ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲရုံမက အနိမ့် ပျံ ပစ်ခတ်ရာ လူ ၁၀၀ ကျော် သေဆုံးသည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသော်လည်း ကချင်လွတ်လပ်ရေး တပ်မ တော် (KIA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ၆၃ဦးသေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိ ကြောင်း RFA သတင်းဌာနကို အတည်ပြုထားသည်။
ယင်းပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်း ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် အကြိုပွဲဖြစ်ပြီး စစ်ရေးပစ်မှတ် မဟုတ်ဘဲ အရပ်သားပြည်သူများ ရှိသည့် ဂီတဖျော်ဖြေ ပွဲကို စစ်ကောင်စီက တမင်တကာ ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့အတွက် ဗုံးကြဲတိုက်ခိုက်မှုတွင် မိသားစုဝင် ၂ ဦး သေဆုံးခဲ့ရပြီး ဤဖြစ်စဉ်ကို သိရှိထားသူ ကချင်အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ တိုက်ခိုက်ခံရတဲ့နေ့က ကြားသိထားရတဲ့ အခြေအနေကို အသေးစိတ်ကို ပြန်ပြောပြပေး နိုင်မလား။
ဖြေ ။ ။ အဲဒီနေ့ မနက်ပိုင်းက လော်ပန်တွေရော၊ ပြည်သူတွေက ဂေါက်ကွင်းမှာ ဂေါက်ရိုက်ပြိုင်ပွဲတွေ လုပ်ကြတယ်။ ည ကျတော့ ဆုချီးမြှင့်တာတွေလုပ်တယ်၊ ဘေးပတ်ဝန်းကျင်မှာ စိုက်ထားတဲ့ အသီးအနှံတွေနဲ့ပဲ ကြော်လှော်ချက်ပြီး တည် ခင်းဧည့်ခံ ကျွေးမွေးတယ်ပေါ့။ အဲဒီအချိန်မှာ ကချင် အနုပညာရှင်တွေလည်း စတိတ်စင်မှာ သီဆိုနေချိန် လေယာဉ်လာ တာ။
လေယာဉ်ဝင်လာတယ် ဆိုတာကို မကြားရဘူး၊ စတိတ်စင်နဲ့ ဒရမ်နဲ့ ဂစ်တာတွေ၊ Sound Box တွေ၊ အသံတွေနဲ့ ဖြစ်နေ တော့ မသိလိုက်ဘူးပေါ့။ တေးသံရှင် အော်ရာလီ (Aurali) သီချင်းတက်ဆိုမယ် ဆိုပြီး တက်လာတဲ့ အချိန်မှာမှ ဗုံးက စတိတ်စင်မှာ ကျတယ်။ လေယာဉ်ကလည်း တကယ့် အနိမ့်ဆုံးကို ပျံပြီးမှ စက်သေနတ်နဲ့ ပစ်တယ်။ ဗုံးတွေချတယ်ပေါ့။
တချို့က ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားတယ်။ တချို့ ဘယ်သူဘယ်ဝါ ဆိုတာတောင် မသိတော့ဘူး။ အသားစတွေ ဒီတိုင်းပဲ လွင့်စင်ပြီး ဘေးနားမှာက သစ်ပင်ကြီးတွေမှာ ကပ်တာ။ တချို့ဆို မိုင်းစ ၊ ကျည်စတွေ မထိဘဲနဲ့ လေယာဉ်ရဲ့ အရှိန်နဲ့ လွင့်သွားကြတာပေါ့။
မေး ။ ။ ဗုံးကျတာ စုစုပေါင်းက ဘယ်နှနေရာလဲ။
ဖြေ ။ ။ ၄ နေရာပေါ့။ စတိတ်စင်ပေါ်မှာ ၁ လုံး၊ အမျိုးသမီးတွေ စုပြီး ချက်ပြုတ်နေတဲ့ နေရာမှာ ၁ လုံး ကျတယ်။ နောက် တလုံးကတော့ စားသောက်စရာလေးတွေ ဘာတွေ စုစည်းတင်ထားတဲ့ နေရာကို ကျတာ။ ၂၅ ရက်နေ့မှာ တည်ခင်းဧည့်ခံ ကျွေးမွေးမယ့် နေရာပေါ့။ နောက်တလုံးက ဈေးတန်းပေါ်ကို ကျတာ။ အဲဒီမှာလည်း တောင်ယာမှာ ထွက်တဲ့ အာတာလွတ် ပြုတ်လေးတွေတို့၊ ကန်စွန်းဥဖုတ်တွေ၊ ခေါပုတ်တို့၊ အသီးအနှံတို့ စားစရာသောက်စရာလေးတွေ ရောင်းတဲ့ နေရာပေါ့။
မေး ။ ။ စတိတ်စင်ပေါ်ကို တည့်တည့်ကျတော့ အနုပညာရှင်တွေထဲက ဘယ်သူတွေ သေဆုံးတယ်ဆိုတာ အတည်ပြုလို့ ရသလဲရှင့်။
ဖြေ ။ ။ အတည်ပြုလို့ ရတာကတော့ အော်ရာလီ (Aurali) က အဲဒီညပဲ ပွဲချင်းပြီးပေါ့။ ပြီးတော့ ကီးဘုတ်ဆရာ ၊ ပြီးရင် တကယ့် အဆိုတော်တော့ မဟုတ်ဘူး။ ဝါသနာအရ စင်ပေါ်တက်ပြီး ဆိုတဲ့ အမျိုးသမီးတွေရော နောက် ကျန်တဲ့ ဂစ်တာတီး တဲ့ လူတွေရောပေါ့။ တချို့ဆိုရင် အလောင်းတောင် ရှာမရဘူး။ အခုအချိန်အထိကို တိတိကျကျ ဘယ်သူရယ်လို့ကို မပြော နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိကို အလောင်းတွေက ဘေးပတ်ဝန်းကျင် တောက်လျောက်ကတော့ ပြန်ကြည့်ပြီး ကောက်နေရတုန်း ရှိသေးတယ်။
မေး။ ။ ဗုံးကြဲခံရတဲ့ အနန့်ပါက KIA တပ်ရင်းတွေ ရှိတဲ့ စစ်ရေးပစ်မှတ် နေရာလား။
ဖြေ ။ ။ အနန့်ပါမှာ ဖြစ်သွားတာက KIA တပ်မဟာ ၉ ရဲ့နေရာ မဟုတ်ပါဘူး၊ ဒါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ် တယ်။ စစ်ရေးပစ်မှတ်နေရာ မဟုတ်ပါဘူး၊ မြေပြန့်နေရာဖြစ်တဲ့ အတွက် ဟိုးတုန်းကတည်းက ဘေးပတ်ဝန်းကျင်မှာ စိုက်ခင်းလေးနဲ့ လုပ်ထားတဲ့နေရာပါ၊ တပ်ရင်း ၆ ရှိကတည်းက အဲဒီနေရာဟာ အင်မတန် သာယာလှပတဲ့ အတွက် ဂေါက်ကွင်းတွေကို စီမံထားခဲ့တာ ဖြစ်ပါ တယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) စတင်ဖွဲ့စည်းခဲ့တာ အောက်တိုဘာ ၂၅ ရက် ဆိုရင် ၆၂ နှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် ပွဲကျင်း ပဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပြောချင်တာက ဒီနေရာက တပ်မဟာ ၉ ဌာနချုပ် ၊ စစ်တပ်နယ်မြေ မဟုတ်ပါဘူး။ ကျေးရွာ လူထုရဲ့ နေရာပဲ ဖြစ်ပါတယ်။
ဒါကို ဂုဏ်ပြုတဲ့ အနေနဲ့ ပွဲလမ်းသဘင် လုပ်မယ်ဆိုတာကလည်း အခုချိန်မှာ ဖားကန့်ဒေသ တနယ်လုံးကလည်း အင်မတန် မှကို ကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ အရမ်းပင်ပန်းတာကြောင့် အဲဒီနေရာဟာ သဘာဝပတ်ဝန်းကျင် အင်မတန်မှကို စိမ်းလန်းစို ပြေတာကြောင့် လုပ်တာ ဖြစ်တယ်။
အဲဒီတော့ စိတ်အပန်းဖြေ အနားယူတာနဲ့ တကွ စိတ်ခွန်အားလေးတွေလည်း ရအောင် ရည်ရွယ်ချက်နဲ့ပဲ စတိတ်ရှိုးလေး တွေ လုပ်ဖို့၊ ပြီးရင် ဂေါက်ကွင်းကို နည်းနည်းပါးပါး ပြုပြင်ပြီးတော့ စိတ်အပန်းဖြေပေါ့။ ဖားကန့်မှာရှိတဲ့ လော်ပန်တွေလည်း ပါဝင်ပြီးတော့မှ အမျိုးသမီးတွေ၊ ကလေးတွေလည်း လာရောက်ကြတာ ဖြစ်တယ်။
အရင်ကတည်းက မြေပြန့် တောင်ပေါ် ခွဲခြားဆက်ဆံတာကို ကျမတို့ တောင်ပေါ်သားတွေ အလူးအလိမ့်ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် တက်လာပြီးတဲ့ နောက်ပိုင်းမှာ တန်းတူအနေအထားနဲ့ ဆိုပြီးမှ ကြိုးစားခဲ့တယ်။ အဲဒီ အတွက်ကြောင့် ကျမတို့ တောင်ပေါ်က လူတွေလည်းပဲ ဗမာလူမျိုးကြီးဝါဒစွဲကို အနိမ့်ဆုံး ဖြေဖျောက်ခဲ့ရတဲ့ အချိန်ဖြစ် တယ်။
အခု ပစ်ခတ်တဲ့နေ့က ရှိနေတာကလည်း ဗမာတွေ၊ ရှမ်းတွေပါတယ်။ နောက်ဆုံးကုန်ကုန် ပြောရရင် စီးပွားရေး အရ လာ လုပ်နေတဲ့ တရုတ်လူမျိုးတွေလည်း ပါတယ်။ ကလေးတွေပါတယ်။ အမျိုးသမီးတွေ အများကြီးပါတယ်။ အဲဒီလိုမျိုး အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲ လုပ်တဲ့ နေရာမှာမှ အတင်အဓမ္မ ငါအားကြီးပါတယ်ဆိုပြီး ဝေဟင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်ဆိုတဲ့ အပေါ်မှာတော့ ဖားကန့်မှာ ရှိတဲ့ လူမျိုးပေါင်းစုံက ဒီအာဏာရူး စစ်တပ်ကို လုံးဝ ရှုတ်ချတယ်။ လုံးဝ လုံးဝကို ကမာ္ဘတည်သရွေ့ ဥဒါန်းမကြေဘူး။ ကျမတို့ ကချင် တမျိုးသားလုံးကို လူမျိုးတုန်း သတ်ဖြတ်မှု အနေနဲ့လည်း သက်ရောက် တယ်။
နောက် ဒဏ်ရာရတဲ့ လူတွေကို ဆေးကုသခွင့် ပိတ်ပင်တယ်။ ဒါကြောင့် မသေသင့်တဲ့ လူတွေ သေရတယ်။ ပြီးရင် ဆေးဝါး ရောင်းဝယ်တဲ့ ဆိုင်တွေကိုလည်း စိစစ်၊ ကြပ်မတ်တယ်။ ပြီးတော့ ကျေးရွာတွေမှာလည်း အစစ်အဆေး၊ တင်းတင်းကြပ် ကြပ်နဲ့ လုပ်ဆောင်လာတာကို တွေ့ရတော့ ဒါဟာ ကျမတို့ ကချင်လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်နေတာ ဖြစ်တယ် ဆို တာ ခံစားလာရတယ်။
ဒါကို လူသားချင်းဆိုင်ရာ ထောက်ထားမှု ကမာ္ဘလုံးဆိုင်ရာ ဥပဒေအရ သူတို့ (စစ်ကောင်စီတပ်) ကို အပြစ်ပေးခံရအောင် ၊ ဒီလုပ်ရပ်ကို စီစဉ်ညွှန်ကြားတဲ့ လူရော၊ လက်တွေ့အကောင်အထည်ဖော်တဲ့ လေယာဉ်မှူးရော ၊ ဗုံးတွေဆင်ပေးတဲ့ လူက အစ တာဝန်ယူမှု ၊ တာဝန်ခံမှု ဖြစ်အောင် ကျမတို့က ဆက်လက်ပြီး ဆောင်ရွက်သွားမယ်။ အဲဒီလောက်အထိကို စိတ်ခံစား နေရတာ ဖြစ်ပါတယ်။
မေး ။ ။ ဒါဆိုရင် ဒီနေ့အထိ အလောင်းတွေက ကောက်နေရတုန်းပဲလား။
ဖြေ ။ ။ ကောက်နေရတယ် ဆိုတာ စောစောက ပြောခဲ့သလိုပဲ၊ သစ်ပင်ပေါ်မှာ လက် ၁ ဖက်ကပ်နေတာတို့၊ ပေါင် ၁ ချောင်း ကပ်နေတာတို့ အဲဒီလိုမျိုးတွေ ခပ်လှမ်းလှမ်း ဝေးဝေးကို လွင့်စင်သွားတာတွေကြောင့် အခုအချိန်အထိကို ရှင်းလင်းတာ၊ ပြန်စစ်တာတို့ လုပ်နေတုန်းပေါ့။ အခုအချိန်အထိလည်း တွေ့နေရတုန်းပေါ့။
မေး ။ ။ သေဆုံးသွားတဲ့ထဲမှာ ပါသွားတဲ့ မိသားစုဝင်တွေက ဘယ်လိုတော်စပ်တာပါလဲ။
ဖြေ ။ ။ ကျမရဲ့မောင် အသက်က ၃၀ ကျော် တယောက်၊ နောက်တယောက်က တူလေးပေါ့၊ အမရဲ့ သား၊ အသက် ၂၀ ပြည့်ပြီးရုံပဲ ရှိသေးတယ်။ တူလေးကတော့ ဂီတဖျော်ဖြေရေးမှာ ပါဝင်တဲ့လူပါ။ ဒီပွဲကို သွားရင်းနဲ့ သေဆုံးတာပါ။ တကယ် အင်မတန်မှကို ဝမ်းနည်းကြေကွဲရပါတယ်။ အိမ်မှာ ကျမတို့ ဘာသာရေးအရ ဆုတောင်းတာတွေ လုပ်ချင်တယ်။ အလောင်းကိုလည်း သယ်ပြီးတော့ သူတို့အတွက် ကောင်းကောင်း ဆုတောင်းပွဲ လုပ်ချင်တယ်။
ဒါပေမယ့် ဖားကန့်ကို အလောင်းပြန်သယ်ခွင့် မရလို့ လုပ်ခွင့်မသာဘူး ဖြစ်နေတယ်၊ အဲဒီလို အချက်တွေ အများကြီးကို ကြည့်တဲ့အခါမှာ ဒါဟာ ကချင်လူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်မှုကို ဦးတည်ဆောင်ရွက်နေပါတယ်ဆိုတာ သိသာ ထင်ရှားစေတယ်။ သိလည်း သိသာသလို လုပ်လည်း လုပ်နေတယ်လို့၊ ဒါကြောင့် ကမာ္ဘကြေသော်လည်း ဥဒါန်းမကြေ ပါဘူး။
မေး ။ ။ ရုပ်အလောင်းတွေရော တွေ့ခွင့်ရခဲ့သေးလားရှင့်။
ဖြေ ။ ။ ဖြစ်တဲ့နေရာကို သွားခွင့်မပေးတဲ့အတွက် ကြည့်ရှုခွင့်လည်း မရဘူး။ အဲဒီဖြစ်ပျက်ခဲ့တဲ့ ကွင်းပြင်က မြေက ကျယ်ပြန့်တဲ့ မြေပြင်တယ်။ အဲဒီနေရာရဲ့ ချောင်းတဖက်ကမ်းမှာ နေရာလေး တခုယူပြီးတော့ ဘယ်သူ့လက်၊ ဘယ်သူ ခြေမှန်း မသိဘူးပေါ့။ အားလုံးကို အဲဒီမှာပဲ မြှုပ်လိုက်ရတယ်ပေါ့။ ခံစားနေရမှု အပိုင်းကတော့ ဘယ်လိုခံစားနေရမယ် ဆိုတာ ပြောမထွက်အောင် နိုင်ပါပဲ။
မေး ။ ။ ဒီလိုမျိုး ပြည်သူတွေ ရှိတယ်ဆိုတာကို သိပါလျက်နဲ့ ဦးတည် တိုက်ခိုက်တဲ့ အပေါ်မှာရော ဘာပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ခံယူတယ်။ ဒါက တိုက်ပွဲ ဖြစ်နေကြတာ မဟုတ်ဘူး။ KIA နဲ့ ဗမာစစ်တပ်နဲ့ တိုက်ပွဲ ဖြစ်နေတာ မဟုတ်ဘူး။ ဒါ ပြည်သူလူထုတွေ အများဆုံး စိတ်ပျော်ရွှင်မှု၊ ငြိမ်သက်မှုရအောင် လုပ် ဆောင်နေတဲ့ အချိန်ဖြစ်တယ်။ အပေါ်စီးကနေကို ပစ်တာ။ ပစ်တယ်ဆိုရင်လည်း နေ့မဟုတ် ညကြီးကို ပစ်တာ။ နောက် တချက်က ဒဏ်ရာရတဲ့ လူတွေကို ဆေးကုသခွင့် မပေးဘူး။ ဝင်လာဖို့လည်း အခွင့်မပေးသလို ကံဆီးရွာကနေ ထွက်သွားဖို့ လည်း အခွင့်မပေးဘူး။ ဒီဘက်ကနေ ဒဏ်ရာရတဲ့ လူတွေကို ကူညီထောက်ပံ့ပေးဖို့ အသင်းတော်၊ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ သွားတဲ့ အခါမှာလည်း စစ်တပ်က လုံးဝပိတ်ပင်ထားတယ်။
အဲဒီမှာ ထိုင်နေတဲ့ ဗျူဟာမှူးတွေကို ပြောတယ်။ ဒါပေမယ့် နေပြည်တော် တိုက်ရိုက်ညွှန်ကြားချက် ဖြစ်တဲ့အတွက် လုံးဝ မရဘူးပေါ့။ တားတဲ့ကြားကနေပြီးတော့ ဂိတ်ကနေ ၁ လှမ်းကျော်တာနဲ့ ရန်သူလို့ သတ်မှတ်ပြီးတော့ ပစ်သတ်ရမှာပဲ ဘယ်သူပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ၊ ကလေးပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုး တင်းကြပ်စွာ ကျမတို့ကို လုပ်တာ ဖြစ်တယ်။
ဒီအချိန်မှာ တနိုင်ငံလုံးက တော်လှန်နေတဲ့ အချိန်ဖြစ်တယ်။ တော်လှန်ရေးက အောင်မြင်တယ် ၊ ဖက်ဒရယ် ဒီမိုကရေစီ ဘက်ကို ဦးတည်ခဲ့ပြီ ဆိုရင်တော့ လက်တွေ့ဆောင်ရွက်တဲ့ လူတွေရော အမိန့်ပေးတဲ့ လူတွေကိုရော တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိအောင် ကျန်ခဲ့တဲ့ ကျမတို့တွေက ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီနဲ့ သူ့ရဲ့ လက်အောက်ကနေ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကို ဘာပြောချင်လဲ။
ဖြေ ။ ။ ဘာမှကို မပြောနိုင်လောက်အောင်ကိုပဲ မုန်းတီးတယ်၊ နာကျင်တယ်၊ အသေဆိုးနဲ့ သေပါစေလို့လည်း မကျိန်ဆဲ ချင်ပါဘူး။ လူဆိုတာက ကိုယ်ပြုတဲ့ကံကိုတော့ ပြန်ခံစားရမှာပဲ။ သူပြန်ခံစားရတဲ့ အချိန်မှာမှ နောင်တမရပါစေနဲ့ပေါ့။ တကယ့် ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဘီလူးထက်တောင် သာတဲ့ အာဏာရှင် စနစ်ကနေ ကျမတို့ တိုင်းရင်းသား တွေလည်း အမြန်ဆုံး လွတ်သင့်ပြီ။ အခုကတော့ တိုင်းရင်းသား အားလုံးက ဖက်ဆစ်ဘီလူး မင်းအောင်လှိုင်ကို အမြစ်ပြတ် ချေမှုန်းရမယ်။ ဒီလူတွေ အမြန်ဆုံး ကျဆုံးပါစေ။
မေး။ ။ ဒီဖားကန့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုရော ဘာများ ပြောချင်လဲ။
ဖြေ ။ ။ ဖားကန့်မှာက တုပ်တုပ်မှ လှုပ်မရအောင်ဖြစ်နေတယ်။ ကျမတို့ မြင်နေရတဲ့ ဒဏ်ရာရတဲ့လူတွေ သေဆုံးသွားသူ တွေဟာ ကျမတို့ မျက်စိရှေ့မှာပဲ ဖြစ်ပျက်နေတာ။ ဒါဟာ သက်သေပဲ။ ဒီထက် သက်သေက ဘာလိုသေးလို့လဲ။ ဒီသက် သေတွေက ကမာ္ဘကို သိအောင် ချပြသွားမှာပဲ။
You may also like these stories:
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ