စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တတိုင်းပြည်လုံး တော်လှန်ပုန်ကန်ခဲ့ကြသည့်အတွက် နေရာတိုင်းလိုလို တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ရှမ်းပြည်နယ်အတွင်း၌မူ စစ်ကောင်စီနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်များကြား ထိတွေ့ တိုက်ပွဲ နည်းပါးသဖြင့် အတော်အသင့် တည်ငြိမ်မှု ရှိသည်ဟု ဆိုရပေမည်။
သို့သော်လည်း အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် ရှမ်းပြည်နယ်တွင်လည်း တခြားသော တိုင်းနှင့်ပြည်နယ်များနည်းတူ လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံ အကျပ်ရိုက်ကာ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာလည်း ဆိတ်သုဉ်းပျောက်ကွယ် တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။
ယင်းပြင် စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရန် အားထုတ်နေပြီး ယခု ရက်ပိုင်းအတွက် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကိုလည်း ပြင်ဆင် ပြဋ္ဌာန်းလိုက်သည်။ အဆိုပါ ဥပဒေသည် စစ်ကောင်စီ ကျောထောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် စစ်အုပ်စုကို အာဏာသက်ဆိုးရှည်စေရန် ရည်ရွယ်ပြဋ္ဌာန်းသည့် မျှတမှု မရှိသည့် ဥပဒေတခု ဖြစ်ပြီး တိုင်းရင်းသားပါတီများအတွက် နိုင်ငံရေး သတ်ကွင်းတခု ဟု သုံးသပ်ပြောဆိုမှုများ ရှိသည်။
ထိုသို့သော အခြေအများနှင့်များ အပါအဝင် အာဏာသိမ်းမှု၂ နှစ်တာကာလအတွင်း ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးကဏ္ဍ၊ စစ်ရေးအခြေအနေများနှင့် ဒေသတွင်း လူမှုစီးပွား အကျပ်ရိုက်နေမှုများအပေါ် ရှမ်းပြည်နယ်အတွင်း အင်အားကြီးပါတီတခုဖြစ်သည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် အား ဧရာဝတီမှ ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ လာမည့် ဖေဖော်ဝါရီလ ၁ ရက် ဆိုရင် အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီဆိုတော့၂ နှစ်တာကာလအတွင်းမှာ ရှမ်းပြည်နယ် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အခြေအနေက ဘယ်လို ရှိခဲ့ပါသလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးပါတီတွေအဖို့က နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု ဘာတခုမှ လုပ်ခွင့် မရှိပါဘူး။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကနေ ခေါ်ပြီးတော့ အချိုးကျ ကိုယ်စားပြု (PR) စနစ်နဲ့ သွားမယ်။ PR ဆိုင်ရာ အကြံပေးမှုစာတမ်းတွေ ပေးနိုင်တဲ့လူ ပေးပါဆိုတာလောက်ပဲ ကမ်းလှမ်းမှု ရှိတယ်။ ဒါကလည်း လက်ခံနိုင်တဲ့သူက လုပ်တယ်။ လက်မခံနိုင်တဲ့သူကတော့ မလုပ်ကြဘူးပေါ့။
နောက်တခုကတော့ စစ်တပ်အလိုကျ ဖွဲ့လိုက်တဲ့ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ) ပေါ့။ အဲဒီအဖွဲ့ ပေါ်ပေါက်လာတယ်။ ဒါပေမယ့် ဒါကလည်း ထိရောက်တဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ အာလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍကတော့ ပျောက်ဆုံးသွားသလောက် ဖြစ် တယ်။ လောက်လောက်လားလား ဘာတခုမှ မလုပ်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။
မေး။ ။ အာဏာသိမ်းတဲ့ ကာလအတွင်းမှာ တခြားသော တိုင်းနဲ့ပြည်နယ်နဲ့စာရင် ရှမ်းပြည်နယ်မှာ သေနတ်သံတွေ သိပ်မညံဘူး။ တည်ငြိမ်မှုတခုကို ထိန်းထားနိုင်တယ်လို့ ပြောလို့ရတာပေါ့။ အဲဒါ ကောင်းတယ်လို့ ယူဆလို့ ရသလား။
ဖြေ။ ။ ငြိမ်သက်တယ်ဆိုပေမယ့်လို့ ရှင်းရှင်းပြောရရင်၂၀၂၁ ခုနှစ်အတွင်းမှာ ရှမ်းတပ် ၂ ခု တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တယ်လေ။ အဲဒါက ပြည်ထောင်စုနဲ့ မဆိုင်သယောင်၊ ပြည်ထောင်စုတခုလုံးနဲ့ မဆိုင်တဲ့ ကိစ္စလိုလို သဘောထားကြ လို့သာ သတိမထားမိတာပေါ့နော်။ နောက်တခုက ရှမ်းပြည်နယ်က အဓိကအားဖြင့် နယ်စပ်ဒေသမှာ ထိစပ်တဲ့ နယ်မြေ တွေ အများအပြားရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတယ်။ အဓိကတော့ တရုတ်ပြည်နယ်နဲ့ ထိစပ်နေတယ်။ ဒါကလည်းပဲ ပြောရရင် ပထဝီနိုင်ငံရေးရဲ့ ရိုက်ခတ်မှုကြောင့် ဒီလိုမျိုး အခြေအနေ ရောက်တယ်လို့ပဲ သုံးသပ်ပါတယ်။
အခြားတဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ကလည်း တော်လှန်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံက အများကြီး ရှိခဲ့ပြီးပြီ။ အတော်အတန် ရင့်ကျက်နေကြပြီဆိုတော့ ဘယ်ဥစ္စာက သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး ဦးတည်ချက် ကို အတိအကျ ဦးဆောင် လမ်းညွှန်းမှု ပေးနိုင်မလဲ။ ဒါမှမဟုတ် သူတို့အတွက် လက်တွဲဆောင်ရွက်လို့ရမယ့် အနေအထား ဆိုတာ စဉ်းစားချင့်ချိန်နေဆဲလို့ ကျနော်က ဒီအတိုင်းပဲ တွက်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး မတင်မကျ သူတို့အတွက် စဉ်းစားရခက်တဲ့ အချိန်ကာလမှာ အင်အားစုဆောင်းရင်းနဲ့ နိုင်ငံရေးကို ဆက်လက် အကဲခတ်နေဆဲလို့ သုံးသပ်ပါတယ်။
မေး။ ။ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ကြားမှာ NCA (အပစ်ရပ်စာချုပ်) လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ လက် မှတ်မထိုးထားတဲ့အဖွဲ့တွေရဲ့ စစ်ရေး ပွတ်တိုက်မှု၊ နယ်မြေ အငြင်းပွားမှုတွေကိုရော ဒီအာဏာသိမ်းမှု ၂ နှစ်တာကာလ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကိုရော ဘယ်လို မြင်တွေ့ခဲ့လဲ။
ဖြေ။ ။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြောမယ်ဆိုရင်တော့ ရှမ်းပြည်နယ်က မြန်မာနိုင်ငံတဝှမ်းလုံးအတွက် ကြည့်မယ်ဆိုရင်တော့ အများဆုံးပါပဲ။ သို့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားထဲမှာတော့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရှောင်နိုင်ရှားနိုင်ခဲ့တာကို တွေ့ရပါတယ်။ တင်းမာမှုအချို့တော့ ရှိခဲ့တာပဲ။ ဥပမာ KIA နဲ့ ပလောင် တင်းမာမှု၊ ပလောင်နဲ့ RCSS တင်းမာမှုမျိုး၊ နောက် အခြားအဖွဲ့တွေလည်း ရှိပါသေးတယ်။ သို့ပေမယ့် ဆိုးဆိုးဝါးဝါး အခြေ အနေမျိုး မရောက်အောင် ထိန်းထားနိုင်တယ်။
တဆက်တည်းမှာ တပ်မတာ်နဲ့ ထိတွေ့မှုတွေ အတတ်နိုင်ဆုံး သူတို့ ရှောင်လာတဲ့ သဘောတွေ တွေ့ရတယ်။ အစပိုင်းက တော့ ထိတွေ့မှု နည်းနည်းပါးပါး ရှိတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ တော်တော်လည်း တိတ်ဆိတ်သွားတာဟာ ဒါလည်းပဲ ရှင်းရှင်းပြာရရင် ဒီပထဝီနိုင်ငံရေးရဲ့ ထိန်းကွပ်မှု၊ ပထဝီ နိုင်ငံရေးရဲ့ ရိုက်ခတ်မှုတွေကြောင့် အများကြီးသက်ဆိုင် တယ်လို့ ထင်ပါတယ်။
မေး။ ။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် တနိုင်ငံလုံးမှာ အကျပ်အတည်းပေါင်းများစွာနဲ့ ကြုံတွေ့နေရ တယ်။ ရှမ်းပြည်နယ်ထဲက ဒေသခံလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လူမှုဘဝ၊ အကျပ်အတည်းကိုရော ဘယ်လို မြင်တွေ့ရလဲ။
ဖြေ။ ။ အဲဒါကတော့ သမိုင်းတလျှောက်မှာ အဆိုးဝါးဆုံး အနေအထားကို ရောက်သွားတယ်လို့ ပြောလို့ရတာပေါ့။ မြန်မာနိုင်ငံမှာ ကုန်သွယ်ကူးသန်းမှုက တရုတ်နဲ့ ဒီဘက်မူဆယ်နဲ့ ဟိုဘက် ရွှေလီ အဲဒီတပေါက်ကတော့ အကြီးဆုံး ကုန်သွယ်မှုလမ်းကြောင်း ဖြစ်တယ်။ အဲဒီလမ်းကြောင်းကြီးကို ပိတ်လိုက်ရတယ် ဆိုကတည်းက မြန်မာနိုင်ငံတခုလုံး အတွက်ရော၊ ဆက်စပ်ပါသွားတဲ့ ရှမ်းပြည်နယ်အတွက်ပါ လုံးဝကို စီးပွားရေး က ရပ်တန့်သလောက် ဖြစ်သွားတယ်။
ကိုဗစ်ကြောင့် ရပ်တန့်သွားမှုအပြင် အခု အာဏာသိမ်းမှုကြောင့်မို့လို့ တရားဥပဒေစိုးမိုးမှုက လုံးဝ မရှိတဲ့အခါမှာ ကူးသန်း ရောင်းဝယ်မှုကလည်း ထင်သလောက် လုပ်လို့ မရပြန်ဘူး။ စိုက်လို့ပျိုးလို့ မရဘူး။ မွေးမြူရေးလည်း မလုပ်နိုင်ဘူး။ အဲဒီ အပြင်ကို အဆိုးဆုံးကတော့ ပညာရေးဆိုင်ရာ ကဏ္ဍပါ။ လောက်လောက်လားလား အားကိုးလောက်စရာ မရှိဘူး။ အမျိုးသားကျောင်းတွေ တည်ထောင်ခွင့် မရသလို အစိုးရရဲ့ ထိန်းချုပ်မှုအောက်က ပညာရေးစနစ်လည်း အားကိုးလောက် စရာမရှိနေတဲ့ အနေအထားမှာ အနာဂတ်မဲ့တဲ့ ကလေးတွေ အများကြီး ပေါ်ပေါက်လာတယ်။
ဒီကြားထဲမှာ စစ်ဘေးရှောင်ကိစ္စက အများဆုံး ပေါ်ပေါက်တာပေါ့။ ကယားပြည်နယ်ဘက်က ရှောင်ထွက်လာတဲ့ စစ်ဘေး ရှောင်တွေဟာ အခု ပင်လောင်းလိုမြို့နယ်၊ ဆီဆိုင်လိုမြို့နယ်အများအပြားမှာပဲသောင်တင်နေကြတာ။ အထွေထွေကိစ္စ အကုန်လုံးကို သုံးသပ်ကြည့်မယ်ဆိုရင် စီးပွားရေး ချွတ်ခြုံကျတယ်။ ပညာရေးမှာ မျှော်လင့်စရာမရှိဘူး။ နိုင်ငံရေးအားဖြင့် ဒီမိုကရေစီ ဆိတ်သုဉ်းတယ်ဆိုပြီး ခြုံငုံသုံးသပ်လို့ ရပါတယ်။
မေး။ ။ စစ်ကောင်စီက လတ်တလော ထုတ်ပြန် ပြဋ္ဌာန်းတဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေအပေါ်မှာရော တိုင်းရင်း သားပါတီ ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။ ဒီဥပဒေကတော့ ရှင်းရှင်းပြောရရင် စစ်အာဏာရှင် ဆက်လက်ပြီးတော့မှ တနည်းအားဖြင့် တပ်မတော်အနေနဲ့ နိုင်ငံရေး လောကထဲကနေ မထွက်ရဘဲနဲ့ သူတို့နောက်က ပံ့ပိုးပေးနေတဲ့ ပြည်ခိုင်ဖြိုးကို အစိုးရ မဖြစ် ဖြစ်အောင် တွန်းပို့ ဖန်တီးတဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။ တခြား တဖက်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေး လှုပ်ရှားခွင့် မရအောင်၊ နိုင်ငံရေးအရ ရပ်တည်လို့ မရအောင် ဒါက တော်တော်လေးကို တင်းကျပ်လိုက်တဲ့ ဥပဒေလို့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးလုပ်ချင်တဲ့ ပါတီတွေကို နိုင်ငံရေးလုပ်ချင်စိတ် မရှိလောက်အောင် တင်းကျပ်လိုက် တယ်လို့ မြင်တယ်။
မေး။ ။ တိုင်းရင်းသားပါတီတွေကို ရပ်တည်လို့ မရအောင် ဒီလိုမျိုး တဖက်သတ် ရေးဆွဲပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအောက်မှာ ဆရာတို့ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ဖြစ်မလား။ ဆရာတို့ပါတီက ရွေးကောက်ပွဲ မဝင်ဘူးလို့လည်း ကျနော်တို့ ကြားနေရလို့ပါ။
ဖြေ။ ။ ဒီဥပဒေ ထွက်ပြီးတဲ့နောက်မှာ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေး မခေါ်ရသေးပါဘူး။ အဲဒီတော့ တိကျတဲ့ အဖြေပေးဖို့ ခက်ပါတယ်။ သဘောထားလောက်ပဲ ကျနော်တို့ ပြောရမယ်ဆိုရင် တရားမျှတမှု မရှိဘူး ဆိုတာကိုတော့ အားလုံး လက်ခံထားပြီးသား ဖြစ်ပါတယ်။ ဥပမာ ပြည်နယ်အဆင့်မှာဆိုရင် ပါတီထောင်မှာလား၊ လွယ်လွယ်ကူကူပဲ။ ရွေးကောက်ပွဲကို တနေရာလောက်ဝင်တာနဲ့ကို ပါတီဖြစ်သွားပြီး။ ပိုက်ဆံ သိန်းတရာလောက်ကို ဘဏ်ထဲမှာ ထည့်ပြမယ်။ လူဦးရေ တထောက်လောက် ရှာနိုင်ရင် ပါတီအဖြစ် ရပ်တည်လို့ ရသွားပြီဆိုပေမယ့် ဒါက ပြည်နယ်အဆင့်။
ပြည်ထောင်စုအဆင့်မှာ ဆိုလို့ရှိရင် ငွေရေးကြေးရေးအားဖြင့် သိန်းတထောင်၊ နောက်လူအားဖြင့်လည်း တသိန်းဆိုတဲ့ အခါကျတော့ အဆအားဖြင့်တရာလောက် ကွာတာပေါ့။ အဲဒီလောက်အထိ အဟ လုပ်ထားတာဟာ ဒါတမင်တကာကို ပြည်နယ်မှာကျတော့ နိုင်ငံရေးပါတီတွေ မှိုလိုပေါက်အောင် လုပ်ထားပြီးတော့မှ ပြည်ထောင်စုအဆင့်မှာတော့ ပါတီကြီး တခုကပဲ လွှမ်းမိုးဖို့ ကြိုးစားတယ်ဆိုတော့ ဒါက ဘယ်လိုမှ သဟဇာတ ဖြစ်တဲ့ ဥပဒေ နည်းနာလို့ ကျနော်တို့ မမြင်နိုင်ဘူး။
အဲဒီ သဘောတရား အခြေခံအောက်မှာ ကျနော်တို့အနေနဲ့ ပါတီအဖြစ် ဆက်လက် ရပ်တည်မှာလား၊ ဒါမှမဟုတ် ရွေး ကောက်ပွဲ ဆိုတာကလည်း ဖြစ်မယ်မဖြစ်မှန်း မသိတော့ ကျနော်တို့ ပြောစရာ မလိုဘူး။ ပါတီတရပ်အဖြစ် ရပ်တည်နိုင်ဖို့ ဆိုရင်တော့ နိုင်ငံရေးအားဖြင့် ပျောက်ဆုံးမသွားအောင် မှတ်ပုံတင်ကောင်း တင်လိမ့်မယ်။ လိုအပ်ကောင်း လိုအပ်လိမ့် မယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဘာမှကို ဆွေးနွေးရခြင်း မရှိသေးဘူးဆိုတာလောက်ပဲ ဖြေချင်ပါတယ်။
မေး ။ ။ အခု တိုင်းရင်းသားပါတီတွေကို ပြည်ထောင်စုအဆင့်ကို တက်ဖို့ လမ်းပိတ်ဆို့ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေအောက်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို မဝင်ဘူးဆိုရင် ဥပဒေအရ ပါတီဖျက်သိမ်းရတော့မယ်ဆိုတော့ ဒီလို ပါတီဖျက်သိမ်းတဲ့ အခြေအနေဖြစ်လာရင် ဆရာတို့ပါတီအနေနဲ့ ရှမ်းပြည်နယ်နဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ ဘယ်လို ပုံစံမျိုး ဆက်ပြီး လှုပ်ရှားသွားမလဲ။
ဖြေ။ ။ ကျနော်တို့ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းကဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရတာ။ နိုင်ငံရေးကို တရားဝင် လုပ်ခွင့်ရတာ ၁၉၉၀ ကျမှ ရတာပါ။ ရှင်းရှင်းပြောရရင် အနှစ်လေး ငါးဆယ်ကြာမှ ပါတီထောင်ခွင့်ရတာပေါ့။ အဲဒီကြားထဲမှာလည်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုက တနည်းမဟုတ်တနည်း ရှိခဲ့တာပဲလေ။
အဲဒီတော့ ပါတီဆိုတာမျိုးက တရားဝင် လှုပ်ရှားလို့ရရင်တော့ လူထုအနေနဲ့ လူထုကိုယ်စားပြုပြီးတော့မှပဲ ဖြစ်ဖြစ် ကျနော်တို့က လုပ်ရတော့မှာပေါ့။ သို့သော် လူထုအတွက် အကျိုးရှိစရာ မမြင်ဘူး၊ တရားဝင်နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ ဘယ်လိုမှကို အခြေအနေ မပေးဘူးဆိုတဲ့အခါကျရင် အခြားနည်းလမ်းတခုကို ကျနော်တို့ ရွေးချယ်ရမှာပေါ့။ ပါတီ မရှိဘဲ နဲ့လည်း ရပ်တည်ခဲ့တဲ့ အချိန်ကာလက မနည်းမနော ဖြတ်သန်းခဲ့ဖူးတာပဲလေ။ အတွေ့အကြုံရှိခဲ့တာပဲ။
ဒါကြောင့်မို့လို့ တရားမျှတမှု မရှိဘူး၊ လွတ်လပ်မှု မရှိဘူး။ တရားနည်းလမ်းလည်း လုံးဝမကျဘူးဆိုတဲ့ အခါမျိုးကျရရင် တော့ ကျနော်တို့ နိုင်ငံရေးပါတီဆိုတာ ရှိကောင်းမှ ရှိလာမှာပေါ့ဗျာ။ အဲဒီ အနေအထားလောက်ပဲ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။
You may also like these stories:
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို
ရွေးကောက်ပွဲအတုကျင်းပရေး စစ်ခေါင်းဆောင် တွန်းအားဆက်ပေးနေ