ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် တပ်မှူး ၂ ဦးသည် ယခုဇန်နဝါရီလ ၄ ရက်နေ့က ဝေသာလီကွင်းတွင် လုပ်သည့် လွတ်လပ်ရေးအခမ်းအနားမှ ကားဖြင့် ပြန်လာစဉ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက် ၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
လုပ်ကြံသတ်ဖြတ်မှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/ AA ) မှ တပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်း ALP ပါတီမှ တရားဝင် ကြေညာထုတ်ပြန်ထားပြီး ULA/ AA ဘက်မှ ယင်းစွပ်စွဲချက်မှာ အခြေအမြစ်မရှိဟု ပြန်လည် ငြင်းထားသည်။
ထိုသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ စစ်ဘက်ခေါင်းဆောင် ၃ ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး လက်နက် ကိုင်တော်လှန်ရေးအဖွဲ့ များနှင့် ရခိုင်လူမှုအဝိုင်းအဝန်းကြားတွင် သဘောထားအမြင် အမျိုးမျိုးရှိနေကြသဖြင့် လက်နက်ကိုင်တော်လှန်ရေးကြားတွင် သွေးထွက်သံယို ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ အပါအဝင် ရခိုင်ပြည်နယ် စစ်ရေး ၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ရခိုင့် ဦးဆောင်ပါတီဥက္ကဌလည်းဖြစ်သူ ဒေါက်တာအေးမောင်အား ဧရာဝတီမှ ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ မကြာခင်က ALP ပါတီ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ ALP ကတော့ AA လက်ချက် ဆိုပြီး စွပ်စွဲနေတယ်။ တဖက်ကလည်း မဟုတ်ဘူးလို့ ငြင်းတယ်။ ဒီဖြစ်ရပ်ဟာ ရခိုင့်လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းမှာ ဘယ်လို ပုံစံမျိုး ရိုက်ခတ်မှုတွေ ရှိလာနိုင်လဲ။
ဖြေ။ ။ တော်လှန်ရေးသမိုင်းမှာတော့ ကာလတခုကိုတော့ ဖြတ်သန်းကြရတယ်။ အဲဒါကတော့ ဓမ္မတာပဲ ၊ လူမျိုးတမျိုးက လွပ်လပ်မှု ဆုံးရှုံးတယ်လို့ ခံယူရင် လွတ်လပ်မှု ရအောင် လုပ်ကြတယ်။ ဒါကလည်း သမိုင်းနဲ့ချီရှိနေပြီ။ သမိုင်းအရ ဖြတ် သန်းကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမှာ ယုံကြည်မှု၊ ခံယူမှုတခုတော့ ရှိဖို့လိုတယ်။ ကိုယ့်တို့ထက် အရင် လက်နက်ကိုင်တော်လှန်မှုတခုကို လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ရင် လွှင့်ပစ်လို့ရသလား။ ဆဲဆိုလို့ ရသ လား။ သူတို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကို မှတ်တမ်းတင်ဖို့ မလိုဘူးလား။ သင်ခန်းစာ မယူသင့်ဘူးလား ဆိုတဲ့ ဒီဟာတွေကို ရင့်ကျက်မှုရှိရှိနဲ့ ကျနော်တို့ ပြန်သုံးသပ်ဖို့လိုတယ်။ အခုပြဿနာက အဲဒါပဲ။
တကယ်လို့ ALP / ALA ဟာ ရခိုင်တို့ ရင်ထဲမှာ သူတို့မျှော်မှန်းတဲ့ ပန်းတိုင်ကို ယူပေးနိုင်ဖို့ မဟုတ်တော့ဘူးလို့ ယုံကြည်ရင် အဲဒီအဖွဲ့အစည်းကို ကိုယ်တို့ကိုယ်တိုင် ဖျက်ပစ်မှာလား ။ ကိုယ်တို့ကိုယ်တိုင် ချေမှုန်းပစ်မှာလားဆိုတဲ့ သမိုင်းတခုကို ကိုယ်တို့ ကိုယ်တိုင်စဉ်းစားရမယ်။ တကယ်လို့ အခုလက်ရှိအဖွဲ့တခုက ကာလတခုကျော်လွန်လို့ ရခိုင်တမျိုးသားလုံး မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်နိုင်လို့ သတ်မှတ်တဲ့ ကာလ၊ အဲဒီကာလမှာ ဖြစ်လာမယ့် လူငယ်တွေက အခု ALP / ALA တို့လို ပြန်ပြီးတော့ ပစ်ပယ်ခြင်း ၊ ရှုံ့ချခြင်းကို ရင်မဆိုင်ရဘူးလို့ ကျနော်တို့ ပြောနိုင်မလား။
ကျနော်တို့ ရခိုင်တော်လှန်ရေးသမိုင်းကို ဝေဖန်နေတာမဟုတ်။ သမိုင်းအရ ဖြစ်စဉ်တွေကို ပြန်ပြောပြတာပါ။ လက်နက်ကိုင် တော်လှန်ရေးရှိတယ်။ နိုင်ငံရေးနည်းအရ ကိုယ်တို့ လိုချင်တဲ့ တန်းတူ အခွင့်အရေးနဲ့ အုပ်ချုပ်ပိုင်ခွင့် ၊ ပြဌာန်းပိုင်ခွင့်တွေကို ကြိုးစားနေကြတဲ့ အသွင်မတူတဲ့အဖွဲ့အစည်းတိုင်းကို ချေမှုန်းပစ်မှာလား။ ငါနဲ့ မတူရင် ရန်သူလားဆိုတဲ့ အဲဒီအဖွဲ့ အစည်းတွေက ဘယ်အဖွဲ့အစည်းလို့ မဆိုလိုဘူး။ ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။
မေး။ ။ ULA / AA နဲ့ ALP / ALA ကြားမှာ ဒီဖြစ်စဉ်တွေ မတိုင်မီ နှစ်ဘက် ဆက်ဆံရေးကြားမှာ ဝိရောဓိတွေ ဖြစ်ပြီးတော့ အပြန်အလှန် ဖမ်းဆီးတာတချို့လည်း ရှိခဲ့ကြတယ်။ အဲဒီဖြစ်စဉ်တွေ အပေါ်မှာ ဘယ်လို မြင်မိလဲ။
ဖြေ။ ။ အခု ပြဿနာတွေပေါ့။ ဒီပြဿနာမတိုင်ခင် ဖမ်းတယ်ဆီးတယ်ဆိုတဲ့ အသံတွေကို အများကြီး ကြားတယ်။ ALP ဘက်ကလည်း ကြေညာတယ်။ ULA ဘက်ကလည်း တချို့ဟာတွေကို မြင်ပါတယ်။ ဖမ်းခြင်းဆီးခြင်းတွေကို သွေးမြေမကျဖို့ ကျနော်တို့ကတော့ မေတ္တာပို့ပါတယ်။
သံဃာ ၄ ပါးကို မြောက်ဦးမှာ ဖမ်းတယ် ကြားတယ်။ ကျနော်တို့ ပါတီကလည်း ၂ ယောက်ဖမ်းခံရတယ်။ ဦးကျော်ဇောဦး (စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ) နဲ့ပတ်သက်လို့ ဖမ်းတာ မှန်တယ်လို့ ပြောတယ်။ ဦးကျော်လွင်(ကျောက်ဖြူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တော့ ULA/ AA ဘက်က ဝန်မခံ။ ဦးကျော်လွင်ကို ဖမ်းထားမှန်း ကျနော်တို့ သိတယ်။ ဘယ်နေရာမှာ ဖမ်းထားမှန်းလည်း ကျနော်တို့ သိတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကျတော့ ဦးခိုင်သုခက မပြော။ အဲဒါသည် ကျနော်တို့ ဖြစ်ပျက်နေတဲ့ အမှန်တရား။
လွတ်လပ်ရေးနေ့မှာ အခုလိုမျိုး စိတ်မကောင်းဖွယ်ကြားရတော့ ALP ဘက်က စတိတ်မန့်တခုထွက်တယ်။ ကျနော်တို့ မြင် လိုက်ရပါတယ်။ ဟုတ်သည် ၊ မဟုတ်သည်ကတော့ ကျနော်တို့ မြေပြင်မှာ မရှိတော့ ပြောဖို့ ခက်ပါတယ်။ လွတ်လပ်ရေး နေ့ အခမ်းအနား အပြီး အပြန်မှာ လမ်းကြောင်းအရ ငစရိုင်းဘုန်းကြီးကျောင်းဘက်က သွားတဲ့အခါမှာ ပစ်သတ်ခံရတယ်။ ကျရှုံးတယ် အဲဒီလိုမျိုးကြားတယ်။ ULA / AA ဟုတ်ခြင်း မဟုတ်ခြင်းကတော့ တပိုင်းပေါ့။ ALP / ALA ဘက်ကတော့ အဲဒီလိုယူဆပြီးတော့ စတိတ်မန့် ထုတ်တယ်ပေါ့။ တဖက်က ငြင်းတယ်။
သက်တမ်းရင့်တဲ့ စစ်ဦးစီးချုပ် အပါအဝင် ပုဂ္ဂိုလ်တွေ ကျဆုံးမှုဆိုတဲ့ ကဏ္ဍမှာ နိုင်ငံခြားရောက်တချို့ ပုဂ္ဂိုလ်တွေက လှောင် ကြတယ်။ ရခိုင်ပြည်မှာ ရှိတဲ့ တချို့ ပုဂ္ဂိုလ်တွေက လှောင်ကြတယ်။ ကျနော်တို့ အမြင်မှာတော့ အဲဒီလို မလှောင်သင့်ဘူး။ ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ ကိုယ်တို့ထက် စောပြီး တက်လာတဲ့ အဖွဲ့အစည်းတခုက ပုဂ္ဂိုလ်တွေ ကျဆုံး၊ လုပ်ကြံခံရမှုမှာ ကိုယ်တို့လိုမျိုး တာဝန်ထမ်းနေတဲ့ သူတွေ ကျဆုံးမှုအပေါ် သနားဂရုဏာသက်ရမယ်။ ဝမ်းနည်းကြောင်း စတိတ်မန့်လေး တစောင် ထုတ်ပြန်သင့်တယ်။ သမိုင်းအရ ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ညီညွတ်လို့ မရသည့် တိုင် ဆန့်ကျင်ဘက် မဖြစ်ရဘူး။ တူညီတဲ့ ဦးတည်ရာနဲ့ မတူညီတဲ့ အသွင်သဏ္ဍာန်နဲ့ ချီတက်နေတဲ့ ကဏ္ဍမျိုးမှာတောင်မှ မိတ် မပျက်ရဘူး။ လူမျိုးတူတယ်။ ခံစားချက်လည်း တူတယ်။
မေး။ ။ AA က သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာ ALP ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ္စာဖောက်လုပ်ရပ်တွေကို လုပ်နေတယ်။ နေပြည်တော်အစည်းအဝေးမှာ သွားပြီး တော်လှန်ရေး ဟန်ပြလုပ်နေတယ် ဆိုတာမျိုးပြောထား တာရှိ တယ်။ ရခိုင်ပြည်သူ အများစုကလည်း စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတဲ့ ALP ဟာ ရခိုင်လူမျိုးတွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေး ဆိုတဲ့ မျှော်မှန်းချက်တွေ ကြားမှာ ALP သွားနေတဲ့ လမ်းကြောင်းက လူထုဆန္ဒနဲ့ ထပ်တူကျမှုရှိသလား။
ဖြေ။ ။ ဒါ ပြောဖို့ခက်တယ်။ ALP/ ALA က စစ်ကောင်စီနဲ့ ဆွေးနွေးရင် ULA / AA ကရော မဆွေးနွေးဘူးလား။ ဦးသိန်းစိန် လက်ထက်မှာ ရန်ကုန် ရွှေလီလမ်းမှာရှိတဲ့ ငြိမ်ချမ်းရေးစင်တာဗဟိုမှာ ဗိုလ်မှူးကြီးကျော်ဟန်၊ တဖက်က ဗိုလ်မှူးကြီး မင်းထွန်းတို့ ရွှေလီလမ်းမှာ အမြဲတမ်း ဆုံပါတယ်။ ANC (ရခိုင်အမျိုးသားကောင်စီ )ဘက်က ကိုထွန်းဇော် တို့လည်း လာပါ တယ်။ ငြိမ်းချမ်းရေး NCA လမ်းကြောင်းဆိုတဲ့ အဲဒီကာလမျိုးမှာ မြောက်ပိုင်း ၃ ဖွဲ့ကို လက်ခံဖို့ ကျနော်တို့ တော်တော်ကြီး ကို ဖိအားပေးခဲ့ပါတယ်။ အဲဒီကာလ အစိုးရကိုပေါ့။ NLD လက်ထက်မှာလည်း ကျနော်တို့ ဖိအားပေးတယ်။ ဦးသိန်းစိန်ရဲ့ လယ်တော်အိမ်တော်ထဲမှာကို AA ကို ရခိုင်ပြည်နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွဲခေါ်ပေးပါ။
အဲဒီကာလက ကျနော်တို့ သမ္မတကြီး ဦးသိန်စိန်ကို ပြောဆိုခဲ့တဲ့ အပေါ်မှာလည်း အဲဒီကာလက ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ လက်ခံပါတယ်။ ဗိုလ်မှူးကြီးကျော်ဟန်တို့လည်း လက်ခံတယ်။ ဆိုလိုတာက တည်ဆဲ အစိုးရတရပ်နဲ့ ဆွေးနွေးမှုရှိဖို့ လိုအပ် မလိုအပ် ပထမအချက်ပဲ၊ ALP ဆွေးနွေးတယ်၊ သစ္စာဖောက်တယ်။ ULA / AA မဆွေးနွေးဘူး။ အရင်တုန်းက မဆွေးနွေး ခဲ့ ဘူးလား။ ဆွေးနွေးမှုလမ်းကြောင်း တခုမလိုအပ်ဘူးလား ကျနော်တို့ ဘယ်လမ်းကိုပဲ သွားသွားပါ။ ဒါသည် သစ္စာဖောက် တာလား။ ကျနော်တို့ ပြောတာက သုံးသပ်ရမှာ နားကြီး၊ မျက်စိကြီး၊ အတွေးအခေါ်ကြီးကြီးနဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ ဘက်ကို ကျနော် အိုင်ဒီယာပြောတာပါ။ ကျနော်တို့အမြင် ကျယ်ကျယ်နဲ့ လှမ်းဖို့လိုပါတယ်။
ကျနော်တို့ လက်ရှိ အကျပ်အတည်းတခုကို ကျော်ဖြတ်မယ်ဆိုရင် ကြားဝင်ပေးဖို့လိုတယ်။ ကြားဝင်ဖို့ ကဏ္ဍလိုတယ်။ ကျနော်တို့ ဖြစ်စေချင်တာက အချင်းချင်း ပဋိပက္ခဆိုရင် ညှိနှိုင်းကြပါ။ ဖြေရှင်းကြပါ။ တော်လှန်ရေးသမိုင်းအရ ဖြတ်သန်း လာတဲ့ ရခိုင်တို့ ဖြတ်သန်းလာတဲ့ သင်ခန်းစာကို ယူကြပါ။ လက်နက်နဲ့သာ အနိုင်ယူသွားတဲ့ သမိုင်းသာရှိခဲ့ရင် အခုဖြစ် နေတဲ့ ပြည်တွင်းစစ်က ၇၅ နှစ်မကြာဘူး။ အခု ၇၅ နှစ်မှာ ဘယ်သူနိုင်သလဲ ဘယ်သူရှုံးသလဲ ကိုယ့်ဟာကို သုံးသပ်ကြပါ။
မေး။ ။ ဆွေးနွေးဖို့ ဆိုတဲ့ အပိုင်းမှာ တဖက်က လူသူ လက်နက် အင်အားရှိတဲ့ AA နဲ့ လက်နက်ကိုင်တော်လှန်ရေး နေညို ချိန်ကိုရောက်နေတဲ့ ALP တို့ကြားမှာ နှစ်ဖက်ဆွေးနွေးမှုက ဒီလိုအချိန်မှာ အဆင်ပြေနိုင်ပါ့သလား။
ဖြေ။ ။ ဖြစ်ဖို့တော့ မထင်ဘူး။ အင်အားကြီးတဲ့အဖွဲ့ ပါဝါရှိတဲ့အဖွဲ့နဲ့ အင်အားနည်းသွားတဲ့အဖွဲ့တို့ တခါမှလည်း တန်းတူ ဆွေးနွေးခြင်း မဖြစ်ခဲ့ဘူး။ အင်အားမျှခြေ မတိမ်းမယိမ်း ကာလမျိုးမှာသာ ဆွေးနွေးမှု ဖြစ်တာများပါတယ်။ မဟုတ်ဘူး ဆိုရင်တော့ တဖက်က ဖိတတ်တယ်။
သို့သော် ရခိုင်လူမှုအဖွဲ့အစည်းမှာ မညီမျှမှုတွေ အများကြီးပါ။ ကျနော်တို့ ငယ်ငယ်ကဆို နယ်ကတက်လာတော့ ကျွန်းသား (တောသား) ဆိုပြီးတော့ စစ်တွေမြိုကို ရောက်တာနဲ့ နှိမ်တယ်။ စာသင်ကျောင်းမှာတောင်မှ မယူကမ်းသား၊ ရမ်းဗြဲသား စကားနဲ့ ဆရာလုပ်တဲ့ လူတောင်မှ နှိမ်တယ်။ အဲဒီလိုမျိုးတွေကို လူမျိုးတမျိုးမှာ ပြန်ပြင်ဖို့ လိုတယ်။ လူမျိုးစုတွေ ကြားမှာ ချစ်ကြည်မှု ရအောင် ဘယ်လို လျှောက်လှမ်းကြမလဲ၊ အခု အစ္စလမ်ဘာသာဝင်တွေနဲ့ ချစ်ကြည်မှုရအောင် လုပ်နေတာကို ကျနော်လည်း ချီးကျူးတယ်။
အခုလိုမျိုး သမိုင်းမှာ အရင်ဖွဲ့စည်းတည်ထောင်လာတဲ့ အဖွဲ့အစည်းတခုကို ဒီလိုလွှင့်ပစ်လိုက်မယ်။ ပစ်ပယ်လိုက်မယ် ဖမ်းဆီးပစ်မယ် ဆိုတာမျိုးထက် တွေ့ဆုံဆွေးနွေးမယ်။ အဖြေရှာမယ်။ ပူးပေါင်းမယ်။ ညှိနှိုင်းမယ်။ လမ်းကြောင်း မတူရင် တောင်မှ တူနိုင်တဲ့ လမ်းကြောင်းကို ညှိမယ်။ အဲဒီလိုမျိုးနဲ့ဆိုရင် ရခိုင်ပြည်သူ တရပ်လုံးကလည်း ဝမ်းသာမယ် ထင်တယ်။ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းတဲ့ အခါမှာတော့ ခက်ခဲမယ်။ တဖွဲ့ကတဖွဲ့ကို လေးစားဖို့လိုမယ်။ တဖွဲ့က တဖွဲ့ကို အသိအမှတ်ပြုဖို့လိုမယ်။
သို့မဟုတ် အဖွဲ့ကြီးတဖွဲ့ထဲမှာ အင်အားနည်းတဲ့ အဖွဲ့က အပြုတ်ဖြုတ်ခြင်းကို ခံမလား၊ သို့မဟုတ် တော်ရုံတန်ရုံ နိုင်ငံရေး အားဖြင့် ညှိနှိုင်းပြီးတော့ ဂုဏ်သိက္ခာရှိရှိ ပေးမလား ဆိုတာကတော့ အဲဒီအဖွဲ့အစည်း နှစ်ခုရဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်း ချက်နဲ့သာ သက်ဆိုင်မယ်။
မေး။ ။ ဆရာတို့ပါတီက ဗဟိုကော်မတီအဆင့် ဖြစ်တဲ့ ဦးကျော်လွင်နဲ့ ဦးကျော်ဇောဦးတို့ကို အဖမ်းခံ နေရတာရှိတယ်။ ဦးကျော်ဇောဦးကိုတော့ ULA/ AA က သူတို့ ဖမ်းထားတယ်ဆိုတာ ထုတ်ပြောတယ်။ ဦးကျော်လွင်ကိုတော့ ဖမ်းတယ်။ မဖမ်းဘူး မှတ်ချက်မပေးဘူး။ ဒီအပေါ်မှာရော ဆရာအနေနဲ့ ရော ဘာများ တုံ့ပြန်ပြောကြားချင်တာရှိလဲ။
ဖြေ။ ။ ဦးကျော်လွင်ကိစ္စကို ကျနော်တို့ ဦးမောင်ကောင်း လွတ်လာကတည်းက ဘယ်အဖွဲ့အစည်းက ဖမ်းတယ်ဆိုတာ အစောကြီးကတည်းက သိပါတယ်။ ကျနော်က နှုတ်ကပြောလို့ မကောင်းဘူး။ အောက်ခြေမှာ ဖြစ်ပျက်နေတာကို ဗဟို ကတော့ သိမှာပဲ၊ အထူးသဖြင့် ဦးခိုင်သုခတို့လို ပြန်ကြားရေးတာဝန်ခံက ပြောလာလိမ့်မယ်။ ကျနော်တို့ကလည်း ဒီလို မလုပ်သင့်ဘူးဆိုတာ အရိပ်အခြည်တော့ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
အကြောင်းရင်းကိုမေးတော့ မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်း ဓါးထိုးခံရပြီး သေဆုံးသွား တယ်လို့ ပြော ပါတယ်။ ဥပုဒ်စောင့်ပြီး ပြန်လာတဲ့ ကိုယ်တို့ ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ပင်စင်ယူခါနီး တယောက်ပါ။ ဦးကျော်လွင်ကလည်း သမိုင်းအကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဖေ့စ်ဘွတ်မှာ ရေးသားနေသူ တဦးပါ။ ကျနော်တို့ အတွေးအခေါ် ကျနော်တို့ ဖြတ်သန်းလာတဲ့ သမိုင်းအရ ပြန်သုံးသပ်တဲ့အခါ ဦးကျော်လွင်ရေးတာ မမှားဘူး။ သူပြောတာက ကျန်းမာရေးဌာန၊ ပညာရေးဌာန ဒီလို အကျိုးပြုတဲ့ဌာနတွေကို မလုပ်အပ်ဘူး။
ဒီလိုဌာနက လူတွေကို မောင်တောလို လူမျိုးရေး ဘာသာရေး ပဋိပက္ခ အထိအခိုက်မခံနိုင်တဲ့ နေရာမျိုးမှာ မလုပ်အပ်ဆိုတဲ့ အမြင်မျိုးနဲ့ ဒီလိုသာ ဟိုလူကို ဒီလူလုပ်လို့ ဒီလူ့ကို ဟိုလူလုပ်တယ်ဆိုရင် ဘယ်လို တိုင်းပြည်နိုင်ငံကို အုပ်ချုပ်မလဲဆိုတဲ့ ဂရုဏာဒေါသနဲ့ လူမျိုးရေးပဋိပက္ခဖြစ်မှာစိုးလို့ ရေးတဲ့ ဖေ့စ်ဘွတ်ကဟာကြောင့် လော်ဘီတွေအများကြီး သူ့ကို ထိုးနှက် တိုက်ခိုက်ကြတယ်။ သူရေးတဲ့အပေါ် အောက်တိုဘာလ ၂ ရက်နေ့ မှာ ရှင်းလင်းချက် သုံးကြိမ်ရေးသားခဲ့တယ်လို့ ကျနော် နားလည်တယ်။ ၄ ရက်နေ့မှာ သူ့ကို ဖမ်းသွားတယ်။ အဲဒါသည် အကြောင်းရင်းပဲ ။
ဦးကျော်လွင်ရေးသားတဲ့ Post အပေါ် ဦးကျော်ဇောဦးကလည်း ကိုယ်ချင်းစာပြီးတော့ အတင်းအကျပ် ခေါ်ယူသွားတာ ခံရ တယ်လို့ သူ့ဘက်က အင်္ဂလိပ်လို ဖေ့စ်ဘွတ်မှာ ရေးတင်တဲ့အခါ ဦးကျော်ဇောဦးကိုပါ တခါ ဖမ်းသွားတယ်။ သူတို့နှစ်ဦးကို ဘယ်မှာ ဖမ်းခေါ်ထားတယ်ဆိုတာ ကျနော်သိနေပါတယ်။ ULA နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေက တဆင့် ကျနော်စုံစမ်းပါတယ်။ နေရာအတိအကျကို သိပါတယ်။ ဒါပေမယ့် ကျနော် မပြောဘူး။
ကျနော်တို့ အင်အားနဲ့ မေတ္တာရပ်ခံလို့ မရတဲ့အခါ တရုတ်အစိုးရကို မေတ္တာရပ်ခံပါတယ်၊ သိတယ် မသိဘူးဆိုတာကတော့ ULA ရဲ့ သဘော ပါ။ CPC (တရုတ်ကွန်မြူနစ်ပါတီ)နဲ့ ကျနော်တို့ AFP (ရခိုင့်ဦးဆောင်ပါတီ)က ညီအစ်ကိုပါတီပါ။ မိတ်ဖက် ပါတီပါ။ ကျနော်တို့ဘက်က သံရုံးကို အကြောင်းကြားပါတယ်။ အမှန်အတိုင်းပြောရင် ဆာဆာကာဝါလာတဲ့ အချိန်လည်း တချက်ကူညီပါဆိုတာ ပြောခဲ့တယ်။ ULA /AA နဲ့ ဒီလိုမျိုးဖြစ်နေတယ်။ နောက်တခါ ငြိမ်းချမ်းရေးအတွက် ကြားဝင်ပေး ပါ ပေါ့၊ နှစ်ဖက် ဖမ်းထားတာတွေကို ဆက်မလုပ်အောင် လုပ်ပေးပါ၊ ကြားဝင်ပြောခဲ့တယ်။ အားကိုးမရှိတော့ အရှေ့မြောက် ဘက်က တရုတ်ဘက်ကို ဒီဇင်ဘာလဆန်းပိုင်းလောက်က ကူညီပေးဖို့ မေတ္တာရပ်ခံထားတာတွေ ရှိပါတယ်။
ဒါရဲ့ အကျိုးပြုမှုကတော့ လာမှာလား မလာဘူးလားဆိုတာ မသိဘူး။ ကိုယ်တို့ အချင်းချင်း နားလည်မှုအရ သဘောထား ကြီးမှုအရ ခေါ်ထားရင်လည်း အပြစ်မရှိရင် ပြန်လွှတ်ပေးသင့်တယ်။ သူတို့နဲ့ ပတ်သက်ပြီး မိသားစုတွေရှိတယ်။ မိခင်ပါတီရှိ တယ်။ သူတို့ လုပ်ဆောင်ချက်က သွေးထွက်သံယိုဖြစ်တာလည်းမဟုတ်၊ တဖက်အဖွဲ့အစည်းကို စော်ကားတာလည်း မဟုတ်။ ဦးကျော်လွင်ရေးတဲ့ စာမှာလည်း ULA /AA လို့ တခုမှ စွပ်စွဲတာမပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးကို ချိန်ထိုးပြီးတော့ ရေးတာပါ။
မေး။ ။ ULA / AA ဘက်ကတရားဝင် ထုတ်ဖော်ပြောကြားတာတခုရှိပါတယ်။ ရခိုင်ပြည်မှာ ULA / AA ကလွဲပြီး တခြား လက်နက်ကိုင်အဖွဲ့ မလိုအပ်ဘူးဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာရှိပါတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဒီ မူဝါဒချမှတ်တဲ့ အကြောင်းရင်းကိုတော့ ကျနော်နားမလည်ဘူး။ သို့သော်ရခိုင်ပြည်မှာ လက်ရှိ မြန်မာ့တပ်မတော် ရှိပါတယ်။ ALP / ALA ကလည်းရှိတယ်။ ULA / AA နဲ့ ALP / ALA တို့က ရခိုင်နဲ့ ရခိုင်မျိုးနွယ်တွေကို ကိုယ်စားပြုပြီးတော့ ဖြစ်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့ ခုနက ပြောသလို တဖွဲ့တည်းသာ ရှိရမယ်ဆိုတဲ့မူကတော့ ULA / AA ဘက်က ချမှတ်ထားသော်လည်း လူမျိုးစုတိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်း ရှိနေတဲ့ကာလမှာ အလွန်တရာမှ ထိလွယ် ရှလွယ် ဖြစ်တတ်ဆိုတာမျိုး သုံးသပ်တတ်ဖို့ လိုတယ်။
ဒါကြောင့် လက်ရှိမှာ မြန်မာ့တပ်မတော်ဘက်က အင်အားအများကြီးနဲ့ တည်ရှိနေတယ်။ ရခိုင်ပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်း တခုတည်းသာ ရှိရမယ်ဆိုရင် ရခိုင်တမျိုးသားလုံးကို ကာကွယ်ဖို့ ULA / AA တဖွဲ့တည်းလို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့ ပန်းတိုင်ရည်မှန်းချက်လို့ ကျနော်တို့ သတ်မှတ်ရမှာ ဖြစ်တယ်။ လက်တွေ့ ဖြစ်နိုင်မဖြစ်နိုင်ကတော့ တပိုင်းပေါ့။ သို့သော် ALP / AA နဲ့ ထိပ်တိုက်တွေ့မှု ၊ နောက်ဟိုဘက်က ဗိုလ်မှူးကြီးမင်းထွန်း (ရခိုင်ပြည်တပ်မတော် – AA) တို့ ဒီဘက် ကို ပြောင်းလာမယ်ဆိုရင် ချေမှုန်းပစ်လိုက်မှာလား။ ပူပေါင်းမှာလားဆိုတာ စစ်ရေး၊နိုင်ငံရေး ကဏ္ဍတခုကလည်း ရှိလာ မယ်။
တဖက်မှာ ARSA တို့ကို ဘယ်လို သဘောထားမလဲ ၊ ARSA နောက်မှာ ဘာရှိသလဲ ၊ OIC ရှိသလား ၊ ဘယ်နိုင်ငံတွေရှိလဲ ၊ အမေရိကန်ရှိလား ၊ ကျနော်တို့မပြောတတ်ဘူး။ ရခိုင်ပြည်မှာ ULA / AA တခုတည်း ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကျနော်တို့ မဝေဖန်ဘူး။ အဲဒါက ULA / AA ရဲ့ ရည်မှန်းချက်သာ ဖြစ်တယ်။
ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက ကာလတခု ရွေ့လျားတဲ့အခါ အခုဏက ပြောတဲ့ ထိတွေ့မှုတွေ ပဋိပက္ခတွေ သွေးထွက်သံယို မှုတွေ၊ မနာလို မုန်းထားမှုတွေ အဲဒီကိစ္စကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုတွေ၊ အခုတောင်မှ အဲဒီနေ့က ဖြစ်ပျက်ခဲ့ တဲ့ သွေးထွက်သံယိုမှုမှာ ဘာကြောင့်လို့ တဖက်က ပြောလာတယ်။ မဟုတ်ဘူးလို့ ဒီဘက်က ပြောတယ်။ အဲဒီသံသယနဲ့ သံသယရဲ့ အကျိုးကို အဲဒီ အဖွဲ့နှစ်ခုပဲ ခံရမယ်။
မေး။ ။ မြန်မာနိုင်ငံရေးအကျပ်ကတည်းကို ဖြေရှင်းဖို့ နိုင်ငံရေးအရ ဆွေးနွေးခဲ့ကြတာလည်း နှစ်ပေါင်း အတော်ကြာပြီ။ စစ်အုပ်စုရဲ့ သဘောထားက ဘယ်သောအခါမှ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူအခွင့်အရေးတို့ ၊ ကိုယ်ပိုင် ပြဌာန်း ခွင့်တို့ ပေးမှာ မဟုတ်ဘူးလို့ အားလုံးက နားလည်လက်ခံလာတဲ့အခါမှာ လက်နက်ကိုင် လမ်းစဉ်နဲ့သာ ဖြေရှင်းနိုင်မယ် ဆိုပြီး တော်လှန်ရေး လမ်းစဉ်ကိုပဲ ရွေး ချယ်လိုက်ကြတယ်။ အခုလက်ရှိလည်း တော်လှန်ရေး လမ်းစဉ်က နံပါတ် ၁ ဖြစ် နေပြီ။ အဲဒီအပေါ်မှာရော ဘယ်လိုသဘောထားလဲ။
ဖြေ။ ။ မြန်မာ့နိုင်ငံရေးကို သမိုင်းအရင်ပြန်ကြည့်ပေါ့။ လက်နက်ကိုင်တော်လှန်ရေးနဲ့ စသလား နိုင်ငံရေးပါတီနဲ့ စသလား။ လက်နက်ကိုင် တော်လှန်ရေးလုပ်လာတာ။ လက်နက်ကိုင်ပြီးတော့ သွေးမြေကျမှသာ ရမယ်လို့ တော်လှန်လာတာ ၇၅ နှစ်ကြာပြီ။ အောင်မြင်မှု ရသလား မရဘူးလား။ လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာတာပဲ ရှိတယ်။ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရလဒ်တခုခု ရခဲ့တာရှိသလား။ ရှိခဲ့ရင် ပြောပါ။
ဖဆပလ လွတ်လပ်ရေးနဲ့အတူ ၁၀နှစ် ကျော်လောက်တော့ နိုင်ငံရေးပါတီ အခန်းကဏ္ဍရှိခဲ့တယ်။ ကျန်တာ လက်နက် ကိုင်တော်လှန်ရေး သမိုင်းပဲ။ ၈၈ အရေးအခင်းနောက်ပိုင်း ၉၀ မှာ နိုင်ငံရေးပါတီ အနည်းငယ် ပေါ်လာတယ်။ ၂၀၁၀ လောက်မှာ ပါတီနိုင်ငံရေး အနည်းငယ်ပေါ်လာတယ်။ လက်နက်ကိုင် တော်လှန်ရေးကတော့ လွတ်လပ်ရေးနဲ့အတူ ပေါ်လာ တယ်လို့ ပြောလို့ရတယ်။
ပြန်ပြောရရင် မြန်မာ့နိုင်ငံရေးကို ဘတပြန် ၊ ကျားတပြန် တိုက်နေတာက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာ့တပ်မတော်။ မြန်မာ့တပ်မတော်သည် အဲဒီလိုနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါလာတယ်ပေါ့။ အခုအထိ ပါလာ တယ်။ အခုကာလမှာ လက်နက်ကိုင်တော်လှန်ရေးတွေ အင်အားကောင်းလာတယ်။ သူတို့ ရည်မှန်းချက်ကတော့ မနက် ဖြန် ပန်းတိုင်ရောက်မယ်။ ရောက် မရောက်ကတော့ သမိုင်းအရ ပြန်ပြီး ကြည့်ရမယ်။ ကာလအရ ပြန်ပြီး ကြည့်ရမယ်။ မြေပြင်အခြေအနေကို ကြည့်ရင် တော်လှန်ရေးသမိုင်းဟာ နိုင်ငံရေးပါတီသမိုင်းထက် အများကြီးရှည်ပါတယ်။ ဒီနေ့ အချိန်အထိ မည်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကမှ သူတို့ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင် ရွက်နိုင်တဲ့ အဖွဲ့အစည်းရှိရင် လက်ညိုးထောင်ပြပါ။ သမိုင်းအရ ပြန်ကြည့်တာပါ။
မေး။ ။ သမိုင်းကို ပြန်ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးကနေ အောင်မြင်တဲ့အဖွဲ့အစည်း ဒီနေ့အထိ မတွေ့ ရသေးဘူး လို့ စောစောက ပြောသွားတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှာလည်း လက်နက်ကိုင်တော်လှန်ရေးသည်သာ အဖြေလို့ ခံယူပြီးတော့ တချို့ ရခိုင်နိုင်ငံရေးသမားကြီးတွေလည်း ပါတီနိုင်ငံရေးကနေ ULA /AA ဘက်ကို ကူးပြောင်း တာဝန်ထမ်းနေတယ်ဆိုတာမျိုးကြားရတယ်။ အဲဒီအပေါ်မှာရော ဘယ်လို မြင်မိလဲ။
ဖြေ။ ။ ဆုံးဖြတ်ချက်တော့ တယောက်နဲ့ တယောက်မတူပါဘူး။ နိုင်ငံရေးအားဖြင့်လည်း အတွေးအခေါ်က မတူကြပါဘူး။ မြန်မာ့နိုင်ငံရေး ရခိုင့်နိုင်ငံရေးကို အနာဂတ်ထိတွေးပြီးတော့ သုံးသပ်တဲ့ ကဏ္ဍလည်း တူချင်မှတူလိမ့်မယ်။ အဲဒါကတော့ လူပုဂ္ဂိုလ်တဦးချင်းနဲ့ ပတ်သက်ပါတယ်။ ကျနော်တို့ကတော့ လက်နက်ကိုင်တော်လှန်ရေး လုပ်တာကို မကန့်ကွက်ပါဘူး။ ကျနော်တို့တွေးတာကတော့ လူတိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ ပါသွားရင် လက်နက်ကိုင်တော်လှန်ရေးရဲ့ ရည်မှန်း ချက်ဟာ လွတ်လပ်ရေးလို့ပြောတယ်။
လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား။ ဘယ်ကာလမှာ ဖြစ်နိုင်မလဲ၊ ဒါတွေကို ကျနော်တို့လည်း မပြော နိုင်ဘူး၊ ကျနော်တို့ကတော့ ဒီကာလမှာ ဦးထွန်းမြတ်နိုင်တို့ သွားနေတဲ့ လမ်းကြောင်းအတိုင်းလည်း သွားပါ။ သို့သော် နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍနဲ့ ညှိနှိုင်းမှုလည်း လိုအပ်တယ်။ နိုင်ငံရေးပါတီများရဲ့ ကဏ္ဍသည် ဆန့်ကျင်ဘက် မဟုတ်ဘဲနဲ့ အတူသွားနေတဲ့ လမ်းကြောင်းတခုမှာ ယှဉ်ပြီးတော့ အတူသွားဖို့ လိုတယ်ဆိုတဲ့ လိုအပ်ချက် ကွက်လပ်တခု ကို ကျနော်တို့ဖြည့်ဖို့အတွက် ပါတီနိုင်ငံရေးအနေနဲ့ ရပ်တည်နေတာပါ။
You may also like these stories:
BGF အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ALP ငြင်း
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို
ALP သစ္စာဖောက်လုပ်ရပ်များ လုပ်နေဟု AA ပြော