“Miss Grand International 2020” အလှမယ်တဦး ဖြစ်တဲ့ အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှာ စက်တင်ဘာလ ၂၁ ရက်က ထိန်းသိမ်းခံလိုက်ရပါတယ်။
အလှမယ် ဟန်လေးမှာ စက်တင်ဘာလ ၁၈ ရက်က ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှာ သုဝဏ္ဏဘူမိလေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာပဲ ထိန်းသိမ်းခံလိုက်ရတာ ဖြစ် တယ်လို့ သိရပါတယ်။
မြန်မာ့ အလှမယ် ဟန်လေး က ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲစင်မြင့် ထက်ကနေ “Stop the War & Violence” ခေါင်းစဉ်နဲ့ စစ်အာဏာ သိမ်း ပြီးနောက်ပိုင်း မြန်မာပြည်က စစ်အာဏာရှင်များရဲ့ အကြမ်းဖက်မှု အခြေအနေများကို ကမာ္ဘသိအောင် ထုတ်ဖော် ပြော ဆိုခဲ့သူတဦးလည်း ဖြစ်ပါတယ်။
ဒါ့ပြင် လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး မြန်မာ့အရေးကိစ္စရပ်များနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုပေးနေတဲ့ အလှမယ် တဦးလည်း ဖြစ်ပါတယ်။
လက်ရှိ ထိုင်းလေဆိပ်မှာ အလှမယ် ဟန်လေး ထိန်းသိမ်းခံထားရတဲ့ အခြေအနေများနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်စေဖို့အတွက် ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ အခု လက်ရှိ ထိုင်းလေဆိပ်မှာ ပိတ်မိနေတယ်လို့ သိရတယ်။ အခြေအနေ ပြောပြပေးပါ။
ဖြေ ။ ။ ထိုင်းမှာနေတာ ၁ နှစ်ကျော်၂ နှစ်နီးပါး ဖြစ်နေပြီဆိုတော့ ထိုင်းမှာ Tourist ဗီဇာနဲ့ နေခဲ့တာ။ အခု Over stay ဖြစ်နေတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဒီနိုင်ငံအတွင်းကနေ အပြင်ထွက်ပြီးတော့ ပြန်ဝင်လာမယ်ဆိုရင် ဗီဇာတိုးရ တာ ပိုလွယ်တယ် လို့ဆိုတော့ ဗီယက်နမ်ကို ၃ ရက် သွားလိုက်တယ်။ ပြန်လာရင် ဗီဇာတိုးလို့ အဆင်ပြေမယ် ထင် တာ။ ဗီယက်နမ်ကို ရောက်တော့လည်း ဘာမှ မဖြစ်ဘူး။ ထိုင်းလေဆိပ်ကို ရောက်တော့မှ ပတ်စ်ပို့နံပါတ်ကလည်း အပျောက်စာရင်း တင်ထားပြီးသားလို့ ပြောတယ်။
ဗီယက်နမ်ဘက်ကိုလည်း မြန်မာဘက်ကနေပြီး ကျမ ပတ်စ်ပို့က ပျောက်ဆုံးနေတယ်ဆိုတဲ့ အကြောင်းရယ် Crime ကျူးလွန်ထားတယ်ဆိုတဲ့ အကြောင်းရယ်ကို ဗီယက်နမ်ဘက်ကို အသိပေးထား တယ် လို့ ပြန်ကြားရတယ်။
အခုလက်ရှိတော့ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်မှာ ထားထားတယ်။ ကျမ ကိုယ်တိုင်ကလည်း ဗီယက်နမ် Flight ကို ပြန်မလိုက်ဘူး ဆိုတော့ သူတို့ဘက်ကလည်း တွန်းအားပေးလို့ မရဘူး။ ဘယ်လို လုပ်မလဲတော့ မသိဘူး။
မေး ။ ။ ထိုင်းနိုင်ငံကနေ ဗီယက်နမ်ကို ဘယ်နေ့ကနေ ထွက်သွားပြီးတော့ ပြန်လာခဲ့တာလဲ။
ဖြေ ။ ။ စက်တင်ဘာလ ၁၈ ရက်ကနေသွားပြီးတော့ ၂၁ ရက်မှာ ထိုင်းဘက်ကို ပြန်ရောက်တယ်ဆိုတော့ ၃ ရက်ပေါ့။
မေး ။ ။ ထိုင်းဘက်မှာ ထိန်းသိမ်းခံထားရတာဆိုတော့ ဘယ်လို ဆက်လုပ်သွားမယ်လို့ ပြောပါသလဲ။
ဖြေ ။ ။ ထိုင်းဘက်ကတော့ ဗီယက်နမ်ဘက်ကိုပဲ ပြန်စေချင်တယ်။ ဗီယက်နမ်ဘက်မှာပဲ ပြန်လုပ်စေချင်တယ်။ ဒါပေမယ့် ကျမ ဗီယက်နမ်ကို ပြန်သွားရင်လည်း ပတ်စ်ပို့ အပျောက်စာရင်းထဲ ဝင်နေတော့ မြန်မာပြည်ကို ပြန်ပို့ကြမှာ။ ဗီယက်နမ်ကိုက လုံးဝ လိုက်လို့ မဖြစ်တော့ အတိုက်အခံ လုပ်ပြီး အခု လေဆိပ်မှာပဲ နေနေတာ။ လေဆိပ်က ထုတ်ဖို့ ဆိုရင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လို အဖွဲ့အစည်းတခုကနေ အဆက်အသွယ် လို တယ်။ သူတို့ကိုလည်း ဆက်သွယ်ထားပြီးပြီ။ သူတို့အနေနဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးကိုလည်း ဆက်သွယ်နေပြီး တော့ ထိုင်းအစိုးရဘက်ကိုလည်း သတင်းပို့ (Report ) ထားတယ်။
မေး ။ ။ အခုလက်ရှိ ဘယ်လို ထိန်းသိမ်းခံထားရပြီး ဘယ်လိုနေနေရလဲ။
ဖြေ ။ ။ လေဆိပ်မှာတော့ မနေ့တုန်းက ထိန်းသိမ်းရေးစခန်းထဲကို ခေါ်သွားတယ်။ အခန်းထဲမှာတော့ ၄ ယောက်တ ခန်း ထည့်ထားတဲ့ နေရာပေါ့။ ဒီမနက်ကျတော့ ကျမဘက်က တောင်းဆိုလိုက်တယ်။ ကျမ ဘယ်သူဆိုတာလဲကို လည်း သိသွားတော့ အဆင်ပြေပြေ ဖြစ်အောင်လို့ စောင့်ခွင့်ပေးထားတယ်။ ဘယ်မှတော့ သွားလို့ မရဘူး။ ပတ်စ်ပို့ လည်း သိမ်းထားတယ်။ အနောက်ကနေလည်း တကောက်ကောက် လိုက်နေတော့။
မေး ။ ။ စစ်ကောင်စီအနေနဲ့ ဟန်လေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထိုင်းဘက်ကို ဖြန့်ဝေထားတဲ့ သဘောပေါ့။
ဖြေ။ ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ Report လုပ်ထားတယ်။ ကျမ အနေနဲ့က ထိုင်းဘက်မှာ နေလာတာ ၁ နှစ်ခွဲ လောက်ရှိပြီ။ အမြဲတမ်းလည်း ပုံမှန် ဗီဇာတိုးပေးပြီး နေခွင့်ပေးထား တယ်။
မေး ။ ။ မြန်မာပြည်မှာ စစ်ကောင်စီက ဟန်လေးကို ဘာပုဒ်မနဲ့ တရားစွဲဆိုထားတာလဲ။
ဖြေ ။ ။ ကျမကို ပုဒ်မ ၁၂၁ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲထားတယ်။ အိမ်မှာလည်း ရှာဖွေခွင့် ဝရမ်းတွေနဲ့စာတွေ လည်း ကပ်ထားတယ်။
မေး ။ ။ အခုလို အခြေအနေမှာ မြန်မာပြည်ကိုလည်း ပြန်လို့ မရတော့ ဘယ်လိုဖြစ်ချင်လဲ။
ဖြေ ။ ။ အခု ကျမရဲ့ မျှော်လင့်ချက်ကတော့ UNHCR ပေါ့။ အစိုးရဌာန အဖွဲ့အစည်းတွေကြားထဲမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးနိုင်တော့ UNHCR ရဲ့ အကူအညီမှတပါး မျှော်လင့်ဖို့ သိပ်မရှိဘူး။
မေး ။ ။ ကိုယ်တိုင်ကလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရပ်တည်ပေးထားတာတွေ ရှိခဲ့တော့ ဒီလိုအခြေအနေ ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ ။ ။ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာတော့ ခန့်မှန်းထားပြီးသားပေါ့။ ကျမမှ မဟုတ်ဘူး။ ခက်ခဲနေတဲ့သူတွေ အများကြီး ပဲ။ ကိုယ်တိုင်လည်း လူ့အခွင့်အရေး ချိုး ဖောက်မှုနဲ့ ပတ်သက်ပြီး မကြိုက်ဘူးဆိုတော့ မကြိုက်တာကို ဆန့်ကျင်ခဲ့တယ်။ ထင်တာတော့ မြန်မာပြည်မှာပဲ ဝရမ်း ထုတ်တာလောက်နဲ့ ပြီးသွားမယ် ထင်ခဲ့တာ။ မြန်မာနိုင်ငံ မပြန်နိုင်ရင်တောင် တခြား နိုင်ငံကူးလို့ ရမယ် ထင်ခဲ့ပေမယ့် ဒီလို ဖြစ်ခဲ့တယ်။
မေး ။ ။ ကိုယ်တိုင်လည်း အလှမယ်တယောက်ဖြစ်နေတော့ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာများ ပြောချင်တာ ရှိမလဲ။
ဖြေ ။ ။ ကျမကတော့ ပြည်သူတဦးတယောက်ချင်းမှာ အခွင့်အရေး ကိုယ်စီ ရှိကြတယ်။ ဒါတွေကိုလည်း လေးစားဖို့ အတွက် နိုင်ငံတော်တော်များများက သတ်မှတ်ထားတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မရှိဘူး။ လူငယ်တွေကို သတ်ဖြတ်။ ကျမကိုဆိုရင်လည်း အကုန် ပိတ်ပင်တယ်။ ကျမ တကိုယ်စာအတွက်တင် မဟုတ်ဘူး။ တခြားသူတွေ အတွက်လည်း စိတ်ပူတယ်။
မေး ။ ။ ဟန်လေးအနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ။
ဖြေ ။ ။ ကျမကတော့ မြန်မာနိုင်ငံ မပြန်နိုင်ဘူး။ အသက်အန္တရာယ်ရှိနိုင်တယ်။ UNHCR ရဲ့ အကူအညီကို စောင့်မယ်။ ထိုင်းကိုပဲ ဝင်ခွင့် ပေးမလား။ ဒါမှမဟုတ် ထိုင်းကနေတဆင့် တခြားနိုင်ငံက ဒုက္ခသည်အနေနဲ့ ကူညီနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။
မေး ။ ။ ပြိုင်ပွဲပြီးကတည်းက ထိုင်းမှာ နေလာတာ ၁ နှစ်ကျော်အတွင်း ဘယ်လိုနေထိုင်ခဲ့လဲ။
ဖြေ ။ ။ ပြိုင်ပွဲပြီးကတည်းက ကျမရဲ့ Miss Grand International အဖွဲ့အစည်းက နေဖို့အတွက်ရော စားဖို့အတွက် ရော အစစအရာရာ ကူညီထောက်ပံ့ပေးထားတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကမှ သူတို့ ရုံးမှာ အလုပ် ပေးထားတယ်။ အလှမယ်တွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပေးရတယ်။ အခုကိစ္စကိုလည်း သူတို့ဘက်ကလည်း တတ်နိုင်သလောက် ထိုင်း အစိုးရဘက်ကို ဆက်သွယ်ပေးနေတယ်။
မေး ။ ။ ဟန်လေးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျမဘဝမှာ ဘယ်တော့မှ နောင်တ မရခဲ့တာ ကျမရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ကျမရဲ့ ပြောကြားချက်တွေပဲ။ ဒီလို လုပ်လိုက်တဲ့အတွက် ကျမရဲ့ ရပ်တည်ချက်က ပိုပြီးတော့ ခိုင်မာသွားတယ်။ ကိုယ့်ရဲ့ နိုင်ငံသား တယောက်ကို သူများနိုင်ငံအတွင်းမှာ အခက်အခဲ ဒုက္ခရောက်အောင် ဒီလိုမျိုးလုပ်တဲ့လူကို ဘယ်သူက လက်ခံမှာလဲ။ ပိုပြီးတော့ တောင် ပြင်းထန်သွားတယ်။
You may also like these stories:
အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်
ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး
မော်ဒယ်နှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို အမျိုးသမီးအဖွဲ့များ စိုးရိမ်