၁နှစ်အတွင်း ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ကျနော်တို့ ထိန်းထားနိုင်ခဲ့တယ်

ဧရာဝတီ
ချင်းအမျိုးသားတပ်မတော်၏ ဗိုလ်လောင်းသင်တန်းဆင်းပွဲ / CAN

ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် ချင်း အမျိုးသား တပ်ဦး (CNF) သည် စစ်တပ် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်သောအဖွဲ့များနှင့် ပူးပေါင်းကာ စစ် ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်နေသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်း ဖြစ်ပြီး NUG အစိုးရက ခုခံတွန်းလှန်စစ် ကြေညာခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက် မတိုင်ခင်ကတည်းက ချင်းအမျိုး သားတပ်ဦး CNF အနေဖြင့် စစ်ကောင်စီ တပ်များကို ခုခံတိုက်ခိုက်နေခြင်း ဖြစ်ရာ ယခုဆိုလျှင် တနှစ်ခွဲခန့် ရှိပြီဟုဆို နိုင်သည်။

ထိုကာလတနှစ်ခွဲကာလအတွင်း ချင်းပြည်နယ်၏ စစ်ရေး နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ CNF ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရေး ၁ နှစ်ကျော် ကြာလာတဲ့အခါ တိုက်ပွဲ ပုံစံတွေက ဘယ်လို ပြောင်း လာပါသလဲ။

ဖြေ။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ တိုက်ပွဲဖြစ်လာတဲ့ တနှစ်ကျော်ကြာမှာ တိုက်ပွဲပုံစံက အစ ကျနော်တို့ အင် အားနဲ့ လက်ရှိ အင်အား စသဖြင့် သုံးသပ်လိုက်ရင် စစ်ကောင်စီဘက်က သူတို့ရဲ့ ဗျူဟာတွေ သူတို့ ဘယ်လို လှုပ်ရှားပြီး တော့ တိုက်ခိုက်သလဲ သမားရိုးကျ ပုံစံလား စသဖြင့် ကျနော်တို့ CDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိုပြီး နားလည်လာတယ်။ ပြီးတော့ ကျနော်တို့ဘက်က တိုက်ရည်ခိုက်ရည်တွေ စုပေါင်း အင်အားနဲ့ တိုက်မှ အနိုင်ရမယ်ဆိုတဲ့ဟာတွေ စစ်ရဲ့ သဘော တရားတွေ ပိုပြီး သဘောပေါက်လာတယ်။

ပြီးတော့ ပြောရရင် အစက ကျနော်တို့ဘက်က တူမီး သေနတ်ကနေ အခုကတော့ အားလုံးသိတဲ့အတိုင်း မောင်းပြန်သေ နတ်တွေ ပိုပြီးတော့မှ စုံလင်လာတယ်။ ပြီးတော့ တိုက်ရည်ခိုက်ရည်ဆိုတဲ့ နေရာမှာပေါ့။ ကျနော်တို့စစ်ဆင်ရေးသော် လည်းကောင်း စုစည်းမှု သော်လည်းကောင်း အမိန့်ပေးတဲ့ပုံစံ ဦးဆောင်မှုစနစ်က One Command အောက်က သွားလို့ရ တာမျိုး စသဖြင့် ကျနော်တို့ အားကောင်းလာတာမျိုးတော့ ဖြစ်လာပါတယ်။ အောင်မြင်မှုတွေကတော့ အထိအခိုက် အကျ အဆုံးတွေမှာ ကျနော်တို့ဘက်က အတော်နည်းပါးတာကို တွေ့ရတယ်။ စစ်ကောင်စီဘက်က အကျအဆုံး များလာတာကို တွေ့ရတယ်လို့ပြောလို့ ရပါတယ်။

မေး။ ။ CNF အနေနဲ့ ခုခံစစ်ကနေ မဟာဗျူဟာမြောက် တန်ပြန် တိုက်စစ်ဆင်တာတို့ ခံစစ်ကနေ ထိုးစစ်ကို ပြောင်းလာ တာတို့ ဖြစ်လာပြီလား။

ဖြေ။ ။ CNF ကျနော်တို့ စစ်ရေး သဘောတရားအရ ထိုးစစ်ကသာ စစ်ရေး အောင်နိုင်တယ်ဆိုတာကတော့ အားလုံး သိပြီး သားပါ။ ခံစစ် တခုတည်းနဲ့တော့ မရဘူး။ တိုက်ပွဲတခုမှာ စစ်ဆင်ရေးတခု သွားပြီဆိုရင် တခါတခါ တိုက်ပွဲထဲမှာ ခံစစ်ကနေ ထိုးစစ်ကို တခါတည်း ပြောင်းလာတာမျိုး ထိုးစစ်ကနေ ကျနော်တို့ အင်အားကို ကြည့်ပြီးတော့ ခံစစ်ကိုပြန်ပြီး ပြောင်းလာ တာမျိုး အဲဒီလို စစ်ရေး သဘောတရားကတော့ ရှိပါတယ်။ ဒီနေ့ ကျနော်တို့ ချင်းတောင် တခုတည်း မဟုတ်ဘဲနဲ့ တပြည် လုံး အတိုင်းအတာကို ကြည့်လိုက်ရင် နေရာအနှံ့မှာ တိုက်ပွဲငယ်တွေ ဖြစ်နေတော့ ချင်းတောင်ကနေ မြေပြန့်ကို လာပြီး ထိုးစစ်ဆင်တာမျိုးတော့ မရှိတော့ဘူး။

နေရာတော်တော်များများမှာ တိုက်ပွဲက ဖြစ်နေတယ်။ တခါတခါ ကျနော်တို့ ခံစစ်ကနေ ထိုးစစ်ကို အသွင်ပြောင်းတာမျိုး ရှိ သလို ချင်းတောင်မှာ ထိုးစစ်ဆိုရင် ရှင်းရှင်းပြောမယ်၊ ကျနော်တို့စခန်းသိမ်း ထိုးစစ် လုပ်လို့ ရတယ်။ သူတို့က တနယ်နဲ့ တနယ်သွားပြီဆို အဲဒီမှာ ကျနော်တို့က ပြောက်ကျားစစ် ဆိုပြီးတော့ ကြားဖြတ်ပြီး တိုက်တယ်။ ထိုးစစ်နဲ့ခံစစ်ကို ရောပြီး တော့ တိုက်တယ်။ ကျနော်တို့ဘက်က လက်နက်အား ပိုပြီးတော့ ကောင်းလာတယ်။ ချင်းတောင်မှာ ဖြစ်နေတဲ့ စစ်ရေးပုံစံ က အဲဒီလို တိုက်နေတာ ဖြစ်တယ်။

မေး။ ။ ကရင်ပြည်နယ်ဘက်မှာဆိုရင် စစ်ကောင်စီဘက်က၂၀၂၂ ခုနှစ် လေးလပိုင်းလောက်ကစလို့စစ်သားတွေ ပြေး တာ CDM လုပ်လာတာများတဲ့အတွက် ဒေသခံတပ်တွေကို တခြားနေရာတွေရဲ့ စစ်ဆင်ရေးတွေမှာ ပြောင်းရွှေ့ တာဝန်ပေး တာတွေ လုပ်လာတာတွေ ရပါတယ်။ ချင်းပြည်နယ်မှာရော အဲဒီလိုမျိုး တွေ့ရလား။

ဖြေ။ ။ ချင်းတောင်မှာကတော့ ယနေ့အထိတော့ ဒေသခံတပ်တွေကို ပြောင်းရွှေ့ပြီး နေရာချထားတာတော့ အခုထိ မရှိ သေးပါဘူး။ ပြောရင်တော့ မြို့ပေါ်ကလွဲလို့ ကျေးလက်ဒေသတွေမှာ စခန်းသစ် တည်ဆောက်တာမျိုး အဲဒါတွေတော့ မရှိဘူး။ တခါတခါ တမြို့နဲ့တမြို့ဆက်သွယ်တဲ့ လမ်းမှာ ဂိတ်တွေဘာတွေ ထိုးပြီးတော့ ပြန်ရုပ်လိုက် အဲဒီလိုမျိုးပေါ့။ ပြီးတော့ စခန်း သုံးခုလောက် ပြန်ရုပ်တာတွေ ပြီးခဲ့တဲ့ အပတ်ကပဲ ချင်းပြည်နယ်တောင်ပိုင်း ရခိုင်ပြည်နယ်အစပ် သံထောင်စခန်းကို ပြန်ရုပ်တာတွေ ရှိတယ်။

မေး။ ။ ၁ နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်က ဘယ်လိုပုံစံမျိုး ဖြစ်လာတာကို တွေ့လာရလဲ။

ဖြေ။ ။ အခု စကစရဲ့ တိုက်ပွဲပုံစံက အစကတော့ ချင်းတောင်ကို မတူပီ ဗျူဟာ ရှိတဲ့ဘက်ကို ပခုက္ကူ- မင်းတပ်ကနေ တက် လာတယ်။ ပြီးတော့ ဟားခါး ဗျူဟာကို ကလေး- ဂန့်ဂေါကနေ တက်လာတယ်။ စစ်ရေးဂွင်ကို နှစ်နေရာ သုံးနေရာကို တခါ တည်း တိုက်တာမျိုး လုပ်တယ်။ လက်ရှိမှာတော့ အဲဒီလို မဟုတ်တော့ဘူး။ စစ်မျက်နှာကိုများများ မဖွင့်ဘဲနဲ့ စစ်မျက်နှာ တခုတည်း၊ နေရာ တခုတည်းကို ကွက်ပြီးတော့ အင်အား အလုံးအရင်းနဲ့တိုက်တာ၊ အဲဒီပုံစံ လုပ်လာတယ်။

မေး။ ။ စစ်မျက်နှာများများ မဖွင့်နိုင်ဘဲ တနေရာတည်းကို အင်အား အလုံးအရင်းနဲ့ တိုက်တဲ့ပုံစံ ပြောင်းလာတာဟာ ဘာ ကြောင့်လို့ ထင်လဲ။

ဖြေ။ ။ သူတို့ အင်အားကို ဖြန့်ကျက်ဖို့ အင်အား နည်းလာတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့အထဲ ထဲက မြေပြန့် ဘက်က တက်လာတဲ့ စစ်ကောင်စီက ချင်းတောင်မှာ စစ်ရေး ကျွမ်းကျင်မှု၊ နယ်မြေကျွမ်းကျင်မှု အင်မတန်မှ အားနည်း တယ်။ ပြီးတော့ အဲဒီလို ပတ်မွှေပြီးတော့ တဖြည်းဖြည်းချင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တခုကို တဖွဲ့ချင်း ချေမှုန်းတာမျိုး လုပ်တဲ့ သဘောမျိုး။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ စုပေါင်းတပ်ဖွဲ့နဲ့အင်အားပြန်စုပြီး အဲဒီလို အလုံးအရင်းကို ပြန်ချေပပြီး ပတ်မွှေပြီးတော့ ချေပတယ်။ တုံ့ပြန်ပြီးတော့ တိုက်ခိုက်တယ်။ အဲဒီလို ပုံစံ၊ ပြောချင်တာက သူတို့ဘက်က အင်အား ဖြန့် ကျက်ဖို့ သူတို့မှာ အင်အား နည်းလာတယ် လို့တော့ ပြောလို့ ရပါတယ်။

ချင်းအမျိုးသားတပ်ဦး၏ ပြောခွင့်ရသူ ဆလိုင်းထက်နီ

မေး။ ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်လာတယ်။ AA ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင် လာတာတွေ့ရတယ်။ AA ဝင်ပါလာတဲ့အတွက် ချင်းပြည်ရဲ့ တော်လှန်ရေး အနေအထားက ဘယ်လို ဖြစ်လာနိုင်လဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ AA ပါဝင်လာတာက ကျနော်တို့အတွက် အားကြီးတခု ရတာပေါ့။ ပြောရရင်တော့ AA ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ အင်အား ကောင်းတဲ့အဖွဲ့မှာ ပါတယ်။ စစ်ကောင်စီအတွက်တော့ စစ်မျက်နှာ နောက်ထပ် အကြီးကြီးတခု ထပ်ဖွင့်ရမယ့် သဘောဖြစ်နေတယ်။ အဲဒါကြောင့် AA ပါဝင်လာတာက စစ်ကောင်စီအတွက် အခက် ဖြစ်သွားတာပေါ့။ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် ချက်ကောင်း ဖြစ်သွားတာပေါ့။ အားသစ် တဖန် ပြန်ရတဲ့ သဘော ဖြစ်သွားတာပေါ့။

မေး။ ။ နွေဦးတော်လှန်ရေးက ၁ နှစ်ကျော်ကြာလာတဲ့အခါမှာ ချင်းပြည်နယ်မှာ CNF ရဲ့ နယ်မြေစိုးမိုးမှု အခြေအနေက ဘယ်လို ပုံစံမျိုးတွေ ဖြစ်လာနေပြီလဲ။ ချင်းပြည်နယ်မှာ ဘာတွေ လုပ်ဆောင်လာနိုင်ပြီလဲ။

ဖြေ။ ။ လက်ရှိမှာ ချင်းပြည်နယ်မှာရှိတဲ့ နယ်မြေအားလုံးရဲ့ ၇၀ ရာခိုင်နှှုန်းကျော်က ကျနော်တို့ စိုးမိုးထားတယ်လို့ ပြောလို့ ရပါတယ်။ ကျနော်တို့ ဆိုတာက ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ပြည်သူတွေက စိုးမိုးထားတာ ဖြစ်တယ်။ စစ်ကောင်စီဘက်က နယ်မြေ စိုးမိုးထားတာဆိုလို့ မြို့ပေါ်နဲ့ တမြို့နဲ့တမြို့ ဆက်သွယ်တဲ့ ဒီလမ်းကြောင်းတလျှောက် အနည်း ငယ်မှာပဲ စိုးမိုးနိုင်တယ်။ အဲဒါတွေကို ကျနော်တို့ဘက်က တနှစ် ထိန်းနိုင်ခဲ့တယ်။

အဲဒီလို ထိန်းနိုင်ခဲ့လို့လဲ စိုးမိုးနယ်မြေတွေမှာ လူမှု ဒုက္ခအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ကို ကျန်းမာရေး၊၊ ပညာရေး၊ တခြား လူမှုရေး ကဏ္ဍတွေမှာ ကျနော်တို့ တာဝန်တခုအနေနဲ့ယူပြီးတော့ ဆက်လက် အကောင်အထည်ဖော် လုပ်နေတာပေါ့ နော်။ စစ်ရေးအပြင် အဲဒီ အုပ်ချုပ်ရေး နယ်မြေဒေသတွေ တည်ဆောက်ပြီးတော့ ကျနော်တို့ ကျန်းမာရေး ပညာရေး စတဲ့ မရှိ မဖြစ် လိုအပ်တဲ့ လုပ်ငန်းတွေကို စပြီးတော့ လုပ်နေတာပေါ့။

မေး။ ။ NUG နဲ့ CNF တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အနေအထားက တနှစ်တာ ကာလအတွင်းမှာ ဘယ်လိုပုံစံမျိုး တွေ့လာ ရလဲ။

ဖြေ။ ။ ကျနော်တို့NUG နဲ့ပူးပေါင်း ဆောင်ရွက်မှုဆိုတာ ဆက်ပြီးတော့ လုပ်နေတယ်။ ဒါပေမယ့် လုပ်ငန်းက နှောင့်နှေးမှု တော့ ရှိတာပေါ့။ ကျနော်တို့အထဲမှာ ဆွေးနွေးမှုတွေကတော့ ပုံမှန် ဆက်သွယ်ပြီး လုပ်နေတယ်။ စစ်ရေး နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီ C3C အောက်က လုပ်တာမျိုး ဒီစစ်ရေးအရ စစ်ဒေသတွေ ဖွင့်ပြီးတော့ စစ်ရေးကို ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်နေတယ်။ တိုးတက်မှုတော့ ရှိတယ်လို့ အဲဒီလို ကျနော် ပြောရဲပါ တယ်။

မေး။ ။ စစ်ကောင်က ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပြီး ပြောဆိုထားတာ ရှိပါတယ်။ CNF အနေနဲ့ စစ်ကောင်စီက ကျင်းပ မယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လို သဘောထား ရှိပါသလဲ။

ဖြေ။ ။ အဲဒီ ရွေးကောက်ပွဲက လိုရင်းတိုရှင်း ပြောရရင်တော့ စစ်ကောင်စီက သူ့ရဲ့နိုင်ငံရေး ထွက်ပေါက်တခုအနေနဲ့ လုပ် နေတာ ဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာမှာ မျက်နှာသာ ရအောင်၊ ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ရာသက်ပန် ထွက်လို့ မရအောင်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲက အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုရင် ပြည်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နွေဦးတော်လှန်ရေး ရဲဘော်ရဲဘက်တွေ ကျနော်တို့ရဲ့ ကြိုးစား ထားသမျှတွေက သဲထဲ ရေသွန်သလို ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် အဲဒီရွေးကောက်ပွဲကို လုံး၀ ရှုတ်ချတယ်၊ ကန့်ကွက် တယ်။

နွေဦးတော်လှန်ရေး ဆိုတာ စစ်ကောင်စီကို မြန်မာ့နိုင်ငံရေးကနေ အမြစ်ပြတ်ချေမှုန်း တွန်းလှန်ပြီးတော့ ကျနော်တို့ လိုချင် တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ရရှိရေး ဆိုပြီး တော်လှန်ရေး လုပ်တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက၂၀၀၈ ဖွဲ့ စည်းပုံက ဖျက်သိမ်းလိုက်ပြီ။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်က လုပ်တာ မှန်သမျှ တရား မဝင်ဘူး။

စစ်ကောင်စီ မြန်မာ့နိုင်ငံရေးမှာ အမြဲ ပါဝင်နိုင်ရေးဆိုတာကို ကျနော်တို့က အမြတ်ပြတ် ဖြုတ်ချရမှာကြောင့် စစ်ကောင်စီကို တော်လှန်နေတာ ဖြစ်တယ်။ ကျနော်တို့ချည်း မဟုတ်ဘူး၊ CDM လုပ်နေတာက အလကား မဟုတ်ဘူး။ ကျောင်းသား လူ ငယ်တွေ တောထဲရောက်နေတာက စစ်ကောင်စီကို အမြစ်ပြတ် ဖြိုချဖို့ပဲ။ အဲဒါကြောင့် အဲဒီ ရွေးကောက်ပွဲမှ မဟုတ်ပါဘူး။ စစ်ကောင်စီ လုပ်သမျှ ကျနော်တို့က တွန်းလှန်ရမှာပဲ။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ဆက်လက် အောင်မြင်မှုတွေ ရဖို့၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ပြည်သူလူထုကို ဘာများ ပြောချင်လဲ။

ဖြေ။ ။ ဒီကနေ့ အချိန်အခါက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ NUG ကအစ၊ ပြီးတော့ PDF ဒေသ ကာကွယ် ရေး တပ်ဖွဲ့တွေ ကျနော်တို့ ဆက်ပြီး ထိန်းထားနိုင်တဲ့ လုပ်ငန်းတွေကို ဆက်လက် ထိန်းထားပြီးတော့ ထိန်းရုံ မဟုတ်ဘဲ ဆက်လက် ပြီးတော့ သွားဖို့ပဲ ရှိပါတယ်။ စိတ်ထဲမှာ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ စိတ်ဓာတ်၊ နိုင်မယ်ဆိုပြီး ငုတ်တုတ်ထိုင်နေလို့ မရဘူး။ ရှေ့ဆက်ပြီး ကျနော်တို့ လက်တွဲပြီးတော့ အမြဲတမ်း နေ့သစ် နေ့သစ်တိုင်းဟာ ကျနော်တို့အတွက် အားသစ်အနေ နဲ့ ယူဖို့လိုပါတယ်။ နိုင်ကို နိုင်လိမ့်မယ်။ အားတင်းထားပါ၊ အားတောင့်ထားကြပါ၊ စုစည်းမှုကို ကျစ်လစ် ခိုင်မာအောင် ကြိုး စား ဆောင်ရွက်စေချင်ပါတယ်။

You may also like these stories:

ဟားခါးတွင် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်များ ဝိုင်းတိုက်

မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော

စစ်ကောင်စီက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ လှည့်ဖြားနေဟုဆို

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့

Loading