စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီး တနှစ်ခွဲကာကအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် စစ်သားပေါင်း ထောင်နှင့်ချီရှိလာခဲ့သည်။
ထိုအထဲမှ စစ်သည် အချို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ အာဏာသိမ်းတပ်အား ပြန်လည်တိုက်ခိုက်နေကြပြီး အချို့မှာလည်း နည်းလမ်းအမျိုးမျိုးဖြင့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြလျှက်ရှိသည်။
ထိုအခြေအနေများနှင့်ပတ်သက်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် လေတပ် ဒုတပ်ကြပ်အဖြစ်မှ CDM ပြုလုပ်ခဲ့သည့် ဦးမြင့်ဝေ အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ၈၈ တုန်းက ဘယ်လိုကြောင့် CDM လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ ရှစ်လေးလုံး ဖြစ်တုန်းက သာမန်ကျောင်းသား၊ အရပ်သားတွေက ငှက်ပျောသီး အဖီးလိုက်ကြီးကို ရှေ့ နောက်ထမ်းပြီးတော့ ဆန္ဒပြကြတယ်။ အင်းစိန်ကနေ ရန်ကုန်မြို့ထဲကို လာတာ။ လမ်းမှာ အဆိပ်ခတ်တဲ့ အစားအစာ ကျွေးမှာ ကြောက်လို့။ သူများကျွေးတာလည်း မစားရဲပေါ့။ အဲဒီလို ကလေးတွေပါ ချီတက်ဆန္ဒပြတာကို စစ်တပ်က သေနတ်ပြောင်းနဲ့ ချိန်တယ်။
အဲဒီတုန်းက ကျနော်တို့ လေတပ်မှာ ရာဇဝင် ဖြစ်သွားတာက လေတပ်က လေယာဉ်ပျံကို ယူပြီးတော့ မြောက်ဥက္ကလာက ပါတီရုံးကို ပိတ်ထားတဲ့လူထုကို ဗုံးကြဲမယ်ဆိုပြီး လေယာဉ်ပျံတွေဘာတွေ တက်တာ လုပ်တော့ တွေးမိတာက မင်းတို့ ကြည်းတပ်က လူသတ်ရင်သတ်ပေါ့။ ငါတို့တပ်ကို ဘာလို့ သုံးတာလဲ တွေးမိတယ်။
တဖက်ကလည်း လူထုအခြေအနေကို ကြည့်တော့ ဒါကို တခုခုလုပ်မှ ရတော့မယ်ပေါ့။ မှော်ဘီ ၅၀၁ လေတပ်စခန်းထဲ မှာ လူပျိုဆောင်ကလူတွေ တိုင်ပင်ဆွေးနွေးကြပြီးတော့ လက်မှတ်တွေဘာတွေထိုးပြီး တပ်ကနေ ထွက်လာခဲ့တာ။ ကျနော်က လေတပ်က စစ်သည်ပေမယ့် စာပေးစာယူလည်းတက်တော့ ကျူရှင်တို့၊ ကျောင်းတို့မှာတွေ့တဲ့ အရပ်သား ဝန်ထမ်းတွေ၊ ပြည်သူတွေ အများကြီး ဆက်ဆံရတော့ သူတို့ရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို နားလည်နေတာပေါ့။ အဲဒါကြောင့် အဲဒီလို ထွက်ခဲ့တာပေါ့။ အဖေ၊ အမေတွေက နိုင်ငံရေးမျိုးရိုးရှိလို့ မဟုတ်ဘူး။ သာမန်မိသားစုကနေ စစ်မှုထမ်းရင်းနဲ့ လိုအပ်လို့ လုပ်တာပေါ့။ အစောပိုင်းကပြောခဲ့တဲ့ စဉ်းစားတွေးခေါ်ချက်တွေကြောင့်လည်း ပါတယ်။
မေး ။ ။ ၈၈ က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒီဘက်ခေတ် CDM လုပ်လာတဲ့ စစ်သားတွေအနေနဲ့ ဘာကွာလဲ။
ဖြေ ။ ။ ကျနော် CDM လုပ်တုန်းက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ ညမှာ မှော်ဘီကနေ ထွက်လာတယ်။ ရန်ကုန်မှာရှိတဲ့ CDM ကာလ ၁ လလောက်ကို ပုန်းခိုလျှို့ဝှက်ပြီးတော့ နေရတယ်။ ဒီဘက်ကို ရောက်တော့ ကျနော်က ကျောင်းသားစခန်းမှာ ကျောင်းသားတွေနဲ့အတူ တောခိုလာတဲ့ CDM လုပ်လာတဲ့ စစ်သားပေါ့။
ဒီဘက်ခေတ်မှာတော့ သေချာတာက တပ်မတော်သား CDM တွေ လာတဲ့အချိန်မှာ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေတယ်။ တပ်ထဲကနေ ထွက်လာတဲ့သူတွေ အပေါ်မှာ အမြင်မကြည်ဘူး။ လူထုက သံသယရှိတာရယ်၊ တော်လှန် ရေးအဖွဲ့တွေမှာ သံသယရှိတာရယ်။ CDM တွေကို တိုင်းရင်းသားအဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်ထားတာ ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေကို စစ်မြေပြင်မှာ ထိပ်ဆုံးကနေ အရာရှိ ၁ ယောက်ကို တပ်ခွဲ ၁ ခွဲပေးပြီးတော့ ဦးဆောင်ပြီး တိုက်စမ်း ဆိုတာတော့ ဖြစ်လာမယ် မထင်ဘူး။ လက်ရှိ အခြေအနေက လူထုရဲ့ လက်ခံမှုရယ်၊ တပ်မတော်ရဲ့ အခြေ အနေကအစ အဲဒီ ၂ ခုက တော်တော်လေး အခက်အခဲ ရှိမယ်။ တချို့ကလည်း တတိယနိုင်ငံထွက်ဖို့ ပြင်ဆင်ပေါ့။
မေး ။ ။ CDM ဝင်လာတဲ့ စစ်သားတွေထဲမှာ အရာရှိတွေ ပါလာရင် ပြည်သူတွေက အားတက်ကြတယ်။ တော်လှန် ရေးအတွက် အထောက်အပံ့တခု ဖြစ်မလားပေါ့။ အရင်အခြေအနေတွေနဲ့ ချိန်ထိုးကြည့်ရင် လက်ရှိ စစ်တပ်ထဲကနေ CDM လုပ်လာတာတွေက တော်လှန်ရေးမှာ အထောက်အပံ့ တကယ် ဖြစ်လာနိုင်လား။
ဖြေ ။ ။ စစ်မြေပြင်နဲ့ စစ်ရေးအရတော့ ရာနှုန်းတခု အကျိုးရှိတယ်လို့ ယုံကြည်တယ်။ အကျိုးရှိတယ်လို့ ယုံကြည်ပေမယ့် အဆိုးဘက်ကိုလည်း ရောက်သွားနိုင်တာပေါ့။ ဥပမာ – စစ်တိုက်တဲ့အခါမှာ အမှားအယွင်းဆိုတာ ရှိတတ်တယ်။ အဲဒီနေရာမှာ စစ်တပ်ကလာတဲ့လူသာ ဦးဆောင်ရင် တော်တော်ခက်တာပေါ့။ ကျနော်တို့ ခေတ်တုန်းကလည်း တောခို လာတဲ့ CDM စစ်သားတွေ ကြားထဲမှာ သံသယဝင်ခံရတာ ရှိတာပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်တုန်းကလည်း သံသယ ဝင်ခံရတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်တာတွေ၊ ဘေးဖယ်ခံရတာတွေ ရှိတယ်။ ပြစ်တင်ရှုတ်ချတာတွေလည်း ရှိတယ်။ ဒါကို ကျော်ဖြတ်ပြီးတော့ပဲ ကိုယ့်စိတ်ထဲ ယုံကြည်တာကို ဆက်လုပ်လာကြတာပေါ့။
ဒီကနေ့ တောခိုလာတဲ့ CDM တွေကို ဘယ်လောက် ယုံကြည်လို့ရလဲ ဆိုတာကတော့ တိုင်းရင်းသား နယ်ပယ်တွေမှာ ရှိနေတဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တပ်တွေရယ်၊ တိုင်းရင်းသား တပ်တွေအပေါ်မှာ မူတည်တယ်။ အဲဒီအပေါ်မှာ ခွဲခြားစိစစ်နိုင်ဖို့ ဆိုတာလည်း သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်နေဘူး။ ဒါပေမဲ့ ဒီဘက်က စုံစမ်းထောက်လှမ်းနိုင်တဲ့ အရည်အသွေးတွေက ဟိုတုန်းကထက် ပိုမြင့်လား မသိဘူး။ မြန်မာပြည် တပြည်လုံးက ပညာတတ်တွေရော၊ ရာထူး အဆင့်ဆင့်က လူတွေရော အများကြီးပါတယ်။ အစိုးရအဆင့်တွေလည်း ပါတော့ အဲဒီအပေါ်မှာတော့ အကဲဖြတ် ကြည့် နိုင်မယ်လို့ ထင်တယ်။
မေး ။ ။ ၈၈ တုန်းက ဦးမြင့်ဝေ စွန့်ခွာလာခဲ့တဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာနဲ့ လက်ရှိ မြေပြင်မှာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ကွာခြားမှု ရှိလား။ CDM ဝင်ခဲ့တဲ့ စစ်သားတယောက် အနေနဲ့ ဘယ်လို ခံစားရလဲ။
ဖြေ ။ ။ ရှိတာပေါ့။ သိပ်ပြီးတော့ ရှက်တာပေါ့။ ဟိုတုန်းက ရင်ဘတ်ကော့ပြီး စစ်သားကွ၊ တပ်က လာတဲ့ကောင် ကိုယ်ပိုင်နံပါတ် ဘယ်လောက်ပေါ့။ ကျနော်က အငြိမ်းစား မဟုတ်တော့ ခပ်ရဲတင်းတင်း ပြောရဲတဲ့ကောင်။ အခုက ဘယ်လိုလုပ် ပြောမှာလဲ။ စစ်သားဆိုရင် ခွေးဆိုတဲ့ စကားလုံးနဲ့ နှိုင်းခံသွားရပြီလေ။ အခုလက်ရှိ ကွာခြားလား၊ မကွာ ခြားလားကတော့ ဘာမှကို မပြောချင်လို့ ဘာမှကို မရေးတော့ဘဲ နေတော့တာ။ မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့ရတဲ့ လူတွေလည်း လွယ်လွယ်နဲ့ ထူထောင်ခဲ့ရတာ မဟုတ်ဘူး။ အသက်နဲ့ ရင်းပြီးတော့ ထူထောင်ခဲ့ရတဲ့ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ စစ်တပ်။
ဒါပေမဲ့ အဲဒီထဲမှာပါတဲ့ ကောင်တကောင်ရဲ့ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်နဲ့ ယုတ်မာတော့ အဲဒီကနေပြီး ဒီတပ်မတော် က တဖြည်းဖြည်း ချွတ်ခြုံကျလာလိုက်တာ ဒီကနေ့မှာတော့ ဂုဏ်ယူပြီး လူဘယ်နှစ်ယောက်ကို ငါတော့ လည်ပင်းဖြတ် သတ်ခဲ့တာတို့၊ ငါက ဘယ်လို သတ်ခဲ့တယ်တို့ ဒါမျိုးတွေ စကားပြောတဲ့ တပ်မတော်သားတွေ ရှိသွားပြီလေ။ စစ်တပ်မှာက လူထုနဲ့ ရိုးရိုးလေး ရန်ဖြစ်ရင်တောင်မှ အပြစ်ဒဏ် ၂ ခုလောက် ရင်ဆိုင်ရတာ။ ဘောလုံးကန်ရင်တောင်မှ စစ်သားက လူမချရဲဘူး။ အရပ်သားက ဝိုင်းချတာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်သားက လူချတယ်ဆိုပြီး တိုင်လို့ရှိရင် ပြစ်မှု က တပ် ချက်ချင်းပြန်ရမှာ။ လူမှုဆက်ဆံရေးမှာ ပြဿနာ ရှိနေတာကိုး။ အခုက လူထုကို သတ်ဖြတ်ရေး ဖြစ်နေတာ။ အခုလက်ရှိ ကွာခြားမှုကတော့ တော်တော်ကို ဆိုးရွားပါတယ်။
ဂုဏ်သိက္ခာရှိတဲ့ စစ်သားတွေနဲ့ တိုင်းလို့ မရတော့ဘူး။ လူသတ်ရတာကို ပျော်နေတဲ့၊ ဘာမဟုတ်တဲ့ ထောက်ပံ့မှုလေး မှာ အသက်ရှင် ရပ်တည်နေရတဲ့၊ တာဝန် မထမ်းဆောင်ချင်ဘဲ ထမ်းဆောင်နေရတဲ့၊ လူရမ်းကား အတွေးအခေါ်နဲ့ အသိတရား ဘာမှ မရှိတော့တဲ့၊ အိမ်တလုံး မီးလောင်တာ၊ သွပ်ပြားတွေ အောက်ကို ကျသွားပြီးတော့ ဘာမှ မကျန် တော့တဲ့အထိတောင် မီးရှို့နိုင်တဲ့ စစ်တပ်၊ စစ်သားတွေ ဖြစ်သွားပြီ။ အဲဒါကြီးက ပြောစရာစကားလုံးကို ကုန်တယ်။
စိတ်ဓာတ်ရေးရာ၊ တပ်မတော်ရဲ့ အဆင့်အတန်း ဂုဏ်သိက္ခာ အားလုံးသွားပြီ။ လူထုက သူတို့ရန်သူ ဖြစ်သွားပြီဆိုရင် သူတို့ လက်နက်ချလေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ထမင်းစားနေတာ၊ သုံးနေတာက ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ရတာ ကိုး။ ယိုးဒယားက ဗိုလ်ချုပ်ကြီး ၁ ယောက်က ပြောဖူးတယ်။ ပြည်သူကို သေနတ်နဲ့ချိန်ရင်တောင် သစ္စာဖောက် ဖြစ်သွားပြီ။ အခု သူတို့က မြန်မာတနိုင်ငံလုံး ပြည်သူတွေရဲ့ ရန်သူ ဖြစ်သွားပြီ။
မေး ။ ။ အခု တော်လှန်ရေးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာတဲ့ စစ်သည်တွေကို ကိုယ်ဖြတ်သန်း လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ဘာများ ပြောချင်တာ ရှိမလဲ။
ဖြေ ။ ။ အများကြီးတော့ သိပ်ပြောစရာ မရှိပါဘူး။ သူတို့ လူထုကို စည်းရုံးနိုင်ပြီး တိုက်ပွဲတွေမှာ ရှေ့ဆုံးက တိုက်မယ်၊ ဘေးနားက ထမင်းထုပ်နဲ့ လိုက်တယ်ဆိုရင် ကျနော်တို့က လေးစားရမှာပဲ။ ဘာလို့လဲဆိုတော့ ပြည်သူအပေါ်မှာပဲ မူတည်တာကိုး။ သူတိုနဲ့တွဲတဲ့ PDF တွေ၊ တိုင်းရင်းသား အဖွဲ့တွေက လက်ခံတယ်ဆိုရင် အသိအမှတ် ပြုရမှာပေါ့။ သိပ်မကြာခင်ရက်က တပ်မဟာ ၆ မှာ ကျသွားတဲ့ စစ်သည် ၁ ယောက်ဆို အသိအမှတ်ပြု လေးစားရမှာပေါ့။ ဘာကြောင့် လဲဆိုရင် စစ်သားဆိုတာ ပြည်သူအတွက် သစ္စာဆိုထားတာ ဆိုတော့ အဲဒီသစ္စာကို ထမ်းဆောင်ရမှာ။ အဲဒါကို လက်တွေ့ကျင့်သုံးတယ် ဆိုတော့ အဲဒီစစ်သည်ကို အလေးပြု လေးစားရမှာပေါ့။
တချို့ကျတော့လည်း ဒါမျိုးတာဝန်တွေ ယူချင်ပေမယ့်လည်းပဲ ယူဖို့မလွယ်တာတွေ ရှိတာပေါ့။ CDM လည်း လုပ်ချင် တယ်။ ထိခိုက်နစ်နာမယ့် တခြားအရာတွေလည်းရှိတော့ အဲဒီအပေါ်မှာ သိပ်ပြီးတော့ မစွန့်စားချင်ဘူးပဲဖြစ်ဖြစ်၊ အခြေ အနေ အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီကိစ္စတွေက လွယ်တာ မဟုတ်ဘူး။ Volunteer (စေတနာ့ဝန်ထမ်း) စိတ်နဲ့ လုပ်ရတာ။ Volunteer တောင် ရိုးရိုးသာမန်စိတ်နဲ့ မရဘူး။ ဒါကြောင့် သူတို့ ပါဝင်မှုကို အသိအမှတ် ပြုရမှာပေါ့။
မေး ။ ။ CDM ဆိုတဲ့နေရာမှာ ကဏ္ဍတွေ အများကြီး ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့်ပေါ့။ အဲဒီထဲ ကမှ တပ် CDM က ဘယ်လောက်အထိ အရေးပါတယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ CDM ဆိုတာ စစ်ရေးမှာလည်း ရတယ်။ နောက် ဆက်သွယ်ရေးတို့၊ ရိက္ခာတို့ပေါ့။ အဆင့် အားလုံးမှာ ပါဝင် လို့ ရပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ကိစ္စမှာတော့ CDM စစ်သည်တွေက ပါဝင်ဆောင်ရွက်တဲ့အခါမှာ သတိကြီးစွာနဲ့ လုပ်မှရမှာ။ မှားယွင်းလို့ရှိရင် သာမန်ပြည်သူ မှားတဲ့အမှားထက် CDM က လာတဲ့လူတွေရဲ့ အမှားဆိုရင် လူတွေရဲ့ မျက် လုံးအောက်မှာ ကိုယ့်ဘက်က မှန်ကန်ရင်တောင်မှ အခက်အခဲနဲ့ သံသယနဲ့ စွပ်စွဲတာတို့ ဒါတွေ ဖြစ်လာနိုင်တာကိုး။
တို့တွေတုန်းကလည်း ကိုယ့်တပ်နဲ့ကိုယ် ရှိပေမယ့် တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ရတာ။ နယ်မြေ ဖြတ်သန်းတာ၊ လက်နက်ကိစ္စ၊ လူမှုရေး၊ ကျန်းမာရေး အကုန်လုံးက သူတို့နဲ့ ဆက်ပြီး လုပ်ရတာ။ အခု အခြေအနေနဲ့ကတော့ နည်း နည်းလေး ကွာမလား မသိဘူး။ အခုက အရင်ကထက် တိုင်းရင်းသားအဖွဲ့တွေ PDF တွေနဲ့ ပိုပြီးနီးစပ်တော့ အောင်မြင် ဖို့လမ်းကို ပိုနီးသလားလို့ပါ။
ဘာဖြစ်လို့လဲဆို ပြည်တွင်းက ပြည်သူလူထုရဲ့ အရှိန်အဟုန် မကျသေးတာ ပါတယ်။ PDF တွေရော၊ တိုင်းရင်းသား တပ်တွေရောက ခံစားချက် ပြင်းထန်တယ်။ နိုင်ငံတကာ အကူအညီ၊ လက်နက် ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေ လို့ပေါ့။ တကယ်လို့သာဆို တပ်မတော် ကျရှုံးဖို့က ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်တာပေါ့။ အခုကတော့ လူထုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအတွက် တန်ဖိုးကြီးကြီး ပေးရဦးမယ့် အခြေအနေ ရှိတာပေါ့။
မေး ။ ။ ခုနက ပြောသွားတဲ့အထဲမှာ CDM လုပ်လာတာက လေတပ်က ပြည်သူတွေကို တိုက်ခိုက်မှာစိုးလို့လို့ ကြား သိလိုက်ရပါတယ်။ အခု ဒီကာလမှာလည်းပဲ လေတပ်ကနေ အပြင်းအထန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ရှိပါတယ်။ အရပ်သား ပြည်သူတွေအပေါ် ထိခိုက်မှုတွေလည်း ဖြစ်နေတယ်ပေါ့နော်။ ဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်းမှာ လေတပ်က လေတပ်အပိုင် မဟုတ်တော့ဘူး။ လေတပ်က စစ်သည်ရဲ့ ရာနှုန်း တော်တော်များများက ကြည်းရဲ့ကျောင်းဆင်းတွေ ဖြစ်နိုင်တယ်။ နောက်တခု လေတပ်က အုပ်ချုပ်ရေးက (ရိက္ခာတို့၊ လုံခြုံရေးတို့၊ မော်တော်ယာဉ်တို့) အဲဒါမျိုးတွေကလွဲရင် Technician (နည်းပညာရှင်) တွေပဲ ရှိတာကိုး။ အနိမ့်ဆုံးပညာရေးက အထက်တန်းအောင်တဲ့ အဆင့်ကနေထားတာ။ ဒါပေမဲ့ အခုနောက်ပိုင်းက တပ်မတော် ကြည်း က လွှတ်တဲ့လူတွေက လေတပ်က လေ့ကျင့်တဲ့ စစ်သည်တွေထက် တပ်မတော် ကြည်းကို ပိုပြီးတော့ အမိန့်နာခံချင် တာပေါ့။
အခု လေသူရဲတွေရဲ့ အတွေးအခေါ်ကို ကြည့်လိုက်ရင်လည်း ဒီတိုင်းပဲ ရှစ်လေးလုံးမှာတုန်းက အစိုးရကို ဆန္ဒထွက်ပြတဲ့ စစ်သည်တွေထဲမှာ ဂျူနီယာစစ်သားက တော်တော် များတယ်။ စီနီယာ နည်းတယ်။ အဲဒီတုန်းက တပ်က ပြင်းပြင်း ထန်ထန် အရေးယူတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀၊ ၃၀ အတွင်းမှာရှိတဲ့ စစ်သည် တော်တော်များများက အဲဒီနမူနာပေါ့။ တွေ့ လား မင်းတို့ စစ်သားတွေ လေတပ်ကကောင်တွေ သွားလိုက်တာ စုတ်ပြတ်သပ်ပြီးတော့ ဘဝတွေ ခေါင်းမထောင်နိုင် တဲ့ဘဝ ရောက်သွားတာ တွေ့လားဆိုပြီး အဲဒီလိုမျိုးတွေ ရိုက်သွင်းထားတာ။
အဲဒါကြောင့် လက်ရှိ လေတပ်ထဲမှာရှိတဲ့ ရာခိုင်နှုန်း ၁ ခုက အလယ်မှာ နေချင်တယ်။ ကြည်းတပ်က အမိန့်ပေးရင် သွားလုပ်တယ်။ ရောပြွန်းနေပြီ။ လက်ရှိ လေတပ်ကြီးကိုကြည့်ရင် တပ်မတော်လေတပ်က လေ့ကျင့်ပျိုးထောင်လာတဲ့ လူတွေ ရာနှုန်းပြည့် မဟုတ်တော့ဘူး။ ကြည်းကနေ အကုန်ကိုင်ထားတယ်။ လေတပ်မှာ နောက်ပိုင်းကျန်ခဲ့တဲ့ လူတွေ ရဲ့ Thinking (အတွေးအခေါ်) က အဲဒီလို ဖြစ်သွားပြီ။ လူဆိုတာတော့ ဝင်ငွေကောင်းကောင်းနဲ့ သက်သောင့်သက်သာ လူတိုင်း နေချင်တာလေ။ အခု အခြေအနေမှာ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆလို့ ရတာပေါ့။
မေး ။ ။ စစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုရော ဘာပြောချင်လဲ။
ဖြေ ။ ။ လက်ရှိ ကျန်နေတဲ့ စစ်သည်တွေကို ပြောချင်တာကတော့ လူထုကို တိုက်လို့ မနိုင်တော့ဘူး ဆိုရင်တော့ လူထုကို ဒူးထောက်ပေါ့။ မင်းတို့ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ စစ်တပ်ကိုက မြန်မာနိုင်ငံက ပြည်သူ တွေရဲ့အခွန်နဲ့၊ ပြည်သူတွေရဲ့ သယံဇာတတွေ ရောင်းချပြီးတော့ သုံးစွဲနေကြတာပဲလေ။ သူတို့ အနေနဲ့ ကိုယ့်ထမင်းရှင် ကို သစ္စာရှိကြပေါ့။ ဆိုနေတဲ့သစ္စာနဲ့ ကိုယ့်လုပ်ရပ်တွေ မကိုက်ညီရင်တော့ တခုမဟုတ်တခုမှာ ဘေးအန္တရာယ် တွေ့မှာပဲ။ ဘယ်ဘက်ကနေပြီး ဘယ်လို ရပ်တည်မလဲဆိုတာကို ကိုယ့်ဘာသာ ရွေးချယ်မှ ရမှာ။ မင်းတို့ စစ်သားတွေ လာခဲ့။ အကုန်လုပ်ပေးမယ်လို့ ပြောလို့ရတာ မဟုတ်ဘူးလေ။ ကျန်တဲ့ပြည်သူတွေ ရင်ဆိုင်သလိုပဲ ကိုယ်လည်း ရင်ဆိုင်ရမှာပဲ။ ကိုယ်ရွေးချယ်တဲ့လမ်းပေါ်မှာ ဖြစ်လာတာကို ရင်ဆိုင်ပေါ့။