ပြည်ထောင်စုရဲ့ အနှစ်သာရ လုံးဝ မရှိသေးဘူး

ဧရာဝတီ

ပြည်ထောင်စုနေ့ ၇၆ ကြိမ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း မြန်မာတနိုင်ငံလုံးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည်။

တဖက်နှင့်တဖက် အပြန်အလှန်တိုက်ခိုက်နေစဉ်မှာပင် စစ်ကောင်စီဘက်ကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု တည်ဆောက်မည်ဟု ကြွေးကြော်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဟု ကြေညာထားသည်။

စစ်ကောင်စီနှင့် NUG ပြောနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည့်အပေါ် အမြင်နှင့် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုသည် မည်ကဲ့သို့သောပုံစံမျိုး ဖြစ်သည်ကို သိရှိနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ် ပြောရေးဆိုခွင့်ရှိသူများနှင့် တက်ကြွလှုပ်ရှားသူများအား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ဒုဗိုလ်မှူးကြီး တာပန်လ ပြောရေးဆိုခွင့်ရှိသူ
ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)

လက်ရှိ သွားနေတဲ့ ပြည်ထောင်စုက နှစ်ဖက်သွားနေတယ်လို့ ပြောရမှာ ဖြစ်နေပြီ။ တဖက်က စစ်အာဏာရှင်စနစ်က ဦးဆောင်ပြီးမှ သွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပြည်ထောင်စုပေါ့။ ဒါက ပြည်ထောင်စု အမည်တပ်ထားတဲ့ တပြည်ထောင်စနစ်ပါပဲ။ နောက်တခုက တော်လှန်ရေး ဒီမိုကရက်တစ်အင်အားစုကနေ စုစည်းပြီးတော့မှ သွားနေတဲ့ ပြည်ထောင်စုကတခု ရှိပါတယ်။ အဲဒါက ဟိုး ၂၀၀၇၊ ၂၀၀၆ ကတည်းက FCDC ဖွဲ့စည်းပုံပေါ့။ အဲဒီမှာ ဒီမိုကရက်တစ် အင်အားစုတွေရော၊ တိုင်းရင်းသားအင်အားစုတွေရော အကုန်ပူးပေါင်းပြီး သဘောတူထားတဲ့ ဖွဲ့စည်းပုံတခု ရှိပါတယ်။ အဲဒါက အားလုံးကိုကာဗာ ဖြစ်နိုင်ပါတယ်။ အဲဒါက တိုင်းရင်းသားတွေရော အကုန်လုံးလိုချင်တဲ့ ပြည်ထောင်စုက အဲဒီ အတိုင်းပဲ အနီးဆုံး ပြောလို့ရပါတယ်။

တအာင်း(ပလောင်) တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ကတော့ ပြည်နယ်သစ်တည်ဆောက်မှု ရှိရပါမယ်။ ပြည်နယ် ရသင့်ရထိုက်တဲ့ အင်္ဂါလက္ခဏာစုံညီတဲ့ လူမျိုးတွေ ပြည်နယ်သစ် တည်ဆောက်ခွင့် ရှိရမယ်။ အဲဒီ ပြည်နယ် အသစ်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံမှု ရထားတဲ့ပြည်နယ် ဖြစ်ရပါမယ်။ တဦးချင်း အခွင့်အရေး ဖြစ်တဲ့ နိုင်ငံသား အခွင့်အရေးခံစားခွင့် အပြည့်အဝ ရှိရမှာ ဖြစ်သလို အုပ်စုလိုက်အခွင့်အရေး ဖြစ်တဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်က လည်း ရှိရမှာ ဖြစ်ပါတယ်။

နော်မေဦး မဟာဗျူဟာအကြံပေး
ကရင်အမျိုးသားအစည်းအရုံး (KNU)

ဖက်ဒရယ်ကို လူတိုင်းပြောတာ၊ အစုအဖွဲ့အားလုံးနီးပါးကပြောတာဟုတ်ပါတယ်။ ဆိုတော့ ဖက်ဒရယ်ကိုဘယ်သူတွေ ပြောနေသလဲဆိုတာက မေးခွန်းမဟုတ်တော့တာကြာပါပြီ။ ပိုပြီးအရေးကြီးတဲ့မေးခွန်းက ဖက်ဒရယ်ကို ဘယ်သူတွေတကယ်တည်ဆောက်ကြဖို့ စိတ်ဆန္ဒရှိကြပါသလဲဆိုတာပါ။ ဒီနေရာမှာ ကျမကဘယ်လို ဖက်ဒရယ်မျိုးကို လိုချင်တာလဲဆိုတာကလည်း တကယ်အရေးမကြီးပါဘူး။ ကျမတို့တိုင်းပြည်၊ ကျမတို့သမိုင်းတွေနဲ့ ကျမတို့ရဲ့ကွဲပြားစုံလင်တဲ့ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းတွေ တကယ် အနှစ်သာရရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုရင် ဘယ်လိုဖက်ဒရယ်စနစ်မျိုးကိုပုံဖေါ်တည်ဆောက်ကြမှာလဲ ဆိုတာက ပိုအရေးကြီးတာပါ။

တိုင်းရင်းသားအားလုံးလိုလားတဲ့ဖက်ဒရယ်ဆိုတဲ့မေးခွန်းကြောင့် ဒီတိုင်းရင်းသားဆိုတာထဲမှာ ဗမာပါတယ်လို့ကျမယူဆပါတယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကတော့ နှစ်ပေါင်း ၇၀ ကျော်ကြာ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်စနစ်ကို လိုလားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း၊ ပြောင်ပြောင်တင်းတင်းပြောခဲ့ပြီးသားပါ။ အဲ့ဒီနိုင်ငံရေးရပ်တည်ချက်ဟာ ဒီကနေ့အထိ မပြောင်းလဲသေးဘူးလို့ ကျမနားလည်ထားပါတယ်။ ဒီတော့ မေးဖို့ကျန်တာက ဗမာတွေကရော ဘယ်လိုပြည်ထောင်စုမျိုးကိုလိုချင်တာလဲပေါ့။ ဒီတိုင်းပြည်ကို အင်မတန်အုပ်ချုပ်ချင်နေကြတဲ့ နိုင်ငံရေးပါတီတွေကရောဘယ်လိုဖက်ဒရယ်မျိုးကိုများ အာရုံရနေကြသလဲပေါ့။

ဒေါက်တာတေဇာစန်း
သပိတ်ခေါင်းဆောင်

လူမျိုးပေါင်းစုံ ဒေသပေါင်းစုံက ပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ စနစ်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လို ဖက်ဒရယ်လည်း ဘယ်လို ပြည်ထောင်စုလည်းလို့ ပြောရင် အားလုံးစွဲကိုင်ယုံကြည်ထားတဲ့ ဒီနွေဦးတော်လှန်ရေးရဲ့ ရလဒ်တခုအဖြစ် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဏ်ဆိုတာ ရှိပါတယ်။ ဒီပဋိဉာဏ်မှာ သတ်မှတ်ဖော်ပြထားတဲ့ အတိုင်းပါပဲ။

ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကတော့ဖြင့် လွတ်လပ်ခွင့်တန်းတူခွင့်နဲ့ တရားမျှတမှု ဆိုတဲ့ လောကပါလတရားတွေ ထွန်းကားတဲ့ ဖက်ဒရယ်စနစ် ဒီမိုကရေစီ စနစ်ပဲ ဖြစ်ပါတယ်။ ဒီဖက်ဒရယ်စနစ်ကို မရောက်ရောက်အောင် ချီတက်ကြဖို့ဖြစ်တယ်။ ဒီလိုမျိုးစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့နေရာမှာ ကျနော်တို့အတွက် အဓိက စူးညှောင့်ခလုတ်ကတော့ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုပဲ ဖြစ်ပါတယ်ဗျ။

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၇၅ နှစ်ကျော်ခရီးမှာ ဒီမိုကရေစီတည်ဆောက်ရေးကိုရော ဖက်ဒရယ်တည်ဆောက်ရေးကိုရော ဟန့်တားနှောင့်ယှက်ခဲ့တဲ့ ပင်မ လက်သည်တရားခံက အကြမ်းဖက်စစ်အုပ်စုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ပြီးတော့ သွားချင်တဲ့ ဘုံပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဒီနွေဦးတော်လှန်ရေးအောင်ပွဲမှသည် အရောက် ချီတက်ကြပါစို့လို့ ကျနော့်အနေနဲ့တိုက်တွန်း နှိုးဆော်ချင်ပါတယ်။

ဒေါက်တာပညာမွန် (တိုင်းရင်းသားအရေးလေ့လာသူ)

သူတို့ (စစ်ကောင်စီ) က ၂၀၀၈ အောက်ကိုပဲ ဖက်ဒရယ်လမ်းကြောင်းထူထောင်ဖို့ စဉ်းစားထားတာပေါ့။ ၂၀၀၈ ကို ကြည့်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဘယ်လိုမှ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ မှာက ဗဟို အခြေပြုပေါ့။ ဗဟိုကိုပဲ အာဏာအများကြီး ယူထားတယ်။ ပြည်နယ်ကိုတော့ အာဏာနည်းနည်းပဲ ပေးထားတဲ့အခါကျ တော့ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် အစစ်အမှန်တော့ မရောက်နိုင်ဘူးလို့ သုံးသပ်မိပါတယ်။ အမှန်တကယ် ဖက်ဒရယ်ကတော့ ယူနစ်ဆိုတဲ့ ပြည်နယ်တွေ ပေါင်းထားပြီးတော့ ဖက်ဒရယ်ကို ထူထောင်တဲ့အခါမှာ ဗဟိုက မျှပေး ထားတဲ့ ဖက်ဒရယ် မဟုတ်ဘဲနဲ့ အောက်ကနေ Bottom Up ပေါ့။ ဗဟိုကို ရှယ်ပေးတဲ့ပုံစံ သွားရမယ်။ ပထမဆုံး ယူနစ် ကနေ စထူထောင်ရမယ်။ ဘယ်လို ထူထောင်ရမလဲဆိုရင် ပြည်နယ်ဖွဲ့စည်းပုံတွေ၊ ရပိုင်ခွင့်တွေ၊ အဲဒီ ပြည်နယ်မှာရှိတဲ့ အုပ်ချုပ်ရေးယန္တရားတွေ၊ တရားစီရင်ရေးယန္တရားတွေ၊ ဥပဒေပြုရေးယန္တရားတွေ အဲဒါတွေ အရင်ရှိဖို့ လိုပါတယ်။

နောက်တမျိုးပြောရရင် ဖက်ဒရယ်ဆိုတာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပိုင်ခွင့် ရှိရမယ်။ ယူနစ်တွေကို ဗဟိုက အာဏာ ဘယ်လိုခွဲပေးမှာလဲဆိုတာ စပြောလို့မရဘူး။ သူတို့က ဗဟိုက အားလုံးချုပ်ကိုင်ပြီးတော့မှ ယူနစ်တွေ ဒီလောက်ပဲ ယူပါ။ အဲဒီလိုပုံစံနဲ့ သွားလို့မရဘူး။ ယူနစ်တွေအားလုံးက ကိုယ်စားလှယ်တွေအကုန်လုံး စုပေါင်းပြီးတော့မှ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတော့မှသာ သွားရမယ်။ ကျနော် ပြောချင်တာက Coming Together ဖက်ဒရယ်စနစ်ကို သွားရမယ်။ အဲဒီလိုမျိုးပေါ့။

ဒေါက်တာ သီရိမွန်ချမ်း နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ
မွန်ပြည်ကာကွယ်ရေးတပ် (MSDF)

အခုလက်ရှိ အာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်ကောင်စီက ဖက်ဒရယ်လို့ ပြောပြီးတော့ တိုင်းရင်းသားတွေကို စည်းရုံးနေတာတော့ ရှိတယ်။ တဖက်မှာ NUG အနေနဲ့လည်း နိုင်ငံပြန်လည်တည်ဆောက်ဖို့ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံရယ်လို့ စည်းရုံးနေတာပေါ့။ ဒါပေမဲ့ နှစ်ခုလုံးမှာ ကျနော်တို့ သုံးသပ်ကြည့်သလောက်တော့ ဖက်ဒရယ်ပုံစံနဲ့ ရာနှုန်း ပြည့် ပြည့်စုံတဲ့ ပြည်ထောင်စုပုံစံမျိုးတော့ မဟုတ်ဘူး။ ဖက်ဒရယ်မှာက ၂ မျိုးပဲ ရှိတယ်။ Coming Together Federalism နဲ့ Holding Together Federalism ပေါ့။ Coming Together က လွတ်လပ်ပြီးသား ပြည်နယ်တွေ ကိုယ့် ဆန္ဒအလိုက် လာပြီး ပူးပေါင်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်တဲ့ပုံစံ Holding Together ကျတော့ အပေါ်ကနေ Top Down အစိုးရကနေ တိုင်းရင်းသားအဖွဲ့တွေကို အခွင့်အရေးတစုံတရာ ပေးပြီးတော့ ပြည်ထောင်စုပုံစံ လုပ်လိုက်တာပေါ့။

အကြမ်းဖက် စစ်ကောင်စီကဖွဲ့မယ့် ဖက်ဒရယ်ကျတော့ ဖက်ဒရယ်ပုံစံနဲ့ သိပ်ဝေးတယ်။ NUG ကျတော့ နည်းနည်း နီးစပ်တာပေါ့။ ဒါပေမဲ့ ရာနှုန်းပြည့်တော့ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ကတော့ Self Determination (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) လို ပုံစံမျိုးပေါ့။ ဖက်ဒရယ်ယူနစ်မှာရှိတဲ့ ပြည်နယ်တွေမှာ အာဏာ ရှိရမယ်။ ဖက်ဒရယ်အစိုးရမှာ အာဏာ ရှိရမယ်။ ပြည်နယ်အစိုးရရဲ့ အာဏာက လွတ်လပ်တဲ့ ပြည်နယ်တွေပုံစံမျိုး ဖြစ်ရမယ်။ ဝန်ကြီးချုပ် ရွေးချယ်ခွင့် ရှိမယ်။ ဖက်ဒရယ်အစိုးရကို အပ်နှင်းထားတဲ့ အာဏာအပြင် တခြားဟာတွေက ပြည်နယ်အစိုး ရမှာ ရှိမယ်။ ဥပမာ ပြည်နယ်ရဲတပ်ဖွဲ့ ရှိရမယ်။ စစ်တပ်ကတော့ ဖက်ဒရယ်တပ်ဖွဲ့တဲ့အခါမှာ အခြေအနေတမျိုး ဖြစ်မယ်။ စစ်တပ်က ပုံစံတမျိုးပေါ့။

ခွန်းဘီထူး ဥက္ကဋ္ဌ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)

ဖက်ဒရယ်နဲ့ ပတ်သက်ပြီးသွားတဲ့ Approach (ချဉ်းကပ်) မတူညီတာတွေ တွေ့ရတယ်။ AA (ရက္ခိုင့်တပ်တော်) ရဲ့ Approach က တမျိုးဖြစ်မယ်။ KIA (ကချင်လွတ်မြောက်ရေးတပ်)၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ရဲ့ Approach က တမျိုးဖြစ်မယ်။ သိသိသာသာကွဲပြားမှုက ဖက်ဒရယ်ဆိုပြီး အာဏာခွဲဝေမှုနဲ့ ဗဟိုချုပ်ကိုင်မှုကြားမှာ Power Sharing ဘယ်လို လုပ်မလဲဆိုတာက ပုံစံတမျိုး ဖြစ်ပြီးတော့ ကွန်ဖက်ဒရေးရှင်းဆိုတာက ပြည်နယ်ရဲ့ အချုပ် အခြာအာဏာသည် ပြည်နယ်မှာပဲ ရှိရမယ်။ ပြည်ထောင်စုက ဘာမှ သိပ်ဝင်ရောက်စွက်ဖက်စရာ မလိုဘူးဆိုတဲ့ ကွန်ဖက်ဒရေးရှင်း Approach က သိသိသာသာ ကွဲပြားပါတယ်။ ကျနော့်အနေနဲ့ ပြောချင်တာက ဖက်ဒရယ်ကို သွားမယ်ဆိုရင် စစ်အာဏာရှင်နဲ့ ညှိနှိုင်းဆောင်ရွက်လို့ မရဘူး။

စစ်အာဏာရှင်ပြုတ်ကျမှ၊ စစ်တပ်က တိုင်းပြည်ကာကွယ်ရေး တာဝန်ယူပြီး နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နိုင်မှု မရှိ တော့တဲ့ အခြေအနေ ဖြစ်အောင် ကျနော်တို့ လုပ်နိုင်မှသာ ဖက်ဒရယ်စနစ်ကို စပြီး ခြေလှမ်းလှမ်းနိုင်မယ်လို့ ဖြေချင်ပါ တယ်။ ကျနော်တို့ KNDF တပ်ဖွဲ့အနေနဲ့ရော၊ ကရင်နီလူထုအနေနဲ့ရော အမြင်ချင်ဆုံးအရာက ပြည်ထောင်စုမှာ သွေး ကွဲမှုတွေ မဖြစ်ဖို့လိုတယ်။ အချို့က ကျနော်တို့နိုင်ငံဟာ ယူဂိုစလားဗီးယားပြည်ထောင်စု ပြိုကွဲခဲ့သလို Balkanization ဖြစ်မလား၊ စစ်ကောင်စီလည်းပြုတ် ကျနော်တို့လည်း အမျိုးသားရေးအစွန်းရောက်ပြီး အချင်းချင်းသတ်တာတွေ ဖြစ်မလားဆိုပြီး ပြောကြတာ ရှိတယ်။ ဒါက လုံးဝ ဖြစ်စရာအကြောင်း မရှိဘူးပေါ့။ ကျနော်တို့ အချင်းချင်းကြား ဆွေးနွေးမှုတွေ၊ ညှိနှိုင်းဆောင်ရွက်မှုတွေ အများကြီး ရှိနေပါတယ်။

မောင်ဆောင်းခ (တာဝန်ခံ)
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)

နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ၊ အင်အားစုတွေ တော်တော်များများကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ တော်လှန်ရေးလုပ်နေကြတာ တွေ့ရပါတယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ နှစ်ရှည်လများ တော်လှန်ရေး လုပ်နေခဲ့တာကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှမှုတွေမရှိတဲ့ အတု အယောင် ပြည်ထောင်စု စနစ်ကြီးကြောင့် ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီနေရာမှာ ဖက်ဒရေးရှင်း၊ ကွန်ဖက်ဒ ရေးရှင်းဆိုတာထက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်ဖို့က အရေးကြီးဆုံးလို့ ယုံကြည်ပါတယ်။ ဖက်ဒရယ်ပြည် ထောင်စုလို့ ခေါင်းစဉ်လှလှလေးပေးပြီး တိုင်းရင်းသားတွေကို ဂျင်းထည့်ခဲ့တာလည်း ကြာပါပြီ။ ကျနော်တို့အနေနဲ့ လူမျိုးကြီးဝါဒ တည်ရှိမှုကို ထုတ်ဖော်ဝန်ခံပြီး သမိုင်းအမှားတွေ ထပ်မမှားမိဖို့ လိုအပ်ပါတယ်။ အဲဒါမှ လူမျိုးစုတွေရဲ့ ကြားမှာ ကျေလည်တဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မယ် ထင်ပါတယ်။ ညီညွတ်မှပဲ တော်လှန်ရေးက အောင်နိုင် မှာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မှလည်း ပြည်ထောင်စုအိပ်မက်က ဆက်မက်လို့ရမှာ မဟုတ်လား။

မိဆူးပွင့် ဗဟိုဦးဆောင်ကော်မတီဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

စစ်အုပ်ချုပ်ရေးကလည်း အသွင်သဏ္ဍာန်အမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြောင်းလဲလာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲအတည်ပြုတဲ့အထိ ဖြစ်သွားတယ်။ ၂၀၁၂ မှာ NCA ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပေါ်လာတယ်။ ဒါတွေက အချိုး အကွေ့တွေပဲ ဖြစ်တယ်။ NCA ပါဝင် ဆွေးနွေးကြတယ်။ ၂ နှစ်ကျော် ၃ နှစ်။ တချို့ လက်မှတ်ထိုးတယ်။ တချို့ လက် မှတ်မထိုးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အများလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တခုပေါ့။ ၂၀၂၁ မှာတော့ အားလုံးဟာ ဇီးရိုး သုညမှတ်ကို ပြန်ရောက်သွားတယ်လို့ ပြောလို့ရတယ်။ ပြန်ပြီး ထိန်းချုပ်ခံ လိုက်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကို ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုက အခြေခံပြီး စစ်တပ်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ် ပြန်ခေါင်းထောင်စေမယ့် အနေအထား ပြန်ရောက်သွားတယ်။

အဓိကက ကျမတို့ ဒီကြားထဲမှာ ဘာတွေကို ကြည့်ရမလဲဆိုရင် ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တကယ်နားလည် လက်ခံလာနိုင်အောင် ကြိုးစားဖို့ပေါ့။ ဖက်ဒရယ်တို့၊ တိုင်းရင်းသားနိုင်ငံရေးနဲ့ အလှမ်းဝေးတဲ့ အုပ်စုတွေကြားမှာ တွေ့ဆုံဆွေးနွေးပွဲတွေ အပြန်အလှန်နားလည်မှု တည်ဆောက်တဲ့ ဖြစ်စဉ်တွေ၊ ယုံကြည်မှုတည်ဆောက်တဲ့ ဖြစ်စဉ်တွေ အများကြီး အားနည်းခဲ့တယ်။ NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး နားလည်မှုမတူညီတဲ့ ကိစ္စတွေ တပ်မတော်နဲ့ ယုံကြည်မှုတည်ဆောက်လို့ တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲရတာတွေ ဖြစ်ခဲ့ပြန်တယ်။ နောက်ဆုံး အာဏာသိမ်းမှု ဖြစ်တယ်။ အဲဒီကနေ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တော်လှန်ရေးကြီးတရပ် ပြန်ပေါ်လာတယ်လို့ပဲ ပြောရမှာပေါ့။ ဖက်ဒရယ်ကို မသွားနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကလည်း Nothing (ဘာမှမရှိ) လို့ပဲ ပြောလို့ရပါတယ်။

လွေးပိုးငယ် အကြံပေး
တအာင်း (ပလောင်) အမျိုးသမီးအဖွဲ့အစည်း (TWO)

ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားပေမယ့်လည်း ကျမတို့နိုင်ငံမှာ ဘယ်သူမှ ပြည်ထောင်စုရဲ့ အနှစ်သာရကို မခံစား ခဲ့ရဘူး။ အထူးသဖြင့် ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေက သူတို့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတွေကို ဆုံးရှုံးရတဲ့နေ့လို့ သတ်မှတ်လို့ ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်နေခဲ့ကြတယ်။ ဒါပေမဲ့ လွတ်လပ်ရေးယူဖို့ဆိုပြီးမှ အားလုံးစုစည်းပြီး အတူတကွ လွတ်လပ်ရေး ယူခဲ့ကြတယ်။ ဒါပေမဲ့ တကယ့်တကယ် လွတ်လပ်ရေးရဲ့ အရသာကို မခံစားခဲ့ကြရဘူး။ ပြည်ထောင်စုရဲ့ အနှစ်သာရဖြစ်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ပြည်နယ်ကိုယ် စီမံခန့်ခွဲခွင့်၊ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲခွင့်တွေက အဲဒီကတည်းက ဆုံးရှုံးတာ ဖြစ် တယ်။ ဒီလို ဆုံးရှုံးမှုတွေ၊ မတရားမှုတွေ ရှိနေတာ ဖြစ်တဲ့အတွက် ကျမတို့ နိုင်ငံမှာက နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲတွေ ဖြစ်လာတာပေါ့လေ။ ဒီတိုက်ပွဲတွေကြောင့် ကျမတို့နိုင်ငံက အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါဝင်ပြီးတော့ နိုင်ငံရေးပြဿနာကို ယနေ့အချိန်ထိ မဖြေရှင်းနိုင်တာ ဖြစ်တယ်။

ဒေါ်မွန်းနေလီ အကြံပေး
ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT)

အာဏာရှင်တစုရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်ထောင်စုရဲ့ အနှစ်သာရက အခုအချိန်ထိ ခံစားလို့ မရသေးဘူး။ ပြည်ထောင်စုရဲ့ အနှစ်သာရ မရှိတဲ့အပြင် ပြည်သူတွေဟာ ယနေ့အချိန်ထိ တော်လှန်ရေးကို ဆင်နွှဲနေကြရတာပေါ့။ ဆို တော့ ကျမတို့ရဲ့ ၁၉၄၈ ခုနှစ်မှာ ရခဲ့တဲ့ လွတ်လပ်ရေးဆိုတဲ့ဟာက အခုအချိန်ထိ ကျမတို့ လွတ်လပ်ရေး မရသေး ဘူးဆိုတဲ့ အခြေအနေတရပ်မှာ ရှိနေတယ်။ ဒါကြောင့်မို့ ကျမတို့ဆီမှာ ပြည်ထောင်စုရဲ့ အနှစ်သာရ လုံးဝ မရှိဘူးလို့ ပြောလို့ရတယ်။

You may also like these stories:

ပြည်ထောင်စုတွေ ဖြေရလေ့ရှိတဲ့ စာမေးပွဲ

အာဇာနည်နေ့ကို စစ်ခေါင်းဆောင်က မည်သည့်အတွက် အလေးမထားသနည်း

သမိုင်းတပတ် ပြန်မလည်စေလို

စစ်ကောင်စီ၏ EAO များနှင့် ဆွေးနွေးပွဲ နိုင်ငံတကာအတွက် ဟန်ပြသာဖြစ်ဟုဆို

Loading