ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရ ဇော်တို့ကို သေဒဏ်စီရင်ခဲ့ပြီး ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက ဇူလိုင် ၂၅ ရက်တွင် ရေးသားဖော်ပြခဲ့ သည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ မည်သို့စီရင်ဆောင်ရွက်ခဲ့ကြောင်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသလို မိသားစုဝင်များထံ ရုပ်အလောင်းပေးရန်လည်း ငြင်းဆန်ခဲ့သည်။
သေဒဏ်ကြိုးပေးကွပ်မျက်ခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာက ကန့်ကွက်တားမြစ်နေသည့်ကြားမှပင် ယခုလို လုပ်ဆောင်ခဲ့ခြင်းအပေါ် စစ်ကောင်စီအား အာဆီယံ အပါအဝင် ပြည် တွင်းပြည်ပ အသိုက်အဝန်းက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်လျက် ရှိသည်။
ထို့ပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးအပေါ် ယခုကဲ့သို့ ကြိုးပေးကွပ်မျက်လိုက်သည့် စစ်ကောင်စီ၏ လုပ် ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောထားများ ကိုလည်း ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါသည်။
ဦးကျော်ထွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင်
ပြစ်ဒဏ်စီရင်တယ်ဆိုတာ စစ်ခုံရုံးကနေ စီရင်တာ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ခုခံချေပခွင့်၊ ဥပဒေနဲ့အညီ လျှောက် လဲခွင့်တွေ ဘာမှ မရရှိခဲ့ပါဘူး။ ပြစ်ဒဏ် ချပြီးတဲ့အပေါ်မှာလည်း သတ်မှတ်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ ညီညွတ်မှုမရှိတဲ့ အကြမ်းဖက် လူသတ်မှုတခုကို ထပ်မံပြီးတော့ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အခု လိုလုပ်ရပ်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လုံးဝ ဆန္ဒမရှိဘူးဆိုတာကို ဖော်ပြနေတာ လည်း ဖြစ်ပါတယ်။ ဒီကိစ္စက မြန်မာ့သမိုင်းမှာ စစ်ကောင်စီရဲ့ ဖျောက်ဖျက်လို့မရတဲ့ ရာဇဝတ်မှုကြီးတခုကို ကျူးလွန် တာလို့ မြင်ပါတယ်။
ဦးအောင်ဆန်းမြင့်
ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး – ၂
လောလောဆယ်ကတော့ နိုင်ငံတကာကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတရေးကို စောင့်ကြည့်နေတဲ့ အချိန်မှာ ဒီလိုမျိုး ပေါ်ပေါ်တင်တင်ကြီး မြန်မာပြည်သူတွေကိုရော၊ နိုင်ငံတကာကိုရော လုပ်ပြလိုက်တာကတော့ စစ် ကောင်စီက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာကို ပြလိုက်တဲ့သဘောပါပဲ။ ဒါက ပြည်သူလူထုကိုရော၊ နိုင်ငံတကာကို ရော ခြိမ်းခြောက်လိုက်တဲ့သဘော ဖြစ်တာပေါ့။ အကြောက်တရားတွေ ဘယ်လောက်များ ဖြစ်သွားမလဲဆိုပြီးတော့မှ လက်တွေ့ အကြောက်တရားဖြစ်အောင် လုပ်လိုက်တဲ့ သဘောပဲ။
ဒီလိုမျိုးလုပ်ရပ်တွေက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ နှစ်ပေါင်း ၇၀ ကျော်ပေါ့။ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ဥပဒေမဲ့ မတရားဖမ်းဆီး သတ်ဖြတ်တာတွေက ဒီလို ၁/၂ ဦးတင် မကပါဘူး။ အစုလိုက်အပြုံလိုက် အများကြီး ရှိပါ တယ်။ ကျနော်တို့ကလည်း ဒါနဲ့ပတ်သက်ပြီး နိုင်ငံတာကာသိအောင် ဖော်ထုတ်နေတာ ရှိပါတယ်။ စစ်ကောင်စီကို တရားစွဲနိုင်အောင်၊ ရာဇဝတ်မှုကနေ ကင်းလွတ်ခွင့်မရအောင် လုပ်ဆောင်နေတာ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနေ့အချိန် မှာတော့ ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်ဆိုတာကို သူ (စစ်ကောင်စီ) ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း ဖော်ပြ လိုက်တာပဲ ဖြစ်တယ်ပေါ့။ ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ဖိအားတွေ အများကြီး ကျလာနိုင်ပါတယ်။
ပဒိုစောတောနီး
KNU နိုင်ငံခြားရေးဌာန အကြီးအကဲ
စစ်ကောင်စီဟာ မလုပ်သင့်မလုပ်ထိုက်တာကို ထပ်ပြီး ထပ်ပြီး လုပ်နေတယ်လို့ပဲ ပြောရတော့မယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက တရားစီရင်ရေးမဏ္ဍိုင်ကို သေသေချာချာကိုင်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့ လုံးဝမညီတဲ့ ထောင်တွင်းလူသတ်မှုတခုကို ထပ်မံပြီးတော့ ကျူးလွန်လိုက်တာပဲလို့ ကျနော်တို့ပြောရပါမယ်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် စစ်ကောင်စီနဲ့ အပြုသဘောဆောင်တဲ့နည်းတွေနဲ့ပဲ ဆက်ဆံချင်တဲ့သူတွေရှိတယ်ဗျ။ အဲဒီလူတွေရယ် ၊ အဲဒီအဖွဲ့အစည်း တွေရယ်။ ကျနော်ပြောချင်တာက ဒီနေ့ ဒီကာလမှာ ဒီလိုအပြုအမူမျိုး ချဉ်းကပ်မှုမျိုးကတော့ ရပ်တန်းက ရပ်သင့်ပြီလို့ ပြောချင်ပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် နိုင်ငံတကာရှေ့မှာရော၊ ကျနော်တို့ လူထုရဲ့ ရှေ့မှာရော ငါတို့ဟာ စစ်ကောင်စီနဲ့ အတူတူပဲလို့ ချပြနေသလိုပဲ လို့ မြင်ပါတယ်။
အထူးသဖြင့် သူ့ရဲ့ အခုလုပ်ရပ်နဲ့ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန်တုံ့ပြန်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ICJ ရလဒ်ကလည်း အပြည်ပြည်ဆိုင်ရာ သံခင်းတမန်ခင်းမှာ စစ်ကောင်စီဟာ လုံးဝကျရှုံးသွားတယ် ဆိုတာပြောလို့ရတယ်။ အဲဒီအခြေအနေကို ကြည့်ပြီး စစ်ကောင်စီဟာ သူ့ရဲ့ ရှေ့လျှောက်ရမယ့် လမ်းခရီးမှာ ရှုံးမဲမဲပြီးတော့မှ ကြမ်းပြ ၊ ရမ်းပြနေတဲ့ သဘောပါပဲ။ ဒါကလည်းပဲ သူတို့ဟာ ဘယ်လောက်ထိတ်လန့် တုန်လှုပ်နေရသလဲဆိုတာကို ပြနေတာပဲလေ။
ဒေါ်တင်တင်ညို
မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ (BWU)၊ အကြံပေး
ဒါက နိုင်ငံရေးလှုပ်ရှားမှု တခုအတွက်နဲ့ သေဒဏ်ပေးလိုက်တာက အင်မတန်မှဆိုးရွားတဲ့ လုပ်ရပ်တခုလို့ ပြောချင် တယ်။ သေဒဏ်ပေးတယ်ဆိုတဲ့ အသုံးအနှုန်းထက်စာရင် ထောင်ထဲမှာ တရားလက်လွတ် သတ်ဖြတ်လိုက်တယ်လို့ပဲ ပြောလို့ရတယ်။ သတ်ပြီးတဲ့အပြင် ထောင်ရဲ့အက်ဥပဒေအရဆိုရင် မိသားစုက တောင်းလာရင် အလောင်းပြန်ပေးရတာ တွေ ရှိတယ်။ အဲဒါကိုလည်း မပေးဘူး။ အရာအားလုံးကို လက်လွတ်စပယ်လုပ်တဲ့ အနေအထားမျိုး ဖြစ်တယ်။
နိုင်ငံတကာ အပါအဝင် ကျမတို့ မြန်မာပြည်သူလူထုကို လုံးဝကို စိန်ခေါ်လိုက်တဲ့ သဘောပဲ။ သူတို့အနေနဲ့ ရှိနေတဲ့ အာဏာကို လိုသလိုအသုံးချလို့ ရတယ်။ သူတို့ သတ်ချင်တဲ့လူ သတ်လို့ရတယ်။ ဘယ်သူမဆို သူတို့ကို ဆန့်ကျင်လာ ပြီဆိုရင် သတ်သွားမယ်။ ဒီလိုမျိုး တုံ့ပြန်သွားမယ်ဆိုတာကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာ။ တဖက် နိုင်ငံတ ကာကလည်း တောင်းဆိုတာတွေ၊ စေ့စပ်ညှိနှိုင်းတာတွေ ရှိပေမယ့် သူတို့အတွက် အလေးထားရလောက်အောင်အထိ Action ယူတာမျိုးတွေ မရှိတဲ့အခါကျတော့ သူတို့ (စစ်တပ်) က ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒီတခေါက်တော် လှန်ရေးကတော့ နိုင်အောင် မဖြစ်မနေ လုပ်ရမယ်။ ပြည်သူလူထုတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အစုအဖွဲ့တွေ အကုန် ညီညွတ်ဖို့ လိုတယ်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ
ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့လို အာဇာနည်သူရဲကောင်းတွေကို စစ်ကောင်စီက အခုလိုမတရားကွပ်မျက်လိုက်တယ် ဆိုတဲ့ဟာက ဒီတိုင်းပြည်မှာ စစ်ကောင်စီဆိုတဲ့အဖွဲ့က State Terrorist ပေါ့။ နိုင်ငံတော်ယန္တရားတခုကို အသုံးချပြီး တော့ သောင်းကျန်းနေတဲ့ အကြမ်းဖက်အစိုးရတရပ် ဖြစ်တယ်ဆိုတာကို သူတို့ဟာသူတို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ယဉ်ကျေးတဲ့ ကမ္ဘာ့လူသားအားလုံးက သူတို့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြဖို့ ကျနော် တိုက်တွန်းချင်ပါ တယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို သူတို့ ဖမ်းဆီးတယ်၊ ထောင်ချတယ်။ ပြီးတော့ သတ်ဖြတ်တယ်။ ဒီလုပ်ရပ်အား လုံးက ဘာကိုဖော်ပြသလဲဆိုတော့ ဒီတိုင်းပြည်မှာ စစ်ကောင်စီ လက်အောက်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ လုံးဝ မရှိတော့ဘူး။ တရားဥပဒေ မရှိတော့ဘူး။ တရားမဲ့သောင်းကျန်းနေတဲ့ စစ်အုပ်စုပဲ ရှိတယ်ဆိုတာ ပြသနေပါပြီ။
ထို့အတွက်ကြောင့် ပြည်သူလူထုတရပ်လုံး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူး။ ကျနော်တို့ NUG အစိုးရ အနေနဲ့လည်း ဆက်ပြီးကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တာက နိုင်ငံတကာကနေပြီးတော့လည်း ပြည်သူလူထု ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့နေရာမှာ ကူညီပေးဖို့ ဒီထက်မက ကျယ်ကျယ်လောင်လောင် ပြောဖို့လို လာပြီ။ နိုင်ငံတကာကနေ စီးပွားရေးလုပ်ငန်းတွေ ကျနော်တို့ တိုင်းပြည်မှာ အရင်းအနှီးလာလုပ်နေတဲ့သူတွေ၊ သူတို့ရဲ့ စက်ရုံတွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ကောင်စီ လက်အောက်မှာ လုံးဝ လုံခြုံမှု မရှိဘူး။ သူတို့အနေနဲ့ ဒီ အချိန်မှာ ထွက်ခွာလိုက ထွက်ခွာပါ။ မထွက်ခွာဘဲ သူတို့ရဲ့အရင်းအနှီး၊ သူတို့ငွေတွေက စစ်ကောင်စီဆီကို ဆက်ပြီး တော့ ပံ့ပိုးမယ်၊ လူထုကို သတ်ဖြတ်ဖို့ ဒီလိုမတရားကွပ်မျက်ဖို့အတွက် ဆက်ပြီးတော့ အားပေးနေမယ်ဆိုရင် သူတို့ရဲ့ လုံခြုံမှုကို ကျနော်တို့အနေနဲ့ လုံးဝ တာဝန်မယူနိုင်တော့ဘူး ဆိုတာကို နိုင်ငံတကာ သိဖို့လိုနေပြီ။ နောက်ပြီးတော့ ပြည်သူလူထုကို ဒီလို မတရားနှိပ်စက်နေတဲ့သူတွေကို ကျနော်တို့ ဒီတိုင်းကြည့်နေလို့ မရတော့ဘူး။ ထို့အတွက် ကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ နောက်တကြိမ် မလျှော့သေးတဲ့မာန်နဲ့ မပြီးသေးတဲ့ တိုက်ပွဲကို ဆက်တိုက်ဖို့ လိုတယ်။
ဒေါက်တာအေးမောင်
ရခိုင့်ဦးဆောင်ပါတီ (ဥက္ကဋ္ဌ)
ကျနော်တို့ ပါတီအနေနဲ့ သေဒဏ်ကို လူ့အခွင့်အရေးအရဖြစ်ဖြစ်၊ လူသားရပ်တည်ချက်အရဖြစ်ဖြစ် သူ့မှာ ဘယ် လောက်ပဲ အပြစ်ကျူးလွန်ကျူးလွန် သေဒဏ်ပေးခြင်းမျိုးကို မူအားဖြင့်လည်း လက်မခံဘူး။ အခုလို သေဒဏ်ပေးခြင်းရဲ့ အကျိုးဆက်ကိုလည်း ကျနော်တို့ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်နဲ့ တန်းမတူတဲ့ အဖွဲ့အစည်းတွေရှိတာကိုး။ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပိုဝေးသွားတော့မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သွားပြီးတော့ အနှောင့်အယှက် ဖြစ်နိုင်တယ်။ သက်ဆိုင်သူတွေအားလုံးကို ကျနော်တို့ပါတီက တိုက်တွန်းဖော်ပြထား တယ်။
နောက်ဆက်တွဲအနေနဲ့ ကြည့်ရတာကတော့ ကနဦးအနေနဲ့ သေဒဏ်ကိုအတည်ပြုပြီး အယူခံအဆင့်ဆင့်ကို ပလပ် လိုက်တယ်ဆိုပြီး ကွပ်မျက်လိုက်တယ်။ နောက်ထပ် သေဒဏ်ပေးထားတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့လည်း စိုးရိမ်စရာ ဖြစ်လာ တယ်။ SAC (စစ်ကောင်စီ) ဘက်ကတော့ သွေးမြေကျမှုများလို့ သွေးမြေကျမှုအကြောင်းတရားကို အမြစ်ဖြတ်တယ် ပေါ့။ အဲဒီလို ရည်ရွယ်ချက်လည်း ရှိနိုင်တယ်။ အဲဒါကြောင့် နောက်ထပ်သွေးမြေကျမှုကို အတားအဆီး ဖြစ်ဖို့အတွက် သေဒဏ်ပေးခြင်းကို စတင်တယ်ပေါ့။ တဖက်ကလည်း အဲဒီလို လုပ်ခြင်းအပေါ်မှာ တုံ့ပြန်မှုက ပြင်းပြင်းထန်ထန် ဖြစ် လာနိုင်တယ်။
ဒေါ်နှင်းနှင်းမွှေး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
သူတို့ဒီလိုလုပ်တာက ဥပဒေမဲ့ လူသတ်မှုကျူးလွန်တာလို့ပဲ တိုတိုပြောရမယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ သေဒဏ် ဆိုတာ မရှိတဲ့အခြေအနေမှာ စစ်တပ်က သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် တော်လှန်ရေးရဲဘော်တွေ၊ တော်လှန် ရေး ခေါင်းဆောင်တွေကို ရက်ရက်စက်စက် လူသတ်မှုတွေ ကျူးလွန်နေတယ်။ ဖမ်းဆီးနှိပ်စက်ပြီးတော့ စစ်ကြောရေး မှာတင် ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိနေတော့ ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ ၄ ယောက်က အဲဒီထဲ က အပါအဝင် အာဇာနည်တွေ ဖြစ်ကြတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း တိတိလင်းလင်း ဖော်ပြထားတာ မတွေ့ရဘူး။ အဓိပ္ပာယ်က ဝေဝါးပြီးတော့ အမျိုးမျိုး ယူဆနိုင်တာကို တွေ့ရတယ်။ သို့သော် သူတို့ရဲ့ လုပ်ရပ်တွေကတော့ သတ်လိုက်သည်ဖြစ်စေ၊ မသတ်လိုက်သည်ဖြစ် စေ ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်တယ်။ သူတို့လုပ်လိုက်တဲ့ လုပ်ရပ်အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးဆိုတာကို ကျမတို့ မြင်နေရတယ်။ စစ်အုပ်စုကတော့ သူလုပ်မယ့်လမ်းကို သူရွေးချယ်ပြီးတော့ ပြည်သူတွေကိုရော၊ နိုင်ငံတကာ ကိုရော စိန်ခေါ်လိုက်ပြီ ဖြစ်တယ်။ နွေဦးတော်လှန်ရေးရဲ့ အဓိကရည်မှန်းကို ဆက်ပြီးလုပ်ရမယ်။ ဒီပြဿနာအားလုံးရဲ့ အရင်းခံဟာဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေးပဲ ဖြစ်တယ်။
ဒုဗိုလ်မှူးကြီးမိုင်းအိုက်ကျော်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ပြောရေးဆိုခွင့်ရှိသူ
အဲဒီကိစ္စနဲ့ပတ်သက်လို့ အထက်ကတော့ ဘာမှပြောလာတာ မရှိသေးပါဘူး။ ကျနော့်တဦးတည်းရဲ့ သဘောထားအမြင် ကတော့ ဒီလိုမျိုးသေဒဏ်ဆိုတာက မြန်မာနိုင်ငံမှာ ဥပဒေတော့ ရှိထားတယ်။ လက်တွေ့ ကျင့်သုံးတာတော့ မရှိတာ ကြာပြီ။ ပြောမယ်ဆိုရင် နှစ်ပေါင်းဆယ်နဲ့ချီ ကြာခဲ့တာကို အခုမှ ပြန်လည်ကျင့်သုံးတာပေါ့။ အခု သူတို့ လုပ်လိုက်တာ ကလည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်နေတာပေါ့။ စစ်ကောင်စီကတော့ ဒီမိုကရေစီရေးလုပ်နေတဲ့သူ တွေကို မလိုလားတဲ့အတွက် အခုလို လုပ်လိုက်တဲ့ပုံစံပေါ့။ အာဏာသိမ်းကတည်းက အားလုံးက ဒီအာဏာသိမ်းတာကို လက်မခံဘူး၊ ဆန္ဒပြကြတယ်။ အခု လုပ်တာကတော့ အကြောက်တရား သွင်းတဲ့ပုံစံမျိုး လုပ်တာလည်း ဖြစ်တယ်။ ဒီခေတ်ကာလမှာတော့ လူထုရဲ့စိတ်က နောက်မဆုတ်ဘဲ မကျေနပ်မှုတွေ ပိုများလာမယ်လို့ ထင်တယ်။
ဒေါ်ဖြိုးစန္ဒာစိုး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ လက်ထောက် အထွေထွေအတွင်းရေးမှူး
စစ်ကောင်စီကနေ အခုလို အကြမ်းဖက်ကြိုးမိန့်ပေးပြီး အသတ်ခံရတဲ့ ရဲဘော် ၄ ဦးကို အာဇာနည်သူရဲကောင်း ၄ ဦး အဖြစ် သတ်မှတ်တယ်။ ဒီနေရာကနေ ဂုဏ်ပြုတယ်။ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၂ ယောက်လို လူမသိ လိုက်ဘဲနဲ့ ပေးဆပ်နေရတဲ့ အညတရသူရဲကောင်းတွေ ရှိပါတယ်။ တကိုယ်ရေ လူတဦးတယောက်က သူ့ရဲ့ နိုင်ငံအပေါ် မှာ ထားတဲ့စိတ်၊ ပြည်သူလူထုအတွက် ပေးဆပ်လိုတဲ့စိတ်ပေါ် မူတည်ပြီး ဒီလိုပေးဆပ်မှုတွေက ဖြစ်လာတာ။
ဒါက ပြည်သူလူထုကို သွေးတိုးစမ်းတာ။ ငါတို့ ဒီလိုသတ်ပြလိုက်ရင် ကြောက်သွားမလားဆိုတဲ့ ဉာဏ်တိမ်တဲ့ အတွေး အခေါ်ပါ။ တကယ်တမ်း သူတို့မသိတာက ပြည်သူလူထုသည် သူတို့ကို နာကျည်းမုန်းတီးနေတယ်။ ဒီဖြစ်စဉ်ကနေပြီး ပြည်သူလူထုက ပိုခံပြင်းလာတယ်။ ပိုနာကျည်းလာတယ်။ ဒီဟာကို ကြောက်တဲ့ခံစားချက်မျိုး ဘယ်သူမှ မရှိဘူး။ ထပ် ပြီး သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက်ကို သွေးသစ်ထပ်ရတယ်။ ပိုပြီးတော့ ရန်ငါပြတ်တယ်။ ရှင်းလင်းပြတ်သားမှု ဖြစ်တယ်။ အရင်တုန်းကမှ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးစကားဝိုင်းတို့ လုပ်ချင်သူများအတွက်ပါ ပိုပြီးတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ကိစ္စ ဖြစ်သွားတယ်။