တရုတ်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ လောင်းကစားမြို့တော်အဖြစ် နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း လုပ်ငန်းရှင် တရုတ်လူမျိုး She Zhijiang ကို ထိုင်းရဲတပ်ဖွဲ့ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးလိုက်ပါတယ်။
ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ရွှေက္ကိုလ်မြို့သစ်စီမံကိန်းကို ပူးပေါင်းလုပ်ကိုင်နေတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကတော့ Shi Zhijiang အနေနဲ့ ယခင်ကျူးလွန်မှု တစုံတရာရှိခဲ့ရင် သူ့အနေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို စီမံကိန်းအပေါ် ရိုက်ခတ်လာနိုင်မယ့် အခြေအနေတွေကိုလည်း စောင့်ကြည့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီအကြောင်းအရာ အပါအဝင် လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် အမြင်၊ ကရင့်တော်လှန်ရေးတပ်များပေါင်းစည်းရေးကိစ္စ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအပေါ် သဘောထားနဲ့ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း ရပ်တန့်ရမလား ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU နဲ့ DKBA တို့အကြား သဘောတူညီချက်ဆိုပြီး ကြေညာချက်တစောင် ထွက်ပေါ်လာတာရှိပါတယ်၊ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်တာ ကျနော်ကတော့ အဖိုးဂျော်နီ (KNU/KNLAစစ်ဦးစီးချုပ်) ကိုလည်း ကျနော်မေးပါတယ်။ ကျနော့်ကို လည်း ပွင့်ပွင်းလင်းလင်း ပြောပြတာမျိုးလည်း မရှိပါဘူး။ တွေ့ဆုံပါတယ်၊ အဆင်ပြေတဲ့သဘောလိုမျိုးတော့ ရှိတယ်လို့တော့ ပြောတယ်။ ဒီဘက်မှာတော့ ကိုစတီး (DKBA စစ်ဦးစီးချုပ်) ဘက်မှာတော့ ပြန်မေးတဲ့အခါကျတော့ တွေ့ဆုံတာတော့ တွေ့ဆုံတယ်။ ဒါပေမယ့် သူတို့က အရင်လိုပဲ ပုံမှန်ပဲ သူတို့က ရပ်တည်သွားမယ်။ အဲဒါကိုတော့ ကျနော်တို့က ကြားကနေ ပြောရခက်တာပေါ့။ ကျနော့် သဘောကတော့ ဘာ ပဲဖြစ်ဖြစ်လေ၊ ကျနော်တို့ ကရင်တွေ တစုတစည်းနေရင်တော့ ပြောစရာဘာလိုအပ်မလဲ၊ ဝမ်းသာတာပေါ့နော်။
မေး ။ ။ ပြန်လည်ပေါင်းစည်းရေးကို ဗိုလ်မှူးကြီးအနေနဲ့လည်း သဘောတူတဲ့ သဘောပေါ့နော်။
ဖြေ ။ ။ ကျနော်ကတော့ ကွဲတာတို့ ဘယ်လိုလားပါ့မလဲ။ ပြန်လည်ပေါင်းစည်းနိုင်ရင်တော့ ကောင်းတာပေါ့။
မေး ။ ။ လက်ရှိ ကရင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုရှိနေတဲ့အပေါ်မှာ ဘာများ မှတ်ချက်ပေးလိုပါသလဲ။
ဖြေ ။ ။ ကရင်ပြည်နယ်မှာ တင်းမာတဲ့စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေဟာ မှတ်ချက်ပေးစရာ မလိုလောက်ပါဘူး။ အခု ဒီနိုင်ငံရေးပြောင်း လဲတဲ့ နောက်ပိုင်းမှာ ဒီတနှစ်ကျော် နှစ်နှစ် ကာလလေးမှာ ဘယ်လောက်ဆိုးရွားလည်းဆိုတော့ ဘာမှပြောစရာမလိုဘူး။ အဓိကတော့ ပြောရမယ်ဆိုရင် နိုင်ငံရေး နိုင်နိုင်နင်းနင်းလုပ်နိုင်မယ့်လူ၊ ပြည်သူလူထု လိုလိုလားလား တောင်းဆိုတဲ့သူဆိုရင်တော့ ဒီလိုမျိုး မဖြစ်သင့်၊ မဖြစ်လောက်ပါဘူး။ ဒါက ဒီလိုမျိုးဖြစ်တာလည်း ကျနော်တို့လည်း စိတ်မကောင်းဘူး။ ကုန်ဈေးနှုန်းက တနေ့ထက် တနေ့ကို ကြီးကြီးလာတာ။ ဟိုတနေ့က လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဆန်ကို ဒီ ၈ လပိုင်း ၁၃ ရက်နေ့မှာ ကျနော် ဆန်ကိုဝယ်တာ တအိတ်ကို ၃၇၅၀၀ ကျပ်ပဲ၊ မနေ့က ကျနော် ဆန်ကို အိတ်လေးထောင် ထပ်ဝယ်တယ်။ တအိတ်ကို ၃၉၅၀၀ ကျပ်၊ ဒီတရက်နှစ်ရက်အတွင်းမှာပဲ ကုန်ဈေးနှုန်းတွေ မထင်မှတ်ဘဲ ပြောင်းလဲတာ မြန်ဆန်တာလည်း အံ့ဩတာပေါ့နော်။ အဲလောက်ဆိုရင်တော့ အားလုံးသဘောပေါက်မယ် ထင်တယ်နော်။
မေး ။ ။ နယ်စပ်မှာလည်း ထိုင်းဘတ်ငွေဈေးလဲ တော်တော်လေး ကမောက်ကမတွေဖြစ်နေတယ်၊ ကျပ်ငွေဈေးကလည်း ကျနေတယ် နော်။
ဖြေ ။ ။ ကမောက်ကမ မပြောနဲ့တော့ ကျနော်တို့ငွေတွေဟာ တော်ကြာ ဇင်ဘာဘွေနိုင်ငံလိုမျိုး ဖြစ်မှာလည်း စိုးရိမ်တယ်။ ဟိုတနေ့က ကျပ်တသိန်းကို ဘတ်ငွေ ၁၃၀၀ ကျော်ပဲဆိုတော့ ဒါတအား ဆိုးဆိုးရွားရွား ဖြစ်ပြီပေါ့နော်။ ဆီဈေးဆိုလည်း ဒီနေ့က ခြောက်သိန်းတောင် ကျော်သွားတယ် (ဆီတပီပါ)၊ ဒီနေ့ ဘယ်လိုလုပ်ရမလဲ၊ တိုင်းပြည်ဟာ အမြန်ဆုံးတည်ငြိမ်းအေးချမ်းဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့တော့ အား လုံးမှာ တာဝန်ရှိတာပေါ့နော်။ တဦးတယောက် လုပ်လို့လည်းမရဘူးလေ၊ တိုင်းပြည်တခုလုံးအတွက်ဆိုတော့။ တဦးတယောက် ကောင်း လို့မရဘူးလေနော်။
မေး ။ ။ ဒီအခြေအနေတွေ ပြေလည်ဖို့ဆိုရင် ဘာများအကြံပေးချင်တာရှိမလဲ။
ဖြေ ။ ။ ကျနော်ကတော့ အကြံပေးဖို့ အနေနဲ့တော့ မပြောနိုင်ပါဘူး။ ကျနော်ကတော့ ပြည်သူကို ဒုက္ခရောက်တာတော့ အမှန်တကယ် တော့ ကျနော်တို့က မမြင်ချင်ဘူး။ မကြားချင်ဘူးပေါ့နော်။ အခုပြည်သူဒုက္ခရောက်တာလည်း တပ်မတော်ဘက်ကို မေးရင် အခုတိုင်းပြည်ကို ဆူပူမှုလုပ်တဲ့ PDF လေးတွေ၊ လက်သုံးချောင်း CDM တွေ၊ အဲဒီလိုပုံချအပြစ်တင်၊ အဲဒီ CDM တွေ၊ PDF လေး တွေကို ပြန်မေးတဲ့အခါကျတော့ တပ်မတော်ရဲ့ တိုင်းပြည်ကို မတရားအာဏာသိမ်းယူတာ။
အဲဒါကို ကျနော်တို့ ပြောချင်တာကတော့ တ ခြားအထူးအထွေ ပြောစရာမရှိပါဘူး။ သူ့ဘက် ကိုယ့်ဘက် တနိုင်ငံသားထဲပဲ။ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်တဲ့ အကြီးအကဲလည်း လျှော့သင့် လျှော့ပေးပေါ့။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်၊ ကိုယ့်သားသမီး (ပြည်သူ) ကိုယ့်ကိုလည်းချစ်အောင်၊ ကိုယ်မိဘ တယောက်အနေနဲ့ မိဘ နေရာရောက်ပြီဆိုတော့ သားသမီးကိုယ့်ကိုချစ်ရင် ကိုယ်ကတော့ စံပြတယောက်အနေနဲ့ ဘယ်လိုနေရမလဲဆိုတာ ပြောစရာမှ မလိုတာ။ တဖက်က သားသမီးတယောက်အနေနဲ့ မိဘစကားကို နားထောင်ဖို့ အဲဒါတော့ အရေးကြီးတာ၊ ပြည်သူလူထု ဒုက္ခမရောက်ဖို့ပေါ့။
ပြည်သူလူထု ဒုက္ခရောက်ရင် ကိုယ့်တိုင်းပြည်ဟာ အခုဆို ကမ္ဘောဒီယားတို့၊ လာအိုတို့ ကျနော်တို့ တိုင်းပြည်ထက် ဖွံ့ဖြိုးတိုးတက်ကုန်ပြီ။ ကျနော်တို့ဟာ အရင်လွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်တုန်းက ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ နာမည်တလုံးနဲ့ အရှေ့တောင်အာရှမှာ ဝံ့ကြွားရဲတဲ့ တိုင်းပြည်တခုပေါ့။ အခုက ဟိုး တစ်ကနေ သုံည ပြန်ဆုတ်သွားတာဆိုတော့ တော်တော်တော့ ပြောစရာအများကြီးပေါ့နော်။
မေး ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်လဲ။
ဖြေ ။ ။ PDF တွေနဲ့ ပတ်သက်တာတော့ ကျနော်က တခြားတော့ ပြောစရာမရှိပါဘူး။ သူတို့က မခံနိုင်စိတ်နဲ့ လုပ်တာဆိုတော့ လုပ်သင့် လုပ်ထိုက်တဲ့ဟာကိုတော့ လုပ်ပါ။ အဓိကတော့ ကိုယ်လုပ်တဲ့ အလုပ်အားလုံးကို ကိုယ့်ရဲ့ ပြည်သူကို ဒုက္ခမရောက်ဖို့ရယ်၊ ကိုယ့်တိုင်းပြည် ကို အနီရောင်ရောက်သွားတဲ့အဆင့်၊ အမဲရောင်ဖြစ်သွားတဲ့အဆင့် ဖြစ်သင့်မဖြစ်သင့်ကတော့ သူတို့လည်း စဉ်းစားပြီးတော့ လုပ်သင့် တယ်လို့တော့ ကျနော်ကတော့ အဲဒီလိုတော့ အကြံပေးချင်တယ်ပေါ့နော်။
မေး ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရော ဗိုလ်မှူးကြီးနဲ့ ဆက်သွယ်လာတာမျိုးရော ရှိခဲ့ဖူးလား။
ဖြေ ။ ။ မရှိပါဘူး။ NUG က ကျနော့်ကို ဆက်သွယ်လာတာလည်းမရှိဘူး။ NUG လည်း တာဝန်ယူထားတဲ့ ခေါင်းဆောင် တွေ တယောက်မှ ကျနော်မသိပါဘူး။ ပြီးတော့ PDF လေးတွေလည်း ကျနော့်ကို ဆက်သွယ်တာတို့ မရှိပါဘူး။ အရင်ကျနော်တို့ KNU အဖွဲ့ အစည်းထဲက တာဝန်ရှိတဲ့ တချို့ တပ်ရင်းမှူးတို့၊ ဗျူဟာမှူးတို့ လူဟောင်းတွေကတော့ ကျနော်နဲ့အဆက်အသွယ်ရှိပါတယ်။ ဆိုးဆိုးဝါးဝါးမ ဖြစ်ဖို့၊ အကောင်းဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြတာလည်း တချို့နေရာတွေ အများကြီးမြင်တွေ့ရတာ ကျနော်တို့လည်း ဝမ်းသာတာ ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ စစ်ဖြစ်ရင် ပြည်သူပဲ ဒုက္ခရောက်မှာမို့လို့ ကျနော်တို့လည်း စဉ်းစားပြီးတော့ လုပ်သင့်မလုပ်သင့် အဲဒါ အရေးကြီးတာပေါ့နော်။
မေး ။ ။ နောက်တခုကတော့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းက ရထိုက်ကုမ္ပဏီဥက္ကဌ ထိုင်းမှာ ဖမ်းဆီးခံရတဲ့ကိစ္စ ဘာများသိထားသေး လဲ။
ဖြေ ။ ။ ဟုတ်တယ်၊ လွန်ခဲ့တဲ့ ၃ ရက်၊ ၄ ရက်လောက်က အဲဒီလိုသတင်းတော့ ကြားပါတယ်။ ကျနော်မေးကြည့်တာ သူတို့မှာ အရင် တုန်းက နည်းနည်း Blacklist ထိထားတာ ရှိလို့လားမသိဘူး၊ အဲဒီလိုတော့ ပြောတယ်။
မေး ။ ။ ဒီလို လုပ်ဖော်ကိုင်ဖက်တယောက် အဖမ်းခံရတဲ့ကိစ္စ ဘာများပြောချင်လဲ။
ဖြေ ။ ။ ကျနော်ကတော့ တခြားတော့ ပြောစရာမရှိပါဘူး။ သူတို့ ဒီကိုမရောက်မလာခင်ကတည်းက တရုတ်မှာ တခုခု ကျူးလွန်ထားတာ ဖြစ်ခဲ့ရင်တော့ သူတို့ ဒီအပြစ်ကိုတော့ သူရင်ဆိုင်ရမှာပေါ့၊ ဒါသူမရင်ဆိုင်လို့မရဘူးလေ။ ကျနော်ထင်တာတော့ တရုတ် ဘက်မှာလည်း သူ့စည်းကမ်းတွေထုတ်ထားပြီးသား။ အဲဒါတော့ ဒါဥပဒေကတော့ သူ့ကိုတော့ သူရင်ဆိုင်ရမှာပေါ့။
မေး ။ ။ ဒီလိုအဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီမံကိန်းက ဘယ်လိုဖြစ်မလဲ။
ဖြေ ။ ။ စီမံကိန်းက အရင်တုန်းက ကျနော်တို့ လုပ်ထားတဲ့ဟာတွေကို ခွင့်ပြုချက်ထက်ကို ကျော်လွန်ပြီး လုပ်ထားတဲ့ဟာတွေဆိုတော့ လာပြီးရပ်တန့်ခိုင်းတာလည်း အဆောက်အဦးတွေ တန်းလန်းကြီး ဒီအတိုင်းပဲ၊ ကျနော်တို့တွေ ဆက်ပြီးတော့ မလုပ်ဘူး။ အရင်လုပ်ထားတဲ့ ပြီးထားတဲ့ဟာလောက်ပဲ ပုံမှန်ပဲရှိတာပေါ့၊ ကျန်တာကို ဆက်လုပ်တာမှ မရှိတာ။
မေး ။ ။ ဆိုလိုတာက အခုရင်းနှီးမြုပ်နှံတဲ့သူက အဖမ်းခံရတော့ စီမံကိန်းကို တစုံတရာ ရိုက်ခတ်လာမလားလို့ မေးကြည့်တာပါ။
ဖြေ ။ ။ အင်း၊ အဲဒါတော့ ကျနော်လည်း မပြောနိုင်သေးဘူးပေါ့နော်။ ကျနော်ပြန်ပြီးတော့မှ အခြေအနေကို ကြည့်ရမယ်။
မေး ။ ။ အခုက စီမံကိန်းကို လောင်းကစားတွေ လုပ်နေတယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ လောင်းကစားလုပ်တာလည်း သူတို့စွပ်စွဲပြောတဲ့ အတိုင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့လည်း တချို့နေရာတွေ နည်းနည်းပါး ပါးပေါ့၊ ကျနော်တို့လည်း အမှန်ပြောရမယ်ဆိုရင် ကာစီနိုနည်းနည်း သေးသေးလေးပါပဲ၊ တအားအကြီးအကျယ်လည်း မရှိပါဘူး။ ကျနော် တို့ ရင်းနှီးမြုပ်နှံတာ နံပါတ် ၁- အိမ်ယာစီမံကိန်းရယ်၊ ဟို ဒီလောက်ပါပဲ၊ တအားအကြီးအကျယ်လည်း မဟုတ်ပါဘူး။ အခုလုပ်နေတာ စိုက်ပျိုးရေးလည်း ပါတယ်။ သူများပြောတာ လောင်းကစားမြို့တော်တို့၊ လောင်းကစားဖြစ်နေတယ်တို့ လောင်းကစားကြီးပဲလုပ်တာတို့ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဒါကတော့ သူများစကားကို တယောက်ကို ပိုပြီးတော့ လိုသလိုပြောတဲ့သဘောပါတာပေါ့။
မေး ။ ။ ရွှေကုက္ကိုလ်ကို မြို့အဆင့်သတ်မှတ်ပေးဖို့ တင်ပြထားတာ ဘယ်လိုအခြေအနေရှိနေပြီလဲ။
ဖြေ ။ ။ အဲဒီစာတွေကို အခုဘာခွင့်ပြုချက်မှ ကျမလာသေးဘူးလေ။ အရင်တုန်းက မြို့အဆင့် ခွင့်ပြုထားတယ်၊ သတ်မှတ်ထားတယ်။ အရင်အန်တီ (ဒေါ်အောင်ဆန်းစုကြည်) အစိုးရတုန်းကလည်း မြို့နေရာကို တင်ခိုင်းတယ်။ အဲဒါတင်ပြီးတော့ နောက်ပိုင်းမှာ တရားဝင်စာနဲ့ ပေနဲ့ ပြန်ကျလာတာမရှိပါဘူး။ ပျောက်သွားတာပဲ။