သူတို့မှလွဲ အခြားမရှိရဆိုတဲ့ အယူအဆက တော်တော် အတ္တဆန်တယ်

ဧရာဝတီ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ ALA) စစ်ရုံးချုပ်မှ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုး

ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေး နှစ်ဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ( ALP )နှင့် ရက္ခိုင့် တပ်တော် (AA) တို့အကြား တော်လှန်ရေး ခံယူချက်ကွဲလွဲမှု အရှိန်မြင့်ကာ အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်လာခဲ့ သည်။

ရက္ခိုင့်တပ်တော် (AA)သည် လုံခြုံရေး အကြောင်းပြကာ ALP ပါတီမှ ရဲဘော်များကို မကြာခဏ ဖမ်းဆီးသလို သြဂုတ် ၂ ရက်နေ့က ALP ပါတီ၏ စစ်တွေဆက်ဆံရေး ရုံးတာဝန်ခံ၊ ပါတီလုံခြုံရေးမှူး ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ULA / AA က ဖမ်းဆီးသဖြင့် ALP ပါတီကလည်း တန်ပြန်ဖမ်းဆီးမှုများ လုပ်လာရာ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေသို့ ရောက်နေသည်။

ပြီးခဲ့သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံက ခိုင်သုခက ALP သည် စစ်ကောင်စီ အားကိုးဖြင့် လူထုကို ဖိနှိပ်ဗိုလ်ကျကာ သစ္စာဖောက်လုပ်ရပ်များ လုပ်နေသဖြင့် ပြည်သူ့လုံခြုံရေးအတွက် ALP ပါတီမှ လုံခြုံရေး မှူးကို ဖမ်းရခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်တွင် AA တပ်ဖွဲ့မှလွဲပြီး တခြားလက်နက်ကိုင် အဖွဲ့အစည်းများ ထားမည် မဟုတ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံက တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ ALA) စစ်ရုံးချုပ်မှ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ALPက စစ်ကောင်စီနဲ့ ပေါင်းပြီး သစ္စာဖောက် လုပ်ရပ်တွေကို လုပ်တယ်၊ စစ်ကောင်စီ အားကိုးနဲ့ စစ်တွေမြို့ လမ်းမပေါ်မှာ သေနတ်တကားကားနဲ့ ပြည်သူတွေကို မတရားပြုမူနေတယ်ဆိုပြီးတော့ AAက သတင်းစာ ရှင်းလင်း ပွဲမှာ ပြောတာရှိတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ AA ပြန် ကြားရေးတာဝန်ခံ ပြောတဲ့စကားဟာ ပြည်သူတွေနဲ့ ကျနော်တို့ အကြား နားလည်မှုလွဲအောင် ဝါဒ မှိုင်းတိုက်တာသာဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့ ဝါဒမှိုင်း အတိုက်မခံရအောင် သေသေချာချာ သုံးသပ်ပါ။

သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက မြန်မာနိုင်ငံမှာ အပစ်ခတ်ရပ်စဲရေး ဖိတ်ခေါ်တဲ့အတွက် ကျနော်တို့အဖွဲ့က အပစ်ရပ်ထားတဲ့ အဖွဲ့တခုဖြစ်တယ်။ မြန်မာနိုင်ငံရေး လောကထဲမှာ နိုင်ငံရေးအဆင့်ရှိတဲ့ အဖွဲ့တခုဖြစ်တယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုသလို မြန်မာအစိုးရကလည်း အတိုင်းအတာတခုအထိ နိုင်ငံရေးလမ်းကြောင်းနဲ့ သွားနေတဲ့ ပါတီအဖွဲ့အစည်း တခုဖြစ်တယ်ဆိုတာ အသိအမှတ်ပြုထားတယ်။

NCA လက်မှတ်ထိုးကတည်းက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး မူဘောင်အရ လိုအပ်တဲ့ လုံခြုံရေးကို ပြည်တွင်းမှာ သူတို့ (စစ်ကောင်စီ) ယူပေးရမယ်ဆိုတာ သဘောတူညီချက်တွေရှိပါတယ်။ အဲဒီအတွက်နဲ့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကို ဖမ်းဆီးသွားတာနဲ့ စစ်ကောင်စီ သတင်းကြားတော့ ကျနော်တို့ ရုံးကို ချက်ချင်း ရောက်လာတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေပါ ရောက်လာတယ်။ ကျနော်တို့ကို စုံစမ်းမေးမြန်းတာတွေ လုပ်တယ်။ ဒုဗိုလ်မှူးကြီးကို ULA က ဒီရပ်ကွက်မှာ တာဝန်ပေးထားတဲ့ တာဝန်ခံတွေက ဖမ်းသွားတာကို ပတ်ဝန်းကျင်အိမ်တွေ အားလုံးမြင်သလို ဖမ်းဆီးမှုမှာ ပါတဲ့ လူတွေကိုလည်း ရပ်ကွက်သားတိုင်းသိကြတယ်။ သူတို့ ဘယ်မှာနေလဲ ဆိုတာကို ကျနော်တို့ ပြောပြလိုက်တယ်။

စစ်ကောင်စီက သူတို့ အလုပ်ကို သူတို့ ဆက်လုပ်သွားတာပါ။ ကျနော်တို့ ပါတီအနေနဲ့ ပူးပေါင်းတာ မဟုတ်ဘူး။ ပူးပေါင်းတယ် သစ္စာဖောက်တယ်လို့ ပြောတာက AAက ပြည်သူကို ဝါဒမှိုင်းတိုက်တဲ့ နည်လမ်း တခုပါ။ ကျနော်တို့ သစ္စာဖောက်စရာမရှိဘူး။ ကျနော်တို့ ဥက္ကဌကြီး ခိုင်မိုးလင်း ချမှတ်ထားတဲ့ လမ်းစဉ်မှာ ရခိုင်ပြည် လွတ်လပ်ရေးသည် ရခိုင်တမျိုးသားလုံး စည်းလုံး ညီညွတ်ရေး လက်ဝယ်တွင်ရှိသည် ဆိုတဲ့ သန္နိဌာန်ရှိတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူတွေ ကောင်းစားဖို့ ၊ ရခိုင်ပြည်သူတွေ အေးချမ်းဖို့ လုပ်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ကျနော်တို့ သစ္စာ ဖောက် လုပ်ရပ်ကို လုပ်မှာ မဟုတ်ဘူး။

မေး။ ။ AA ကတော့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းတာဟာ ALP ပါတီဝင်ဖြစ်လို့ ဖမ်းတာမဟုတ်ဘဲ သူကျုးလွန် ထားတဲ့ ရာဇဝတ်မှု အမှုအခင်း ကိစ္စတွေမှာ ပါဝင်ပတ်သက်နေလို့ လုံခြုံရေးအရ ဖမ်းခြင်း ဖြစ်တယ်ဆိုပြီး ပြောတယ် ။ အဲဒီ အပေါ်ရော ဘယ်လို ပြောချင်လဲ။

ဖြေ။ ။ ဒါက ပြည်သူကို နားလှည့်ပါးရိုက်တဲ့ တမျိုးပါ။ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းဟာ ဘာသာတရားကို ကိုင်းရှိုင်းပြီး တော့ ဗုဒ္ဓစာပေကိုလည်း အတိုင်းအတာ တခုအထိ တတ်ကျွမ်းထားပါတယ်။ ပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း လိမ်မာပါးနပ်ပြီးတော့ ယဉ်းကျေးစွာ ပြောဆိုတတ်ပါတယ်။ ဒီအတွက် ကျနော်တို့ တပ်က သူကိုတာဝန်ပေးထားတာ တခုရှိပါတယ်။

အခုခေတ်မှာ မူးယစ်ဆေးဝါး သုံးစွဲပြီးတော့ ရူးသွပ်ဆိုးသွမ်းနေတဲ့ လူငယ်တွေကို မိဘအုပ်ထိန်းသူတွေက ထိန်းသိမ်း ပေးပါဆိုပြီး တောင်းဆိုမှုအပေါ် မူတည်ကာ ကျနော်တို့က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို စာရိတ္တပြုပြင်ရေးကဏ္ဍမှာ တာဝန်ပေးထားတယ်။

အမျိုးသားရေးကို အနစ်နာခံပြီး လုပ်နေပေမယ့် ကျနော်တို့ ပါတီဝင်တွေကို AA လုပ်ထားတာတွေ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကျနော်တို့ ဗဟိုအဆင့်ရှိတဲ့ စစ်ဒေသတခုကို ဝင်တိုက်သွားတယ်။ တပ်မှူးတွေ ပြည်တွင်းထဲမှာ စည်းရုံးရေး အခန်းကဏ္ဍတခုကို လုပ်နေချိန် ဝင်တိုက်သွားတယ်။ ဒါပေမယ့် မပြောခဲ့ဘူး။ မတုံ့ပြန်ခဲ့ဘူး။

ကျနော်တို့ ရဲဘော်တွေကိုဆိုရင်လည်း သူတို့ ဖမ်းထားတာ လူရာနဲ့ချီပြီး ရှိတယ်။ အဓမ္မသိမ်းသွင်းပြီးတော့ သူတို့ တပ်ထဲမှာ သွင်းတာ။ ဖမ်းဆီးတာတွေ ၊ သူတို့တပ်ထဲကို မဝင်ဘူး ဆိုရင် ပြန်မလွတ်ပေးဘူး။

ရခိုင်ပြည်သူတွေအပေါ်မှာ ကျူးလွန်ထားတဲ့ အမှုတွေကရော လူမှုကွန်ရက်ပေါ်မှာ တက်နေတာတွေ သူတို့ သတ်ပစ် လိုက်လို့ သေသွားရင် ဆေးချို သွေးချိုးရောဂါနဲ့ သေတယ်ဆိုပြီး အင်တာဗျူးတွေမှာ လိမ်ဖြေတာဆိုတဲ့ တိုင်ချက်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော်တို့က ရခိုင်ပြည်အတွက် လုပ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်လို့ သူ့စည်းကိုယ့်စည်း မကျော်အောင် တော်တော်လေး ထိန်းပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ALP သည် ဘာမှ လက်တုံ့ပြန်တာမရှိဘူး။ မပြန်နိုင်ဘူး ဇီးရိုးအဆင့်ဆိုပြီးတော့ ကျနော်တို့ကို နှိပ်ကွပ်တာ မနည်းတော့ဘူး။

ကျနော်တို့ဆီက အတွင်းရေးမှူး ဆိုရင် သူတို့ဆီမှာ ရက်ပေါင်း ၁၀ ကျော် အဖမ်းခံဖူးတယ်။ မြောက်ဦးက ဆရာတော် ၂ ပါး အဖမ်းခံရသလို တပါးဆိုရင် ရိုက်နှက်ထုထောင်းပြီး ပြန်လွတ်လိုက်တာ ရူးကြောင်ကြောင် ဖြစ်သွားတယ်။ အဲဒီလို တွေ အများကြီးပဲ။ ကျနော်တို့ ရဲဘော်တွေ တပ်မှူးတွေကို ဖမ်းပြီး မတရားလုပ်ခဲ့တာတွေ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်တို့ဆီက တပ်မှူးတယောက် အိမ်က ရှင်ပြုဖို့ ခေါ်လို့ ပြန်သွားတာ။ အိမ်ကို မရောက်လိုက်ဘူး။ လမ်းကဖမ်း သွားတာ အခုထိ ပြန်မလွတ်သေးဘူး။ အဲဒီဖြစ်စဉ်တွေအများကြီးပဲ။

ဒါပေမယ့် အမျိုးသားရေးအတွက် သည်းခံတယ်။ ဒီအချိန်မှာ စစ်တွေဆက်ဆံရေးရုံးမှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီလည်းဖြစ် ကျနော်တို့ တပ်မတော်ရဲ့ လုံခြံရေးမှူးလည်း ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းသွားတဲ့ အထိ ဖြစ်လာတော့ အရမ်းများပြီ သည်းမခံနိုင်တော့ဘူး ဆိုပြီး ဖမ်းတုန်းကပါတဲ့ လူတွေ ဆက်စပ်တဲ့ လူတွေကို ကျနော်တို့ လိုက်ဖမ်းတာရှိတယ်။ နောက်ထပ်လည်း ဆက်ပြီး ဖမ်းအုံးမယ်။

မေး။ ။ ဒုဗိုလ်မှူးကြီးခိုင်းပေါ်လင်းကို ဖမ်းတာမှာ AA ပြောတာတမျိုး ၊ ALP ရှင်းပြတာတမျိုး ၊ မြေပြင်အခြေအနေနဲ့ ရပ်ကွက်နေ ပြည်သူတွေ ပြောတာက တမျိုး ဖြစ်နေတယ်။ အဓိက ပုဂ္ဂိုလ်ရေး ပြဿနာမဟုတ်ဘဲ အဖွဲ့အစည်းပိုင်း အားပြိုင်တဲ့သဘော ပြောတာရှိတော့ ဘာဖြစ်တယ်ဆိုတာ ပြောပြလို့ ရမလား

ဖြေ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်လမ်းကြောင်းကို သွားနေတဲ့ အချိန်မှာ ရည်မှန်းချက် ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်ဖို့ မဝေးတော့ဘူးဆိုတာ AA လည်း သုံးသပ်မိပါလိမ့်မယ်။ တနည်းအားဖြင့် သူတို့မှာလည်း ပြည်သူထောက်ခံမှုက ၇၀ ရာနူန်းလောက် ကျဆင်းသွားတယ်ဆိုတာ ကျနော်တို့ သိထားတယ်။ တချို့ ရွာတွေမှာ အခွန်ကောက်လို့ မရတော့ဘူး။ ဆန်တောင်းလို့ မရတော့ဘူး။ သူတို့စကားနဲ့ လုပ်ရပ်မညီ။ အဲဒီလို အခန်း ကဏ္ဍတွေကြောင့် ဒီလို လုပ်တာလို့ ကျနော်သုံးသပ်တယ်။

သူတို့ မူဝါဒက တမျိုး၊ AA အရာရှိကြီးတချို့က ရခိုင်သား အချင်းချင်းဖြစ်တာမို့ ပြောပြတာရှိတယ်။ ရခိုင်ပြည်မှာ ULA / AAမှ အပ တခြားအဖွဲ့အစည်း မရှိရ။ ပေါ်လာတဲ့ အဖွဲ့အစည်းကို သူတို့နှိပ်ကွပ်မယ် ဖျက်စီးပစ်မယ်ဆိုတဲ့ ရည်ရွယ် ချက် ရှိတယ်။ ALP/ALA သည် နိုင်ငံရေးမှာ ထိပ်ကရောက်နေတဲ့ ပါတီတခု နိုင်ငံတကာနဲ့ မြန်မာအစိုးရကလည်း အသိ အမှတ်ပြုထားတယ်။ ဒါကြောင့် မနာလို ဖြစ်ပြီး အမျိုးမျိုး ဝါဒဖြန့် ပြည်သူကို အမျိုးမျိုး ခြိမ်းခြောက် သိမ်းသွင်းလို့ မရ တော့ဘူးဆိုတော့ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကို ဖမ်းဖို့ ရည်ရွယ်လာတာပဲဖြစ်တယ်။

ဒီနှစ်သင်္ကြန်မတိုင်မီက သူတို့အထဲက စစ်ဘက်အရာရှိတွေက ကျနော်တို့ကို သတင်းပေးထားတယ်။ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါ်တဲ့ ဆွေးနွေးပွဲသွားတဲ့ ခေါင်းဆောင်တွေကို သူတို့ ဖမ်းမယ်။ ပါတီ ဒုဥက္ကဌ ဆရာမကြီး ဒေါ်စောမြရာဇာလင်းကိုလည်း ဖမ်းမယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမြကိုလည်း ဖမ်းမယ်။ တပ်မတော်ရဲ့ လုံခြုံရေးမှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကိုလည်း ဖမ်းမယ်။ နေပြည်တော်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားတက် တဲ့ လူမှန်သမျှ ကို ဖမ်းမယ်ဆိုပြီး သတင်းရထားတယ်။

အဲဒီကတည်းက ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို သတင်းပေးထားတယ်။ သူအမှားမလုပ်ဖူး၊ သူသည် အမျိုးသားရေး ကို အနစ်နာခံပြီး လုပ်နေတဲ့ လူတယောက် ဒါကြောင့် သူ့ကို ဖမ်းမှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့ပါးပါး နေထိုင်တယ်။ သူ လုပ်စရာ ရှိတာတွေကို လုပ်တယ်။ အဲဒီမှာ ခံလိုက်ရတာ။

မေး ။ ။ စစ်ပွဲကာလတုန်းက ပလက်ဝမြို့နယ်အတွင်းမှာ AA ကိုတိုက်ဖို့ စစ်ကောင်စီတပ်နဲ့ လမ်းပြအဖြစ် ALP ပါတီဝင် တွေ လိုက်ခဲ့တာရှိတယ်ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့တာ ရှိတယ်။ ဒီအပေါ်မှာရော ဘာများ ပြောကြားချင်လဲ။

ဖြေ။ ။ ဒီကိစ္စက လုံးဝမဖြစ်နိုင်ဘူး။ တော်တော်စဉ်းစားဉာဏ်မရှိတဲ့ အတွေးအခေါ်သာဖြစ်တယ်။ ဒီခေတ်က တည် နေရာတွေကို ဂြိုလ်တုက ယူလို့ရတယ်။ ဒရုန်းလွတ်ပြီး ကင်မရာရိုက်လို့ရတယ်။ နည်းပညာထွန်းကားတဲ့ ခေတ်မှာ တောင်ကြီးတောင်ငယ်ကျော်ပြီး ကုန်းကြောင်းလျှောက် နောက်ကလိုက်စရာမလိုဘူး။

ကျနော်တို့ကိုလည်း စစ်ကောင်စီက ယုံကြည်မှု အပြည့်အဝရှိတာ မဟုတ်ဘူး ဒါကြောင့် သူတို့စစ်ကြောင်းထဲ ခေါ်သွား ဖို့ ဆိုတာ ဘယ်မှာ ဖြစ်နိုင်မလဲ၊ ရက္ခိုင့်တပ်တော်က အမျိုးမျိုး ဝါဒမှိုင်းတိုက် အပုတ်ချ ပြောခြင်းသာဖြစ်တယ်။ ကျနော် တို့ဘက်က ဒီလိုလုပ်တာမရှိဘူး။ လုပ်စရာလည်း မလိုဘူး။ ၊ ဒီလောက် နည်းပညာ တိုးတာတဲ့ ခေတ်မှာ ကျနော်တို့ လိုက်ပြစရာမလိုဘူး။ ကျနော်တို့ ပါတီက နိုင်ငံရေး အရသာ သွားနေတာပါ။

မေး။ ။ ရခိုင်ပြည်မှာ AA က လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ အဖွဲ့ဖြစ်တယ်၊ AA ရဲ့ ကာကွယ်ရေး မူဝါဒက AA တပ်တခု တည်းသာ ရှိရမယ်၊ ပြည်နယ်အတွင်းမှာ မည်သည့် လက်နက်ကိုင်အဖွဲ့မှ မလိုအပ်ဘူး ပြောတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို သဘောရှိလဲ။

ဖြေ။ ။ ဘဝင်လေဟပ် ပြောတဲ့ စကားလို့ ကျနော်ယူဆပါတယ်။ ဒါဆိုရင် ရက္ခိုင့်တပ်တော်တခုတည်းနဲ့ လွတ်လပ်ရေး ရမလား။ အာမခံချက်ရှိလား၊ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဘယ်နှစ်ခုနှစ် လွတ်လပ်ရေးရမယ်ဆိုတာ သူတို့ မပြောနိုင် ဘူး၊ အရင် ၂၀၂၀ မှာရမယ်။ ၂၀၂၅ ခုနှစ် မှာရမယ်ပြောတယ်။ အခု စတုတ္ထအကြိမ် သတင်းစာရှင်းလင်းပွဲမှာတော့ မပြောနိုင်တော့ဘူး။ စကားတွေ အမျိုးမျိုးပြောနေတယ်။

ရခိုင်ပြည်မှာ ALP၊ AA၊ ANC အဲဒါတွေကို ဖျက်ပစ်လိုက်ဆိုလို့ ရပါ့မလား။ အမျိုးသားညီညွတ်ရေးနဲ့ ရခိုင်လူထု ကောင်းစားရေး အတွက် အမျိုးသား ညီညွတ်ရေးမူဘောင် တခုချပြီး ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ အားလုံးပါဝင်ပြီး တန်းတူလက်တွဲနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးအခေါ်မျိုးကို မတွေးဘဲ ကျန်တဲ့အဖွဲ့ အစည်း မလိုအပ် သူတို့မှလွဲ အခြားမရှိရဆိုတဲ့ အယူအဆက တော်တော် အတ္တဆန်တယ်။ ဒိဌိ အယူဝါဒလို့သာ ကျနော် သတ်မှတ် တယ်။

မေး။ ။ ALP နဲ့ AA တို့ရဲ့ နှစ်ဘက် ခေါင်းဆောင်ပိုင်းတွေအနေနဲ့ နောက်ပိုင်းမှာ ဆွေးနွေးအဖြေရမယ့် အခြေအနေ ကရော ဘယ်လိုရှိလာနိုင်လဲ ၊ လုံးဝဆွေးနွေးလို့မရတော့တဲ့ ပြဒါးတလမ်း ၊ သံတလမ်း အခြေအနေ ဖြစ်သွားပြီးလား။

ဖြေ။ ။ ရခိုင်ပြည်သူတွေအတွက် အနာဂတ်ကင်းမဲ့သွားမယ့် နစ်နာသွားမယ့် လုပ်ရပ်မျိုး တွေကို ကျနော်တို့ မလုပ်ချင် ပေမယ့် ULA/AA ဘက်က အတိုင်းအတာ ကျော်သွားပြီ။ ကျနော်တို့ဘက်က တနေ့ ညီညွတ်လာလိမ့်မယ် တနေ့ လက်တွဲသွားရမှာပဲဆိုပြီး သည်းခံကြည့်နေတာ ဒီအခြေအနေကတော့ တော်တော်လွန်နေပြီ။

တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်ဟာကိုလည်း တော်လှန်ရတယ်။ ရိုသေထိုက်သူကို ရိုသေရမယ်။ လေးစားထိုက် သူကို လေးစားရမယ်။ ပါတီအချင်းချင်း လေးစားဖို့ ၊ နိုင်ငံရေး စစ်ရေး ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်။ ဒီလိုမဟုတ် ဘဝင်လေဟပ် လက်နက်အားကိုးနဲ့ ထင်ရာစိုင်းဖမ်းနေတာ သတ်ဖြတ်နေတာ ပြည်သူကို မတရား အခွန် ကောက်ဖို့ သတ်ဖြတ်ဖို့၊ မီဒီယာမှာ အမျိုးမျိုး လိမ်လည်ပြီး ပြောဆိုနေတာတွေကို ကျနော်တို့လည်း ထိုင်ပြီး ကြည့်နေ နိုင်တော့မှာ မဟုတ်ဘူး။ ကျနော်တို့ အားမရှိပေမယ့် သူတို့ထက်တော့ အတွေးအခေါ်ရှိသေးတယ်လို့ သုံးသပ်တယ်။

မေး။ ။ ALP ပါတီအနေနဲ့ စစ်ကောင်စီ ဖိတ်တဲ့ နေပြည်တော် ငြိမ်းချမ်းပွဲကို သွားတက်တဲ့ အပေါ် ဝေဖန်မှုတွေရှိ တယ်။ ဒီဆွေးနွေးပွဲက ရခိုင်လူထုအတွက် ဘယ်လို အကျိုးရလဒ်တွေရရှိခဲ့လဲ။

ဖြေ။ ။ ရခိုင်ပြည်သူအတွက် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်နေရာချထားရေး ကိစ္စတွေမှာ ဆွေးနွေးတာရှိတယ်။ အကောင် အထည်ဖော် လုပ်ပေးမယ့်ဟာတွေလည်း ရှိတယ်။ တောင်ပိုင်းဘက်မှာ ဆင်းရဲတဲ့သူတွေ လက်လုပ်လက်စားတွေကို အကူအညီ ပေးနေတာရှိတယ်။ စစ်ရှောင်တွေ ပြန်လည်နေရာချထားရေးကိစ္စတွေကို ကျနော်တို့ဆွေးနွေးတာရှိတယ်။ မကြာမီလုပ်ငန်းတွေကို အကောင်ထည်ဖော်လုပ်ဆောင်ဖို့ရှိပါတယ်။

မေး။ ။စစ်ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်လာအောင် အကောင်အထည်ဖော်ပေးလိမ့်မယ်၊ တိုင်းရင်းသား ပြည်နယ်တွေကို တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမယ် ပြောဆိုချက်တွေအပေါ်မှာ ALP အနေနဲ့ ယုံကြည် ပါသလား။

ဖြေ။ ။ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ပေးနိုင် မပေးနိုင်ဖို့ ဆိုတာက လုပ်ရပ်နဲ့သာ သက်ဆိုင်တယ်။ နိုင်ငံရေး ဆွေးနွေးတဲ့့ ခေါင်းဆောင်တွေရဲ့ နိုင်ငံ့တကာကို ထိုးဖောက်နိုင်မှု စည်းရုံးနိုင်မှု စွမ်းအား ၊ ပြည်သူတွေကို စည်းရုံးနိုင်တဲ့ စွမ်းအားတွေနဲ့ သက်ဆိုင်ပါတယ်။

ဖက်ဒရယ် လာယူပါဆိုလို့ ဆွေးနွေးပွဲ သွားတက်တာ မဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာ နိုင်ငံရေး စကား စစ် ထိုးပွဲ တခုသာဖြစ်တယ်။ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမလဲ ဘယ်လို ပုံဖော်ရမလဲဆိုတဲ့ အတွေးအခေါ် အားပြိုင်တဲ့ နိုင်ငံရေး စစ်ပွဲတခုသာဖြစ်တယ်လို့ ပြောချင်တယ်။

ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်ထဲမှာ စောစောကပြောတဲ့ ကဏ္ဍတွေကို တည်ဆောက် ထားမယ်ဆိုရင် နိုင်ငံရေး အမြင်တွေရှိမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကတော့ မကြာမီ ပေါ်ပေါက် လာပါလိမ့်မယ်။

မေး။ ။ စစ်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နိုင်ငံရေးဆွေးနွေးခဲ့တာ နှစ်ပေါင်းမနည်းတော့ ဘူး။ စားပွဲဝိုင်းမှာ အဖြေရှာမယ်ဆိုပြီး ဆွေးနွေးပေမယ့် မထူးမခြားနားဘဲ လက်နက်ရှိမှ စစ်အင်အားရှိမှ လူရာဝင်တယ် ဆိုတဲ့ အတွေးအခေါ် ပြန်ဝင်ပြီး တိုက်ပြန်တာတွေကို တွေ့ရတယ်၊ ဒီတော့ရည်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံက ဆွေးနွေး ပွဲက ဖြစ်မလာနိုင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ ။

ဖြေ။ ။ ကျနော်တို့က အဲဒါကို ကြိုတွေးပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကိုသာ လုပ်ပါတယ်။ ကျနော်တို့ လက်နက်ချတာမှ မဟုတ်တာ။ ဒါကတော့ ကျနော်တို့ ကြိုတင်ပြီး ဆွေးနွေးပြီးသား လုပ်ငန်းစဉ်တခုသာ ဖြစ်ပါတယ်။ ဒီအတွက် စစ်ဖြစ်တယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ပျက်စီးတယ်။ ဆင်းရဲဒုက္ခများ တယ်။ ကျနော်တို့က တိုက်ပွဲအတွေ့အကြုံတွေကို နှစ်ပေါင်းများစွာ ယူပြီးပြီ။ ကရင် ကချင်ဘက်မှာရော အိန္ဒိယနယ်စပ် မှာရော ဒါတွေကို ခြုံငုံသုံးသပ်တဲ့အခါ စစ်ဖြစ်ရင် ပြည်သူအတွက် ဆိုးကျိုး ဖြစ်တယ်။ အဲဒီအတွက် ပြည်သူအတွက် ဆိုးကျိုး မဖြစ်ရအောင် ဦးနှောက်သုံးပြီးတော့ ပြည်သူတွေလည်း ငြိမ်းချမ်းရမယ်။ တိုးတက်ရမယ်။ ကျနော်တို့ ရည်မှန်းချက်တွေလည်း ပြည့်ဝအောင် ဘယ်လို လုပ်မလဲဆိုတဲ့ သုံသပ်ချက်အပေါ်မှာ မူတည်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) လက်မှတ်ထိုးထားခြင်းသာ ဖြစ်ပါတယ်။ လက်နက်ချတာ မဟုတ်ပါ။

Loading