ကျင့်ဝတ်စည်းကမ်းက တော်လှန်ရေးမှာ အင်မတန်မှ အရေးကြီးပါတယ်

ဧရာဝတီ
အညာဒေသ တော်လှန်ရေး နယ်မြေများတွင် လှည့်လည်သွားလာကာ အားပေးနေသည့် မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း

ဒေါက်တာ တေဇာစန်းကတော့ စစ်တပ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မန္တလေးမြို့ လမ်းမပေါ်ထွက်ပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေးအတွက် အဦးဆုံး ဆန္ဒပြခဲ့သူတဦးအဖြစ် လူသိများလှပါတယ်။

မန္တလေးမြို့ရဲ့ ဆန္ဒပြ သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သလို လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ အလိုအရှိဆုံး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာ တေဇာစန်းအနေနဲ့ကတော့ နေ့စဉ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာကလည်း စစ်အာဏာရှင် ဆန့် ကျင်ရေးအတွက် ဟောပြောနေဆဲ ဖြစ်သလို၊ စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် တော်လှန်နေကြတဲ့ အညာဒေသ အပါအဝင် နေရာအနှံ့အပြားကို ခရီးထွက်ပြီး မြေပြင်မှာရှိတဲ့ ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ လိုက်လံတွေ့ဆုံမှုတွေ ဆောင်ရွက်နေပါတယ်။

တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ၊ မြင်ကွင်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ တေဇာစန်း ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ ဒေါက်တာ တေဇာစန်းရဲ့ ခရီးစဉ် ဘယ်လောက် ကြာခဲ့သလဲ၊ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ။

ဖြေ။ ။ ကျနော်ကတော့ တောက်လျှောက် ခရီးတွေ သွားဖြစ်နေတာပါပဲ။ မြန်မာနိုင်ငံ အနှံ့အပြားပေါ့။ သွားတာတော့ ခြေလျင်၊ ဆိုင်ကယ်၊ ရေကြောင်း၊ ဆင်တောင် တခါ စီးပြီး သွားခဲ့တယ်။ သွားဖြစ်တာတော့ ပုံစံအမျိုးမျိုးနဲ့ ခရီးတော် တော်များများကို ရောက်ခဲ့တယ်။ ပြည်သူလူထု အလွှာမျိုးစုံနဲ့ တွေ့ခဲ့ပြီးပါပြီ။ သာမန်ပြည်သူတွေ၊ ဒေသ ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေ တိုင်းရင်းသား အဖွဲ့အစည်း အစုံနဲ့လည်း ဆုံတယ်။ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ် အဖွဲ့၊ ကျန်းမာရေး ဘုတ်အဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေ သူတောင်းစားကအစ အစုံပေါ့ဗျာ။ တွေ့ခဲ့ ဆုံခဲ့ ကြားခဲ့ပါတယ်။

အခုလည်း တောက်လျှောက် ခရီးတွေ ထွက်နေတယ်။ ဒီကနေ ဘာတွေ တွေ့ရ မြင်ရလဲဆိုရင် အတိုဆုံး အနှစ်ချုပ် ပြောရရင် ဒီတော်လှန်ရေးက မုချနိုင်မယ် ဆိုတာကို ပိုပြီးတော့ ယုံကြည်လာတယ်။ သေချာပေါက် ပြောရဲလာတယ်။ ဒီပွဲသည် ပြည်သူလူထုက မုချနိုင်မယ့်ပွဲ ဖြစ်တယ်။ ပြည်သူ့အောင်ပွဲ ဖြစ်တယ်။ အကြမ်းဖက် စစ်အုပ်စုအနေနဲ့က တော့ ဒီတော်လှန်ရေးကို သူတို့ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဘယ်လိုမှ စွမ်းဆောင်နိုင်တဲ့ အနေအထား မရှိတော့ဘူး ဆိုတာ သိရှိ နားလည်ခဲ့တယ်။

မေး။ ။ မြေမြင်မှာရော ပြည်သူတွေ ဘယ်လောက်ဒုက္ခ ရောက်နေတာ တွေ့ခဲ့ရသလဲ။

ဖြေ။ ။ အခုကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ အတွင်းမှာ အဆိုးရွားဆုံး အခြေအနေပဲ။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေးအရ ကြည့်မလား။ ကျနော်ထင်တယ်။ မြန်မာနိုင်ငံသမိုင်း မှာ ဖက်ဆစ်ဂျပန်က အဆိုးဆုံးလို့ ပြောရင် ပြောကြလိမ့်မယ်။ အခု အကြမ်းဖက်အုပ်စု မင်းအောင်လှိုင် အာဏာရှင်က ဖက်ဆစ် ဂျပန်ထက်ကို ပိုဆိုးတယ်လို့ ပြည်သူတွေက ပြောကြလိမ့်မယ်။ အခု ရွာလုံးကျွတ်တွေ မီးရှို့ခံရတယ်ဆိုတာ နေ့စဉ်နဲ့ အမျှ အကြောင်းမဲ့ ဘာအကြောင်းမှ မရှိဘဲနဲ့ သူတို့ စစ်ကြောင်း သွားနေရင်း တွေ့သမျှ ရွာမီးရှို့သွားတော့ တာပဲ။

အကြောင်းမဲ့ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတယ်။ တွေ့တဲ့လူ မှန်သမျှကိုလည်း ပစ်ခတ်တယ်။ တော်လှန် ရေး လုပ်လို့လည်း မဟုတ်ဘူး၊ မလုပ်လို့လည်း မဟုတ်ဘူး။ အင်မတန် ဆိုးရွားရက်စက်တဲ့ အာဏာရှင်ပဲဗျာ။ အခုက ကျနော်တို့ ပြည်သူတွေဘဝက သေမထူး နေမထူး အခြေအနေကို ဖြစ်နေပြီ။ ကျနော်တို့အားလုံးဟာ ဒီတော်လှန်ရေး မှာ ခြေစုံပစ်ပါရုံက လွဲပြီး ဘာမှ မရှိတော့ဘူး။

ပြည်သူလူထု တရပ်လုံးကတော့ လုံးဝ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး တော်လှန်ရေးမှာ ပါဝင်နေတယ်။ ကျနော်ရောက်တဲ့ နေရာတွေမှာ ရွာလုံးကျွတ် PDF ရွာလုံးကျွတ် တော်လှန်ရေး သမားတွေ။ တဖက်ကလည်း ဒါကိုသိလို့ ကြောက်များ ကြောက်မလား။ အကြောက်တရား ဝင်မလားဆိုပြီး ဖိနှိပ်တယ်။ မီးရှို့တယ်။ ဖမ်းတယ်။ သတ်တယ်။ ဒီလို ရက်စက်လေ တော်လှန်သွေး တော်လှန်စိတ်က တက်လေလေကို တွေ့ရတယ်။

မေး။ ။ ဒေသခံတွေ အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေထိုင် စားသောက်နေတာကို မြင်ခဲ့ရလဲ။

ဖြေ။ ။ ဒါနဲ့ ပတ်သက်ရင်တော့ အင်မတန် ခက်ခဲကျပ်တည်း ပါတယ်။ အကြမ်းဖက် စစ်အုပ်စုက သူတို့ နှစ်ပေါင်း များ စွာ လုပ်ခဲ့တဲ့ ဖြတ် ၄ ဖြတ် ဗျူဟာ သုံးနေတယ်။ ဖြတ် ၄ ဖြတ်ဆိုတဲ့နေရာမှာ ပထမတခုဖြစ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး ဖြတ်တာပေါ့။ နောက်ပြီး မျိုးစုံပေါ့။ လောင်စာဆီ၊ ကားတို့ ဆိုင်ကယ်တို့အတွက် ဓာတ်ဆီတို့ဘာတို့လည်း ဖြတ်ထား တယ်။ အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရတယ်။ ဒီဗျူဟာ ကျင့်သုံးနေတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည် သူတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ အင်မတန်မှ ခက်ခဲတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေး အခြေပြုနိုင်ငံဆို တော့ ကိုယ့်မြေတွေ ရှိတဲ့အတွက် ထမင်းမငတ်အောင် စိုက်ပျိုးပြီးတော့ စားကြရတယ်။ သို့သော်လည်းပဲ တော်တော့် ကိုမှ ခက်ခဲပါတယ်။

အဆိုးဆုံးကတော့ အခုလက်ရှိ ကျနော်တို့ မြန်မာငွေတန်ဖိုးက အချိန်နဲ့အမျှ ကျဆင်းနေတယ်။ ငွေတန်ဖိုးကျဆင်း လာတာနဲ့အမျှ ငွေကြေးဖောင်းပွမှုတွေ များလာတဲ့အခါမှာ တောင်သူလယ်သမားတွေ အခြေခံလူတန်းစားတွေ အင် မတန်မှ ဒုက္ခရောက်ရပါတယ်။ အများကြီး ခက်ခဲတယ်။ သို့သော် ပြည်သူတွေကတော့ သန်းခေါင်ထက် ညဉ့်မနက် တော့ပါဘူး။ နေစရာ အိမ်မရှိတော့ဘူး။ ဝတ်စရာ အဝတ်ကလည်း မီးထဲမှာ ပါသွားပြီ။ တဲထိုးပြီးနေတယ်။ သစ်ပင် အောက် နေတယ်။ ရှိတဲ့ ဆန်ကို ချက်စားတယ်။ သူတို့က အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ပြီးသား ဖြစ်တယ်။

အညာဒေသ တော်လှန်ရေး နယ်မြေများတွင် လှည့်လည်သွားလာကာ အားပေးနေသည့် မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း

ဒါတွေကို ဒုက္ခရောက်တယ်ဆိုတဲ့ အတွေးထက်စာရင် ငါတို့ ဒီတော်လှန်ရေး မြန်မြန်ပြီးအောင် များများပါမယ်ဆိုတဲ့ စိတ်က လွှမ်းမိုးနေတယ်။ တော်လှန်စိတ်ကပဲ အဓိက ဖြစ်နေတယ်လို့ ပြောချင်တယ်။ သူတို့လည်း ရွာ မရှိတော့ဘူး။ တခြားသူတွေလည်း ရွာမရှိတော့ဘူး။ စစ်ရှောင်စစ်ပြေးတွေပေါ့။ အဆိုးဆုံးကို ကြုံတွေ့ပြီးသားဖြစ်တယ်။ အသက် တောင် ပေးမယ်လို့ တွေးထားပြီးသား ဖြစ်တဲ့အတွက် ဝမ်းနည်း တုန်လှုပ်နေတာမျိုး မရှိတော့ဘူး။ တော်လှန်ရေး မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စိတ်က ပိုဖြစ်နေတယ်။

ကြုံကြိုက်လို့ ကျနော်တို့ နိုင်ငံတကာကို ပြောချင်တယ်။ ဘာလက်နက် ဘာလက်နက် ကူပါဆိုတာထက် လူသားချင်း စာနာမှု စစ်ဘေးရှောင်ပြည်သူတွေ သိန်း သန်း ချီပြီး ရှိနေပြီ။ နေစရာ၊ စားစရာ မရှိတော့ဘူး။ ဆေးဝါး မရှိတော့ဘူး။ ဒါတွေကို လူသားချင်း စာနာမှု ခေါင်းစဉ်အောက်ကနေ ကူညီပေးကြပါ ဆိုတာလေးကို ဒီနေရာကနေ ပြည်ပ နိုင်ငံ တကာအဖွဲ့အစည်းတွေကို အဓိက ပြောလိုတယ်။ အညာမှာ ကြည့်မလား၊ ကရင်နီမှာ ကြည့်မလား ၊ ရှမ်းမြောက်မှာ ကြည့်မလား၊ တနင်္သာရီတိုင်း ကြည့်မလား နေရာတိုင်းမှာ စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူ သန်းနဲ့ချီပြီး ရှိတယ်။ စားစရာ မရှိတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါတွေကို ကမာ္ဘက ကြည့်မနေဘဲနဲ့ ကူညီပေးကြပါလို့ အလေးအနက် ပြောချင်တယ်။

မေး ။ ။ လူငယ်တွေ ဘာတွေ လုပ်နေတာကို မြင်ခဲ့ရသလဲ။

ဖြေ။ ။ လူငယ်လူရွယ်တွေ ၁၈ နှစ်မပြည့်သေးတဲ့ ၁၅ ၊ ၁၆ ကနေစပြီးတော့ ဟိုးလူကြီးတွေထိ တော်လှန်ရေးထဲမှာ ပါနေကြတာပဲ။ အင်မတန် အားတက်စရာ ကောင်းတယ်။ မိဘတွေ ကိုယ်တိုင်ကိုယ်က သူတို့သားသမီးတွေကို လက် ဆွဲ အပ်ပြီးတော့ ဒေသကာကွယ်ရေးတပ် (PDF) ထဲကို လာထည့်တာမျိုးထိ ပြည်သူ အားလုံးက ၂၄ နာရီလုံး တော် လှန်စိတ် တော်လှန်သွေးနဲ့ နေနေကြတယ်။ ကျေးရွာတွေမှာရှိတဲ့ လူငယ်လူရွယ် အားလုံးနီးပါးသည် ပုံစံမျိုးစုံနဲ့ ပါနေကြ တယ်။

ကိုယ်တိုင် လက်နက် မကိုင်ရင်တောင် ရိက္ခာ ပို့ဆောင်ရေးတွေ၊ စစ်ဘေးရှောင် စစ်ဘေးသင့်ကူညီရေး ဆိုတာမျိုးတွေ ပြောချင်တာက တနည်းမဟုတ် တနည်းနဲ့ တော်လှန်ရေးသမားတွေ ဖြစ်ကုန်ကြပြီ။ တချိန်ထဲမှာပဲ အသက်မပြည့်သေး တဲ့ ကလေးတွေအတွက် ကြားကာလ စာသင်ကျောင်းတွေ ဖွင့်နိုင်တယ်။ မူကြိုကနေ တက္ကသိုလ်ဝင်တန်းထိ ဖွင့်ကြ တယ်။ အဲဒီမှာလည်း ကျောင်းတွေ ပြန်တက်ကြတယ်။ တော်လှန်ရေး ကာလမှာပဲ ပညာရေးကို ခါးဆက်ပြတ် မသွား အောင် လုပ်နေကြတယ်။ အကြောင်းကြောင်းကြောင့် လက်နက်ကိုင် တော်လှန်ရေးထဲ မပါနိုင်တဲ့အခါမှာ စာသင် ကျောင်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေရှိတယ်။

CDM တွေကလည်း CDM လုပ်ထားရုံပဲ မဟုတ်ဘူး။ ကြားကာလ ပညာသင်ကြားရေးတွေမှာပဲ စာသင်ကြတယ်။ တချို့ CDM တွေ PDF ထဲ ရောက်နေကြပြီ။ တချို့တွေ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့တွေမှာ တာဝန်ထမ်းနေကြတာတွေ တွေ့ရ တယ်။ ပြောချင်တာကတော့ ပြည်သူတွေက ဒီတော်လှန်ရေး အမြန်ဆုံးပြီးဖို့ပဲ အားစိုက်ပြီးတော့ ဆောင်ရွက်နေကြ တာ ဖြစ်တယ်။

ဒါကြောင့် ပြည်သူအားလုံးက ဒီစိတ်ရှိကြမယ်ဆိုရင် မြန်မာပြည်မှာဆို ၅၅ သန်းရှိတယ်။ နေရာတိုင်းကသာ ဒီစိတ်တွေ ရှိကြမယ်ဆိုရင် ကျနော်တို့ခရီးက ဘာကြာမှာလဲ။ အားလုံးက မြန်မြန်ပြီးချင်တယ်ဆိုရင် တော်လှန်ရေးမှာပါနေဖို့ လို အပ်တယ်လို့ ပြောချင်တယ်။ ကျနော်တွေ့ခဲ့တဲ့ အတွေ့အကြုံအရ လူငယ်လူရွယ် အားလုံးသည် အချိန်ပြည့် တော်လှန် ရေးသမားတွေ ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ပြည်သူတွေ အားလုံးကလည်း ဒီတော်လှန်ရေး မြန်မြန်ပြီးချင်တဲ့ စိတ်နဲ့ ဗဟိုပြုပြီး ဆောင်ရွက်နေကြတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ PDF ၊ ပကဖ၊ ပအဖ၊ LDF တွေ အနေနဲ့ ဘာတွေ လိုအပ်နေလဲ။

ဖြေ။ ။ အဓိက က ဘာတွေ လိုအပ်သလဲဆိုရင် အဖွဲ့တိုင်းက ပြောကြတာကတော့ လက်နက်ခဲယမ်း မီးကျောက် လို အပ်တယ်။ မပြည့်စုံဘူး။ မလောက်ငှဘူး။ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှာ ဘဏ္ဍာရန်ပုံငွေ အခက်အခဲ ရှိတယ်။ ဒါကို သိရှိပြီးသား ဖြစ်ပါတယ်။ ဒီနေရာကနေ ပြည်သူလူထုကို တိုက်တွန်းချင်တာကတော့ တော်လှန်ရေး မြန်မြန်ပြီးချင်တယ်ဆိုရင် များများပါဖို့ လိုအပ်တာ ဖြစ်တဲ့အတွက် ဘဏ္ဍာငွေကြေးကအစ များများပါဝင် လှူဒါန်းကြဖို့လည်း အရေးကြီးပါတယ်။ ဘဏ္ဍာရေးသည်လည်း တော်လှန်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိ တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ တော်လှန်ရေး တပ်ဖွဲ့တွေကို ဘာ‌များ အကြံပြုချင်သလဲ။

ဖြေ။ ။ ပထမဆုံးတခုကတော့ ကျနော်တို့တပ်တွေက တော်လှန်ရေးရဲ့ လိုအပ်ချက် နေ့ချင်းညချင်းလိုလို တည် ဆောက်ခဲ့ရတာ ဖြစ်တာကို။ အရပ်သား ဘဝကနေ စစ်သင်တန်း တက်တယ်။ PDF ထဲ ရောက်သွားတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ယူရတယ်ဆိုတော့ တပ်တွေက တပ်ပုံ မကျဘူး။ စနစ်ကျတဲ့ အမိန့်ပေး ကွပ်ကဲမှု အားနည်း သေးတာကို တွေ့ရတယ်။ အရပ်သားစိတ် မဖျောက်နိုင်သေးဘူး။ စစ်သားစိတ်ကို ပီပီပြင်ပြင် မဖြစ်သေးကြတာလည်း ရှိသေးတယ်။ ဒါကြောင့် တပ်တွေ တပ်ပုံကျဖို့ လိုတယ်။

စနစ်ကျတဲ့ အမိန့်ပေး ကွပ်ကဲမှု ပေါ်ပေါက်ဖို့ ပီပြင်ဖို့ လိုတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ် ရင်းမှသည် ဟိုး NUG အစိုးရရဲ့ အဆင့်ဆင့်သော ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ထားတဲ့ အမိန့်ပေး ကွပ်ကဲမှု တွေ အားကောင်းဖို့ လိုတယ်။ မြန်ဆန်ဖို့ လိုတယ်။

ပကဖလို့ ပြောရင်လည်း ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့်၊ တိုင်းအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းထားတာကို တွေ့ရတယ်။ အရပ်ဘက်အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့ မြို့နယ် သယံဇာတ စီမံရေး ဘုတ်အဖွဲ့တို့၊ မြို့နယ် ကျန်းမာရေး ဘုတ်အဖွဲ့၊ ပညာရေးဘုတ် အဖွဲ့ စသဖြင့် ဒီလိုမျိုး အဆင့်ဆင့်သော အုပ်ချုပ်ရေး ပိုင်း တာဝန်ရှိတဲ့သူတွေဆိုရင်လည်း အချင်းချင်း သွေးစည်း ညီ ညွတ်ရေးပေါ့။ ဒါ အင်မတန် အရေးကြီးပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျင့်ဝတ်စည်းကမ်းပေါ့။ ဒါတော် လှန်ရေးမှာ အင်မတန်မှ အရေးကြီးပါတယ်။

ကျနော်တို့ PDF သူရဲကောင်းတွေ၊ ပြည်သူ့ကာကွယ်ရေး (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တွေ စစ်သည်တော် တဦးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ အုပ်ချုပ်ရေး တာဝန်ရှိသူတွေလည်း ကျင့်ဝတ်စည်းကမ်းတွေ ကိုက်ညီဖို့ လိုပါတယ်။ ပြည်သူလူထုကို ကာကွယ်ဖို့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်မယ့် လက်နက် သာလျှင် ဖြစ်ရပါမယ်။ အကြမ်းဖက် စစ်အုပ်စုက အဓမ္မဝါဒီတွေ ဖြစ်တယ်။ အကြမ်းဖက်သမားတွေ ဖြစ်တယ်။ ကျနော်တို့က ဒါတွေကို အံတု ရင်ဆိုင်ဖို့ ဖြစ်တယ်။

ပြည်သူလူထုကို စစ်အုပ်စုရဲ့ ရန်ကနေ ထိန်းသိမ်း ကာကွယ်ပေးဖို့သာ ဖြစ်တယ်။ မှန်ကန်တဲ့ ကျင့်ဝတ် စည်းကမ်းနဲ့ ညီတဲ့ သူရဲကောင်းတွေ ဖြစ်ဖို့ လိုပါတယ်။ ၂ ချက်ပေါ့။ ပထမတချက်က အမိန့်ပေး ကွပ်ကဲမှု၊ ကျင့်ဝတ်စည်းကမ်းတွေ မှန်ကန်ဖို့ လိုတယ်ဆိုတာလေးကို အဓိက ဆွေးနွေးပြောဖြစ်တာ ဖြစ်ပါတယ်။

မေး။ ။ နယ်မြေစိုးမိုးမှု၊ ပြည်သူ့အုပ်ချုပ်ရေး တည်ဆောက်မှုက ဘယ်အတိုင်းအတာထိ ရောက်နေပြီလို့ မြင်လဲ။

ဖြေ။ ။ နောက်တခု လက်ရှိ ကျနော်ရောက်ခဲ့တဲ့ နေရာတွေမှာဆိုရင် အင်မတန် အားရစရာ ကောင်းတယ်။ ကျနော်တို့ အကြမ်းဖက် စစ်အုပ်စုက သူတို့ ထိန်းချုပ်ထားတဲ့ သတင်းစာတွေ မီဒီယာတွေမှာ ဘာတွေပြောနေလဲဆိုတာကို ရိပ် စားမိပါတယ်။ တိုင်းပြည်ကြီးက ပုံမှန်ဖြစ်နေပြီ။ ဘာဖြစ်နေပြီ ဆိုပြီးတော့။ မြန်မာနိုင်ငံသည် မြို့ပြနဲ့ ကျေးလက်ဘယ် ဟာက ပိုများလဲဆိုတာ အားလုံးလည်း သိပြီးသား မြန်မာနိုင်ငံသည် ကျေးလက် အခြေပြုနိုင်ငံပါ။ လူဦးရေ ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းက ကျေးလက်နေ လူတန်းစားတွေ ဖြစ်တယ်။

အညာဒေသ တော်လှန်ရေး နယ်မြေများတွင် လှည့်လည်သွားလာကာ အားပေးနေသည့် မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း

ကျနော်တို့ ကျေးလက်ဒေသတွေကြည့်ရင်လည်း မြို့နယ်တခုမှာ ကျေးရွာပေါင်းက အနည်းဆုံး ၁၀၀ ကျော်ကနေ ၂၀၀ ထိရှိတယ်။ အခုဆိုရင် ဒေသအများစုမှာ NUG ဦးဆောင်တဲ့ တော်လှန်ရေး ဘက်တော်သားတွေက ကျေးလက်ဒေသ အားလုံးကို စိုးမိုးနိုင်တဲ့ အင်အား အများကြီး ရှိတယ်။ အခု ကျနော်ရောက်နေတဲ့ ဒေသက အကျယ်ကြီးပဲ၊ စာသင် ကျောင်း NUG က ဦးဆောင်တဲ့ ဘုတ်အဖွဲ့တွေကပဲ ဦးဆောင်နေတာဖြစ်တယ်။ နဂိုရှိတဲ့ စာသင်ကျောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဖွင့်နိုင်ပြီ။ တချို့မှာ ၈၀ ရာခိုင်နှုန်းလောက် ဖွင့်နိုင်ပြီ။

အဲဒီအချိန်မှာ စစ်အုပ်စုက ဖွင့်လှစ်တယ်ဆိုတဲ့ စာသင်ကျောင်းတွေက မြို့နယ်တခုလောက်ပဲ ဖွင့်နိုင်တယ်။ နယ်မြေ စိုးမိုးမှုက ဘယ်လောက်ရှိလဲဆိုတာကို ပြောချင်တာ။ ရန်ကုန်မြို့ကြီး၊ မန္တလေးမြို့ကြီးကိုကြည့်ပြီး စစ်အုပ်စုက ချုပ်ကိုင် ထားတဲ့ မီဒီယာတွေလောက်ကြည့်ပြီး တိုင်းပြည်ကြီး ဘယ်လိုဖြစ်နေပါတယ်ဆိုပြီး အကဲမဖြတ်ပါနဲ့ လို့ ပြောလိုပါတယ်။ လက်ရှိမြေပြင်မှာ ကျေးလက်ဒေသတွေမှာ တော်လှန်ရေးက ဒီရေလှိုင်းကြီးပမာ တက်နေတယ်။ နေ့စဉ်နဲ့အမျှ အရှိန် အဟုန်နဲ့ သွားတယ်ဆိုတာ ပြောလိုတယ်။

မေး။ ။ ပြည်သူတွေနဲ့ PDF တွေ ကိုယ်စား NUG ကို ဘာပြောချင်လဲ။

ဖြေ ။ ။ ကျနော် အပါအဝင် ပြည်သူတွေ အားလုံးကတော့ အမျိုးသား ညီညွတ်ရေးအစိုးရကို ကိုယ့်အစိုးရလို့ မှတ်ယူ ထားတဲ့အတွက် အများကြီး မျှော်လင့်တာပေါ့ဗျာ။ အများကြီးလည်း အားကိုးတယ်။ ဖြစ်စေချင်တယ်။ တော်လှန်ရေးကို လည်း မြန်မြန် ပြီးစေချင်ကြတာချည်းပဲ။ အဓိက ကတော့ ကျနော်တို့ ယုံလည်း ယုံကြည်ပါတယ်။ NUG အစိုးရအနေနဲ့ အခက်အခဲတွေ အများကြီး ကြားထဲက ကြိုးပမ်း ဆောင်ရွက်နေတာကို အများကြီး နားလည်တယ်။ သို့သော် ကျနော် တို့ကတော့ ကိုယ့်အစိုးရဖြစ်တဲ့အတွက် အားကိုးတယ်။ ဒီထက်လည်း မျှော်လင့်တယ်။

အခုကျနော်တို့ PDF တွေ ပကဖ တွေမှာ အဓိက လိုအပ်နေတာ ဘာလဲဆိုတာ သိပြီးသားပါ။ လက်နက်ခဲယမ်းမီး ကျောက်တို့ ဘဏ္ဍာ ရန်ပုံငွေ အထောက်အပံ့တို့ပေါ့ဗျာ။ အဲဒီလိုပဲ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ စသဖြင့် ထိထိရောက်ရောက် လုပ်နိုင်ဖို့ လိုအပ်သလို လက်တွေ့ကျကျ ထိထိရောက်ရောက်လုပ်နိုင်ဖို့ NUG အစိုးရကို အားကိုး ပါတယ်။

နောက်တခုကတော့ နိုင်ငံတကာရဲ့ စာနာ နားလည်မှုပေါ့။ ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ လိုအပ်နေတဲ့အရာတွေကို တိုက်ရိုက် မကူညီနိုင်သေးဘူး ဆိုရင်တောင် ပြည်သူတွေကို လူသားချင်း စာနာမှုဆိုတဲ့ ခေါင်းစဉ်အောက်နေ စစ်ဘေး သင့် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်မှုတွေ အများကြီး လိုအပ်နေတယ်။ ဒါတွေကို အမျိုးသား ညီ ညွတ်ရေး အစိုးရကနေတဆင့် ကြိုးပမ်း ဆောင်ရွက်စေချင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

ကျနော်တို့ မြန်မာနိုင် ငံမှာအခုဆိုရင် လူဦးရေ သန်းနဲ့ချီပြီးတော့ စားဝတ်နေရေး ဒုက္ခရောက်နေပြီ။ နေစရာ အခက် အခဲတွေ အများကြီး ရှိတယ်။ ဆေးဝါး အခက်အခဲတွေ ရှိတယ်။ ဒါတွေကို နိုင်ငံတကာက အထောက်အပံ့ ရဖို့အတွက် NUG အစိုးရအနေနဲ့ ကြိုးစားပေးပါလို့ ပြည်သူတွေ ကိုယ်စား တင်ပြချင်ပါတယ်။

မေး ။ ။ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။

ဖြေ ။ ။ တော်လှန်ရေး အောင်ဖို့ဆိုရင် ရုတ်တရက်ဆိုရင်တော့ ထင်ကြမှာပေါ့ဗျာ။ ဒီအချိန်မှာ လက်နက်ကိုင် တော် လှန်ရေးကို ဗဟိုပြုနေရတဲ့အတွက် လက်နက်ခဲယမ်း အကြီးကြီး လိုအပ်တယ် စသဖြင့်ပေါ့။ ပြောကြမယ်။ ဒါလည်း မမှားပါဘူး။ ကျနော့်အနေနဲ့ဆိုရင် ဘာအရေးကြီးဆုံးလဲဆိုရင် ပြည်သူလို့ပဲ ပြောချင်ပါတယ်။ ဒီတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေး ဖြစ်ပါတယ်။ ကုန်ကုန်ပြောမယ်။ ဒီတော်လှန်ရေးက NUG တော်လှန်ရေးလည်း မဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တော်လှန်ရေးလည်း မဟုတ်ဘူး။ PDF တော်လှန်ရေးလည်း မဟုတ်ဘူး။ ဒါသည် ပြည်သူ့အတွက် ပြည်သူ့တော်လှန်ရေး ဖြစ်တယ်။

ပြည်သူရဲ့ အသဲကြားက မဲတပြားနဲ့ ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်စော်ကား တဲ့ အဓမ္မဝါဒကို လက်မခံနိုင်လို့ တော်လှန်ကြတာဖြစ်တယ်။ ဒါသည် ပုဂ္ဂိုလ်ရေး တိုက်ပွဲ မဟုတ်ဘူး။ ပါတီ ၂ ခုကြား က ရန်ပွဲ မဟုတ်ဘူး။ အနီနဲ့ အစိမ်းကြားက ရန်ပွဲ မဟုတ်ဘူး။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုပါတယ်။ ဒီနွေဦး တော်လှန်ရေးမှာ အညာဒေသမှာကိုက စစ်အုပ်စုကို အပြင်းအထန် တိုက်ပွဲဝင်နေပါပြီ။ တော်လှန်နေပါပြီ။ ဗမာ၊ တိုင်း ရင်းသားတွေ ကိုယ်တိုင်က်ိုယ်က အကြမ်းဖက် စစ်အုပ်စုကို အပြင်းအထန် ဆန့်ကျင်နေပါပြီ။ တော်လှန်နေပါပြီ။

ဒါကြောင့် စစ်အုပ်စုသည် ဘာနဲ့တူလဲဆိုရင် ရေသောက်မြစ် ပြတ်သွားတဲ့ သစ်ပင်ကြီးတပင်နဲ့ အလားတူပါတယ်။ သူ့ ဟာသူ လတ်တလောမှာ ဘယ်လောက် အင်အားကြီးကြီး ရေသောက်မြစ်ပြတ်တဲ့ သစ်ပင်သည် ကြာကြာ သက်ဆိုး ရှည်မှာ မဟုတ်ပါဘူး။ မုချလဲပြိုပါလိမ့်မယ်။ မြန်မြန်လဲစေချင်ရင် ပြည်သူလူထုများများ ဝိုင်းတွန်းပေးကြပါလို့ပဲ ပြော လိုတယ်။ နိုင်ရာ ကဏ္ဍက ဝိုင်းကူပါ။

ဓားရှိတဲ့သူက ဓားနဲ့ ဝင်ခုတ်ပေးပါ။ ဒီသစ်ပင်ဆိုးကြီးကို ပုဆိန်ရှိတဲ့သူက ပုဆိန်နဲ့ ဝင်ခုတ်ပေးပါ။ လက်ရှိရင် လက်နဲ့ ဝင်တွန်းပေးပါ။ အာဏာရှင် သစ်ပင်အို သစ်ပင်ဆိုးကြီး မုချ ဗုံးဗုံး လဲရမှာ ဖြစ်တယ် လို့ ပြောလိုတယ်။ ပြည်သူသာအဓိကမို့ ပြည်သူလူထုတရပ်လုံး တော်လှန်ရေးမှာ ဆက်လက် ပါဝင်ပေးကြပါလို့ တိုက် တွန်း နှိုးဆော်ချင်ပါတယ်။

You may also like these stories:

သံမဏိစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ၂၀၂၂ ကို ဆက်သွားမယ်

ပျူစောထီးဟု စွပ်စွဲကာ မိသားစုလိုက် YDF သတ်ဖြတ်မှု NUG စုံစမ်း

တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ

Loading