အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၉ ရက်မှ ၂၆ ရက်ထိ ကျင်းပခဲ့သည့် ၇၇ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အမေရိကန်၊ အရှေ့တီမောနှင့် မလေးရှားနိုင်ငံများမှ ခေါင်းဆောင်များက မြန်မာ့အရေးနှင့် ပတ်သက်ပြီး ထည့်သွင်းပြောဆို ဆွေးနွေးမှုများ ရှိခဲ့သည်။
သို့သော် မြန်မာ့အရေးနှင့် ပတ်သက်လျှင် နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်မှုများ နှောင့်နှေးနေဆဲ ဖြစ်သလို မြန်မာ နိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများမှာလည်း ထိထိ ရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပေ။
အဆိုပါ အရေးကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင် တွေရဲ့ ဆွေးနွေးချက်တွေက ဘယ်လို သဘောဆောင်တယ်လို့ ရှုမြင်သုံးသပ်ပါသလဲ။
ဖြေ ။ ။ အထွေထွေညီလာခံရဲ့ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု ကာလတွေမှာ နိုင်ငံအချို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး ထည့်သွင်းပြောကြားတာတွေ ရှိတယ်။ အထူးသဖြင့် နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတဲ့ထဲမှာတော့ မလေးရှားဝန်ကြီးချုပ် ပြောသွားတဲ့ မိန့်ခွန်းတွေက လူတွေလည်း ပိုသတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေး ရှားဝန်ကြီးချုပ်ဆိုရင် မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီး တော့ အရေးယူမှုတွေက ထိရောက်မှု မရှိဘဲ အားနည်းမှု ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထောက်ပြတာတွေ ရှိသလို အာဆီယံ ရဲ့ ဆောင်ရွက်မှုတွေက ထိရောက်မှု မရှိတဲ့ ပုံစံမျိုး ရှိပါတယ်။
နောက်ပြီး အရှေ့တီမောရဲ့သမ္မတ ပြောတဲ့စကားထဲမှာဆိုရင် ယူကရိန်းနဲ့ယှဉ်ပြီးတော့ မြန်မာမှာလည်း ဒီလောက် ထိခိုက်ခံစားနေရတာတွေကို ကူညီပေးမှု မရှိဘူး ဆိုတာကို ထောက်ပြ ပြောဆိုသွားတာ ရှိပါတယ်။ တခုလုံး ခြုံပြီး ပြောရရင် တချို့တွေလည်း နည်းနည်း၊ နည်းနည်းလေးတွေ မြန်မာနဲ့ပတ်သက်ပြီး ပြောသွားတာ ရှိတယ်။ တချို့တွေ လည်း နိုင်ငံ ၃/၄ နိုင်ငံကို စီပြီးတော့ ဒီလို နိုင်ငံတွေမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ် ဆိုပြီးတော့ မြန်မာလို့ ထည့်ပြောသွားတာတွေလည်း ရှိပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအချိန်မှာတော့ နိုင်ငံတော်တော်များများရဲ့ မိန့်ခွန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောသွားတာ ပိုများတာ ရှိတယ်။ ဒါကြောင့် လေ့လာသူတွေက ပြောသလို ယူကရိန်းကိစ္စက နိုင်ငံတကာမျက်နှာစာမှာ ပိုပြီးတော့ အာရုံစိုက်မှု ရနေတဲ့အတွက် မြန်မာနိုင်ငံ ကိစ္စကတော့ အားလျော့နေတယ် ဆိုတာမျိုးတွေ ပြောကြတာ ရှိတယ်။ လေ့လာသူတွေရဲ့ ပြောကြားချက်တွေက မမှားပါဘူး။ မှန်ပါတယ်။ တကယ့်လက်တွေ့ကို နားထောင်ကြည့်လိုက်ရင် ဒီခေါင်းဆောင်တွေ ပြောတဲ့အထဲမှာ မြန်မာနိုင်ငံကိစ္စ အနည်းငယ်ပဲ တွေ့ရတယ်။
သက်ဆိုင်ရာနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ပြောဆိုတာတွေမှာ မိန့်ခွန်းတော်တော်များ များမှာ သူတို့နိုင်ငံ ဘယ်လို လုပ်နေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ ပြောသွားကြတာ များတယ်။ ဒါကြောင့် မြန်မာ နိုင်ငံကိစ္စနဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဒီထက်ပိုပြီး အာရုံစိုက်မှု လိုနေသေးတယ်ဆိုတဲ့ ကိစ္စတွေ သတိထားမိတယ်။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ တတ်နိုင်သမျှပေါ့။ တတ်နိုင်သမျှ ဆိုတဲ့နေရာမှာ လည်း ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာတွေရဲ့ ထုတ်ဖော်ပြောကြားမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကို နိုင်ငံတကာက သိတာက အတိုင်းအတာတခုအထိ အားနည်းနေသေးတယ် ဆိုတာကို ကျနော်တို့ ဝန်ခံလို့ရပါတယ်။
ဒါကြောင့် ကျနော့်ဘက်အပိုင်း အနေနဲ့ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ ပြီးခဲ့တဲ့လတုန်းက လက်ယက် ကုန်းမှာရှိတဲ့ ကျောင်း ၁ ကျောင်းကို စစ်တပ်က ပစ်ခတ်မှုတွေကြောင့် ကျောင်းသားကလေးသူငယ်တွေ သေဆုံးရတဲ့ အချက်တွေကိုလည်း တတ်နိုင်သမျှ သိအောင်လို့ ပြောဆိုမှုတွေတော့ လုပ်နေတယ်။ ကျနော့် ပုဂ္ဂိုလ်ရေး အမြင်အရ ဆိုရင်တော့ အားရမှုတော့ မရှိပါဘူး။ ဒါပေမဲ့ လုပ်စရာရှိတာတော့ ဆက်လုပ်သွားဖို့ လိုတယ်။ အထူးသဖြင့် ပြည်သူ တွေရဲ့အားက အဓိကပါ။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ တော်လှန်ရေးကို မြန်မြန်ပြီးဆုံးချင်တာ ဖြစ်တဲ့အတွက် အားတွေ ပိုကောင်းလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကူညီမှုကို မဖြစ်မနေ လိုအပ်ပါ တယ်။ တတ်နိုင်သမျှ ဒီအကူအညီတွေကို လိုအပ်တယ်။ ရတဲ့နည်းနဲ့ရအောင် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ် ဆိုတာ တင်ပြပြောကြားလိုပါတယ်။
မေး ။ ။ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ အကူအညီတွေ ထိထိရောက်ရောက် မရရှိတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဘာပြောချင်လဲ။
ဖြေ ။ ။ စစ်တပ်ရဲ့ မတရားအကြမ်းဖက်မှု၊ နှိပ်စက်မှုတွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတာ၊ နေရထိုင်ရတာတွေ ခက်ခဲတာ၊ သူတို့ရဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့်၊ ရွာတွေကို မီးရှို့မှုတွေကြောင့် မြန်မာတနိုင်ငံလုံး တိုင်းရင်းသား ဒေသတွေ အပါအဝင် ပြည်သူတွေ အနေနဲ့ အိုးအိမ်စွန့်ခွာနေရတာမျိုးတွေ။ အခုဆို ကုလသမဂ္ဂရဲ့ အချက်အလက်တွေ အရ ၁ ဒသမ ၃ သန်းထိ လူပေါင်း ၁ သန်း ၃ သိန်းကျော်လောက် အိုးအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးရတဲ့၊ ရွှေ့ပြောင်းနေ ထိုင်နေရတဲ့လူတွေ ရှိတယ်။ ဒါတွေ ဖြစ်နေတာကို မသိဘူးလား ဆိုတော့လည်း UN ရဲ့ အချက်အလက်တွေကြောင့် သိနေတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး လိုအပ်တာက ၁၄ သန်းထိ ရှိတယ်ဆိုတာ UN အချက်အလက် တွေအရ ဖော်ပြနေတယ်။ ဒီအချက်အလက်တွေက နိုင်ငံတွေဆီ မရောက်ဘူးလား ဆိုတော့လည်း ရောက်ပါတယ်။ တချိန်ထဲမှာလည်း သူတို့ရဲ့ အားစိုက်မှုက အတိုင်းအတာတခုအထိတော့ ကျနော်တို့အပေါ်မှာ နည်းနေတယ်ပေါ့။
တကယ့် လူသားချင်းစာနာမှု လိုအပ်နေတယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ တော်လှန်ရေး အဖွဲ့တွေ အများစုရှိတဲ့နေရာတွေ၊ နယ်စပ်ဒေသတွေမှာ အများဆုံး ဖြစ်တယ်။ ဒါကြောင့် လူသားချင်းစာနာမှု အကူ အညီပေးရေး ကိစ္စတွေကို ကျနော်တို့ သမာရိုးကျပုံစံ အရင်လုပ်နေကျပုံစံနဲ့ သွားရင်တော့ စစ်တပ်ကို ဖြတ်ကျော်ပြီး လုပ်ဆောင်ရတဲ့အတွက် ဒီလိုနေရာမျိုးတွေကိုရောက်ဖို့ တော်တော်ခက်ခဲတယ်။ စစ်တပ်ကဆိုလည်း အမြဲပြောနေတာ ရှိတယ်။ လူသားချင်းစာနာမှုပေးတာတွေက တကယ် လူသားချင်းစာနာမှုပေးတဲ့ဆီ မရောက်ဘဲနဲ့ တော်လှန်ရေးလုပ် တဲ့ဆီ ရောက်တယ်ဆိုတာမျိုး ပြောတာတွေ ရှိတယ်။
ကျနော်တို့ အမြင်ကတော့ တကယ်လိုနေတဲ့လူတွေက ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ၊ နောက်ပြီး လွတ်မြောက်နေရာ တွေကို ရှောင်တိမ်းနေရတဲ့ နေရာတွေမှာ တကယ်လိုအပ်ချက်တွေ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ အလေး ထားပြီးတော့ ပြောနေရတယ်။ ဒါမျိုးနေရာကိုရောက်ဖို့ ဖြစ်နိုင်တဲ့ ပုံစံမျိုးစုံကို စဉ်းစားပြီး စီစဉ်ဆောင်ရွက်သင့်တယ်လို့ ပြောတာ။ ဒါကြောင့် နိုင်ငံတကာရဲ့ အကူအညီပေးမှုအပိုင်းတွေမှာ ရိုးရိုးသွားနေတဲ့ပုံစံမျိုးတွေ မရဘူး။ တကယ် လိုအပ် တဲ့လူတွေရဲ့ လက်ထဲကို နည်းလမ်းအသစ်တွေနဲ့ ဆောင်ရွက်ဖို့လိုတယ်။ သူတို့ အကူအညီပေးရေးတွေ နောက်ကျလာ တာနဲ့အမျှ လူတွေရဲ့ စားဝတ်နေရေးခက်ခဲမှု၊ ရပ်တည်မှုခက်ခဲမှု၊ ဒါတောင် ကျနော်တို့တွေ လေ့လာလိုက်တော့ လူတွေ ရဲ့ အာဟာရပြည့်ဝမှုတွေမှာ အများကြီး စိန်ခေါ်မှုတွေ ရှိလာပြီ ဆိုတာတော့ မလွဲမသွေ ပြောလို့ရပါတယ်။

နိုင်ငံတကာရဲ့ အကူအညီပေးမှုအပိုင်းမှာ ကျနော်တို့ ပြည်သူတွေ အမြဲခံစားနေရတာက ငါတို့သည် ငါတို့သာရှိသည် ဆိုတာပေါ့။ အဲဒါကလည်း အမှန်ပါပဲ။ ကျနော်တို့ လိုအပ်တဲ့ အကူအညီတွေက အခုထိ ထိထိရောက်ရောက် မရောက် သေးတဲ့အတွက် ကျနော်တို့ ပြည်သူတွေ ခံစားနေရတာက အရမ်းကိုမှန်တယ်။ ပြည်သူတွေရဲ့ သုံးသပ်ချက်တွေ၊ အသံ တွေကို ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂ (UN) ကို ဥပမာပေါ့။ UN ရဲ့ ဆောင်ရွက်နိုင်မှုအပိုင်းတွေမှာ အားမလိုအားမရ ဖြစ်ပြီး UN ကို အမြဲတမ်းပဲ ကူညီပံ့ပိုးမှုအပိုင်းတွေမှာ အားကိုးစရာအဖွဲ့အစည်းတခု မဟုတ်ဘူးဆိုတာမျိုး ပိုပိုပြီးတော့ မြင်လာတာမျိုး။ ကျနော်လည်း UN နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူတယောက် ဖြစ်တော့ အဲဒီလိုတွေ ကြားရမြင် ရ အမှန်လည်း ဖြစ်နေတော့ တချို့ဟာတွေမှာ UN က ထိန်းသိမ်းပေးတဲ့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ ဆုံးဖြတ်ပေးမှုတွေ ဟာ နှောင့်နှေးမှုတွေ၊ ကြန့်ကြာမှုတွေက အများကြီး ဖြစ်တဲ့အတွက်ကြောင့် UN အတွင်းရေးမှူးရုံး အနေနဲ့ အများကြီး ဆောင်ရွက်နိုင်တဲ့ အပိုင်းတွေမှာ အကန့်အသတ် ရှိနေတယ်ဆိုတာ ပြောလို့ရပါတယ်။ အဓိက ပြန်ကြည့်လိုက်ရင် လူ သားချင်းစာနာမှု အကူအညီတွေ မရောက်တဲ့ ပြဿနာက စစ်တပ်ရဲ့ လူသားမဆန်မှုကြောင့် ဖြစ်ရတယ်လို့ပဲ ပြောလိုပါ တယ်။
မေး ။ ။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်က မြန်မာ့အရေးဖြေရှင်းဖို့ မလုံလောက်ဘူးဆိုရင် ဘယ်လို လမ်းကြောင်းသစ် လိုအပ်တယ်လို့ ယူဆလဲ။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံကလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့တော့ မရဘူးပေါ့။ အာဆီယံရဲ့ အခန်းကဏ္ဍကိုလည်း အလေးထားပါတယ်။ ဂျာကာတာပေါ်မှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ချက် ထွက်လာတဲ့ အချိန်ကတည်းက ကျနော်တို့ အားလုံးလည်း သိတယ်။ ဒီဘုံသဘောတူ ညီချက် (၅) ချက်က လုံလောက်တဲ့၊ စိတ်ချမ်းမြေ့စရာ ဖြစ်စေခဲ့တဲ့ ဘုံသဘောတူညီချက် မဟုတ်ဘူးဆိုတာ ပြည်သူ တွေ အားလုံးလည်း သိတယ်။ ကျနော်တို့လည်း သိတယ်။ ဘုံသဘောတူညီချက် (၅) ချက် ဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်တွေ လုံးဝ ပျောက်နေတယ်။ ပြန်ကြည့်လိုက်ရင် ထိန်းသိမ်းခံထားရတဲ့လူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုမှု တွေပေါ့။ ဒီတောင်းဆိုမှုတွေကို ကြည့်လိုက်ရင် အာဆီယံခေါင်းဆောင်တွေ ကိုယ်တိုင်က ကနဦးပိုင်းထဲက စတင်ပြီး လွှတ်ရမယ်လွှတ်ရမယ်ဆိုပြီး တောင်းဆိုနေတဲ့ဥစ္စာကိုတောင်မှ ဘုံသဘောတူညီချက် ၅ ချက် ထဲမှာ မပါလာဘူး။
ဒါ အခြေခံပဲ ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကနေပြီး ထွက်လာတဲ့ ဘုံသဘောတူညီ ချက် (၅) ချက်ကို ကြိုဆိုတယ် ဆိုတာကို ထုတ်ဖော်ပြောတာတွေလည်း ရှိပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ လွတ်လပ်မှုရှိမယ်၊ ဘယ်လောက်ထိ ဘာသာရပ်အပေါ် တစိုက်မတ်မတ် အာရုံစိုက် နိုင်မလဲ ဆိုတာကိုတော့ လုပ်ခဲ့ဖူးတဲ့သူတွေ၊ လေ့လာဖူးတဲ့သူတွေတော့ မှန်းဆလို့ ရတယ်။ ဒါကလည်း ချက်ချင်းဖြစ် လာတာ မဟုတ်ဘဲနဲ့ ၆ လ၊ ၉ လလောက်မှ ဖြစ်လာတဲ့ဟာပေါ့။ နောက်ပြီးတော့ ဘရူနိုင်းဝန်ကြီး ဖြစ်ခဲ့တယ်။ သူ တောက်လျှောက် မြန်မာနိုင်ငံကို သွားရောက်ခြင်း မရှိခဲ့ဘူး။ မသွားရတဲ့ အကြောင်းကလည်း တကယ့်ကို အကြောင်း ပြချက်တွေ အများကြီး ရှိခဲ့တယ်။ ပြန်ကြည့်ရင် သူ့ဘက်က မှန်တယ်လို့ ပြောလို့ရတယ်။
ကမ္ဘောဒီးယားဝန်ကြီး ဖြစ်လာတယ်။ သူ မြန်မာနိုင်ငံကို သွားခဲ့တာတွေ ရှိတယ်။ ဘာထွက်လာလဲဆိုရင် ဘာမှ ထွက်မ လာဘူး။ အာဆီယံ အဖွဲ့ဝင်ထဲမှာရှိတဲ့ နိုင်ငံတွေထဲက စစ်တပ်က ပူးပေါင်းဆောင်ရွက်မှု မရှိလို့ တိုးတက်မှု မရှိဘူးဆို တာမျိုး ပြောတာ ရှိတယ်။ နောက်ပြီးတော့ မလေးရှားဝန်ကြီးချုပ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြား တာ ရှိတယ်။ အဲဒီမှာဆိုရင်လည်း ဘုံသဘောတူညီချက် (၅) ချက်က သုံးမရတော့ဘူး ဆိုတာတွေ ပြောတာ ရှိတယ်။ ဒါကို ပြန်ကြည့်ဖို့ လိုတယ်။ နောက်ပြီးတော့ မလေးရှား အနေနဲ့ ဘယ်လောက်ထိ အလေးထား ဆောင်ရွက်လဲဆိုရင် End Game တောင်မှ လိုနေပြီ ဆိုတာတောင် ပြောထားတာ ရှိတယ်။ ဒါကလည်း တကယ့်ကို ကျနော် သဘောတူ တယ်။ ကျနော်တို့ အနေနဲ့ အချိန်အရမ်းအရေးကြီးတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေ အသက်ဆုံးရှုံးမှုက လည်း ပိုပိုများလာတယ်။
အခုဆိုရင် AAPP က ထုတ်တဲ့ အချက်အလက်အရဆိုရင် သေဆုံးတဲ့သူ ၂၃၂၆ ယောက် ရှိနေပြီ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုထိတွက်လိုက်ရင် ၁ ရက်ကို ၅/၆ ယောက်လောက် အသက်ဆုံးရှုံးရတာတွေ ရှိတယ်။ ၁ ရက် ကြာ လေလေ အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အထူးသဖြင့် ကျနော်တို့ရဲ့ လူငယ်တွေရဲ့အသက် ဆုံးရှုံးမှုက တရက်တရက် ဆုံးရှုံးရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့တော့ လိုတယ်လို့ ပြောလိုပါတယ်။ စစ်တပ်ရဲ့ အတွေးအခေါ် သူတို့ ဘဝရပ်တည်နိုင်မှု အတွက်ကို ပုံစံမျိုးစံနဲ့ လုပ်လေ့လုပ်ထရှိတာ ဖြစ်တဲ့အတွက် အခုဆိုရင်လည်း ပြည်သူတွေကို မကြောက်ကြောက်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေတာဖြစ်တဲ့အတွက် အခုလိုမျိုး အာဆီယံရဲ့ ပါဝင် ပတ်သက်မှုကို ကြိုဆိုတယ်။
ဒါပေမဲ့ အာဆီယံတဖွဲ့ထဲကပဲ ဆောင်ရွက်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံထဲမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တူညီတဲ့ဆန္ဒ ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့ အာဆီယံတဖွဲ့ထဲက ဆောင်ရွက်မှာထက်စာရင် ဒီမိုကရေစီကို အားပေးတဲ့၊ နားလည်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒ အကျိုးစီးပွားကို လိုက်လျောညီထွေ ဖြစ်စေမယ့် နိုင်ငံတွေ ပါဝင်တဲ့ အဖွဲ့တွေက အာဆီယံနဲ့ ပူးပေါင်းပြီး၊ တွန်းအားပေးပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ပြန်ချုံ့လိုက်ရင် တော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကတော့ ကျနော်တို့ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ အဖြေတခုရနိုင်စရာ မရှိဘူးလို့ မြင်ပါတယ်။
You may also like these stories:
ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော
အထူးသံတမန်ကို အဆင့်နှိမ့်ဆက်ဆံခြင်းဖြင့် စစ်ကောင်စီက ကုလသမဂ္ဂကို မထေမဲ့မြင်ပြု
မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်