ပြည်သူလူထု၏ ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်ကို စစ်ကောင်စီက ချိုးဖောက်ကာ လူမှုကွန်ရက် အသုံးပြုသူများအပေါ် ခြိမ်းခြာက်ဖိအားပေးမှုများ ပိုမို လုပ်ဆောင်လာလျက်ရှိသည်။
ထိုသို့ ပြည်သူလူထုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်တပ်၏ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ မည်မျှ ခရီးရောက်နေသလဲ ဆိုသည်နှင့် စစ်တပ်၏ နည်းပညာပိုင်းဆိုင်ရာ ခြိမ်းခြောက်ဖိနှိပ်မှုများကို ပြည်သူများ မည်သို့ ရင် ဆိုင်ကျော်လွှားကြမည်နည်းဆိုသည်ကို သိရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသည့် နိုင်ငံတကာ အဖွဲ့ အစည်းတခုဖြစ်သော Access Now မှ မြန်မာပြည်တာဝန်ခံ မဝေဖြိုးမြင့်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထား ပါ သည်။
မေး။ ။ ဒီ အာဏာသိမ်း ၂ နှစ်ပြည့်နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး သာမန်ပို့စ်တင်တာ ကိုတောင် ဖမ်းဆီးလာတာမျိုးတွေ ရှိခဲ့တယ်။ ဒစ်ဂျစ်တယ်အရေး စောင့်ကြည့်လေ့လာနေသူတယောက်အနေနဲ့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်သလဲရှင့်။
ဖြေ။ ။ အရင်ကတော့ တော်လှန်ရေးအတွက် လုပ်နေကြတဲ့ လူတွေကို ထောက်ပံ့လို့ ဆိုတာမျိုးနဲ့ ဖမ်းတာရှိတယ်။ အခုနောက်ပိုင်းမှာ ဒီရက်ပိုင်းတွေမှာ ပိုတွေ့လာရတာကတော့ အထူးသဖြင့် အမျိုးသမီးတွေ ဖမ်းဆီးခံရမှုတွေပေါ့။ လူတွေကို ပိုပြီးတော့ ကြောက်အောင် ခြောက်ပြီးတော့ ဖမ်းတာဆီးတာ လုပ်နေတာက ၁ နှစ်ကို ပြည့်လာတဲ့ သဘောပေါ့။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်လောက်မှာ သူတို့ (စစ်ကောင်စီ) လုပ်လာတာ။ အရင်ကတည်းကလုပ်နေတာ။ ဒါပေ မယ့် အဲဒီလောက်ကြီး အဖမ်းအဆီးက မမြင်သာဘူး။ ဒီကြားထဲမှာလည်း Facebook က Screenshot တွေ ယူပြီး တော့ တယ်လီဂရမ်ကနေ ဖမ်းဆီးခိုင်းတာမျိုးတွေ လုပ်တယ်။ သူတို့လုပ်လာတဲ့ ပုံစံကို ကြည့်လိုက်ရင် လူထုကို အကြောက်တရား ထည့်ချင်တာမျိုးကို ပိုပြီး ခိုင်မာအောင် လုပ်လာတာ တွေ့ရတယ်။
သူတို့ လုပ်ပြတဲ့ ပုံစံက အများပြည်သူက သူတို့ကိုသတင်းပေးလို့၊ ဒီ Screenshot တွေကလည်း အများသူငှာကနေ ပို့လာတဲ့ ပုံစံမျိုးနဲ့ အဓိကလုပ်တာပေါ့။ အဲဒါမျိုးကလည်း အနောက်မှာ Network ရှိနေတာကို တွေ့ရတယ်။ တယ်လီ ဂရမ်မှာဆိုရင် ဟန်ငြိမ်းဦး၊ ကျော်စွာတို့ဆိုတာ စစ်တပ်၊ ရဲ၊ မဘသ အုပ်စုတွေနဲ့ ချိတ်ဆက်တယ် ဆိုတာတွေ တွေ့ရ တယ်။ ဆိုလိုတာက ဒီအကောင့်တွေက တယ်လီဂရမ်မှာ သီးသန့်ရပ်တည်ပြီးတော့ အများပြည်သူက သတင်းပေးတာ မျိုး မဟုတ်တော့ဘဲနဲ့ နောက်ကွယ်က စစ်တပ်၊ ရဲ၊ မဘသ အင်အားစုတွေ၊ ကြံ့ဖွံ့အင်အားစုတွေဆီကနေ သတင်း အချက်အလက် ရယူပြီးတော့ လုပ်ဆောင်တယ် ဆိုတာလည်း ကျမတို့ တွေ့ရတယ်။
ပြီးခဲ့တဲ့ ၁ နှစ်တာလုံးမှာ ကြည့်မယ်ဆိုရင် အများသူငှာက သတင်းပေးလို့ သူတို့က ပြန်မျှဝေတယ်။ အဲဒါကို ရဲ၊ စစ်တပ် က ဖမ်းတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ပြတာ။ Celebrities ပဲဖြစ်ဖြစ်၊ နာမည်ကြီး နိုင်ငံရေးသမားတွေပဲ ဖြစ်ဖြစ် သူတို့ ဖြန့်တဲ့ အခါမှာ ရဲ၊ စစ်တပ်ရဲ့ သတင်းအချက်အလက်တွေ ပါဝင်မှုကို မြင်ရတယ်။ ဆိုလိုချင်တာက ဟန်ငြိမ်းဦးက ဟန်ငြိမ်းဦး နဲ့တင် စစ်တပ်ထောက်ခံသူတွေ သီးခြားလေးတင် လုပ်နေတာ မဟုတ်ဘူး။ စစ်ကောင်စီက နောက်ကွယ်ကနေပြီး တော့ ကြိုးကိုင်ပါဝင်တယ်။ ထပ်ပြီး မဘသ အင်အားစုရှိမယ်။ နောက်ပြည်ခိုင်ဖြိုးပါတီက အင်အားစုတွေနဲ့ ချိတ်ဆက် ပြီး လုပ်လာနေတယ်ဆိုတာကို ပြီးခဲ့တဲ့ နှစ် ၁ နှစ်လုံးမှာ တွေ့ရတယ်။
မေး။ ။ ဒီလိုကိစ္စတွေအပြင် နည်းပညာတွေသုံးပြီး တခြားဘယ်လို ခြိမ်းခြောက်မှုတွေရော လုပ်နေတာ ရှိဦးမလဲ။
ဖြေ။ ။ နောက်တဖက်မှာလည်း ဘာတွေလုပ်နေလဲဆိုရင် တော်လှန်ရေး အင်အားစုတွေ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ CRPH အပါအဝင် PDF တွေ ထောက်ပို့လုပ်ဆောင်နေတာတွေကို ထောက်လှမ်းဖို့ အတွက်ကတော့ အဓိက အားစိုက်လာတာတွေကို ပြီးခဲ့တဲ့ နှစ်နောက်ပိုင်းမှာ တော်တော်များများ တွေ့လာရတယ်။ နည်းပညာအားဖြင့် သုံးပြီးတော့ နောက်ယောင်ခံ၊ ခြေရာခံနိုင်ဖို့ လုပ်ဆောင်လာတယ် ဆိုတာကို တွေ့လာရတယ်။ အဲဒါကို ဘယ်လို ဥပမာ ပြလို့ရလဲဆိုရင် အခုဖုန်းကတ် မှတ်ပုံတင်ခိုင်းတာ။ အဲဒီ ဖုန်းနံပါတ်အချက်အလက်တွေနဲ့ KBZ pay တို့လို Mobile payment ဖွင့်တဲ့အခါမှာ သုံးထားတဲ့ အချက်အလက် တူသလား ဆိုတာ တိုက်ကြည့်တာမျိုးတွေ မနှစ်ကထဲမှာ လုပ် လာတယ်။
နောက်တခုကတော့ သူတို့ကြေညာတဲ့ထဲမှာ ပါတယ်။ National Database တခု ဆောက်နေတယ်။ အဲဒီ National Database က အချက်အလက်တွေနဲ့ ခုနကပြောတဲ့ Sim Card registration Database တွေနဲ့ တိုက်ဆိုင် စစ်ဆေး မယ်ဆိုတာမျိုး လုပ်လာတာ တွေ့ရတယ်။ National Database ကို ကျမတို့ နားလည်သလောက်ဆိုရင် အဲဒီထဲမှာ မှတ်ပုံတင် အချက်အလက်၊ အိမ်ထောင်စုဇယား၊ လိပ်စာ၊ လက်ဗွေတို့ ဓာတ်ပုံတို့ ဒါမျိုးတွေ ပါတာပေါ့။ လူတယောက် ရဲ့ လက်ဗွေကို ကြည့်လိုက်ရုံနဲ့ သူက ဘယ်မှာနေတယ် ဘယ်ဖုန်းသုံးတယ် ဘာ K Pay နံပါတ်သုံးတယ်။ ဒါမျိုးတွေ အကုန်လုံး ဆက်စပ်ပြီး ကြည့်လို့ရတဲ့ ယန္တရားကို ပြီးခဲ့တဲ့နှစ်ပိုင်းမှာ တည်ဆောက်နေတာမျိုး တွေ့ရတယ်။ ဒါက အား လုံးကြီး မပြီးပြတ်သေးတောင်မှ တိုးတက်မှု ရှိလာတာ။ အဲဒီ Database က ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခိုင်ခိုင်မာမာ ရှိလာ တယ်ဆိုတာမျိုး တွေ့ရတယ်။
သူတို့ (စစ်ကောင်စီ) စနစ်တွေ တည်ဆောက်နေတာ၂၀၂၂ ထဲမှာ။ အထူးသဖြင့် Database တွေ ချိတ်ဆက်တဲ့ အပိုင်းက တော်တော်များများ အကောင်အထည်ပေါ်လာနေတဲ့ အနေအထားလို့ တွေ့ရတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေမှာလည်း ကြားဖြတ်နားထောင်နိုင်တဲ့ စနစ်တွေလည်း တပ်ဆင်ထားပြီးနေပြီ။ တပြိုင်နက်တည်း သူတို့ ဘယ်နှယောက်ကို ထောက်လှမ်းနိုင်သလဲသာ မသိတာ။
အဲဒီတော့ နောက်ကွယ်မှာ ရှိနေတဲ့ သူတို့ရဲ့ စနစ်တွေရဲ့ နည်းပညာကွန်ရက်တွေက တည်ဆောက်တာ အကောင် အထည်ပေါ်နေတဲ့ အနေအထားမျိုး ဖြစ်လာပြီ။ ကျမတို့ မြင်ရတာကတော့ အဲဒါတွေကို သုံးပြီးတော့ ဒီ၂၀၂၃ မှာ ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်နိုင်တယ်။ စောင့်ကြည့်တဲ့အခါမှာလည်း အခုလက်ရှိ လုပ်နေတာထက်ကို ပိုထိ ရောက်လာနိုင်တဲ့ အနေအထားဖြစ်တော့ တော်လှန်ရေးအင်အားစုတွေအတွက် ပိုပြီးတော့ သတိထားရမယ့် အပိုင်း ရှိတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဒီရက်ပိုင်းတွေမှာ ဖုန်းဆင်းကတ်ကနေပြီးတော့ အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုပြီး SMS Message ပို့တာမျိုးတွေ တွေ့လာရတယ်။ အဲဒါကရော ဘယ်လိုပုံစံမျိုးလဲရှင့်။
ဖြေ။ ။ ဟိုတလောက အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီကနေပြီး ဦးဆောင်ပြီး လုပ်တဲ့ အစည်းအဝေးမှာ သူတို့က ဘယ်လိုစကားလုံး သုံးလိုက်လဲဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး လူထုကို ပညာပေးဖို့ လိုတယ်ပေါ့။ ကျမတို့ နားလည်လိုက်တာက ဒါ လူထုကို ခြိမ်းခြောက်ဖို့ လိုတယ်လို့ ပြောလိုက်တာ။ အများပြည်သူကို ဒါတွေ မထောက်ပံ့ အောင် ခြိမ်းခြောက်ချင်တဲ့ အခါကျတော့ ပို့တာ။ သူတို့ ထိန်းချုပ်မှုအောက်မှာ ဆက်သွယ်ရေးကုမ္ပဏီ အကုန်လုံးက ဖြစ်သွားပြီ။ ဆိုလိုတဲ့ သဘောက မြန်မာပြည်မှာ Active ဖြစ်တဲ့ Sim Card ၄၆ သန်းလုံးကို အသုတ်အသုတ် ခွဲပြီး တော့ ပို့မယ်။
အခုဆိုရင် စပြီးတော့ ရလာကြတယ်ပေါ့။ User တိုင်းတော့ မရသေးဘူး။ သူတို့ ဘယ်လိုပုံစံနဲ့ ဂရုခွဲသလဲ ဆိုတာ ကျမတို့ နားလည်ဖို့ လိုသေးတယ်။ ကျမတို့ နားလည်တာကတော့ သူတို့ Message ပို့တာမှာ ပစ်မှတ်ထား ပို့တာမျိုး တော့ မဟုတ်ဘူး။ အဓိကကတော့ လူထုကို ခြိမ်းခြောက်ချင်တယ်၊ အကြောက်တရား ထည့်ချင်တဲ့အတွက် ဒီ မက် ဆေ့ ပို့တဲ့နည်ကိုသုံးလာတယ်လို့ တွေ့ရတယ်။ အဲဒါကြောင့် SMS ရလို့ ငါ့ကိုတော့ စောင့်ကြည့်နေပြီလားဆိုတဲ့ အတွေးမျိုး ဝင်သွားမှာကိုတော့ လူထုကို နားလည်စေချင်တယ်။ ချက်ချင်းကြီး ပစ်မှတ်ထားနေတာမျိုး မဟုတ်ဘူး ဆိုတာ နားလည်ထားတယ်။
မေး။ ။ အခု ၂၀၂၃ ခုနှစ်မှာ ဆိုရှယ်မီဒီယာကနေတဆင့် ဖမ်းဆီးမှုတွေက ပိုပြီးတင်းကျပ်လာမလားလို့ သံသယ ရှိကြတော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လုပ်လာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုကို ပိုပြီး အကြောက်တရား ထည့်ချင်တော့ နင်တို့ လုပ်မှ မဟုတ်ဘူး။ ဒီလိုလေး ရေးရင်တောင်မှပေါ့ ဆိုတာမျိုး။ အရင်တုန်းကတော့ လုပ်မှဆိုတော့ သတိထားလာကြတာမျိုး တွေ ရှိတယ်။ ထောက်ပို့ကိစ္စတွေမှာ ဝင်မပါတော့တာမျိုးလည်း ရှိတယ်။ အခုကျတော့ မအလ၊ မအလ လို့ ရေးရင်ကို ပဲ ဒါက အကြမ်းဖက်မှုမြောက်တယ် ဆိုတာမျိုး လုပ်လာတာ။ ရှင်းရှင်းပြောရရင် လူထုကို တုပ်တုပ်မှမလှုပ်ရဲအောင်၊ မပြောရဲအောင် လုပ်လာတာ။ ဒါက ဒီနှစ်ထဲမှာပေါ့။
အရင်အခြေအနေကတော့ တခုခု အထောက်အထားရှိမှပေါ့။ ဒါမျိုးတွေက ပိုများလာမယ်လို့ ထင်တယ်။ သူတို့ကို ဘာမှကို မပြောရဲအောင်၊ ကိုယ်ရေးတာက သူတို့နဲ့ ကင်းကင်း လွတ်လွတ် ရေးမိရင်တောင်မှ ဒီစကားလုံးက သူတို့ကို ဝေဖန်သလိုများ ဖြစ်နေမလား ဆိုတဲ့ အခြေအနေမျိုး ရောက်ကောင်း ရောက်လာနိုင်ခြေ ရှိတယ်။ အဲဒီလို ဖြစ်စေချင်လို့ သူတို့ ခြိမ်းခြောက်မှုတွေ လုပ်တော့ ရေရှည်မှာတော့ ပိုလည်း များလာလိမ့်မယ်။
မေး။ ။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အာဏာသိမ်းတာနဲ့ ကပ်ပါလာလေ့ရှိတဲ့ Digital Coup က ရုပ်လုံးပေါ်လာတဲ့ သဘောလို့ ပြောလို့ရပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အာဏာသိမ်းတာမှာ အုပ်ချုပ်ရေး အာဏာရှိတယ်။ လူထုရဲ့ Civic Space တွေကို ထိန်းချုပ်ဖို့ ကြိုးစားတာရယ်ရှိတယ်။ အုပ်ချုပ်ရေး အာဏာအတွက်ကို နေပြည်တော်ကို တက်ပြီး NLD က အစိုးရ အဖွဲ့ဝင်တွေကို ဖမ်းတာမျိုးတွေ၊ လွှတ်တော်တွေ ဖျက်သိမ်းတာမျိုးတွေ လုပ်ခဲ့တာပေါ့။ Civic space မှာတော့ လူထုရဲ့သတင်းအချက် အလက် စီးဆင်းမှုတွေ လှုပ်ရှားမှု တွေကို ထိန်းချုပ်ဖို့ လုပ်တာမျိုးပေါ့။ သပိတ်တွေကို ဖြိုခွင်းတာ၊ သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ အရပ်ဘက်အဖွဲ့တွေကို နောက်ယောင်ခံလိုက် ဖမ်းဆီးတာမျိုးတွေကို တောက်လျှောက် လုပ်နေတာက Civic space ကို ဖြိုခွဲတာပေါ့။
Civic space မှာ Online ရှိတယ်၊ Offline ရှိတယ်ဆိုတော့ သတင်းစာတွေတင် ပိတ်တာမျိုး မဟုတ်ဘဲ အင်တာနက် တွေ ပိတ်ချပစ်တယ်။ ဝက်ဘ်ဆိုက်တွေ ပိတ်ချပစ်တာက အွန်လိုင်းမှာရှိတဲ့ သတင်းစီးဆင်းမှုတွေ ရပ်သွားအောင် လုပ်ခဲ့တာပဲပေါ့။ Silent သပိတ်တွေ ခေါ်တာမျိုး ဆိုရင်လည်း မြေပြင်မှာသွားပြီးတော့ ဆိုင်တွေဘာတွေ မရမက သွားပြီး ဖွင့်ခိုင်းနေတာတင် မကဘူး။ အွန်လိုင်းပေါ်မှာ ဆိုင်ပိတ်ပါတယ်လို့ ကြေညာလည်း သူတို့ ဝင်ဖမ်းတာတွေ လုပ်တာမျိုးတွေ တွေ့ရတယ်။
ဒါတွေ အကုန်လုံးက Civic space ကို တခုလုံးကို ပိုပြီး ထိန်းချုပ်ဖို့ လုပ်လာတာပေါ့။ အခုက ကျမတို့ space ကို ကျဉ်းအောင် လုပ်တာ မဟုတ်ဘဲနဲ့ ကျမတို့ လှုပ်ရှားမှုတွေကို နည်းပညာအရ နောက်ယောက်ခံ လိုက်ကြည့်တယ်။ Database နဲ့ လူတယောက်ရဲ့ အချက်အလက်အကုန်ကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရအောင် ရည်ရွယ်ပြီး လုပ်နေ တာ။ သူတို့ ရည်ရွယ်ထားသလောက် မဖြစ်သေးပေမယ့်။ သူတို့ ရည်ရွယ်တဲ့ နည်းပညာ အထောက်အကူတွေ လက်ထဲ ရောက်မသွားဖို့ ကျန်တဲ့ အင်အားစုတွေက ဆက်လုပ်ဖို့ လိုတယ်။ သူတို့မှန်းတဲ့ Digital Coup ကတော့ ပိုပြီးတော့ ပီပီပြင်ပြင် မြင်လာရတဲ့ အနေအထားမျိုး ဖြစ်တယ်။
မေး။ ။ ဒီလို အခြေအနေတွေ ဖြစ်လာမယ်ဆိုရင် ပြည်သူလူထုအနေနဲ့က ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားလို့ရမလဲ။
ဖြေ။ ။ နံပါတ် ၁ ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်က ဘယ်လိုပဲဖြစ်ဖြစ် ရှိကို ရှိကြရမှာပေါ့။ အဲဒါတွေကို စစ်တပ်က ရိုက်ချိုးနေတာ။ ဒါတွေကို ဘယ်လောက်အထိ ချိုးဖောက်နေတယ်ဆိုတာကို အပြင်က အဖွဲ့အစည်းတွေက ဆက်ပြီးတော့ တွန်းအားပေးပြောဖို့ လိုတာပေါ့။ စစ်တပ်က ဒါမျိုးလုပ်နေလို့ လူထုကို ရပ်လိုက်ပါဆိုတာတော့ လူထုက လည်း ရပ်မှာ မဟုတ်ဘူး။ ကျမတို့ အခုလုပ်ရမယ့် အနေအထားက လူထုကို ပိုပြီးတော့ အသိပေးရမှာက လုံလုံခြုံခြုံနဲ့ တော်လှန်ရေးမှာ ဘယ်လိုပုံစံမျိုးနဲ့ အားဖြစ်အောင် လုပ်နိုင်မလဲ ဆိုတာကို ပိုပြီးတော့ အာရုံစိုက်စေချင်တယ်။
ဒါကို လုပ်နိုင်တဲ့လူတွေကလည်း ဝိုင်းကူကြရမယ်။ တတ်နိုင်သလောက် တဦးနဲ့တဦး ဆက်သွယ်တဲ့အခါမှာ ဘယ်လို ပုံစံမျိုးနဲ့ လုံခြုံအောင် လုပ်မလဲ ဆိုတာကို ပိုပြီးတော့ အလေးထားစေလိုတယ်။ ဥပမာပြောရရင် ID အမှန်မသုံးတော့ တာမျိုးတွေ၊ ပုံမှန်ပြောမရရင် စကားဝှက်နဲ့ ပြောတာမျိုးတွေ လုပ်စေချင်တယ်ပေါ့။
Facebook မှာဆိုလည်း ၂ ပိုင်းရှိတယ်။ တဖက်က လူထုတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ သဘောထားအမြင်တွေ ပိုပြီးတော့ အားကောင်းချင်တာ မှန်တယ်။ တဖက်မှာလည်း အန္တရာယ် (Risk) ရှိတယ်ဆိုတော့ မျှရတဲ့ အနေ အထားမျိုးတွေ၊ အတတ်နိုင်ဆုံး Risk ကို ထိန်းရတဲ့ အနေအထားမျိုးတွေဖြစ်တော့ ဟိုဘက်ဒီဘက်မှာ အခက်အခဲ ရှိတာကို တွေ့ရတယ်။
Facebook မှာက Lock လုပ်လို့ရတဲ့ Feature တွေရှိတယ်။ ဒါတွေကိုလည်း ကိုယ်တွေက ထောက်ပို့ကိစ္စဖြစ်ဖြစ် ၊ တော်လှန်ရေးမှာ ပါဝင်နေတာမျိုးပဲ ဖြစ်ဖြစ်ဆိုရင် ကိုယ့် ID အမှန်နဲ့ ရှိနေတဲ့ အကောင့်မှာဆိုရင် Lock ချတာမျိုး စဉ်းစားစေချင်တယ်။ ဆိုလိုချင်တာက ကိုယ့် Voice ကိုလည်း သေသွားတာမျိုး၊ ထိန်းချုပ်ရတာမျိုး မဟုတ်ဘဲနဲ့ တော်လှန်ရေးကို အားဖြစ်စေမယ့် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေ၊ ရပ်တည်ချက်တွေကလည်းပဲ အများနဲ့ တူတူ ချပြဆွေးနွေးကြဖို့ လိုသလို တဖက်မှာလည်း ကိုယ်ဘယ်သူဘယ်ဝါ ဆိုတာကို ကျစ်ကျစ်လစ်လစ်နဲ့ ဂရုစိုက်ဖို့ လိုတဲ့ အပိုင်းတွေ ရှိတယ်။
ID ခွဲသုံးတာမျိုးကို အကြမ်းဖျင်းတော့ အကြံပြုချင်တယ်။ တဖက်မှာလည်း လုံလုံခြုံခြုံဖြစ်မယ်၊ တဖက်မှာလည်း ကိုယ် ပြောစရာရှိတာကို ဆက်ပြောလို့ရအောင် ကျမတို့တွေ ဘယ်လိုစဉ်းစားနိုင်လဲဆိုတဲ့ အပိုင်းကို ဒီ ၂၀၂၃ မှာတော့ အားစိုက်ရမယ့် အနေအထားလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ်ရေး ကုမ္ပဏီအကုန်လုံးသည် စကစရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်သွားတဲ့ အနေအထားမျိုး ဖြစ်တော့ ကျမတို့ဆီမှာ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ချန် နယ် မကျန်တော့ဘူး။ မကျန်တော့တဲ့ အနေအထားမှာ တဦးချင်းစီနဲ့ အသိုင်းအဝိုင်းက ဖေးမကြဖို့လိုတဲ့ အနေအထား မျိုး ရှိတယ်။
လက်ရှိပြည်တွင်းမှာ ကြုံနေရတဲ့ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ချန်နယ်၊ တခြား ရွေးချယ်စရာရယ်လို့ ဆက်သွယ် ရေးချန်နယ်တွေ မရှိနေဘူး။ နောက် စစ်တပ်က နောက်ယောင်ခံပြီးတော့ ထောက်လှမ်းတဲ့စနစ်တွေမှာ နည်းပညာ အသုံးပြုပြီးတော့ လုပ်လာတဲ့ အနေအထားမျိုးတွေက အရမ်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့ သူတို့ (စစ်ကောင် စီ) ဆီ ရောက်နေတဲ့ နည်းပညာတွေကို ဖြတ်တောက်ဖို့ ဆိုတာတွေကို ကျမတို့ အပါအဝင် ကျန်တဲ့ အင်အားစုတွေက ဝိုင်းပြီးတော့ တွန်းကြဖို့ လိုမယ်။ ရွေးချယ်စရာ ဆက်သွယ်ရေးလိုင်းတွေ ပိုရှိလာဖို့နဲ့ စစ်တပ်ရဲ့ ထောက်လှမ်းနေတဲ့ Network ကို ဖြတ်နိုင်ဖို့ နည်းလမ်းတွေကို ရှာကြံပြီး အဖြေရှာကြဖို့က ဒီ ၂၀၂၃ မှာ ဦးစားပေး အနေနဲ့ ဖြစ်လာတဲ့ အနေအထားလို့ မြင်ပါတယ်။
မေး။ ။ နောက်တခုက ပြည်သူတွေကို ဖမ်းဖို့ဆီးဖို့၊ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတဲ့ အဓိကနေရာက တယ်လီ ဂရမ်ချန်နယ်မှာ ဖြစ်နေတော့ ဒီလို ကုမ္ပဏီတွေအနေနဲ့ကရော ဘယ်လိုတာဝန် ရှိပါသလဲ။
ဖြေ။ ။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို စစ်တပ်က လူတွေက ပြောင်းပြောင်းပြီးတော့ သုံးလာတာပေါ့။ ဟိုးအရင် ကတော့ Coup မတိုင်ခင်ကတည်းကတော့ Facebook ကနေပြီး ဖယ်ရှားတယ်။ Coup နောက်ပိုင်း စစ်တပ်ကို ထောက်ခံတဲ့ Page တွေကအစ ဖယ်လိုက်တဲ့ အခါကျတော့ စစ်တပ်လော်ဘီ တော်တော်များများက တယ်လီဂရမ်ကို ပြောင်းသုံးကြတော့ တယ်လီဂရမ် Doubt scenes ကြောင့် လူတွေ တော်တော်များများ အဖမ်းခံလာရတာတွေ ပြီးခဲ့တဲ့ ၁ နှစ်လုံးမှာ တွေ့ရတယ်။
တယ်လီဂရမ်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ပလက်ဖောင်းတခုအဖြစ် မဆောင်ရွက်နိုင်တဲ့ အကျိုးအဆက်တွေကို အများကြီး တွေ့ရတယ်။ တယ်လီဂရမ်ကိုလည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကတည်းက ဆက်သွယ်ပြီးတော့ ဒီအခြေအနေ တွေကို ပြောဆိုတာမျိုးတွေ ရှိတယ်။ စာတွေပို့ခဲ့တာမျိုးတွေ ရှိတယ်။ အခုအချိန်ထိကို သူတို့ကို စာပို့တဲ့ ဘယ်အဖွဲ့နဲ့မှ တိုက်ရိုက် စကားပြောပြီးတော့ ဒါတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ လုပ်ဆောင်နေတယ် ဆိုတာမျိုး မကြားရဘူး။
ပြီးခဲ့တဲ့ လပိုင်းကတော့ BBC က Reporting တွေ လုပ်လာတဲ့ အခါကျတော့ BBC ကိုတော့ သူတို့အနေနဲ့ ဒါတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်ဆောင်ပါ့မယ်။ Action တွေပိုပြီးတော့ ယူပါ့မယ်ဆိုတဲ့ Response ပြန်ပြီးတော့ ပေးတာ တွေ့ရတယ်။ မီဒီယာကိုပဲ ပြန်ပေးတာ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ပြီး ပြဿနာတွေကို ပြောနေ တဲ့ အရပ်ဘက်အဖွဲ့တွေကိုတော့ တွေ့ဆုံတာမျိုး၊ ရှင်းပြတာမျိုး အခုအချိန်ထိတော့ မကြားမိဘူး။
တယ်လီဂရမ်က တာဝန်ယူရမယ့် အပိုင်းတွေ အပြည့်ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ ဟန်ငြိမ်းဦး ချန်နယ်ကို ၃၊ ၄ ခါလောက် ဖြုတ်ချခဲ့တာရှိခဲ့တယ်။ ချန်နယ်တွေ ဖြုတ်ချတာမျိုး ရှိပေမယ့် ပြဿနာက ဖြုတ်ချတာက ဖြုတ်ချတာပဲ။ ဖြုတ်ပြီး ၂၄ နာရီအတွင်းကို ဟိုလူတွေက အဲဒီနာမည်နဲ့ပဲ နောက်ထပ် ချန်နယ် တခုဖွင့်ပြီးတော့ Follower က ချက် ချင်းကိုပဲ ထောင်ချီ၊ သောင်းချီရတဲ့ အနေအထားမျိုးတွေ တွေ့နေရတယ်။ ဖြုတ်ရုံပဲ ဖြုတ်သော်ငြား ဒီလူတွေ ဒီပလက် ဖောင်းကို ထပ်ကာထပ်ကာ Abuse လုပ်နေတာကိုတော့ လက်ရှိအချိန်အထိ တားနိုင်တဲ့ အနေအထားမျိုး မတွေ့ရဘူး။
တယ်လီဂရမ်ကို ကျမတို့ ဆက်ပြီး တွန်းကြရဦးမယ်။ သူတို့ တာဝန် သူတို့ယူဖို့ပေါ့။ အဲဒီမှာ တခုက တယ်လီဂရမ် ကို ကျမတို့က ပိတ်သွားစေချင်တာမျိုး မဟုတ်ဘူး။ ဆိုရှယ်မီဒီယာ ရွေးစရာ များများပိုရှိလာလေ လူထုက ကောင်းလေလို့ ခံယူတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို မူအားဖြင့် ကန့်ကွက်စရာ မလိုဘူး ပိုရှိဖို့ လိုတယ်။ စကစ ထောင်တဲ့ ဆိုရှယ်မီဒီယာတွေက လွဲလို့ပေါ့။
ပြဿနာရှိနေတဲ့ ချန်နယ်တွေကို ထိထိရောက်ရောက်နဲ့ အရေးယူ ပေးစေချင်တာ။ တယ်လီဂရမ် ပလက်ဖောင်းပေါ်မှာ ဖြစ်နေတဲ့ မြေပြင်မှာ တော်တော့်ကို ကြီးကြီး ပြဿနာတက်နေတဲ့ အန္တရာယ်တွေ ဖြစ်စေနေတဲ့ ချန်နယ်တွေကို အချိန် နဲ့ တပြေးညီ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်ဆိုတာကို ကျမတို့ တယ်လီဂရမ်ကိုလည်း ဆက်တွန်းဖို့ ရှိပါ တယ်။
You may also like these stories:
စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ
လူမှုကွန်ရက် အသုံးပြုသူများကို စစ်ကောင်စီ ပိုမို ခြိမ်းခြောက်လာ
စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်