ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့အတွင်းသို့ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် ကျားဖြူတပ်ခွဲတို့ အောက်တိုဘာလ ၂၁ ရက်က ဝင်ရောက် တိုက် ခိုက်ခဲ့ကြသည်။
ကော့ကရိတ်မြို့သည် ထိုင်း- မြန်မာ နယ်စပ် နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့ ဖြစ်ပြီး မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေး ယန္တရားများ ရှိသလို ယင်းမြို့နယ်တွင် ဒေသခံ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားလျှက်ရှိသည်။
ထိုကဲ့သို့ ကော့ကရိတ်မြို့အား ဝင်ရောက် တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ (KNU/KNLA) တပ်ရင်း ၂၇ မှ တပ်ရင်းမှူးလည်းဖြစ်၊ ကော့ကရိတ်မြို့ တိုက်ပွဲအတွက် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောရန်နိုင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ကော့ကရိတ်မြို့ကို ဘာကြောင့် ဝင်တိုက်ရတာလဲ။
ဖြေ။ ။ ကျနော်တို့ ကော့ကရိတ်ကို ဝင်တိုက်ရတဲ့ အကြောင်းအရင်းကတော့ ရှင်းရှင်းပြောရရင် စနစ်တကျ အစီအစဉ်ဆွဲပြီး မဟာဗျူဟာအရ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းတော့ မဟုတ်ပါဘူး။ ကော့ကရိတ်မြို့ကို မတိုက်ခင် အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်မှာ အာရှလမ်းကို ဒုတိယအကြိမ် ပြန်လည် ပိတ်ဆို့တာပေါ့နော်။ ဒုတိယ အကြိမ် ပြန်လည် ပိတ်ဆို့တယ်လို့ ပြောရတာကတော့ လွန်ခဲ့တဲ့ ၆ လ ၇ လလောက်ကတည်းက အမှတ် ၆ တပ်မဟာ ဒူးပလာယာခရိုင်ကနေ စစ်ကောင်စီကို တရားဝင် စာထုတ်ခဲ့ပါတယ်။
အဲဒီ ထုတ်ခဲ့တဲ့ စာကတော့ ကျနော်တို့ ကော့ကရိတ်မြို့ရဲ့ တောင်ပိုင်း၊ ကော့ကရိတ်မြို့ အာရှလမ်းမကြီးရဲ့ တောင်ဘက်ပေါ့။ ကရင်ကျေးရွာတွေမှာ လာရောက်ပြီး တပ်စွဲထားတဲ့ တပ်တွေကို ပြန်လည်ဆုတ်ခွာဖို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အဲဒါကို လိုက်နာ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ်မှာ ပထမတကြိမ် ကျနော်တို့ အာရှလမ်းကို ပိတ်ဆို့ခဲ့ဖူးပါတယ်။ ပိတ်ဆိုခဲ့ ပေမယ့်လည်း ပြည်သူလူထုရဲ့ အခြေအနေ၊ ပြီးတော့ အခြေအနေအရပ်ရပ်ကြောင့် ပြန်လည် ဆုတ်ခွာပေးခဲ့တယ်။ ဘာဖြစ် လို့လဲဆိုရင် ဒီအာရှလမ်းပေါ်မှာက စစ်ကောင်စီက အခု နောက်ပိုင်းတွေမှာ စစ်ယာဉ်တန်းတွေ တိုးပြီးသွားလာခြင်း မရှိဘဲနဲ့ပြည်သူလူထု အသွင်ဆောင်ပြီးတော့မှ သွားလာနေတယ်ဆိုတဲ့ အခြေအနေကို သိရှိခဲ့ရပါတယ်။

ဒုတိယတကြိမ်လည်း လမ်းကို ထပ်ပိတ်ပြီး ၁၇၊ ၁၈ နှစ်ရက်မှာ လုံး၀ အသွားအလာ မရှိအောင် ကျနော်တို့ ပိတ်ဆို့ထားခဲ့ ပြီးတော့ လာတဲ့ကားတွေကို ပြန်လှည့်ခိုင်းခဲ့ပါတယ်။ ၁၉ ရက်မှာ ပြန်ဖွင့်ပေးခဲ့တယ်။ ကျနော်တို့တပ်တွေက လမ်းမပေါ် မှာ ရှိနေတယ်။ အတက်အဆင်း လုပ်တဲ့ ကားတွေကို ကျနော်တို့ စိစစ်ပြီးတော့မှ အရပ်သားဆိုရင်တော့ သွားခွင့်ပြုတဲ့ပုံစံ မျိုးနဲ့ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရန်သူကနေပြီးတော့မှ တန်ပြန်ပြီးတော့မှ ကားတွေကို သူတို့ ပြန်ပိတ်ဆို့ပြီးတော့မှ သွားခွင့် မပြုဘဲနဲ့ ကျွန်တော်တို့ကို လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်ပြီးတော့မှ စကခ ၁၂ (စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်) ၉၇ အမြှောက်ကုန်းကရော လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်လာတဲ့အပေါ်မှာ ဒီဘက်ကို ထိုးလာတဲ့ ထိုးစစ် အရှိန် လျော့ဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့သွားပြီးတော့ ကော့ကရိတ်မြို့ကို စနစ်တကျ စီစဉ်ထားတာ မဟုတ်ဘဲနဲ့ လျပ်တပြက် ဝင်ရောက် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မေး။ ။ ကော့ကရိတ်မြို့ကို ဝင်တိုက်တဲ့အခါ ဘယ်လောက်ကြာခဲ့လဲ။
ဖြေ။ ။ ကော့ကရိတ်မြို့ကို မနက် ၇ နာရီလောက် စတိုက်ပြီး တနေကုန် တိုက်ပွဲ ဖြစ်ခဲ့တယ်။ ပြီးတော့ ကော့ကရိတ်ရဲ့ တောင်ဘက်နဲ့မြောက်ဘက် နှစ်နေရာကနေ ဝင်တာပေါ့နော်။ သီးသန့်ရဲစခန်းရှိတဲ့နေရာကနေ ထိုးဖောက် ဝင်ရောက် လာပြီးတော့ အရင်ဆုံး တာဝါတိုင်ကုန်းမှာရှိတဲ့ ရန်သူ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ကို ခြေမှုန်းခဲ့တယ်။ ခြေမှုန်းပြီးတော့မှ တဆင့်အောက်ကို ဆင်းပြီးတော့မှ ရဲစခန်းကိုရော ၉၇ တပ်ရင်းဘက်ကိုရော ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။
တနေကုန် အောင် ကျနော်တို့မြို့ထဲမှာ နေခဲ့တယ်။ တောင်ဘက်က တိုက်တဲ့အဖွဲ့ဆိုရင် လူထုနဲ့အတူ ခြင်းလုံးတွေ ဘာတွေ ခတ်ပြီးမှ နေခဲ့တယ်။ ပြီးတော့ အဲဒီလို ကော့ကရိတ်မြို့ရဲ့ အခြေအနေက အရမ်း စိုးရိမ်စရာ အခြေအနေ ဖြစ်တော့မှ ရန်သူ က လေယာဉ်နဲ့လည်း ပစ်သလို ကော့ကရိတ်တောင်ပိုင်းမှာ တပ်စွဲထားတဲ့ တမိုင်ကုန်းစခန်းတို့ တတန်ကူးမှာ ထားတဲ့ စတဲ့အဖွဲ့တွေက ကော့ကရိတ်တောင်ပိုင်းမှာ နေရာယူထားတဲ့ အဖွဲ့တွေက မြို့ လုံခြုံရေးကို စိုးရိမ်ပြီး တပ်တွေ အကုန် ဆုတ်ခွာတယ်။
မြို့ကို ပြန်ပြီး ကာကွယ်ဖို့အတွက် အရင်နေရာယူထားတဲ့ ကော့ကရိတ်တောင်ပိုင်းက နေရာတွေကို စွန့်လွှတ်ပြီးတော့မှ မြို့ ထဲကို ပြန်လည် ဝင်ရောက် လုံခြုံရေးယူတဲ့အခါမှာ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ မူလပထမ ဖြစ်တဲ့ ကော့ကရိတ် တောင် ပိုင်းမှာ တပ်စွဲထားသော တပ်များအားလုံး ပြန်လည် ရုပ်သိမ်းရေး ဆိုတဲ့ ရည်မှန်းချက် အောင်မြင်သွားတဲ့အပေါ်မှာ ညနေမှ တပ်တွေ ပြန်ဆုတ်ခွာခဲ့တယ်။ ကျနော်တို့ ရည်မှန်းချက်က တောင်ပိုင်းက တပ်တွေ ပြန်လည်ရုပ်သိမ်းရေးပဲ ဖြစ်တယ်။ ကော့ကရိတ်မြို့ကို သိမ်းရေး မဟုတ်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြချင်တာပေါ့။ ကျနော်တို့ မြို့သိမ်းတိုက်ပွဲ မဟုတ်ဘူး။
ဒီတိုက်ပွဲ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ ကျနော်တို့တွေဟာ အကယ်၍သာ စနစ်တကျနဲ့ ဆောင် ရွက်မယ်ဆိုရင် မြို့တွေကို အလွယ်တကူ သိမ်းပိုက်နိုင်မယ်၊ ထိန်းချုပ်နိုင်မယ်လို့တော့ ကျနော် မဆိုလိုချင်ဘူး။ သိမ်းပိုက် တယ်ဆိုရင်တော့ တခါတည်း မြို့မှာ စစ်ကောင်စီတပ် မရှိတော့တဲ့အထိ မောင်းထုတ်တဲ့ အဆင့်ကို ဖြစ်မလားပေါ့။ ဒါတော့ ကျနော် မပြောလိုဘူး။ ဒါပေမယ့် သေချာတာတခုကတော့ ဒီလို မြင်တွေ့ရတဲ့ အနေအထားကတော့ ကျနော်တို့ စနစ် တကျနဲ့ အစီအစဉ် ဆွဲပြီးတော့ သေချာလုပ်မယ်ဆိုရင် တိုက်မယ်ဆိုရင် မြို့တွေကို ထိန်းချုပ်နိုင်မယ်လို့တော့ ယုံကြည် တယ်ဗျ။
မေး။ ။ ဒီကော့ကရိတ်တိုက်ပွဲမှာဆိုရင် တော်လှန်ရေး အင်အားစုတွေဘက်က ဘယ်လောက် ထိခိုက်ကျဆုံးမှု ရှိခဲ့လဲ။
ဖြေ။ ။ ဒီဖြစ်စဉ်မှာ ကျနော်တို့ဘက်က ရဲဘော်တဦး ကျဆုံးပါတယ်။ သုံးဦး ဒဏ်ရာ ရရှိပါတယ်။ စစ်ကောင်စီဘက် ကတော့ မြေပြင်မှာ တိုက်ရိုက် ကွပ်ကဲနေတဲ့ တပ်မှူး ဗိုလ်ကျော်သက်ကို မေးတဲ့အခါမှာတော့ ၉ ဦးလောက်တော့ ကျဆုံး တယ်လို့ခန့်မှန်းရတယ်။ မျက်မြင်ကတော့ တနေရာမှာ ၆ ယောက်နဲ့တနေရာမှာ ၃ ယောက်လို့တော့ သူတိတိကျကျ ပြော နိုင်တယ်လို့ ပြောပါတယ်။ အဲဒီမှာ သေချာတာကတော့ တာဝါတိုင်ကုန်းကတော့ ရန်သူရဲ့ လုံခြုံရေး ကင်းစခန်းဖြစ်တဲ့ တက် ရောက် ရှင်းလင်းတော့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်။ သူတို့အဲဒီမှာ ကစဉ့်ကလျားနဲ့ ထွက်ပြေး သွားတာရှိ တယ်။ အဲဒီမှာလဲ ကျဆုံးမှုတွေ ရှိတယ်လို့သိရတယ်။

မေး။ ။ ကော့ကရိတ်မြို့တွင်း တိုက်ပွဲမှာ ပြည်သူတွေဘက်ကရော ထိခိုက်မှု ဘယ်လောက်ရှိခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တဲ့ လမ်းကြောင်းက ပြည်သူလူထုအိမ် မရှိတဲ့ အနည်းဆုံးနေရာပဲ။ ဝန်ထမ်း အိမ်ရာတွေပဲ ရှိတယ်။ ဒါပေမယ့် သူတို့ (စစ်ကောင်စီ) ပစ်လို့ထိသွားတဲ့ပြည်သူလူထုက ဟို ခင်အေးမူရွာဆိုတာ အဝေး ကြီး။ ဟိုး ရဲစခန်းအကျော် မြဝတီလမ်းဟောင်းဘက် ဆင်းလာတဲ့ အဝေးကြီးကို လက်နက်ကြီးနဲ့ပစ်ထည့်လိုက်တယ်။ ကျနော်တို့ ကော့ကရိတ်ကို စဝင်တိုက်ကတည်းက လမ်းကြောင်း နှစ်ကြောင်းနဲ့ဝင်တိုက်ခိုက်တယ် ကော့ကရိတ်ရဲ့ အရှေ့ မြောက်ဘက်က တကြောင်း ဝင်တယ်။ ကော့ကရိတ်ရဲ့ တောင်ဘက်က တကြောင်းဝင်ပြီးတော့ တာဝါတိုင်ကုန်းကို တက် ပြီး တိုက်ပြီးတော့မှ အဲဒီကနေဆင်းပြီး ၉၇ (စစ်ကောင်စီတပ်ရင်း) ဘက်ကို ဝင်ပြီး တိုက်ခိုက်တဲ့ ပုံစံမျိုးပါပဲ။
မေး ။ ။ တပ်မဟာ ၆ ထဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် ထိန်သိမ်း ထားတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဘာကြောင့် သူတို့ကို အဲဒီလို ထားတာလဲ။
ဖြေ။ ။ စစ်သုံ့ပန်းနဲ့ပတ်သက်လို့တော့ ဝေဖန် ပြောဆို ဆဲဆိုမှုတွေ ခံရတာရှိပါတယ်။ ကျနော်တို့ KNU အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့တွေဟာ သွေးဆာနေသော လူသတ်သမားတွေ မဟုတ်ပါဘူး။ KNU ဟာဆိုရင်လည်း ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ပတ်သက်တဲ့ စစ်သုံ့ပန်းနဲ့ ပတ်သက်လို့ အတိအကျ လိုက်နာတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့မိခင်အစည်းအရုံးရဲ့ ရပ်တည်နေမှုအပေါ်မှာပဲ လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။
ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်။ လူသားဆန်ဆန် ဆက်ဆံတယ်။ လွတ်လွတ်လပ်လပ် ထားတယ်။ ဒါပေမယ့် လိုအပ်လာရင် ချုပ်နှောင်ထားတာလည်း ရှိပါတယ်။ စိတ်ခံစားချက်နဲ့ ဖမ်းဆီးရမိတဲ့သူတွေကို ငါတို့ လူတွေမိရင် ဒီကောင်တွေ ဒီလိုလုပ်တာ၊ ဒီကောင်တွေ မိရင် ငါတို့ ဒီလို ပြန်လုပ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုး ဘယ်တုန်းကမှ မတွေးသလို မလုပ် ဆောင်ခဲ့ပါဘူး။ ကျနော်တို့ စစ်အာဏာရှင် စနစ်ကို မကြိုက်လို့တိုက်ထုတ်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ပုံစံအတိုင်း ဆောင်ရွက်မယ်ဆိုရင် စစ်အာဏာရှင်ကြီးရဲ့ နောက်က လိုက်လာတဲ့ စစ်အာဏာရှင်လေးဖြစ်မှာ မလိုလားပါဘူး။
မေး။ ။ ဗိုလ်မှူးကြီးတို့ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ CDM မဝင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်သားတွေနဲ့ဝန်ထမ်းတွေကို အခုချိန်မှာ ဘာများ ပြောချင်လဲ။
ဖြေ။ ။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ CDM မလုပ်ဘူး ဆိုရင်တော့ ဒါစစ်ကောင်စီကို ထောက်ခံတဲ့လူပဲလို ပြောလို့ ရပါတယ်။ စစ်ကောင်စီကို ထောက်ခံပြီးတော့ စစ်ကောင်စီရဲ့ လုပ်ငန်းတွေကို ဘယ်လိုအခြေအနေမျိုးကြောင့်ပဲ လုပ်နေလုပ်နေ သူတို့သည် စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်တဲ့ အပေါ်မှာတော့ စစ်မြေပြင်မှာ ကျနော်တို့က ပြတ်ပြတ်သား သား ရှင်းလင်းသွားမှာ ဖြစ်တယ်။ အဲဒီလို ရှင်းလင်းတဲ့နေရာမှာ ဖမ်းဆီးရမိတဲ့သူတွေကို သုံ့ပန်းဥပဒေနဲ့အညီ ကျနော်တို့ ကိုင်တွယ်သွားမယ်။
CDM တွေ သူတို့ရဲ့ စိတ်သဘောဆန္ဒအရ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေမှာ သူတို့စိတ်ပါဝင်စားမှု မရှိတော့ဘဲ ပြည်သူ့ ရင်ခွင် ခိုဝင်လာတဲ့သူတွေကိုတော့ ကျနော်တို့က လုံးဝကို ကြိုဆိုပြီးတော့မှ တတ်နိုင်သလောက် အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးနေပါတယ်။ မိသားစုကို ခေါ်ချင်တယ်ဆိုရင်တောင်မှ ကြိုးစားပြီးတော့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းရေး အစီအစဉ်မျိုး ဖန်တီးပေးတာတွေလည်း လုပ်ပါတယ်။
မေး။ ။ အခုချိန်မှာ ပြည်သူလူထုကို ဘာများ ပြောချင်သေးလဲ။
ဖြေ။ ။ ပြည်သူကို ပေးချင်းတဲ့ သတင်းစကားက တခုပဲ ရှိတယ်။ ကျနော်တို့ ပြည်သူတွေကြားမှာ ဒီနေ့အထိ လုံး၀ ဦးမညွတ်တမ်း နောက်မဆုတ်တမ်း ဖြစ်သမျှ အခြေအနေကို ကြံ့ကြံ့ခံပြီးတော့မှ ဆောင်ရွက်နေတဲ့ ပြည်သူလူထုတွေ အများကြီး ရှိပါတယ်။ အဲဒါကိုလည်း ကျနော် ဦးညွတ် လေးစားပါတယ်။ ဒါပေမယ့် တချို့ ပြည်သူတွေထဲမှာ နှစ်ပေါင်း ၇၀ ကျော်နီးပါး ဖြတ်သန်းမှုအရ စစ်ကောင်စီရဲ့ ဒီဖိနှိပ်မှုကို မလှန်ရဲတော့ဘဲနဲ့တောက်လျှောက် စစ်ကောင်စီရဲ့ ဂျင်းတွေအပေါ် မှာပဲ သူတို့ ယုံကြည်နေပြီးတော့ အခုဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးကစပြီး ဖြစ်ပေါ်လာတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံး ပွဲမှာ နိုင်ပါ့မလား နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတချို့ ရှိနေတယ်လို့မြင်ရတယ်။
အကယ်၍ စစ်ကောင်စီ ပြန်နိုင်သွားရင် ငါတို့ ဘဝတွေ ပျက်စီးမယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ ပြောရမယ်ဆိုရင် ကြားထဲမှာ ပေါ့နော် ခြံစည်းရိုး ခွထိုင်တဲ့လူတန်းစားအချို့ရှိနေတယ်လို့ မြင်ရတယ်။ စစ်ကောင်စီဘက် လုံးလုံးပါတဲ့ လူကိုတော့ မပြောလိုဘူး။ ဒါကသူ့ကိစ္စ သူ့ရဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါပေမယ့် အချို့က ပါချင်တယ်။ ပါချင်နေပေမယ့်လည်း စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေနဲ့ဂျင်းတွေကို မကျော်လွှားနိုင်ဘဲ ပါတော့ပါချင်တယ် ဒါပေမယ့် နိုင်ပါ့မလားဆိုတဲ့ သံသယဖြစ်နေတဲ့ ပြည်သူလူထုကို ပြောချင်တာက ကျနော်တို့ နိုင်ကိုနိုင်မှာ ဖြစ်လို့ မစိုးရိမ်ပါနဲ့လို့ ကျနော် အဲဒီ သတင်းစကားကို ပေးချင် ပါတယ်။ ။
You may also like these stories:
ညောင်ချောင်းရွာ တိုက်ပွဲ၌ တပ်မ ၄၄ ဗျူဟာမှူး သေဆုံးဟု KNU ပြော
ကန်ပက်လက်ဒေသခံများကို ဗုံးခိုကျင်းများ တူးထားရန် CDF တိုက်တွန်း
ဗန်းမောက်မြို့နယ်က ဆေးရုံ ၂ ရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်