စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းကတည်းက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးကို နေအိမ်တွင် စစ်တပ်က ဖမ်းဆီးခဲ့သည်။
ထို့နောက် ဦးမြအေးအား ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်း ဆိုသူနှင့် အီးမေးလ် (E-mail) က တဆင့် ဆက်သွယ် ပြောဆိုခဲ့သည်ဟု စွပ်စွဲကာ မင်္ဂလာတောင်ညွန့်မြို့နယ် ဒုရဲမှူး ဇော်မင်းသူ ဆိုသူက တရားလို ပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- ဂ ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ နေ့တွင် စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဦးမြအေးသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် ကလည်း ပထမဆုံး ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၈ နှစ် ချမှတ် ခံခဲ့ရသည်။ ၁၉၉၆ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက် လှုပ်ရှားခဲ့ရာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ထပ်မံ ဖမ်းဆီးခံခဲ့ရပြီးနောက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်လွတ်လာခဲ့သည်။
၈၈ အရေးတော်ပုံမှစကာ မြန်မာ့ဒီမိုကရေစီရေးတွင် အစဉ်တစိုက်ပါဝင်ခဲ့သော ဦးမြအေး၏ လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်သဘောထားကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အာဏာသိမ်းတဲ့မနက်မှာပဲ အိမ်ကနေ လာခေါ်သွားတဲ့နောက်ပိုင်း ဘာဆက်ဖြစ်ခဲ့သလဲဆိုတာ အကျဉ်းချုပ် ရှင်းပြပေးပါ။
ဖြေ ။ ။ တိုတိုပြောရရင် ကျနော်ကတော့ နဂိုကတည်းက အာဏာသိမ်းလိမ့်မယ်လို့ ယူဆထားတော့ အာဏာသိမ်းရင်တော့ ပါနိုင်တယ်လို့ တွေးပြီးသားပေါ့။ ပါသွားရင်တော့ စားဖို့သောက်ဖို့ ကြော်လှော်ထားမှ ဖြစ်မယ်ဆိုပြီး အိမ်မှာ စားစရာတွေ ဆောင်ထားပြီးသားပါ။ အဲဒီနေ့က လာခေါ်သွားတော့လည်း ဒီတိုင်းပဲ ပါသွားတယ်။ ရေကြည်အိုင်မှာ တလနဲ့ ၅ ရက်လောက်နေပြီးတော့ အင်းစိန်ထောင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတော့မှ ကျနော်ပါသွားတဲ့ ဖုန်းထဲက အီးမေးလ်ကနေပြီးတော့ ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲဆိုခံရပြီး ထောင် ၂ နှစ် ကျတယ်။
မေး ။ ။ အရင်တုန်းကလည်း အာဏာသိမ်းစစ်တပ် လက်အောက်မှာ နှစ်ရှည် ထောင်ဒဏ် တွေလည်း ကျခဲ့ဖူးတဲ့ အခါကျတော့ အခုတကြိမ် ထောင်ကျပြီး ပြန်ထွက်လာတဲ့အခါ ဘာကွာတယ်လို့ ထင်လဲ။
ဖြေ ။ ။ ကွာတယ်ဗျ။ တော်တော် ကွာတယ်။ ပထမတကြိမ်တုန်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရတယ်။ အဲဒီတုန်းက ၈ နှစ်ကျတယ်။ ကျပြီး လွတ်လာတဲ့အချိန်မှာ ရန်ကုန်မြို့ရဲ့ အနေအထားက ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းတဲ့ကာလကြီး တရပ်လုံးဖြစ်သွားတာကို ပြန်လွတ်လာတဲ့အခါမှာတော့ ရန်ကုန်မြို့မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားတယ်။ စီးပွားရေးကလည်း ဒီဘက်ခေတ်မှာ ကုမ္ပဏီတွေက အရမ်းကို များလာတယ်။ ဒါက ၁၉၉၆ ခုနှစ်ထောင်ကထွက်တော့ မြင်ရတဲ့ မြင်ကွင်းပေါ့။ ဒုတိယတခေါက် ထောင်ကျတုန်းကလည်း နိုင်ငံရေးအပြောင်းအလဲနဲ့ကြုံတယ်။ ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးခံရတယ်။ ထောင် ၆၅ နှစ်နဲ့ ၆ လကျတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ဦးသိန်းစိန်သမ္မတလက်ထက်မှာ ပြန်လွတ်တယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအခြေအနေက အများကြီးပြောင်းလဲသွားပြီ။ ပြည်သူလူထုက တက်ကြွလန်းဆန်းပြီးတော့မှ မျှော်လင့်ချက်တွေ အများကြီး သွားတွေ့တယ်။ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေ၊ မီးရထားဘူတာရုံတွေမှာ ထောင်ကလွတ်လာတဲ့သူတွေကို ကြိုဆိုပြီးတော့ တက်ကြွနေကြတယ်။ ငါတို့နိုင်ငံကြီးတော့ ရှေ့လျှောက်ကောင်းတော့မှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးပေါ့။ အများကြီးတွေ့ရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အပြိုင်အဆိုင် တိုးတက်လာမှုကို ကျနော်တို့ တွေ့ရတယ်။ ဒါက ဒုတိယအကြိမ် ထွက်လာတော့ ချက်ချင်း လက်ငင်းကြုံလိုက်ရတာပေါ့။
ဒီတခေါက် ထောင်ကလွတ်လာတော့ တော်တော်လေးကို ခြောက်သွေ့နေတယ်။ ခြောက်သွေ့နေတယ်ဆိုတာ ကြိုဆိုမှုတွေတော့ အများကြီး။ ထောင်ကထွက်လာတော့ လူအုပ်ကြီး ကြိုနေတာလည်း တွေ့တယ်။ လူတွေရဲ့ မျှော်လင့်မှုပေါ့။ အိမ်ပြန်ရောက်လာတော့လည်း ကျနော်တို့ရပ်ကွက်ထဲက လူတွေရဲ့နွေးနွေးထွေးထွေး ကြိုဆိုမှုတွေ၊ လက်ခုပ်တီးပြီး ကြိုဆိုမှုတွေ ရှိတယ်။ ကျနော်ကြည့်တယ်။ ဒီလောက်ကြီးအခြေအနေမှာ ပြည်သူလူထုရဲ့ထောက်ခံမှုက အရမ်းများတယ်။ ကိုယ်လည်း တာဝန် ပိုကြီးလာသလို ခံစားရတယ်။
ဒါပေမဲ့ ပြည်သူတွေရဲ့ဘဝတွေက မျှော်လင့်ချက်တွေကို အားတင်းပြီး မျှော်လင့်နေရတာပဲရှိတယ်။ မမြင်ရတဲ့ အမှောင်ထဲမှာ စမ်းတဝါးဝါး လမ်းလျှောက်နေသလို ခံစားနေရတယ်။ အရပ်ထဲ ဆင်းကြည့်တယ်။ သွားလို့ ရသလောက်နေရာတွေမှာ လူထုရဲ့ဘဝကို ကြည့်တဲ့အခါမှာ တက်ကြွရွှင်လန်းမှုတွေ မှေးမှိန်လာတာကို သွားတွေ့တယ်။ ပူပန်သောကတွေနဲ့ နေနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ ရွှင်လန်းမှု မရှိဘူးပေါ့။ ပျော်ရွှင်မှု မရှိဘူး။ အဲဒါတော့ အရမ်းကွာသွားတယ်။ ဒီဘက်ခေတ်မှာတော့ လူထုဘဝက တော်တော်လေးကို မွန်းကျပ်နေတယ်။ စီးပွားရေး ၊ လူမှုရေးအထွေထွေပေါ့ဗျာ။ အကုန်လုံး မွန်းကျပ်မှုတွေနဲ့ နေ နေရတဲ့အခြေအနေလို့ ကျနော်ကတော့ မြင်ပါတယ်။
မေး ။ ။ အခုလိုမျိုး မွန်းကျပ်နေတဲ့ စစ်အုပ်ချုပ်ရေးကာလ ၂နှစ်လည်း ရှိသွားပြီ။ ထပ်ပြီးတော့လည်း ၆ လဆိုပြီး ထပ်တိုးတယ်။ အဲဒီ ၆လ ထပ်တိုးတဲ့အပေါ်မှာရော ကိုမြအေးအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ ။ ကျနော်က နိုင်ငံရေးအရွေ့ကို ကြည့်တာပေါ့။ အကယ်၍ ၆ လမတိုးဘဲ ရွေးကောက်ပွဲလုပ်ရင်ရော ကျနော်တို့တိုင်းပြည် ရွေ့သွားမှာလား။ အားလုံးလည်း သိတဲ့အတိုင်း အချက် ၅ချက်အတိုင်း အကောင်အထည်ဖော်နေတာ နောက်ဆုံးအချက်အနေနဲ့က ရွေးကောက်ပွဲ လုပ်မယ့်ဟာပေါ့။ ဟုတ်ပြီ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အင်အားစုတွေလည်း မပြည့်မစုံ ပြဿနာတွေလည်း ဒီလောက်များနေတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ မထူးဘူးလို့ မြင်တယ်။ အဖြေကြီး တခုထွက်လာလိမ့်မယ်လို့ မယူဆဘူး။ ကျနော့်အတွက်က ဘာမှသိပ်မထူးဘူး။
ဒီလိုမျိုးကြီး ရေရှည်ဆက်သွားနေတာက ကျနော်တို့အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ တိုင်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူလူထု အားလုံးပါတယ်။ ဘယ်အဖွဲ့အစည်းအတွက်မှ ကောင်းကျိုးပေးမယ်လို့ မမျှော်လင့်ဘူး။ ဒီနိုင်ငံရေးအခြေအနေကြီးက ပဋိပက္ခတွေ အရမ်းများတယ်။ တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကိုလည်း ဖြေရှင်းနိုင်ဖို့ လမ်းစတွေက ပျောက်သွားပြီ။ မရှိသလောက် ဖြစ်သွားပြီ။ အစက ပြန်စရတော့မလို ဖြစ်သွားပြီ။
နောက်တခုက ဒီမိုကရေစီအရေးကိစ္စမှာဆိုရင်လည်း လုံးဝ ဆိတ်သုဉ်းသွားတဲ့သဘော ဖြစ်တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့လည်း ဘာမှ ရှင်သန်ခွင့် မရှိတော့ဘူး။ လူတွေရဲ့ လူမှုရေးဘဝ၊ စီးပွားရေးဘဝဆိုတာလည်း တနေ့တာမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာ ပိုပြီးဆိုးလာတယ်။ မလွတ်မြောက်နိုင်တဲ့ အခြေအနေပေါ့။ ဒီနိုင်ငံကြီးရဲ့အခြေအနေအပေါ် ကျနော်တို့ ဘယ်လို ပြန်အဖတ်ဆယ်မလဲ ဆိုတာကို ပြန်ရှာရမှာဖြစ်တယ်။ နိုင်ငံရေးအရ ဘယ်လိုပြန်ရှာမလဲပေါ့ စဉ်းစားတာပေါ့။
ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ပဋိပက္ခဖြစ်တဲ့အကြောင်းတရားတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ဒီသံသရာထဲမှာပဲ လည်နေမှာပဲ။ ကျနော်က အဲဒီလိုပဲ မြင်တယ်။ သုံးသပ်တယ်။ ၆ လတိုးလိုက်တယ်။ ဒါကလည်း ပြန်ကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သာမန်အားဖြင့်ဆိုတဲ့ စကားလုံးပေါ်မူတည်ပြီး တိုးလိုက်တာ၊ ဘယ်လောက်ထိ တိုးမယ်ဆိုတာလည်း မခန့်မှန်းနိုင်ဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်က တနေ့တခြား ပေါ်လွင်လာတယ်။ ကျနော်တို့က ဒါကြီးကို အသေဆုပ်ကိုင်ထားမယ်။ ကိုယ့်ရဲ့ နည်းလမ်းတွေကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ဘယ်လိုမှ တိုင်းပြည်က တိုးတက်လာမယ်လို့ မမြင်ဘူး။ အားလုံးကို ပြန်စဉ်းစားသင့်တယ်လို့ မြင်တယ်။
မေး ။ ။ ပြောသွားတဲ့ထဲမှာလည်း ပါတယ်။ ဖက်ဒရယ်အရေးပေါ့။ ကိုမြအေးကိုယ်တိုင်လည်း တစိုက်မတ်မတ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ယုံကြည်ပြီး လုပ်နေတဲ့ သူတယောက် အနေနဲ့ကျတော့ အခု စစ်တပ်ကလည်း ဖက်ဒရယ်ပြောတယ်။ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ် လိုချင်ကြတယ်။ နောက်ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေကလည်း ဖက်ဒရယ်ရေးကသာလျှင် အနာဂတ်ပြည်ထောင်စုပုံသဏ္ဍန်ဖြစ်တယ် ဆိုတဲ့အခါကျတော့ အားလုံးကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းက ထွက်ပေါက်ဆိုတာကို သိထားပေမယ့်လည်း အကုန်လုံးက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တယောက်တလမ်းသွားနေတဲ့ပုံစံ ပေါ်တာပေါ့။ ကိုမြအေးအနေနဲ့ရော ဘယ်လိုလမ်းကြောင်းမျိုးနဲ့သွားရင် အကောင်းဆုံးလို့ သဘောထားလဲ။ ထင်မြင်မိလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ ဖက်ဒရယ် သွားမယ်။ တယောက်နဲ့တယောက် အဓိပ္ပါယ်တွေ မတူသလို မြန်မာပြည်နိုင်ငံရေးမှာ ပြဿနာက ဘာဖြစ်နေလဲဆိုရင် စကားလုံးဝေါဟာရရဲ့ အဆိပ်တက်မှု များတယ်လို့ မြင်တယ်။ တကယ်တမ်းကျတော့ စစ်တပ်ဘက်ကပြောတာ ဖက်ဒရယ်လို့ မဆိုလိုပါဘူး၊ မမြင်ပါဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုလို့ ပြောတာ။
ဒီဘက်က ပြည်မအင်အားစုတွေပြောနေတာက အခု ၂နှစ်ကြာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး ကျယ်ကျယ်လောင်လောင် ထွက်လာတာ အရင်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ သုံးပါတယ်။ ဒီအပေါ်မှာလည်း အငြင်းအခုံတွေ အများကြီး ဖြစ်ကြပါတယ်။ အခုက တိတိလင်းလင်းပြောလာတာက ဖက်ဒရယ် ဒီမိုကရက်တစ်ကို သွားမယ်။ တိုင်းရင်းသားတွေကတော့ ရှင်းတယ်။ နဂိုကတည်းက ဖက်ဒရယ်ဆိုတဲ့ဟာက သမိုင်းကြောင်းနဲ့ချီပြီး သူတို့ဖြတ်သန်းခဲ့တဲ့သမိုင်း၊ သူတို့ရဲ့ ယဉ်ကျေးမှု သူတို့ရဲ့သဘာဝအရ သူတို့ရသင့်ရထိုက်တာ ဘယ်လိုရှိတယ်ဆိုတာကို လွတ်လပ်ရေး မတိုင်ခင်ကတည်းက ပြောခဲ့တာ ဖက်ဒရယ်ဆိုတဲ့ဟာကို၊ ကျနော်တို့က ဖက်ဒရယ်ကို ပုံဖော်တဲ့အခါမှာ ကိုယ့်သဘောနဲ့ကိုယ် ပုံဖော်လို့မရဘူးလို့ မြင်ပါတယ်။ ဖက်ဒရယ်မှာ တန်ဖိုးတွေ အကုန်ရှိပြီးသားဖြစ်တယ်။
အခုသွားနေတဲ့အခြေအနေကြီးက တဖက်နဲ့တဖက်က နည်းနာပိုင်းကို ပြန်စဉ်းစားရင် ကိုယ်ဘယ်လိုအသာစီး ရမလဲဆိုတဲ့အချက်ကို ပြန်စဉ်းစားမယ်ဆို မရဘူး။ ပြည်မ ပြည်နယ် စဉ်းစားချက်ကိုက မှားနေတာ။ ဘယ်တုန်းကမှ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ပင်လုံအခြေခံမူတွေလည်း မဖော်နိုင်ခဲ့လို့ နောက်ဆုံး ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုက ဖက်ဒရယ်ကြောင့် အာဏာသိမ်းရပါတယ်ဆိုပြီး သမိုင်းထဲမှာ သင်ပြီးတော့ ကြီးလာခဲ့ရတယ်။ ပြန်ကောက်ပြောမယ်ဆိုရင် ပြည်နယ် ပြည်မ အခြေခံစဉ်းစားချက်ကိုက လွဲနေတယ်။
ကျနော်တို့အားလုံးက ပြည်နယ်တွေပဲ ဖြစ်ရမယ်။ နောက်တခုက ပြည်ထောင်စုအသစ်ကို တည်ဆောက်ရတော့မယ်လို့ မြင်တယ်။ ဘယ်တုန်းကမှ ကျနော်တို့ မတည်ဆောက်ခဲ့တဲ့အရာ၊ ဒါကလည်း ကျနော်ပြောနေတာတွေက စကားလုံးအသစ်တွေ မဟုတ်ပါဘူး။ လွတ်လပ်ရေးမတိုင်ခင်က လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ အကုန်လုံး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တာ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ကြမယ်ဆိုပြီး မျှော်လင့်ခဲ့တဲ့အပေါ်မှာလည်း ၁၉၄၇ ပင်လုံစာချုပ်ဖြစ်ပေါ်လာတာ။ အတူတကွ ငါတို့ ဘယ်လိုနေကြမလဲဆိုတဲ့ နည်းလမ်းကို ရှာရင်း ပေါ်လာတာ။
လွတ်လပ်ရေးကို ဘယ်လိုယူကြမလဲ။ ကျနော်တို့ စဉ်းစားသင့်တာက ကျနော်တို့နိုင်ငံကို ဖက်ဒရယ်အခြေခံအပေါ်မှာ ဘယ်လိုနည်းလမ်းနဲ့ တည်ဆောက်မလဲ။ ရှင်းရှင်းလေးပြောရမယ်ဆိုရင် ဘယ်လိုပြည်နယ်တွေနဲ့ ဘယ်လိုတည်ဆောက်မလဲ။ တချို့တိုင်းရင်းသားတွေမှာလည်း မျှော်မှန်းချက်တွေ ရှိကြတယ်။ ကျနော်တို့နိုင်ငံရဲ့ တော်တော်များများ ပြည်နယ်တွေမှာ လူမျိုးစုတွေ ရောယှက်နေထိုင်ကြတာတွေရှိတယ်။ ပြည်နယ်တွေကို တသမတ်တည်းဖြစ်အောင် မလုပ်စေချင်ဘူး။ အဓိက က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအနေနဲ့ သွားမယ်ဆိုရင် ပြည်နယ်ပြည်မ ဆိုတဲ့အတွေးနဲ့ ချဉ်းကပ်လို့မရဘူး။ အားလုံးဟာ ပြည်နယ်တွေအနေနဲ့ သွားမယ်။ လက်ရှိသဘာဝအရ လူမျိုးရေးကို အခြေခံတဲ့ နိုင်ငံရေးရှိနေတော့ ဒါကို လောလောဆယ် ဖယ်ထုတ်လိုက်လို့ မရသေးဘူး။
သီအိုရီကကျတော့ တမျိုးသွားတယ်။ အဲဒီအခြေအနေမှာတော့ ကျနော်တို့ ဘယ်လိုအကောင်းဆုံး လုပ်မလဲဆိုတာကိုပေါ့။ ငါကမင်းကိုပေးရတယ်။ မင်းကငါ့ဆီက တောင်းရတယ်ဆိုတဲ့ အယူအဆကိုဖယ်ပြီး ငါတို့အားလုံးအတူတူ ပြည်ထောင်စုအသစ်တခုကို တည်ဆောက်ကြရအောင်ဆိုတဲ့ အခြေခံအတွေးအခေါ်နဲ့ ကျနော်တို့သွားရမယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေမှာ ကိုယ့်သမိုင်းကြောင်းရှိတယ်။ ကိုယ့်ဟာကို နေခဲ့တာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာအုပ်ထဲမှာ သင်ခဲ့တာတွေကိုပဲ ကောက်လို့မရဘူး။ ကျနော်တို့သမိုင်းကြောင်းတွေမှာက ရှုပ်ထွေးမှုတွေနဲ့ အမှန်တရားကို ဖုံးကွယ်ထားတာတွေနဲ့ ကြုံခဲ့ရတာ ဖြစ်တယ်။
အခုအချိန်မှာတော့ ပြည်ထောင်စုအသစ်တခုကို ဘယ်လိုဆောက်မလဲဆိုတာရဲ့ အခြေခံအချက်အပေါ်မှာ တန်းတူညီတူသွားသင့်တယ်။ ပြန်ချုပ်မယ်ဆိုရင် ပြည်နယ်ပြည်မအနေနဲ့ စဉ်းစားလို့မရပါဘူး။ ဘယ်သူကပေးရမယ် ဘယ်သူကယူရမယ်ဆိုတာထက် ငါတို့အားလုံးအတူတူ ပြည်ထောင်စုအသစ်ကို တည်ဆောက်ကြရအောင် ဆိုတာနဲ့ သွားရမယ်။ ဒေသအလိုက် ဆွေးနွေးရမှာတွေရှိတယ်။ လူမျိုးစုအလိုက် ဆွေးနွေးရမှာတွေရှိတယ်။ ဒါဟာတော်တော်ကျယ်ပြန့်တယ်။ နက်လည်းနက်နဲတယ်။ မဖြစ်မနေ လုပ်ကိုလုပ်ရလိမ့်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံမှာ ထားပါတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးတော့ တပ်ဘက်ကလူတွေနဲ့ သဘောတူညီချက်တခုခုရတာနဲ့ ကျနော်တို့ပြဿနာ ပြီးမသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ ပြည်တွင်းစစ်က ပြည်မအချင်းချင်း ပြေလည်သွားရုံနဲ့ မပြီးဘူး။ တိုင်းရင်းသားတွေကလည်း တန်းတူညီတူ သွားရမယ်လို့ မြင်ပါတယ်။ အဲဒီအခြေခံတရပ်ပေါ့။
ဖက်ဒရယ်ဒီမိုကရက်တစ်ကို ဦးတည်တဲ့ နိုင်ငံရေးအခင်းအကျင်းအသစ် တခုပေါ်ဖို့ အပြင်းအထန် ကြိုးစားရလိမ့်မယ်လို့ မြင်တယ်။ မဟုတ်ရင် ဖက်ဒရယ်ကို တည်ဆောက်ဖို့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ပြည်တွင်းစစ်သံသရာက ထွက်နိုင်မှာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ တိုးတက်မှုက လုံးဝရှိမှာမဟုတ်ဘူး။ ဆုတ်ယုတ်မှုတွေပဲ ရှိလိမ့်မယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ပြည်တွင်းစစ်ရှိနေတဲ့ကာလပတ်လုံး ဘာဒီမိုကရေစီမှလည်း တည်ဆောင်ရမှာ မဟုတ်ဘူး။ ဒီလိုနဲ့ပဲ ကျနော်တို့ပြည်သူဘဝက အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဘဝကနေ နောက်ဆုံးနိုင်ငံဘဝကို ရောက်သွားပြီ။ ဒီအခြေအနေမှာတော့ အကုန်လုံးကို နစ်နစ်နာနာသုံးသပ်ပြီး ရှေ့ကိုပဲ ဆက်သွားသင့်တယ်လို့ မြင်ပါတယ်။
မေး ။ ။ ဘာများ ဖြည့်စွက်ပြီး ပြောချင်တာ ရှိဦးမလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်ကိုယ်တိုင်လည်း လူမျိုးစွဲ ဘာသာစွဲပေါ်မှာ အခြေခံစဉ်းစားတာမျိုးကို မကြိုက်ပါဘူး။ ပကတိအခြေအနေအရတော့ တိုင်းပြည်မှာ တိုင်းရင်းသားတွေဘက်က ခုခံရတာ။ ကျနော်တို့နားလည်ရမှာက တိုင်းရင်းသားတွေဘက်က ဘာလို့လူမျိုးစွဲနေလဲဆိုတာကို မင်းတို့ဘာလို့လူမျိုးစွဲနေလဲလို့၊ လူမျိုးမစွဲနဲ့လို့ သွားပြောလို့မရဘူး။ ဘာကြောင့်လူမျိုးစွဲနေလဲဆိုတော့ သူတို့ခုခံနေရတာ၊ သူတို့လူမျိုး ပျောက်သွားမှာစိုးလို့ ခုခံနေရတာ။ ကျနော်တို့က စိတ်ရှည်ရမယ်။ နားလည်ပေးရမယ်။ နားလည်တတ်အောင် ကြိုးစား လေ့လာသင်ကြားရမယ်။
တိုင်းရင်းသားတွေဆီကနေ မဟုတ်ဘဲနဲ့အပေါ်စီးကနေ သွားပြီးတော့ မင်းကတော့ ဒါယူ ဒါယူဆိုပြီးတော့ လုပ်လို့မရဘူး။ ဒါကြီးကို ပြည်သူတွေကပဲ ပိုင်တာဆိုတော့။ လူမျိုးကြီးဝါဒတွေနဲ့ အထင်အမြင် လွဲမှားမှုတွေနဲ့ ရောထွေးနေမှာပဲလေ။ ဒီအခြေအနေတရပ်ကို ကျော်နိုင်အောင် ကျနော်တို့ ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကို ဘယ်နေရာပဲရောက်ရောက် ရောက်နေတဲ့အဖွဲ့အစည်းတွေ အကုန်လုံးက လေးလေးနက်နက် သေသေချာချာ စဉ်းစားသင့်တယ်လို့ မြင်တယ်။ မဟုတ်ရင် ပြဿနာက မပြီးဘူး။ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။
NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို
ဒီပွဲနိုင်ရင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပြီ
နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ