မစ္စတာ စကော့ မာစီရယ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာ စကော့ မာစီရယ်သည် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် အောင်ဇော်နှင့် မြန်မာ့ ခုခံတော်လှန်ရေးအတွက် လက်နက်မဟုတ်သော အကူအညီများခွင့်ပြုသည့် အမေရိကန် ဥပဒေသစ်အကြောင်း၊ မြန်မာစစ်ကောင်စီကို နိုင်ငံတကာတွင် အထီးကျန်ထားရေးနှင့် ပဋိပက္ခဖြစ်နေသော မြန်မာနိုင်ငံအပေါ် သူ၏ ၂၀၂၃ အမြင်နှင့် အခြားကိစ္စများကို မကြားသေးမီက ဆွေးနွေးခဲ့သည်။
မေး ။ ။ ၂၀၂၃ ခုနှစ်ဟာ မြန်မာနဲ့ မြန်မာပြည်သူတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့နှစ် ဖြစ်တော့မယ်။ စစ်ကောင်စီဟာ စစ်မျက်နှာမျိုးစုံမှာ အရမ်းကို ခံနိုင်ရည်ရှိပြီး ကြီးထွားနေတဲ့ ခုခံတော်လှန်မှုကို ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာ အံ့သြစရာ သတင်းအချို့ကို ကျနော်တို့ ကြားခဲ့ရတယ်။ ၂၀၂၃ ခုနှစ် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို အမေရိကန် ကွန်ဂရက်က အတည်ပြုခဲ့တယ်။ အဲဒီဥပဒေက မြန်မာက လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ဖို့ခွင့်ပြုခဲ့ပြီး တော်တော် ထူးခြားတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူကာကွယ်ရေးတပ် (PDF) အမည်တွေကို ဖော်ပြခဲ့တယ်။ မြန်မာက ခုခံတော်လှန်ရေး လှုပ်ရှားမှုနဲ့ နိုင်ငံရေး အုပ်စုတွေကို လက်နက်မဟုတ်တဲ့ အကူအညီပေးတယ်။ အဲဒီအမြင်ကို ဘယ်လိုမြင်လဲ။ အဲဒီဥပဒေက မြန်မာနိုင်ငံ အခြေအနေမှာ ဘယ်လို အကောင်အထည် ပေါ်လာနိုင်လဲ။
ဖြေ ။ ။ ဒီဥပဒေက ငွေကြေးထောက်ပံ့မှုလို အရာကိစ္စများစွာကို ခွင့်ပြုဖို့ အများကြီးလုပ်ပေးပြီး ဒါဟာ ကြီးမားတဲ့ကိစ္စဖြစ်ပေမယ့် ဘယ်ငွေကြေးကိုမှ ခွဲဝေသတ်မှတ်မပေးဘူးဆိုတာကို သတိရဖို့လိုတယ်။ ဒါကြောင့်မို့လို့ ပိုမို ပြတ်သားတဲ့၊ ပိုမိုတက်ကြွတဲ့နည်းလမ်းကို လုပ်ဆောင်စေလိုကြောင်း ကွန်ဂရက်ကနေ မြန်မာပြည်သူတွေကိုသာမက ဘိုင်ဒင်အစိုးရကိုပါ ပြင်းထန်တဲ့သတင်းစကား ပေးပို့လိုက်တာ အဓိကဖြစ်တယ်။ ကျနော့်အမြင်တော့ ဘိုင်ဒင်အစိုးရကလည်း အဲဒီလမ်းကြောင်းဘက်ကို သွားနေတာပဲ။ ဒါကြောင့်မို့ ဒီဥပဒေက ဘိုင်ဒင်အစိုးရကို အခုသွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားဖို့၊ ပိုပြီး မြန်မြန်ဆန်ဆန်သွားဖို့ အားပေးလိုက်တာ ဖြစ်ကောင်းဖြစ်မယ်။
ပိုမို ပြတ်သားတဲ့၊ ပိုမိုတက်ကြွတဲ့နည်းလမ်းကို လုပ်ဆောင်စေလိုကြောင်း ကွန်ဂရက်ကနေ မြန်မာပြည်သူတွေကိုသာမက ဘိုင်ဒင်အစိုးရကိုပါ ပြင်းထန်တဲ့သတင်းစကား ပေးပို့လိုက်တာ အဓိကဖြစ်တယ်။
မေး ။ ။ မြေပြင်က ခုခံတော်လှန်ရေး အင်အားစုတွေကနဲ့ အတိုက်အခံအင်အားစုတွေက အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။ သူတို့ရဲ့စိတ်အားတွေ တစုံတရာ ပိုမိုခိုင်မာလာတယ်။ ဒီဥပဒေကို သူတို့ ကြိုဆိုကြတယ်။ သာမန် မြန်မာပြည်သူတွေနဲ့ အတိုက်အခံနဲ့ ဒီမိုကရက်တစ် အင်အားစုတွေဟာ အမြဲလိုလို အမေရိကန်ဘက်က ပိုမိုလုပ်ဆောင်စေလိုကြတယ်။ စစ်ကောင်စီကလည်း တော်တော် ပြင်းပြင်းထန်ထန် တုံ့ပြန်တယ်။ ဒါဟာ အချုပ်အခြာ အာဏာကို ချိုးဖောက်တယ်။ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တယ်လို့ သူတို့ပြောတယ်။ ဒီတော့ “လက်နက်မဟုတ်တဲ့ အကူအညီ” ဆိုတာကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်တို့ အတိအကျသိတယ်လို့ မထင်ပါဘူး။ ကျနော်ပြောခဲ့တဲ့အတိုင်းပဲ ဒီဥပဒေက ငွေကြေးထောက်ပံ့မှုကို ခွင့်ပြုတယ်။ ဒါပေမယ့် သူ့ရဲ့သီးခြားမေးခွန်းက ဒီဥပဒေအတွက် ဘဏ္ဍာငွေ ခွဲဝေပေးမလား၊ မပေးဘူးလားနဲ့ ပေးရင် ဘိုင်ဒင်အစိုးရက ဒီငွေကို ဘယ်လိုသုံးမလဲ ဆိုတာပဲ။ သေချာတာကတော့ ပညာရေးအတွက်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေပေးနိုင်တယ်။ စစ်ကောင်စီကို ပေးမှာမဟုတ်ဘူး။ NUG ကိုဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖြစ်ဖြစ် ဒီမိုကရေစီ အင်အားစုတွေကို ပေးမှာ။ ကျနော်ဆိုလိုတာက အရင်က၊ ကျနော် (သံအမတ်) လုပ်နေတုန်းက ကရင် ကျန်းမာရေးဌာနကို အထောက်အပံ့ ပေးခဲ့ဖူးတယ်။ ဒါကြောင့် ဒီထက်လုပ်လို့ရတာတွေ ရှိတယ်။ အုပ်ချုပ်ရေးအတွက် အားထုတ်မှုတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် ဘိုင်ဒင်အစိုးရက ဘာလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့စောင့်ကြည့်ရမယ်။
မေး ။ ။ ဒီဥပဒေမှာ NUG, PDFs နဲ့ EAOs တွေကို ဖော်ပြထားထားတယ်။
ဖြေ ။ ။ မှန်ပါတယ်။ ဒီမှာလည်းပဲ ထပ်ပြီးတော့ ဘိုင်ဒင်အစိုးရက အဲဒီလုပ်ပိုင်ခွင့်ကို ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ ဒါပေမယ့် သေချာတာက အစိုးရအနေနဲ့ အဲဒီအဖွဲ့အစည်းတွေကိုလည်း ဘဏ္ဍာငွေ ထောက်ပံ့နေသင့်တယ်လို့ ကွန်ဂရက်က ယုံကြည်တယ်ဆိုတဲ့ သတင်းစကားကို ပေးပို့လိုက်တာ ဖြစ်တယ်။ အရေးကြီးတဲ့အချက်တခုက ကမ္ဘာက ဘယ်နေရာမဆို အမေရိကန်ဟာ ငွေကြေးအတွက် တာဝန်ခံမှု စံနှုန်း တော်တော်မြင့်မားတယ် ဆိုတဲ့အချက်ဖြစ်တယ်။ လူ့အခွင့်အရေးမှာ တာဝန်ခံမှုမျိုးကို ကျနော်မဆိုလိုပါဘူး။ အမေရိကန် အစိုးရဆီက အထောက်အပံ့ရတဲ့ အဖွဲ့အစည်းတိုင်းဟာ ငွေကို အမေရိကန် အစိုးရက ပြောတဲ့အတိုင်း သုံးရမှာဖြစ်ပြီး အဲဒီငွေတွေ တခြားနေရာကို ရောက်သွားလို့ မရပါဘူး။
အရေးကြီးတဲ့အချက်တခုက ကမ္ဘာက ဘယ်နေရာမဆို အမေရိကန်ဟာ ငွေကြေးအတွက် တာဝန်ခံမှု စံနှုန်း တော်တော်မြင့်မားတယ် ဆိုတဲ့အချက်ဖြစ်တယ်။ လူ့အခွင့်အရေးမှာ တာဝန်ခံမှုမျိုးကို ကျနော်မဆိုလိုပါဘူး။ အမေရိကန် အစိုးရဆီက အထောက်အပံ့ရတဲ့ အဖွဲ့အစည်းတိုင်းဟာ ငွေကို အမေရိကန် အစိုးရက ပြောတဲ့အတိုင်း သုံးရမှာဖြစ်ပြီး အဲဒီငွေတွေ တခြားနေရာကို ရောက်သွားလို့ မရပါဘူး။
မေး ။ ။ လွန်ခဲ့တဲ့အပတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးဖို့ တောင်းဆိုပြီး ပြည်သူတွေကို ကျူးကျော်တိုက်ခိုက်မှု ချက်ချင်းရပ်အောင် တောင်းဆိုကြတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က နက်ရှိုင်းတဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြပေမယ့် ရှေ့ဆက်ပြီး ဘာလုပ်မှာလဲ။ ရှေ့ဆက်လုပ်သင့်တဲ့ အရေးယူမှုက ဘာလဲ။
ဖြေ ။ ။ ဒီဆုံးဖြတ်ချက်ကို တွေ့ရလို ကျနော်တကယ်ပဲ အံ့သြသွားတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တခုရဖို့ လုပ်တိုင်း ဗီတိုတွေကို ရှောင်ဖို့ အပေးအယူ လုပ်ရတာပဲ။ တချို့တွေက ပိုမိုပြင်းထန်တဲ့ စကားလုံးတွေ လိုချင်ခဲ့တယ်။ ဒါပေမယ့် ညှိနှိုင်းတဲ့အခါကျတော့ လေသံလျှော့ရတာပဲ။ သို့တိုင်အောင် ကျနော်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနဲ့ ခုခံတော်လှန်ရေးကို ထောက်ခံကြောင်း အရမ်းကို အခိုင်အမာ သင်္ကေတ ပြလိုက်တဲ့ သတင်းစကားလို့ ကျနော်ထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ကောင်စီဟာ ထောက်ခံမှုမရဘဲ ထောက်ခံမှုတွေပါ ဆုံးရှုံးနေတယ်ဆိုတဲ့ အရမ်းကို ခိုင်မာတဲ့ ရုရှားနဲ့ တရုတ်ကပါ လက်ခံတဲ့ သတင်းစကားကို စစ်ကောင်စီကို ပေးပို့လိုက်တာဖြစ်တယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာဖြစ်လာမယ်ဆိုတာကို မျှော်လင့်ချက်နိမ့်နိမ့်ပဲ ထားရတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးကောင်စီမှာ အရာရာညှိနှိုင်းရလို့ပဲ။ ရုရှားဖြစ်စေ၊ တရုတ်ဖြစ်စေ၊ အခြားတယောက်ယောက်ကဖြစ်စေ သဘောမတူရင် အဲဒီကိစ္စကို ရပ်တန့်အောင်လုပ်နိုင်တယ်။ အထူးသဖြင့်တော့ ဗီတိုအာဏာရတဲ့ ရုရှားနဲ့တရုတ်ပေါ့။
မေး ။ ။ ဒီတခါတော့ ရုရှားနဲ့တရုတ်က စစ်ကောင်စီကို မထောက်ခံတာမြင်ရတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ အိန္ဒိယကလည်း မထောက်ခံဘူး။ ကျနော်တို့ အခုဆွေးနွေးနေတဲ့အချိန်မှာ တရုတ် အထူးသံတမန်သစ်က စစ်ကောင်စီနဲ့တွေ့ဖို့ မြန်မာကို လာနေတယ်လို့ သတင်းဖော်ပြကြတယ်။ ရပ်ဝန်းနဲ့ လမ်းအစီအစဉ် အခြေခံ အဆောက်အအုံစီမံကိန်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံတည်ငြိမ်ရေးမှာ ဆုံးရှုံးစရာတွေ အရမ်းများနေတယ်။ စစ်ကောင်စီနဲ့ စစ်အုပ်စုကို ထောက်ခံတဲ့အတွက် တရုတ်ဟာ ပြစ်တင်ရှုတ်ချခံနေရတယ်။ အမေရိကန်က ဘာပဲလုပ်လုပ် တရုတ်က မကန့်ကွက်ရင်တောင်မှ အရမ်းကို သတိထားနေမှာဖြစ်တယ်။ တရုတ်ပြည်က ဘာတွေလုပ်နေတယ်လို့ ထင်လဲ။ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ရာမှာ ရုရှားက အဓိကနိုင်ငံဖြစ်လာတယ်။ မြန်မာလေတပ်က ပြည်သူတွေကို ဗုံးကြဲဖို့နဲ့ ခုခံတော်လှန်ရေးအင်အားစုကို တိုက်ခိုက်ဖို့ ရုရှား ဂျက်တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ သုံးနေတယ်။ ဒါကြောင့် စစ်ကောင်စီကို ဆက်လက် ထောက်ခံနေတဲ့ အဓိကနိုင်ငံ နှစ်ခုရှိနေတယ်။
ဖြေ ။ ။ ကျနော့်အမြင်မှာတော့ တရုတ်နိုင်ငံဟာ လုံးဝ လက်တွေ့ကျသလိုပဲ။ ခင်ဗျားပြောသလိုပဲ တရုတ်ဟာ အရင်စစ်အုပ်စုနဲ့ အလုပ်လုပ်တာ စိတ်ချမ်းသာတယ်။ နောက်တော့ သူတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ အလုပ်လုပ်ရတာလည်း အရမ်းစိတ်ချမ်းသာတယ်။ တရုတ်က စစ်ကောင်စီနဲ့ ဆက်လက်လုပ်ကိုင်နေတာက စစ်ကောင်စီမှာ အာဏာရှိနေတဲ့သဘောမျိုး ဖြစ်နေလို့ လို့ ကျနော်ယူဆတယ်။
ဒါပေမယ့် နက်နက်ရှိုင်းရှိုင်း ပတ်သက်မှု၊ သစ္စာရှိမှု မရှိဘူးလို့ ကျနော်ထင်တယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အမျိုးမျိုးသော အုပ်စုတွေက စစ်ကောင်စီကို အာဏာမဲ့သွားအောင် လုပ်နိုင်ရင် တရုတ်ဟာ အဲဒီ အင်အားစုတွေနဲ့ အလုပ်လုပ်ရတာကို စိတ်ချမ်းသာမှာဖြစ်တယ်။ ဒီကိစ္စဟာ အမေရိကန်-တရုတ် ပြဿနာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ အမျိုးမျိုးသော အုပ်စုတွေက စစ်ကောင်စီကို အာဏာမဲ့သွားအောင် လုပ်နိုင်ရင် တရုတ်ဟာ အဲဒီ အင်အားစုတွေနဲ့ အလုပ်လုပ်ရတာကို စိတ်ချမ်းသာမှာဖြစ်တယ်။ ဒီကိစ္စဟာ အမေရိကန်-တရုတ် ပြဿနာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။
ဒီကိစ္စဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး ဒါကို ကျနော်တို့က အမေရိကန်-တရုတ်ပြဿနာ ဖြစ်အောင် မလုပ်ချင်ဘူး။ ဒါဟာ အမေရိကန်ဘက်က စဉ်စားရတဲ့အကြောင်းရင်း၊ သတိထားရတဲ့ အကြောင်းရင်းဖြစ်တယ်။ အလွန်အကျွံလုပ်လိုက်လို့ တရုတ်က စစ်ကောင်စီကို ပိုမိုထောက်ခံအောင် ဆွပေးသလိုဖြစ်ပြီး အမေရိကန်-တရုတ် ပြဿနာဖြစ်သွားမှာကို စိုးရိမ်မှု ရှိနေတယ်။ ဒါက အမေရိကန်-တရုတ်ပြဿနာ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဖြစ်လည်း မဖြစ်ဘူး။
ရုရှားက မြန်မာမှာ တရုတ်လောက် အကျိုးစီးပွားမရှိဘူး။ (ရုရှားသမ္မတ ဗလာဒီမာ) ပူတင်က သူ ပြဿနာရှာလို့ရတဲ့ နေရာတိုင်းမှာ ပြဿနာရှာပြီး သြဇာရမယ့် နေရာတိုင်းမှာ သြဇာထူထောင်မှာပဲလို့ ကျနော်ထင်တယ်။ ဒီကိစ္စမှာတော့ လက်နက်ရောင်းပြီး ငွေရှာတာပေါ့။ ဒီမှာလည်း ထပ်ပြီးတော့ ရုရှားဘက်က နက်နက်ရှိုင်းရှိုင်း ရေရှည်ပတ်သက်မှုရှိတယ်လို့ ကျနော်မထင်ဘူး။ ရုရှားအတွက် အခွင့်အရေးရမယ့် ပစ်မှတ်တခုပဲ။
ဒါပေမယ့် ရုရှားမှာ သူ့ပြဿနာတွေနဲ့သူ ရှိနေတာလည်း ဟုတ်တယ်။ စစ်ကောင်စီရဲ့ အမြင်ကနေ ကြည့်လိုက်မယ်ဆိုရင် ရုရှားနဲ့အနီးကပ် ပူးပေါင်းရတဲ့အတွက် တရုတ်အပေါ် အလွန်အကျွံမှီခိုမှု လျှော့ချနိုင်ပြီး အဲဒီလိုလည်း စစ်ကောင်စီက လုပ်ချင်နေတာ သေချာတယ်။ ဒါပေမယ့် ဒီမှာလည်း ထပ်ပြီးတော့ ရုရှားက မြန်မာမှာ ထူးထူးခြားခြား ရေရှည်အကျိုးစီးပွား ရှိတယ်လို့ ကျနော်မထင်ပြန်ဘူး။ ဒါက သူတို့အတွက် အခွင့်အလမ်းကလေး တခုလောက် ပါပဲ။
မေး ။ ။ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် တရုတ်က အရမ်းလက်တွေ့ကျတယ်ပေါ့။ တရုတ်က လိုသလို ပျော့ပျောင်းမှုလည်း ရှိတယ်။ မြန်မာမှာ ဘယ်လို အပြောင်းအလဲတွေပဲဖြစ်ဖြစ် သူ့သဘောထားက ပုံသေမဟုတ်ဘူး။ ဒါက လက်တွေ့ကျမှု အုတ်မြစ်အပေါ်မှာ အခြေခံတယ်။ အတိုက်အခံအင်အားစုတွေဘက်၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်၊ ဒီမိုကရေစီအင်အားစုတွေဘက်၊ စစ်ကောင်စီဘက် ဘယ်ဘက်ကိုမဆို ယိမ်းနိုင်တယ်။ သူက အားလုံးနဲ့မိတ်ဖွဲ့ထားတယ်။
ဖြေ ။ ။ ဒါကြောင့်မို့လို့ NUG နဲ့ EAOs တွေအနေနဲ့ တရုတ်နဲ့ ဘယ်လိုဆွေးနွေးမှုပဲရှိရှိ သူတို့က တရုတ်အပေါ် ရန်မလိုဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ထားသင့်တယ်။ ဘယ်အစိုးရပဲ တက်လာလာ တရုတ်နဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆက်ဆံရေးတော့ အနည်းဆုံး ရှိဖို့လိုတယ်။
မေး ။ ။ ဒီစစ်ကောင်စီဟာ ရေရှည်မခံဘူး၊ အနာဂတ်မရှိဘူး၊ ဘေဂျင်းအနေနဲ့ လူထုထောက်ခံမှုရှိတဲ့၊ ပိုမိုတည်ငြိမ်တဲ့ အစိုးရမျိုးနဲ့ဆက်ဆံတာ ပိုကောင်းမယ် ဆိုတဲ့အမြင်မျိုး တရုတ်အစိုးရမှာ ရှိကောင်းရှိနိုင်တယ်။ အဲဒါမှန်လား။
ဖြေ ။ ။ မှန်တယ်လို့ ကျနော်ထင်တယ်။ စစ်ကောင်စီဟာ လုံးဝ ရက်စက်ကြမ်းကြုတ်မှုနဲ့သာ အာဏာကို ဆက်လက် ချုပ်ကိုင်နိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရတာ အတန်ကြာပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ နိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်မယ်၊ ထိထိရောက်ရောက် အုပ်ချုပ်နိုင်မယ်၊ လူထုထောက်ခံမှု တမျိုးမျိုးရမယ်ဆိုတဲ့ အထောက်အထား ဘာမှ မတွေ့ရဘူး။ တရုတ်ကလည်း ဒါကို သိနေတယ်။
ခုခံတော်လှန်ရေး အင်အားစုတွေအတွက် နည်းမျိုးစုံနဲ့ ဖြစ်နေတဲ့ စိန်ခေါ်မှုကတော့ မတူညီတဲ့ လူမျိုးစုတွေအကြား သမိုင်းဝင် အယုံအကြည်ကင်းမဲ့မှုကို ကျော်လွှားနိုင်တဲ့ တည်ငြိမ်မှု အပြောင်းအလဲကို ပေးနိုင်တယ်ဆိုတာ နိုင်ငံရေးဘက်က ပြသဖို့ဖြစ်တယ်။ ဒီကိစ္စက မလွယ်သလို ညတွင်းချင်းလည်း လုပ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒီလို ပိုဖြစ်လေလေ ပြည်ပအစိုးရတွေက မြန်မာမှာ ရှေ့ဆက်ရမယ့်လမ်းကြောင်း လမ်းပြမြေပုံနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တော့ အနည်းဆုံးရှိတယ်ဆိုတာကို မြင်လာလေလေပဲ။ အသေးစိတ်တွေကို အချိန်ယူပြီး လုပ်ရမယ်ဆိုရင်တောင်မှ အဲဒီလမ်းပြမြေပုံရှိတာကို မြင်လာမယ်။ ပိုမိုတည်ငြိမ်မှုပေးနိုင်မယ့် စစ်ကောင်စီ မဟုတ်တဲ့ အခြားရွေးစရာ ရှိတယ်ဆိုကို အခြားအစိုးရတွေက ပိုမိုလွယ်ကူစွာ မြင်လာမှာဖြစ်တယ်။
ခုခံတော်လှန်ရေး အင်အားစုတွေအတွက် နည်းမျိုးစုံနဲ့ ဖြစ်နေတဲ့ စိန်ခေါ်မှုကတော့ မတူညီတဲ့ လူမျိုးစုတွေအကြား သမိုင်းဝင် အယုံအကြည်ကင်းမဲ့မှုကို ကျော်လွှားနိုင်တဲ့ တည်ငြိမ်မှု အပြောင်းအလဲကို ပေးနိုင်တယ်ဆိုတာ နိုင်ငံရေးဘက်က ပြသဖို့ဖြစ်တယ်။ ဒီကိစ္စက မလွယ်သလို ညတွင်းချင်းလည်း လုပ်လို့မရဘူး။
မေး ။ ။ ညီညွတ်မှုက ရှားပါးလို့ အတိုက်အခံတွေနဲ့ မြန်မာပြည်သူတွေက စိုးရိမ်နေကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အတက်အကျတွေရှိပေမယ့် ခုခံတော်လှန်ရေး ခိုင်မာနေရင် ညီညွတ်သောတပ်ပေါင်းစု မဖွဲ့နိုင်ရင်တောင် ဘုံရပ်တည်ချက် တမျိုးမျိုးရှိရမယ်ဆိုတာကို သူတို့ နားလည်လာပုံရတယ်။ အဲဒီလိုမှ မဟုတ်ရင် ခုခံတော်လှန်ရေးအင်အားစုမှာ ဘုံနားလည်မှု၊ ညီညွတ်မှုမရှိလို့ အမျိုးသားကာကွယ်ရေး ဥပဒေ (NDAA) က ခွင့်ပြုထားတာတွေ အပါအဝင် ဘာအကူအညီမှ ရမှာမဟုတ်ဘူး။
ဖြေ ။ ။ ဒါက စိန်ခေါ်မှု အမှန်တကယ်များတယ်။ မြန်မာပြည်သူတွေက သူတို့တွေ သဘောထားကွဲလွဲမှု အများအပြားကို ဖြတ်ကျော်ပြီး အခု အတူတကွ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောတာ ခင်ဗျားလည်း ကြားဖူးမှာပဲ။ ဒါက မှန်ပါတယ်၊ အပြောင်းအလဲ တော်တော်ဖြစ်သွားတာ သေချာပါတယ်။ အင်အားစု အများအပြားကြားမှာ စစ်တပ်ကို ဖြုတ်ချဖို့ဆိုတဲ့ ဘုံဦးတည်ချက်တော့ အနည်းဆုံး ရှိလာတယ်။
ဒါပေမယ့် ဒါဆိုရင် “ဘာဆက်လုပ်မလဲ” ဆိုတဲ့ နောက်တဆင့် ရှိလာတယ်။ အနာဂတ်ဒီမိုကရေစီဟာ အတိအကျ ဘယ်လိုပုံစံမျိုး ဖြစ်မယ်ဆိုတဲ့ အသေးစိတ် မူကြမ်းကို မျှော်လင့်နေရင် လက်တွေ့မကျဘူးလို့ ကျနော်ထင်တယ်။ ဒါတွေက နှစ်နဲ့ချီပြီး ကြာနိုင်တယ်။ အနည်းဆုံးတော့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်လိုမျိုး အခြေခံမူတွေနဲ့ ပတ်သက်တဲ့၊ ရှေ့ဆက်ရမယ့် လမ်းနဲ့ပတ်သက်တဲ့ “နောက် နှစ်နှစ်အတွင်း ကျနော်တို့ ဘာတွေလုပ်မယ်” ဆိုတဲ့ သဘောတူညီမှု ပိုရနိုင်လေလေ ပြည်ပအစိုးရတွေနဲ့ မြန်မာပြည်သူတွေအတွက် အထောက်အကူပြုလေလေပဲ။
အဲဒီလို လုပ်နိုင်ရင် စစ်ကောင်စီက အဆိုပြုထားတဲ့ (“ရွေးကောက်ပွဲ” လို့ ခေါ်ရတာတောင် ရွံလွန်းလို့ဗျာ) သူတို့က ရွေးကောက်ပွဲလို့ခေါ်နေတဲ့ ကိစ္စကို အစားထိုးမယ့် အခြားရွေးစရာကို ပြည်ပအစိုးရတွေကို ပြသနိုင်မယ်။ အဲဒါတွေက လုံးဝ အတုအယောင်ဖြစ်တယ်၊ ဘာပြဿနာမှ မဖြေရှင်းနိုင်ဘူးဆိုတာကို လူတိုင်းသိကြတယ်။
ဒါပေမယ့် အတိုက်အခံတွေနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေက “ဒီမှာ ဒါကျနော်တို့ ရှေ့ဆက်မယ့်လမ်း” ဆိုပြီး ပြသနိုင်တဲ့ အတိုင်းအတာအထိ အစိုးရတွေကလည်း “ငါတို့ ဒီရွေးကောက်ပွဲတွေနဲ့ မပတ်သက်ဘူး၊ လက်မခံဘူး” ဆိုတာ ပြောရတာ ပိုမိုလွယ်ကူစေတယ်။
မေး ။ ။ စစ်ကောင်စီက ရွေးကောက်ပွဲ ဆက်လုပ်မယ့်ပုံပဲ။ တချို့အစိုးရတွေကလည်း ဒါဟာ နိုင်ငံတည်ငြိမ်ဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ်ထင်လို့ ထောက်ခံကောင်း ထောက်ခံနိုင်တယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ သူရဲ့အာဏာတိုးချဲ့ပြီး အုပ်ချုပ်ရေး တရားဝင်အောင်လုပ်တာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကနေ ကျနော်တို့ ဘာမျှော်လင့်လို့ရမလဲ။ ခင်ဗျားက ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် လုပ်ခဲ့ဖူးတယ်။ အင်ဒိုနီးရှားက ဒီနှစ် ASEAN ဥက္ကဋ္ဌ တာဝန်ယူတယ်။ အင်ဒိုနီးရှားက ကမ္ဘောဒီးယားနဲ့ တူမှာမဟုတ်ဘူးလို့ ထင်လား။ ဒီနိုင်ငံကလည်း အိပ်စက်နေတဲ့ သတ္တဝါကြီးပဲ။ အရမ်းကြီးမားတဲ့ နိုင်ငံပဲ။ နိုင်ငံရေးအရ ခိုင်မာပြီး ပြုပြင်ပြောင်းလဲရေးတွေကြောင့် ဒေသတွင်းမှာ အလားအလာ အကောင်းဆုံးနိုင်ငံတွေထဲက တခုဖြစ်နေပြီ။ မြန်မာနဲ့ပတ်သက်ရင် အင်ဒိုနီးရှားက လက်ရှိအချိန်အထိ ပြတ်ပြတ်သားသား ရပ်တည်တယ်။ အဲဒါ အံ့သြစရာကောင်းတယ် မဟုတ်လား။
ဖြေ ။ ။ နည်းနည်း အံ့သြစရာကောင်းပေမယ့် အင်ဒိုနီးရှားပြည်တွင်းမှာ ခရီးရှည်ကြီး လျှောက်ခဲ့ရတာကို သတိရမယ်ဆိုရင် အများကြီးတော့ အံ့သြစရာ မဟုတ်ဘူး။ သူတို့က ဒီမိုကရေစီကို ဂရုစိုက်တယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ဂရုစိုက်တယ်။ ကျနော်ဆိုလိုတာက မြန်မာမှာ ပြည်သူတွေက ဒီမိုကရေစီ သက်သက်အတွက် လုပ်နေတယ်လို့ ကျနော်မထင်ဘူး။ ကျနော်က မြန်မာနိုင်ငံသား မဟုတ်ဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ မြန်မာနိုင်ငံသားတွေ ခုခံတော်လှန်နေတာက ဒီမိုကရေစီအတွက်သာမက သူတို့အနာဂတ်အတွက် မျှော်လင့်ချက် တစုံတရာအတွက်လည်း ပါဝင်တယ်။ ကျနော်ထင်တာက အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး နှစ်ပေါင်းများစွာ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်နေမှာကို မမြင်ချင်ဘူး။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ အပါအဝင် အင်ဒိုနီးရှားက တက်တက်ကြွကြွ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒီမိုကရေစီ အင်အားစုတွေကို ပိုမိုစာနာပြီး အပြောင်းအလဲကို ပိုမိုကြိုဆိုမှာသေချာတယ်။
မြန်မာမှာ ပြည်သူတွေက ဒီမိုကရေစီ သက်သက်အတွက် လုပ်နေတယ်လို့ ကျနော်မထင်ဘူး။ ကျနော်က မြန်မာနိုင်ငံသား မဟုတ်ဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ မြန်မာနိုင်ငံသားတွေ ခုခံတော်လှန်နေတာက ဒီမိုကရေစီအတွက်သာမက သူတို့အနာဂတ်အတွက် မျှော်လင့်ချက် တစုံတရာအတွက်လည်း ပါဝင်တယ်။
ASEAN တခုလုံးအနေနဲ့ကတော့ ဆက်လက် သဘောထားကွဲနေမယ်လို့ ကျနော်ထင်တယ်။ (ထိုင်းနိုင်ငံက စီစဉ်ပြီး စစ်ကောင်စီနဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားက နိုင်ငံခြားရေးဝန်ကြီးတွေ) မကြာသေးမီက ဘန်ကောက်မှာလုပ်တဲ့ ကိစ္စက ဘာကိစ္စလဲ ကျနော်မသိဘူး။ သိပ်ပြီး ပုံပန်းမကျဘူး။ ဒါပေမယ့် ကျနော် အသေအချာတော့ မပြောနိုင်ဘူး။ ရွေးကောက်ပွဲက လွဲပြီး အကျပ်အတည်းက ထွက်ဖို့ အခြားနည်းလမ်း မမြင်တာကြောင့် ရလဒ်ကို တချို့ ASEAN နိုင်ငံတွေက လက်ခံချင်တဲ့ အခြေအနေရှိတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုက အဲဒီ ရွေးကောက်ပွဲဟာ အကျပ်အတည်းက လွတ်မြောက်ရေး ထွက်ပေါက် မဟုတ်ဘူးဆိုတာ သူတို့ကို ရှင်းပြရမယ်။
အဲဒီရွေးကောက်ပွဲတွေဟာ အခြေခံ ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူး။ ပထမအချက်အနေနဲ့ပြောရရင် နိုင်ငံရေး ခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူ အများအပြား ထောင်ထဲရောက်နေလို့ အဲဒီ ရွေးကောက်ပွဲတွေမှာ ပါဝင်သူနည်းနည်းပဲရှိပြီး အကြမ်းဖက်မှု သိသိသာသာများနိုင်လို့ နည်းမျိုးစုံနဲ့ ဟာသဖြစ်နေမယ်။ ဒီရွေးကောက်ပွဲတွေက အကျပ်အတည်းက ထွက်ပေါက်မဟုတ်ဘူး။ ဒါက လက်ရှိအကျပ်အတည်းကနေ ထွက်ပေါက်ရှာနေတဲ့ ASEAN ခေါင်းဆောင်တွေနဲ့ အခြားခေါင်းဆောင်တွေ နားထောင်ဖို့ လိုအပ်တဲ့ အဓိကသတင်းစကားဖြစ်တယ်။
မေး ။ ။ အထူးသဖြင့် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပေါ့။ ထိုင်းနိုင်ငံဟာ မြန်မာကဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းသူတွေ၊ ထွက်ပြေးလာတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို လက်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ လူသားချင်းစာနာမှု အမြင်အရကြည့်ရင် ထိုင်းဟာ သူ့နိုင်ငံကို ရောက်လာသူတွေကို စာနာတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကလည်း ကပ်လျှက် အိမ်နီးချင်းမှာ အိမ်မီးရှို့နေတာကို စိုးရိမ်တယ်။ အခု နိုင်ငံမီးလောင်နေပြီ။ လွန်ခဲ့တဲ့နှစ်တုန်းက ကျနော်တို့တွေ လူသားချင်းစာနာမှု စင်္ကြံအကြောင်း၊ အမေရိကန် အကူအညီအကြောင်းနဲ့ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေအကြောင်း ပြောခဲ့ကြတယ်။ ဒုက္ခသည် အခြေအနေကြောင့် လုံခြုံရေး စိန်ခေါ်မှုဖြစ်မယ့်အကြောင်း ပြောခဲ့ကြတယ်။ အမေရိကန်အနေနဲ့ ပိုမိုလုပ်ဆောင်ချင်တယ်ဆိုရင် ထိုင်းနဲ့ ပိုမို ဆွေးနွေးရမယ်။ အပြောင်းအလဲဖြစ်ချင်ရင် ထိုင်းက အဓိကကျတဲ့ နိုင်ငံဖြစ်တယ်။
ဖြေ ။ ။ ကျနော်သဘောတူပါတယ်။ ထိုင်းက အရေးပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ထိုင်းတွေသိတယ်။ စစ်ကောင်စီဟာ ရှေ့ကိုချီတက်နေတဲ့ တည်ငြိမ်မှုရင်းမြစ် မဟုတ်ဘူးဆိုတာကို သူတို့ သိဖို့ လိုတယ်။ သူတို့က စစ်ကောင်စီနဲ့ ဆက်ဆံရေးရှိလို့ အဲဒီဆက်ဆံရေးတွေ မှောက်ထိုးမှောက်ခုံ မဖြစ်စေချင်ဘူး။ ကျနော်နဲ့ ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် အမေရိကန်အရာရှိတွေက ထိုင်းအရာရှိတွေကို ဒီကိစ္စ နိုင်ငံရေးအရရော လူသားချင်းစာနာမှုအရရော ပုံမှန်ပြောနေတယ်လို့ စိတ်ကူးယဉ်ကြည့်နိုင်တယ်။
ထိုင်းတွေအကြောင်း နည်းနည်းနားလည်ထားတဲ့အတွက် ထိုင်းနိုင်ငံက ကြီးမားတဲ့ ကြေညာချက်တွေ ထွက်လာမယ်လို့ မမျှော်လင့်သင့်သလို သူတို့ကို သွားတောင်းဆိုဖို့လည်း မသင့်ဘူး။ အဲဒီအစား ခိုလှုံသူတွေကို ကူညီဖို့အရေး အကူအညီတွေ မြန်မာကိုရောက်အောင်ရော အဆင်ပြေအောင် မြေပြင်အခြေအနေကို လက်တွေ့ကျကျနဲ့ အတတ်နိုင်ဆုံး လုပ်ပေးဖို့ပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဆီကို အကူအညီတွေ ရောက်လေလေ အကူအညီရတဲ့သူတွေက ထိုင်းနိုင်ငံထဲအထိ ထွက်ပြေးဖို့မလိုဘူးလို့ ယူဆလေလေပဲ။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာ ထိုင်းရဲ့ အကျိုးစီးပွားလည်း ပါဝင်တယ်။ ဒါပေမယ့် နိုင်ငံရေးအကြောင်းတွေကြောင့် ဒီကိစ္စကို ထိုင်းက တိုးတိုးတိတ်တိတ်ပဲ လုပ်ရလိမ့်မယ်။
ပြည်သူတွေဆီကို အကူအညီတွေ ရောက်လေလေ အကူအညီရတဲ့သူတွေက ထိုင်းနိုင်ငံထဲအထိ ထွက်ပြေးဖို့မလိုဘူးလို့ ယူဆလေလေပဲ။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာ ထိုင်းရဲ့ အကျိုးစီးပွားလည်း ပါဝင်တယ်။ ဒါပေမယ့် နိုင်ငံရေးအကြောင်းတွေကြောင့် ဒီကိစ္စကို ထိုင်းက တိုးတိုးတိတ်တိတ်ပဲ လုပ်ရလိမ့်မယ်။
မေး ။ ။ မြန်မာပြည်သူတွေက ဘာတွေ မျှော်လင့်နေသလဲဆိုတဲ့ အစောပိုင်းက မေးခွန်းကို ပြန်သွားရရင် ဒီမိုကရေစီသက်သက် မဟုတ်ဘူး။ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့လည်း ဆိုင်တယ်။ အာဏာရှင်ဆန်တဲ့ အစိုးရပုံစံမျိုးဆိုရင်တောင်မှ အဲဒီအစိုးရက ပွင့်လင်းမြင်သာစေချင်တယ်။ သူတို့က တိုင်းပြည်ကို လူရမ်းကား လူယုတ်မာတွေ အုပ်ချုပ်တာ မလိုချင်ဘူး။ အခုမြန်မာကို လူရမ်းကားလူယုတ်မာတွေ အုပ်ချုပ်နေတာ အထင်အရှားပဲလေ။
ဖြေ ။ ။ ကျနော်တို့ အမေရိကန်တွေ အနေနဲ့ ဒီမိုကရေစီကိုပဲ ဦးစားပေးတယ်။ ဒီမိုကရေစီနဲ့ တဦးချင်းအခွင့်အရေးတွေကို အကာအကွယ်ပေးတာ ကျနော်တို့က မြင်တွေ့လိုတယ်။ ကျနော်တို့ အစိုးရအပါအဝင် ဘယ်အစိုးရမှ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီတွေ မဟုတ်ကြဘူး။ ကျနော်တို့မှာလည်း ကျနော်တို့ အပြစ်အနာအဆာနဲ့ ကျနော်တို့ ရှိတယ်။
ဒါပေမယ့် အာဏာရှင်ပိုဆန်ပေမယ့် သူတို့ပြည်သူတွေကို ဝန်ဆောင်ပြီး အကျိုးစီးပွားတွေ ယူဆောင်ပေးတဲ့ အစိုးရတွေရှိတယ်။ အဲဒီလိုအစိုးရတွေက စစ်ကောင်စီလိုမျိုး ပြည်သူတွေကို နေ့စဉ် ဗုံးကြဲ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ မလုပ်ကြဘူး။ ဒါကြောင့် ကျနော်အရင်က ပြောခဲ့သလိုပဲ စစ်ကောင်စီဟာ ခမာနီနောက်ပိုင်း အရှေ့တောင်အာရှမှာ အဆိုးရွားဆုံး အာဏာရှင်ပဲ။ သူတို့လုပ်တဲ့ ဘယ်ကိစ္စကမှ နိုင်ငံအတွက်ရော ကမ္ဘာအတွက်ပါ အပြုသဘောမဆောင်ဘူး။ အားလုံးက အပျက်သဘောတွေချည်းပဲ။
“တခုခုကောင်းလာမလား” လို့ ပြောမိရင်တောင် အန္တရာယ်ရှိတယ်။ ဒီလိုပြောလိုက်လို့ မြန်မာပြည်သူတွေက စစ်ကောင်စီထက် နည်းနည်းလေးပဲသာတဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ အစိုးရကို လက်ခံမယ်လို့ ကျနော်ဆိုလိုတာ မဟုတ်ဘူး။ ပြည်သူတွေဟာ ဒီထက်မက လုပ်နိုင်ပြီး ဒီထက်မက ပိုမိုမျှော်လင့်ရမယ်။
အကောင်းဆုံးကတော့ ဖက်ဒရယ်စနစ်ထဲက ဒီမိုကရေစီပဲ။ အနိမ့်ဆုံးဆိုရင်တောင် ပြည်သူကိုမသတ်ဘဲ ဝန်ဆောင်မှုတချို့ပေးပြီး ပွင့်လင်းမြင်သာမှုတချို့နဲ့ လွန်ခဲ့သောဆယ်စုနှစ်တုန်းက ပြည်သူတွေ ခံစားခဲ့ရသလို မျှော်လင့်ချက် တစုံတရာပေးနိုင်တဲ့ အစိုးရမျိုး ရကိုရရမယ်။
အကောင်းဆုံးကတော့ ဖက်ဒရယ်စနစ်ထဲက ဒီမိုကရေစီပဲ။ အနိမ့်ဆုံးဆိုရင်တောင် ပြည်သူကိုမသတ်ဘဲ ဝန်ဆောင်မှုတချို့ပေးပြီး ပွင့်လင်းမြင်သာမှုတချို့နဲ့ လွန်ခဲ့သောဆယ်စုနှစ်တုန်းက ပြည်သူတွေ ခံစားခဲ့ရသလို မျှော်လင့်ချက် တစုံတရာပေးနိုင်တဲ့ အစိုးရမျိုး ရကိုရရမယ်။
မေး ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း နိုင်ငံကမျှော်လင့်ခဲ့တာ အားလုံးနဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း တည်ဆောက်ခဲ့တာ အားလုံး ပျက်သုဉ်းကုန်ပြီ။ ကျွမ်းကျင်မှုကောင်းတွေရှိတဲ့ လူငယ်မျိုးဆက် အများအပြားဟာ နိုင်ငံကနေ ထွက်ခွာသွားကြပြီ။ သူတို့တွေက ဘာသာစကားအရ၊ နည်းပညာအရနဲ့ ကျွမ်းကျင်မှုအရ ပိုမိုကောင်းမွန်အောင် ပြည်စုံနေကြတော့ သူတို့ကို ကြည့်ပြီး ကျနော် ပိုမိုမျှော်လင့်ခဲ့တယ်။ သူတို့က ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု ပိုရှိပြီး ပိုပြီး မျှော်လင့်စရာကောင်းတယ်။ ဘယ်လိုညှိနှိုင်းရမယ်ဆိုတာ သူတို့သိတယ်။ ဘယ်လို အလုပ်လုပ်လဲဆိုတာ သိတယ်။ ဒါကြောင့် တိုင်းပြည်အတွက် မျှော်လင့်ချက် တစုံတရာပေးတယ်။ အခုတော့ စစ်ကောင်စီက ဘယ်လိုလုပ်နေလဲဆိုတာကို မြင်ရတာ ကျနော်တို့အတွက် မျှော်လင့်ချက်ကင်းမဲ့စေတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ စစ်ကောင်စီက အာဏာချုပ်ကိုင်ထားသမျှ ကာလပတ်လုံး တိုင်းပြည်အတွက် မျှော်လင့်ချက် မရှိဘူး။ NUG ဒါမှမဟုတ် တခြား ခုခံတော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ စိုးရိမ်ပူပန်စရာတွေ ရှိရင်တောင်မှ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUG နဲ့ တချို့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ အခြားအင်အားစုတွေက မျှော်လင့်ချက်ကြီးမားစွာနဲ့ စစ်မှန်တဲ့တိုးတက်မှုအတွက် အလားအလာကို ပေးတယ်။ စစ်ကောင်စီက ဘာမှမပေးနိုင်ဘူး။ သူတို့ အာဏာဆက်လက်ချုပ်ကိုင်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ ကျနော်တို့ အားလုံး သိကြတာပဲ။
မေး ။ ။ NDAA အကြောင်း ပြန်ပြောရရင် စစ်ကောင်စီနဲ့ သူ့ရဲ့ခရိုနီတွေကို ပိုမိုကျယ်ပြန့်တဲ့ အရေးယူမှုအရ ဘာတွေ မျှော်လင့်ထားလဲ။ စစ်ကောင်စီကို အပြင်းအထန် အပြစ်ပေးတာကို၊ ရေနံနဲ့ဓာတ်ငွေ့ရောင်းချတဲ့ အကျိုးအမြတ်တွေ အပါအဝင် သူတို့ ဆက်လက်ရှင်သန်ဖို့ လိုအပ်တဲ့ ရန်ပုံငွေနဲ့ တခြားအကူအညီစီးဆင်းမှု အဆုံးသတ်သွားတာကို မြင်ချင်တဲ့ မြန်မာပြည်သူတွေကို သံအမတ်ကြီး ဘာပြောမလဲ။ အဲဒီနယ်ပယ်မှာ ဘာတွေ ရှေ့ဆက်ဖြစ်မယ်လို့ မြင်ထားလဲ။
ဖြေ ။ ။ ကျနော် ဝါရှင်တန်ကလူတွေနဲ့ မဆွေးနွေးရသေးလို့ သူတို့ဘာတွေ စဉ်းစားနေတယ်ဆိုတာ ကျနော် အတိအကျ မသိဘူး။ ဒါပေမယ့် သူတို့တွေက ဘယ်အရေးယူပိတ်ဆို့မှုဟာ ထိရောက်မှုရှိမယ်ဆိုတာကို၊ အထူးသဖြင့် စစ်ကောင်စီနဲ့ သူတို့ပတ်ဝန်းကျင်က လူတွေဆီကို ဘဏ္ဍာငွေစီးဆင်းမှုအပေါ် သက်ရောက်မှုရှိမယ်ဆိုတာကို သူတို့ ပုံမှန်လေ့လာနေတယ်။ ဒါကြောင့် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ဖြစ်လာဦးမယ်လို့ ကျနော်ထင်ပေမယ့် ဘယ်လိုအရေးယူမှု ဖြစ်မယ်ဆိုတာ ကျနော် အတိအကျမသိဘူး။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူမှာလား၊ မယူဘူးလား ကျနော်မသိဘူး။ အဲဒါက သူ့တို့လေ့လာနေတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာ ကျနော်သိတယ်။ ရန်ကုန်နဲ့ ထိုင်းနိုင်ငံမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်မှာကို သူတို့စိုးရိမ်နေတယ်။ ဒီကိစ္စက လွယ်မယ်လို့ လူတော်တော်များက ထင်နေတာ ကျနော်သိတယ်။ တကယ်လွယ်တယ်ဆိုရင် လုပ်ခဲ့ပြီးပြီပေါ့။ ဒီကိစ္စက ရှုပ်ထွေးတယ်၊ ဒါပေမယ့် သူတို့ အဲဒီကိစ္စတွေကို ဆက်လက် ကြည့်ရှုလေ့လာနေတယ်လို့ ကျနော်ယူဆတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူမှာလား၊ မယူဘူးလား ကျနော်မသိဘူး။ အဲဒါက သူ့တို့လေ့လာနေတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာ ကျနော်သိတယ်။ ရန်ကုန်နဲ့ ထိုင်းနိုင်ငံမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်မှာကို သူတို့စိုးရိမ်နေတယ်။ ဒီကိစ္စက လွယ်မယ်လို့ လူတော်တော်များက ထင်နေတာ ကျနော်သိတယ်။ တကယ်လွယ်တယ်ဆိုရင် လုပ်ခဲ့ပြီးပြီပေါ့။
မေး ။ ။ ရုရှားနဲ့ ဆက်စပ်မှုအကြောင်း ပြောပြပါဦး။ စစ်ကောင်စီဟာ ရုရှားဆီကရော တရုတ်ဆီကပါ ဂျက်တိုက်လေယာဉ်တွေ ဆက်လက်ရရှိနေပြီး ခုခံတော်လှန်ရေးအင်အားစုတွေ အင်အားကောင်းတဲ့ တိုင်းပြည်အစိတ်အပိုင်းတွေကို တိုက်ခိုက်ဖို့ သုံးနေတယ်။ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ် ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူတို့တွေသေဆုံးနေတာကို မြင်ရတာ စိတ်အရမ်းထိခိုက်စရာ ကောင်းတယ်။ စစ်လက်နက်ပစ္စည်းနဲ့ အကူအညီတွေ စီးဆင်းမှု ရပ်တန့်သွားအောင် အမေရိကန်နဲ့ အခြားမဟာမိတ်တွေ၊ လုပ်ဆောင်နေသူတွေက ကုလသမဂ္ဂအဆင့်နဲ့ တခြား နိုင်ငံတကာအဆင့်တွေမှာ ဘာတွေလုပ်ပေးနိုင်လဲ။
ဖြေ ။ ။ ရုရှားက တိုက်လေယာဉ်တွေနဲ့ လက်နက်တွေ စီးဆင်းမှု ရပ်တန့်သွားအောင် လုပ်ရတာ အရမ်းခက်တယ်။ ကျနော်တို့က ရုရှားကိုလည်း အခြားကိစ္စတခုဖြစ်တဲ့ ယူကရိန်းနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်နေတာပဲ။ ရုရှားနဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်နိုင်တာအရာရာကို လုပ်နေပြီးပြီ။ လေယာဉ်လောင်စာတွေ အရေးယူပိတ်ဆို့ဖို့ ပိုမိုအားထုတ်မှုတွေ ရှိသင့်တယ်လို့ ပြောနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း အမျိုးမျိုးက ဖော်ပြနေတာ ကျနော်တွေ့နေရတယ်။ အဲဒီကုန်စည် ဖြန့်ဖြူးရေးကွင်းဆက် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ကျနော်မသိဘူး။ ဒါပေမယ့် လေယာဉ်ဆီမရှိရင် လေယာဉ် မပျံသန်းနိုင်တော့လို့ အမေရိကန်နဲ့ စိတ်တူကိုယ်တူနိုင်ငံတွေဟာ လေယာဉ်လောင်စာ စီးဆင်းမှုဖြတ်တောက်ဖို့ ဒါမှမဟုတ် လေယာဉ်လောင်စာ ရရှိဖို့ ပိုမိုခက်ခဲသွားအောင်လုပ်ဖို့ နည်းလမ်းရှာမယ်လို့ ကျနော် မျှော်လင့်နေတာ သေချာပါတယ်။
မေး ။ ။ ၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးရှုခင်းကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အခုမြင်နေရတာတွေပဲ ဆက်မြင်နေရမယ်လို့ ထင်တယ်။ ဒါတွေက တော်လှန်ရေးလှုပ်ရှားမှုထဲမှာ ဖြည်းဖြည်းနဲ့ မှန်မှန် မျိုးဆက်ပြောင်းလဲမှုပဲ။ ပိုမို ငယ်ရွယ်သူတွေဟာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကို ယူလာကြမယ်။ ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်လို့ ကျနော်ထင်တယ်။ တူညီတဲ့ ရည်မှန်းချက်တွေရှိတဲ့ လူမှုအသိုက်အဝန်းတွေအကြား ဆက်ဆံရေး တည်ဆောက်ရာမှာ ဆက်လက် တိုးတက်လာမယ်။ အဲဒီလို ဖြစ်နိုင်ပေမယ့် ခက်ခက်ခဲခဲ အများကြီးလုပ်ရမှာဖြစ်ပြီး အတွေးအခေါ်ဟောင်း တချို့ကိုလည်း ကျော်လွှားနိုင်ရမယ်။
စစ်ကောင်စီ မဟုတ်တဲ့ကျောင်းတွေ ပိုများပြား လည်ပတ်လာခြင်းနဲ့ နိုင်ငံရဲ့ ပိုမိုများပြားတဲ့ အစိတ်အပိုင်းတွေမှာ ပိုမိုအရည်အသွေးရှိတဲ့ အုပ်ချုပ်ရေး ပေါ်ပေါက်လာခြင်းတို့ဟာ ၂၀၂၃ ခုနှစ်အတွက် ကြီးမားတဲ့ နယ်ပယ်တခုဖြစ်တယ်။
စစ်ကောင်စီ အင်အားကောင်းလာမှာ ကျနော်မမြင်ဘူး။ စစ်ကောင်စီဟာ အင်အား ဆက်လက် ကျဆင်းလာမှာဖြစ်ပေမယ့် ဘာဖြစ်မယ်ဆိုတာ တိတိကျကျ ကြိုတင်ခန့်မှန်းဖို့ အရမ်းခက်တယ်။ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ်တခုဖြစ်ပြီး ၆ လအတွင်း အရာရာ ဖြေရှင်းလိုက်နိုင်တယ်လို့ ပြောလို့ရရင် ပြောချင်တာပေါ့ဗျာ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျနော်တို့ဟာ အခုတွေ့မြင်နေရတာတွေကိုပဲ တွေ့နေရမှာဖြစ်ပြီး စစ်ကောင်စီက တဖြည်းဖြည်း အင်အားချည့်နဲ့လာမယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြန်မာပြည်သူတွေက အင်အားတောင့်တင်းလာပြီး နိုင်ငံရဲ့ ပိုမိုများပြားတဲ့ အစိတ်အပိုင်းတွေမှာ ပညာရေးအပါအဝင် ဒေသအဆင့် အုပ်ချုပ်ရေးတွေ၊ အနာဂတ်အတွက် အရမ်း အရေးပါတဲ့အရာတွေ ထူထောင်လာမယ်။
ဒါကြောင့် ထိပ်ဆုံးက သတင်းခေါင်းစဉ်တွေထက် မြေပြင်က အခြေအနေတွေကို ကျနော် ပိုမိုကြည့်ရှုလေ့လာတယ်။ လူငယ်တွေဟာ ပညာရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးနေတာ ခင်ဗျားလည်း သိတယ်။ တတိုင်းပြည်လုံးလည်း သိတယ်။ စစ်ကောင်စီ မဟုတ်တဲ့ကျောင်းတွေ ပိုများပြား လည်ပတ်လာခြင်းနဲ့ နိုင်ငံရဲ့ ပိုမိုများပြားတဲ့ အစိတ်အပိုင်းတွေမှာ ပိုမိုအရည်အသွေးရှိတဲ့ အုပ်ချုပ်ရေး ပေါ်ပေါက်လာခြင်းတို့ဟာ ၂၀၂၃ ခုနှစ်အတွက် ကြီးမားတဲ့ နယ်ပယ်တခုဖြစ်တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Clear Political Plan Would Help Myanmar Resistance’s Cause: Ex-US Ambassador ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ အယ်ဒီတာချုပ်ဖြစ်သည်။)
You may also like these stories:
“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”
မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်
ဒါက နောက်တကြိမ် အာဏာသိမ်းမှုသက်သက် မဟုတ်ဘူး
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာ အကူအညီ