။ ပြန်ပို့တဲ့လမ်းကြောင်းက အဲဒီရွာကို မဖြတ်ဘဲနဲ့ သွားလို့ မရဘူး၊ ဒီတခါ ဓားပြ တွေက သုံးဘီးနဲ့ မခေါ်တော့ဘူး။ လမ်းမကလည်း မသွားတော့ဘူး။ အဲဒီရွာက အိမ်တွေက ခြံစည်းရိုးမရှိတာ များတော့ တအိမ်ဝင်တအိမ်ထွက် လုပ်ပြီး ခေါ်သွားတယ်။ ရွာကိုဖြတ်ပြီးမှာ သုံးဘီး ၁ စီး စောင့်နေတာကို တွေ့တယ်။ သုံးဘီးပေါ်ကို တက်ခိုင်းပြီး ၂ ယောက်က လှည့်ပြန်တယ်။ ကျန် ၂ ယောက်က ဆက်ပြီး လိုက်ပို့တယ်။ အခု ဒုတိယအကြိမ် ပို့တော့ ဆရာမကို ကုလားလို ဘူခါခြုံပေးထားတယ်။
သူတို့ ဘာပြောလဲဆိုတော့ “ဆရာတို့ ဒီနေရာမှာ ကျနော်တို့ကို ကြောက်ရသလို ကျနော်တို့လည်း ဒီနေရာမှာ ဘင်္ဂလား ဒေ့ရှ် က ကုလားတွေကို ကြောက်ရတယ်။ မြန်မာနိုင်ငံသားဆိုရင် ဘယ်လို၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး စစ်ဆေးနိုင် တယ်။ လမ်းမှာတွေ့ရင် ဒီဘက်က နယ်ခြားစောင့်ရဲတွေဆီလည်း အဖမ်းခံရနိုင်တယ်။ လမ်းမှာ ဘာတခုမှ ချောင်းပြီးတော့ မကြည့်နဲ့။ ဘာစကားမှလည်း မပြောနဲ့လို့” ကျနော်တို့ကို မှာထားတယ်။ သုံးဘီးနဲ့ ၁ နာရီကျော်လောက် သွားပြီးတော့ ကားလမ်းမကနေ ရွာတွေဘက်ကို သွားတဲ့ လမ်းတခုကို အရောက်မှာ သုံးဘီးပေါ် ကနေ ကျနော်တို့ကို ချထားခဲ့တယ်။ ဒီလမ်းက ရခိုင်ရွာကိုသွားတဲ့လမ်း။ လမ်းမှာ ဘယ်သူဘာမေးမေး ဆရာတို့ ဘာမှပြန်မ ပြောနဲ့။ ကိုယ့်လမ်းကို အေးအေး ဆေးဆေးသွားလို့ ပြောတယ်။
ကျနော်တို့နှစ်ယောက် သူတို့ ချထားပေးခဲ့တဲ့ လမ်းအတိုင်း သွားကြတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်တာနဲ့ ရွာတရွာ ကို တွေ့တယ်။ ရွာထဲဝင်တော့ ကုလားရွာ ဖြစ်နေတယ်။ စိုးရိမ်သွားတာပေါ့။ ဒါပေမဲ့ မထူးတော့ဘူး ဆိုပြီး ရွာထဲကို ဖြတ်သွားတယ်။ ညဆိုတော့ လူတယောက်မှ မတွေ့ဘူး။ ရွာကို ဖြတ်ပြီးတာနဲ့ သူတို့ပေးခဲ့တဲ့ ကီးပက်ဒ်ဖုန်းနဲ့ ဆရာမဖုန်းက ထုတ်ယူထားတဲ့ ဆင်းမ်ကတ်ကို ကျနော်တို့ ထည့်ကြတယ်။
မိုးမှောင်ကျနေတော့ အရပ်လေးမျက်နှာဆိုတာလည်း မသိကြတော့ဘူး။ ဘယ်နားမှာ ရွာရှိမှန်းလည်း မသိဘူး။ ဒီလို ဆင်းမ်ကတ် ထည့်နေတဲ့အချိန် နတ်ညွှန်ပြတာလားတော့ မသိဘူး။ ပဋ္ဌာန်းရွတ်သလိုလို အသံတသံ ထွက်ပေါ်လာတယ်။
ကျနော်က ဆရာမ ပရိတ်ရွတ်သံ ကြားလိုက်ရတယ်။ ဒီနားမှာ ရခိုင်ရွာ ရှိချင်ရှိနိုင်တယ်လို့ ပြောလိုက်တယ်။ ကျနော်တို့ နှစ်ယောက် အာရုံစိုက်ပြီးတော့ နားထောင်ကြတယ်။ ၁၀ မိနစ်လောက်ကြာတော့ နောက်အသံတခုကို ကြားလိုက်ရတယ်။ အဲဒီအသံက အရှေ့အရပ်၌ရှိသော အနန္တစင်္ကြာဝဠာ ဆိုတဲ့အသံ ထပ်ကြားလိုက်ရတော့ ဒါရခိုင်ရွာ ဖြစ်မယ်ဆိုပြီးတော့ နှစ်ယောက် အဲဒီ အသံကြားတဲ့ဆီကို ပြေးကြတာပါပဲ။ တဖြည်းဖြည်းနဲ့ စေတီပေါ်မှာ ထွန်းထားတဲ့မီးကို စမြင်လိုက်ရတော့ အဲဒီကို ဦးတည်ပြီးတော့ ပြေးသွားကြတယ်။
ဘုန်းကြီးကျောင်းကို စတွေ့လိုက်ရတယ်။ ကျောင်းတံခါး ပိတ်ထားပြီး ဘုရားဝတ်ပြုနေကြတာ အော်ခေါ်သံကို အထဲက လူတွေ မကြားဘူး၊ ဒါနဲ့ ဆက်ပြီးတော့ တံခါးကိုထုတော့ ကျောင်းသားလေး ၁ ယောက် ဆင်းလာတယ်။ ကျနော်တို့ကို မြင် တော့ ပြန်တက်ပြေးသွားတယ်၊ ကျနော်လည်း တံခါးကို အကြိမ်ကြိမ် ထုတယ်။ ခဏနေတော့ ကျောင်းသားလေး ၂ ယောက် ဆင်းလာပြီး တံခါးလာဖွင့်ပေးတယ်။
ဘုန်းကြီးကျောင်းပေါ် သွားပြီး ဆရာတော်ကြီးကို အကျိုးအကြောင်း လျှောက်၊ ဒုက္ခရောက်ပြီး ဒီကိုရောက်လာတာ ပြော ပြတော့ ဆရာတော်က ဖုန်းမကြည့်ဖြစ်တော့ ပြန်ပေးဆွဲ သတင်း သူမသိသေးဘူးလို့ ပြောတယ်။ ဆွမ်းကျန်ရင် တနပ်လောက်ကျွေးပါလို့ ဆိုပြီး ထမင်းစားရင်း ဘုန်းကြီးကျောင်းကနာရီကို ကြည့်လိုက်တော့ မနက် ၄ နာရီခွဲဖို့ ၅ မိနစ်လောက်ပဲ လိုတော့တယ်။ ကျနော်တို့ ညနေ ၈ နာရီကနေ မနက် ၄ နာရီခွဲထိ တညလုံး ပြေးလွှားနေခဲ့တာ။
မေး ။ ။ ဆရာတို့ကို ဘင်္ဂလားဒေ့ရှ်က အာဏာပိုင်တွေလည်း ခေါ်ယူစစ်ဆေးတယ်လို့ သိရတယ်။ ဘာတွေ မေးမြန်းလဲ။ ဆရာတို့ကို ဖမ်းတဲ့သူတွေက ဘယ်သူတွေ ဖြစ်တယ်၊ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာမျိုးရော ပြောသေးလား။
ဖြေ ။ ။ ကျနော်တို့ ရောက်တဲ့ရွာက ခြံချောင်းရခိုင်ရွာ။ ဇွန် ၂၃ ရက်နေ့ ရောက်တယ်။ ကျနော်က မြန်မာဘက်ကို ဖုန်း ဆက်ပြီး မိသားစုဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ အဆက်အသွယ် ရတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ဖုန်းနဲ့ပြောတယ်။ ဝန်ထမ်း တွေ ဖြစ်တဲ့အတွက် မင်းတို့ အဲဒီရွာကနေ ဘယ်မှလျှောက်မသွားနဲ့။ နောက်တကြိမ် တစုံတခုဖြစ်သွားရင် မကောင်းဘူး။ မြန်မာဘက်က လာခေါ်တဲ့လူတွေ ရောက်တဲ့အထိ အဲဒီမှာပဲ စောင့်နေကြ။ အဲဒီလို စောင့်နေတဲ့အချိန် ဘင်္ဂလားဘက်က ရဲတွေ၊ ထောက်လှမ်းရေးတွေ လာပြီး မေးမြန်းတာတွေ လုပ်တယ်။ သူတို့ မေးတာကို ဖြေနေစဉ် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်ရဲတွေ လာပြီး ကားပေါ်မှာတင်ကာ တက္ကနပ်ပြည်နယ်ကို ခေါ်သွားတယ်။
အဲဒီမှာလည်း တခါ ကျနော်တို့ကို မေးခွန်းတွေ မေးကြတယ်။ ကိုယ့်နိုင်ငံကို ဘယ်လိုရောက်လာလဲဆိုတာ တာဝန်အရ မေးမြန်းတဲ့ သဘောမျိုးလောက်ပဲ။ ဘင်္ဂလားဒေ့ရှ်ဘက်က ကုလားတွေ ဖမ်းသွားလို့ ဒီဘက်ကို ရောက်လာတာ။ အလည် လာတာ မဟုတ်ဘူး ပြောလိုက်တယ်၊ ပြီးမှ နေ့လယ်ပိုင်းမှာ တောင်ပြိုဘက်ကိုခေါ်ပြီး နှစ်နိုင်ငံလွှဲအပ်တာ။
မေး ။ ။ ဆရာတို့ အဖမ်းခံရပြီး ပျောက်သွားတဲ့အချိန် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ARSA လက်ချက် ဖြစ် တယ်လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးပြီးပြောတာ ရှိတယ်။ ဆရာတို့ကို ဖမ်းတဲ့သူတွေက ARSA အဖွဲ့ကလား။
ဖြေ ။ ။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပြောတဲ့စကားကို ကျနော်တို့ မြန်မာဘက်ကို ရောက်တဲ့အချိန်မှ သိရတာ။ ကျနော်တို့ ကို ထိန်းသိမ်းထားတဲ့အချိန် ဘာမှသိခွင့်မရဘူး။ မောင်တော မြောက်ပိုင်း၊ တောင်ပိုင်းမျိုးနွယ်စု တိုင်းရင်းသား ရွာသားတွေ စုပေါင်းပြီး လိုက်ရှာကြတာကိုလည်း ကျနော်တို့ မသိခဲ့ဘူး။ ဗိုလ်ချုပ် (AA စစ်ဦးစီးချုပ်) အခုလိုမျိုး ကျနော်တို့ အဖမ်းခံရတဲ့ အပေါ် ပြောကြားခဲ့တဲ့ အပေါ်မှာလည်း ကျနော်တို့ အနေနဲ့ အရမ်းကျေးဇူးတင်ပါတယ်။
ကျနော်တို့ကို ဖမ်းတဲ့အဖွဲ့က ARSA အဖွဲ့လို့တော့ ကျနော် ခေါင်းစဉ်မတတ်နိုင်ဘူး။ ဘယ်အဖွဲ့ ဖမ်းတာလဲဆိုတာ ကျနော်တို့ မသိခဲ့ရဘူး။ ARSA ဆိုပြီးတော့လည်း သူတို့ မပြောဘူး။ ယူနီဖောင်းတွေလည်း မဝတ်ထားကြဘူး။ ကျနော်တို့ကို ဖမ်းတဲ့ အထဲပါတဲ့ ပစ္စတိုကိုင်ထားတဲ့ တယောက်ကတော့ ဘာတွေပြောလဲဆို သူက အရင်တုန်းက နံ့သာတောင်ရွာမှာ နေခဲ့တယ်။ သူတို့အိမ်က ရွာဈေးနာမှာ။ ငါလည်း မြန်မာနိုင်ငံသားဆိုတာမျိုးတော့ ပြောတယ်ဆိုတော့ ကောက်ချလို့ရတာကတော့ ကျနော်တို့ကို ဖမ်းတဲ့လူတွေက မြန်မာဘက်ကနေ ဟိုဘက်ကို ထွက်ပြေးသွားတဲ့ လူတွေသာ ဖြစ်တယ်။ သူတို့ ARSA အဖွဲ့မှာ ဝင်ထားသလား ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။
မေး ။ ။ ဆရာတို့ ပြန်လွတ်တဲ့အချိန် ရခိုင်ခြံချောင်းရွာသားတွေ လာပြီးတော့ ငါးခူရဘက်က လွှဲပေးမယ်ဆိုပြီး သတင်းထွက်ခဲ့လို့ နံ့သာတောင်ဆရာတော်တို့အဖွဲ့က သွားစောင့်နေကြတယ်။ အဲဒါက ဘယ်လို ဖြစ်သွားတာလဲ။
ဖြေ ။ ။ ခြံချောင်းရွာနဲ့ ဒီဘက်က အောက်ပြူးမဆိုတဲ့ရွာနဲ့ နီးနီးလေး။ တောင်တလုံးကျော်လိုက်တာနဲ့ ရောက်တယ် ဆိုတော့ ဒီဘက်က လွှဲပေးမလားဆိုပြီး အဲဒီလို ယူဆပြီးတော့ ငါးခူရရွာဘက်က လာစောင့်တာ ဖြစ်မယ်။ ကျနော်တို့ ကတော့ ဌာနဆိုင်ရာလမ်းကြောင်းနဲ့ လွှဲပေးပြီးမှ လာခွင့်ရတာ။
မေး ။ ။ မောင်တောကို ပြန်ရောက်တဲ့ နယ်ခြားစောင့်ဌာနချုပ်နဲ့ ခရိုင်ထွေအုပ်တို့ကလည်း စစ်ဆေးမေးမြန်းတာ ရှိတယ် လို့ သိရတယ်။ ဆရာတို့ကို ဘာတွေ မေးမြန်းတာလဲ။
ဖြေ ။ ။ အခုလိုပဲ ကျနော်တို့ အဖမ်းခံရပြီး ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ မေးတာပါ။ မောင်တောက ဌာနဆိုင်ရာ လူကြီး တွေကတော့ ကျနော်တို့ကို ဘာပြောလဲဆိုတော့ ဆရာနဲ့ဆရာမတို့ကို မောင်တောမြို့နယ်အတွင်းမှာ တာဝန်ပေးလို့တော့ အဆင်မပြေတော့ဘူး။ပြောင်းချင်တဲ့ကျောင်း တောင်းဆိုတော့ ကျနော်က ပုဏ္ဏားကျွန်းသားဆိုတော့ ပုဏ္ဏားကျွန်းမြို့ပေါ်က ကျောင်းတွေကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားတယ်။
မောင်တောမြို့ နယ်ကို သွားချင်စိတ်လည်း မရှိတော့ဘူး။ အဲဒီမှာပဲ ထပ်ပြီးတာဝန်ထမ်းဆောင်ခိုင်းမယ်ဆိုရင် ကျနော် အလုပ်ကထွက်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်မယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့မှာ အကြောက်တရား တော်တော်ကြီးစိုးသွားပြီ။ နောက်ပြီးတော့ ကျနော်တို့ကို ဖမ်းတဲ့ဓားပြတွေက ဘာပြောလိုက်လဲဆိုရင် ဆရာကြီးနဲ့ ဆရာမကို ကျနော်တို့ မောင်တောမှာ နောက်တကြိမ် ပြန်တွေ့ရင် ဖမ်းလို့ မယူတော့ဘူး။ တခါတည်း လှည်လှီး သတ်ပစ်တော့မယ် ပြောတယ်။
မေး ။ ။ အခုလိုမျိုး ဖမ်းဆီး ပြန်ပေးဆွဲခံရတဲ့အပေါ်မှာ ဘာများဖြည့်စွက် ပြောချင်တာ ရှိမလဲ။
ဖြေ ။ ။ ငွေအားဖြင့် အကူညီပေးကြတဲ့ မိခင်ဌာနက ဆရာ၊ ဆရာမတွေ အပါအဝင် ကျနော်တို့ လွတ်မြောက်အောင် ကူညီပေးကြတဲ့ လူဂ္ဂိုလ်တွေ၊ ကျနော်တို့ကို လိုက်ရှာကြတဲ့ ရွာသားတွေ အားလုံးကို အစ်ကိုတို့ မီဒီယာကနေတဆင့် အထူး ကျေးဇူးတင်တယ်လို့ ပြောကြားလိုပါတယ်။ ကျနော်နဲ့ ဆရာမတို့ ကျေးဇူးဆပ်လို့ မကုန်နိုင်ရင်တောင်မှ အသက်ခန္ဓာ ရှိနေ သရွေ့ ကျနော်တို့ သေတဲ့အထိ ကျေးဇူးမမေ့ဘူး။
ကျနော်က မိခင်ဌာနကို ကျေးဇူးတင်စကား ပြောရင်လည်း ဉာဏ်မီသလောက် တွေးခေါ်ပြီး အသိပေးချင်တာက လူမှုကွန်ရက် အကောင့်တခုက တက်တိုင်းကို သတင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အခုလို ဝေးလံခေါင်ဖျား နေရာ တွေမှာ တာဝန်ကျနေကြတဲ့ ဆရာ၊ ဆရာမတွေကို ရုံးကိုခေါ်ယူပြီး စစ်ဆေးဖို့ မလုပ်ပါနဲ့။ ပညာရေးဌာနမှာလည်း အပိုင်း ၂ ပိုင်း ရှိတယ်။ စီမံဘဏ္ဍာတပိုင်း၊ ကျောင်းစစ်ရေး တပိုင်းဆိုတာ ရှိတယ်။ သတင်းတခုခု တက်လာလို့ရှိရင် ကိုယ်တိုင် ကျောင်းကို ကွင်းဆင်းပြီး စစ်ဆေးကြပါ။ ဆရာ၊ ဆရာမတွေကို ရုံးကိုခေါ်ပြီး မစစ်ဆေးပါနဲ့လို့ တောင်းဆိုချင်ပါတယ်။