စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာမက အပြစ်မဲ့အရပ်သားပြည်သူတွေပါ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက် ခိုက်မှု၊ ရွာမီးရှို့မှု၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို နေ့စဉ်ဆိုသလို ကျူးလွန်နေပြီး ရက်ရက်စက်စက် အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကနေ မတ်လ ၁၇ ရက်ထိ နွေဦးတော်လှန်ရေးအတွင်း သေဆုံးခဲ့ရသူဦးရေ ၃၁၀၀ ကျော် ရှိပြီး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၆၀၀၀ ကျော်၊ အဲဒါအထဲကမှ ၅ ထောင်ကျော်ဟာ ထောင်ဒဏ် အသီးသီး ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြ ထားပါတယ်။ အဲဒီအထဲကမှ သေဒဏ်ချမှတ်ခံထားရသူဦးရေက ၁၂၁ ဦးရှိပါတယ်။ ဒီစာရင်းတွေက AAPP က ကောက်ယူရရှိထားတဲ့ စာရင်းတွေဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း AAPP က ဆိုထားပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကနေ မတ်လ ၁၃ ရက်ထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြိမ်ရေ ၆၄ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးခဲ့ရသူ ၇၆၆ ဦးရှိခဲ့တယ်လို့ မတ်လ ၁၅ ရက်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က လည်း ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စင်ပြိုင်အစိုးရဖြစ် တဲ့ NUG အနေနဲ့ ဘာတွေဆောင်ရွက်နေသလဲဆိုတာကို NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အခု လက်ရှိ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဘယ်လို ဖော်ပြချင်ပါသလဲ။
ဖြေ။ ။ လက်ရှိ အခြေအနေက ရှိသမျှလူ့အခွင့်အရေး အခြေအနေမျိုးစုံကို စနစ်တကျ ကျူးလွန်တဲ့အဆိုးဆုံး အခြေ အနေလို့ ပြောလို့ရတယ်။ လူ့အခွင့်အရေး အခြေအနေတင် မကပါဘူး။ အကြမ်းဖက် စစ်ကောင်စီက သူ့ကို ဆန့်ကျင် တဲ့သူတွေရော အပြစ်မဲ့အရပ်သားတွေအားလုံးကို ရန်သူသဖွယ် သတ်မှတ်ပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ ရာဇဝတ်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုးဆိုးဝါးဝါး ကျူးလွန်တဲ့ ရာဇဝတ်ကောင်အဆင့်ကို ရောက်နေပြီလို့ ပြောချင် ပါတယ်။ အဆိုးဆုံးအဆင့်လို့ ထပ်ပြီးတော့ ပြောပါရစေ။
မေး။ ။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဘယ်လိုရာဇဝတ်မှုတွေကို စစ်တပ်အနေနဲ့ ကျူးလွန်တယ်လို့ ပြောချင် ပါသလဲ။
ဖြေ။ ။ ဒီရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့အမှုကတော့ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်ဆိုတာ ကမာ္ဘကသိပြီး သားဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အခုလိုမျိုး အပြစ်မဲ့တဲ့ အရပ်သားတွေကို သူတို့ရှိတဲ့ နေရာတွေကို တမင်ရည်ရွယ်ပြီးတော့ တိုက်ခိုက်တာ၊ အပြစ်မဲ့ရွာသားတွေဆိုတာ သိရဲ့သားနဲ့ ကလေးတွေဆိုတာ သိရဲ့ သားနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ဒါတွေက လူသားမျိုးနွယ်တခုလုံးကို ကျူးလွန်တဲ့ပြစ်မှု (crime against humanity) ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗျူဟာတခု ချမှတ်ပြီး သတ်ဖြတ်တာ ထင်ရှားပါတယ်။
လူသားမျိုးနွယ်တခုလုံးကို ဦးတည်ထားပြီး အစုလိုက်အပြုံလိုက် လူအများထိခိုက်အောင်လုပ်ဆောင်တဲ့ အမှုပါ။ နောက်ပိုင်း ဖိနှိပ်တဲ့ စစ်တပ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်ဆန့်ကျင်မှုတွေ ဒေသတော်တော်များများမှာ ဖြစ်လာတယ်။ ပြောရမယ်ဆိုရင် အဲဒီဒေသတွေမှာ War လို့ ခေါ်တဲ့ စစ်ပွဲအခြေအနေပါ။ အဲဒီနေရာတွေမှာ အကြမ်း ဖက် စစ်ကောင်စီက စစ်ပွဲတွေမှာ သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့ ဂျီနီဗာကွန်ဗန်းရှင်းတို့မှာ ဖော်ပြထားသလို အရပ် သားနေရာတွေ မထိခိုက်အောင် ကာကွယ်စောင့်ရှောက်ရမယ်၊ လူတွေအမြောက်မြား မထိခိုက်အောင် ကာကွယ်ပေး ရမယ်၊ အစုလိုက်အပြုံလိုက် မီးရှို့တာတွေ မလုပ်ရဘူးဆိုတာတွေ အကုန်လုံးနီးပါး ချိုးဖောက်တာ ဖြစ်ပါတယ်။
ဒါမျိုး ချိုးဖောက်တာကလည်း ရဲဘော်တယောက်၊ တပ်စိတ်တခုကနေ ချိုးဖောက်တာ မဟုတ်ပါဘူး။ လာသမျှ တပ် တွေအားလုံးက အခုလိုမျိုး အမြဲတမ်းမီးရှို့မီးလောင်တိုက်သွင်းဆိုတဲ့ ဗျူဟာအတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်။ အဲဒီတော့ စစ်ပွဲကာလအတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ အထူးသဖြင့် အထူးကာကွယ်ပေး ရမယ့် ကျောင်းတွေ၊ ဆေးရုံတွေ၊ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်နေတဲ့နေရာတွေကို ဦးတည် တိုက် ခိုက်တာလောက် စစ်ရာဇဝတ်မှုမြောက်တာ မရှိနိုင်တော့ပါဘူး။
အခု ကျနော်တို့ ကြုံတွေ့နေရတာကတော့ Genocide ထက်စာရင် Democide လို့တောင် ပြောလို့ရပါတယ်။ ဒီမိုက ရေစီအရေး ထောက်ခံသူအားလုံးကို ရန်သူလို့ သတ်မှတ်ပြီးတော့ ဘယ်သူမှ မကျန်အောင်၊ စစ်တပ်ကို ဆန့်ကျင်နေ တဲ့ နေရာတွေ၊ အိမ်တွေ၊ ဒေသတခုလုံးကို လူတယောက်မှ မကျန်အောင် လုပ်ဆောင်တဲ့အတွက် Democide လို့ ပြောချင်ပါတယ်။
မေး။ ။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေက နိုင်ငံတဝှမ်းမှာ နေ့စဉ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့နေရာမှာ ဝန်ကြီးဌာန အနေနဲ့ တရားမျှတမှု ဖော်ဆောင်ဖို့အတွက် ဘယ်လိုတွေ ဆောင်ရွက်နေတာရှိပါသလဲ။
ဖြေ။ ။ အခုချိန်မှာ တရားဥပဒေစိုးမိုးမှုက လုံး၀ မရှိဘူး။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာရာဇဝတ်မှု တရားရုံး လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးနိုင်ဖို့အတွက် လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့အခါမှာ ကျူးလွန်တဲ့ပြစ်မှုတွေ၊ သက်သေတွေ၊ အထောက်အထားတွေ နောက်တိုင်ကြားတဲ့သူတွေက တိုင်ကြားပါတယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ခွင့်ပြုချက်တွေ လ်ိုအပ်ပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ဒါတွေက မဖြစ်မနေ စုဆောင်းရမယ့်အရာတွေ ဖြစ်တယ်။ အဲဒီနေရာမှာ ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အသိစိတ်ဓာတ်ကို အများကြီး ချီးကျူးလိုပါတယ်။
ကိုယ့်အိမ်မှာ မီးရှို့ခံထိတာတွေ အားလုံးရှိနေပေမယ့် ပြည်သူတွေက နာကြည်းမှုတွေ၊ အမှန်တရားအတွက် ရပ်တည် လိုမှုတွေ၊ ဖော်ဆောင်လိုမှုတွေနဲ့ ကျနော်တို့ကို သတင်းပေးပို့ပါတယ်။ အများကြီးပါ။ ကျနော်တို့ ခိုင်လုံတဲ့ သတင်း ပေါင်း ၆၀၀၀၀ နီးပါး ရရှိပါတယ်။ ဒါက အွန်လိုင်းပေါ်က အချက်တွေတင်မကဘဲ တကယ့်ကို ခိုင်လုံအောင် လုပ် ဆောင်ထားတာတွေ ဖြစ်တယ်။ ဒါတွေက စုဆောင်းထားပြီးသား ဖြစ်ပါတယ်။ ဒါတွေကို တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးလမ်းကြောင်းကို အသုံးပြုပြီးတော့ နိုင်ငံတကာက အကြမ်းဖက်စစ်တပ်ကို အရေးယူဖို့ အတွက် လုပ်ဆောင်မှုတွေ ကျနော်တို့ ကြိုးပမ်းနေပါတယ်။
တချို့နိုင်ငံတွေမှာ သူ့ရဲ့နိုင်ငံအတွင်းမှာရှိတဲ့ လုပ်ပိုင်ခွင့်အရ တခြားတိုင်းပြည်က ကျူးလွန်တဲ့အမှုမျိုးကို လက်ခံပြီး တရားစွဲဆိုနိုင်တဲ့ နိုင်ငံလွှမ်းခြုံတရားစီရင်မှု (Universal jurisdiction) လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ ဒါကို အသုံး ပြုပြီး နိုင်ငံအလိုက် (အာဂျင်တီးနား၊ ဂျာမနီ၊ တူရကီ၊ အင်ဒိုနီးရှား) အရေးယူနိုင်ဖို့ ကျနော်တို့ အမှုတွေ တင်ပါတယ်။ ကျနော်တို့ အမှုတွေကို လက်ခံတာ၊ စ စစ်ဆေးမှုတွေ လုပ်တာ ရှိနေပါပြီ။ တရားဥပဒေ စီရင်နိုင်ဖို့အတွက် မှန်ကန်တဲ့ တရားရုံးတွေ ဖော်ဆောင်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။
မေး။ ။ မြန်မာပြည်သူတွေအနေနဲ့ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့အချိန်မှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုကရော ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိတယ်လို့ မြင်လား။
ဖြေ။ ။ အဆိုးဆုံးရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အကောင်းဆုံး ပြန်လည်ပြီးတော့ တုံ့ပြန်မှု မရှိသေးပါဘူး။ Global coordinated action ကလည်း သိပ်ပြီးတော့ ကျနော်တို့ မျှော်မှန်းသလောက် မရဘူး။ တဖြည်းဖြည်း ပိတ်ဆို့ တာတွေ တိုးတက်ပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် လုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်။ ဒီထက်ပိုပြီး ပိတ်ဆို့တာ စီးပွားရေး၊ လက်နက် ဒါတွေကို ပိတ်ဆို့တာ၊ နောက်တခါ တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှု နောက်ထပ် လုပ်နိုင်တာတွေ ရှိပါသေးတယ်။
တကယ့် အင်အားကြီးနိုင်ငံဖြစ်တဲ့ အီးယူ၊ ယူကေတို့က သူတို့နယ်မြေနယ်နိမိတ်နဲ့ ပိုန်ီးစပ်တဲ့ ယူကရိန်းအရေးကို ပိုအရေးစိုက်တာ၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လ်ို့ တကယ် ထိရောက်တာမရှိတဲ့ အာဆီယံရဲ့ Five point consensus (ဘုံသဘောတူညီမှု ငါးချက်) ကိုပဲ အခြေခံပြီး ဆောင်ရွက်တာ၊ အာဆီယံနိုင်ငံထဲမှာရှိတဲ့ တချို့ အိမ်နီး နားချင်းနိုင်ငံတွေက ပြဿနာကို အဖြေရှာဖို့ထက် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ အကျိုးမြတ်ရှာချင်တဲ့ စိတ်ထားတွေရှိနေတာ၊ အဲဒါ ကျနော်တို့ရဲ့ အဓိက စိန်ခေါ်မှု ဖြစ်ပါတယ်။ နောက်ပြီး စိုးရိမ်ပူပန်တာတွေကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်တာတွေနဲ့ မလုံလောက်ဘူး။ ဒါတွေကို တားဆီးနိုုင်ဖို့အတွက် ပိတ်ဆို့အရေးယူမှု တွေ၊ ဒီမိုကရေစီအင်အားစုကို အားပေးထောက်ခံမှုတွေ လိုပါတယ်။ ချိုးဖောက်မှုတွေ ဖြစ်လေလေ တားဖို့အတွက် မြန်မြန်စောစော တားနိုင်လေ ပြည်သူတွေ သက်သာလေ ဖြစ်ပါတယ်။
မေး။ ။ တရားမျှတမှု ဆောင်ရွက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။ ဘယ်တော့လောက် တရားမျှတမှုကို သူတို့ မျှော်လင့်လို့ ရမလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ တရားမျှတမှု ဖော်ဆောင်မယ်ဆိုတာ မမျှော်လင့်ပါနဲ့။ ယုံကြည်ပါ။ ယုံကိုယုံကြည်ရမယ့် အရာမျိုး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ထိ ရက်စက်ယုတ်မာပြီး ရာဇဝတ်မှုမျိုးစုံကို အသုံးပြုပြီး ပြည်သူ ကို ခြိမ်းခြောက် အာဏာအောက်ထဲပြန်သွင်းဖို့ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက ဘယ်လိုမှ ရေရှည်မတည်တံ့ နိုင်ဘူး။ တချိန်တည်းမှာပဲ ကျနော်တို့ပြည်သူတွေရဲ့ အမှန်တရားအတွက် ရပ်တည်လိုတဲ့ ထိရင်ကြွမယ် ဖိရင် ချမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးတွေအတွက် အများကြီး အားရပါတယ်။ အဲဒီတော့ ယုံကြည်လိုက်ပါ။
သေဆုံးသွားတဲ့သူတွေ၊ ချိုးဖောက်ခံရတဲ့သူတွေအတွက် အမှန်တရားကို ရရှိမယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပါ။ ယုံကြည်မှုနဲ့အတူ တော်လှန်ရေး မြန်မြန်အောင်မြင်ဖို့၊ တရားမျှတမှု ဖော်ဆောင်ဖို့အတွက် တတ်နိုင် တဲ့နေရာ ရောက်တဲ့နေရာကနေ ဘယ်တော့မှ အားမလျှော့ဘဲ လက်တွဲပါဝင်ပြီးတော့ လုပ်ဆောင်ကြပါလို့ တိုက်တွန်း လိုပါတယ်။ အချက်အလက် စုဆောင်းခြင်း၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ခိုင်မာအောင် လုပ်ဆောင်ပေးခြင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဒါတွေ ဖော်ဆောင်နိုင်ဖို့အတွက် ပြည်ပမှာရောက်နေတဲ့သူတွေလည်း အများကြီး လုပ်နိုင် ပါတယ်။
မေး ။ ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ရော NUG က ဘယ်လို အကောင်ထည်ဖော်နေတာတွေ ရှိပါသလဲ။
ဖြေ ။ ။ ရိုဟင်ဂျာနဲ့ပတ်သက်တာ ကျနော်တို့ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေကို ကျနော်တို့ အသိအမှတ်ပြုတယ်။ တချိန်တည်းမှာပဲ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဆက်လက် အကောင်အထည် ဖော်ဖို့အတွက်က ကိုဖီအာနန်ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေ၊ ရိုဟင်ဂျာတွေရဲ့ တင်ပြချက်တွေ၊ ကုလသမဂ္ဂနဲ့ အဆုံး အဖြတ်တွေကို ကျနော်တို့ အကောင်အထည်ဖော်ဖို့လည်း ကတိပြုထားပါတယ်။ အခုကိစ္စမှာ အရင်တုန်းကလို ရိုဟင် ဂျာဆိုတာကို သွယ်ဝိုက်ပြီးတော့ စကားလုံးခေါ်ပြီးတော့ ပြောရတဲ့အရာမျိုး မဟုတ်ဘူး။
ရိုဟင်ဂျာဆိုတာကို ရိုဟင်ဂျာအတိုင်း ကျနော်တို့ ပြောလာပြီ။ ဒါ ကျတော်တို့ရဲ့ အယူအဆ ပြောင်းလဲချက်။ နောက် ဒီကိစ္စကို စားပွဲအောက်မှာပဲ ဖြေရှင်းပါ၊ အစည်းအဝေးကြားထဲမှာ မတင်ပါနဲ့ဆိုတာမျိုး မဟုတ်ဘဲနဲ့ စားပွဲပေါ်မှာ တင်ပြ လာခဲ့ပြီ။ သူတို့ ကိုယ်တိုင်လည်း စားပွဲမှာ ပါဝင်အောင် ကျနော်တို့ လုပ်ဆောင်လာခဲ့ပြီ။ သူတို့ရဲ့ အယူအဆ အကြံပေး ချက်တွေကို အစိုးရရဲ့ ပေါ်လစီထဲမှာ ပါလာအောင် အမြဲတမ်း လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနရဲ့ အကြံ ပေးက ရိုဟင်ဂျာတဦး ဖြစ်ပါတယ်။ သူက နိုင်ငံခြားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တက်ကြွစွာ ပါဝင်လျက် ရှိပါတယ်။
တချိန်တည်းမှာပဲ ဒီပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ရေသောက်မြစ်ဖြစ်တဲ့ သူတို့အပေါ်မှာ ခွဲခြားတဲ့ ဥပဒေတွေက ဘာတွေရှိလဲ၊ ၁၉၈၂ နိုင်ငံသား ဥပဒေပေါ့။ ဒီဥပဒေကို ပြောင်းဖို့ ပြင်ဖို့ အရင်တုန်းက ချထားခဲ့တဲ့ မျိုးစောင့်ဥပဒေကို ဖျက်သိမ်းနိုင်ရေး ဒါတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ နောက်ပြီး အစိုးရအဖွဲ့မှာ ပါဝင်လာဖို့အတွက် လမ်းစ ရှာပြီး တော့ ကြိုးပမ်းနေပါတယ်။ မကြာခင်မှာ ဒါနဲ့ပတ်သက်ပြီး သတင်းကောင်းကြားရဖို့အတွက် ကျနော် မျှော်လင့်ပါတယ်။
မေး။ ။ ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ လူငယ်၊ အမျိုးသမီး၊ ကိုယ်စားလှယ်တွေနဲ့ဝန်ကြီး တွေ့ဆုံခဲ့တာတွေ မှာ သူတို့ဘက်က ဘာဆွေးနွေးတာတွေ ရှိပါသလဲ။
ဖြေ။ ။ သူတို့ တင်ပြချက်က ရှင်းရှင်းလေးပါပဲ။ ဒုက္ခသည်စခန်းမှာ မနေချင်ဘူး။ နေသည့်တိုင်အောင် လုံခြုံမှုအပြည့် အ၀ ရချင်တယ်။ သူတို့ရဲ့ နေအိမ်က မြန်မာပြည်ပဲ ဖြစ်တယ်။ မြန်မာပြည်အကျိုးကို တခြားနိုင်ငံသားတွေနဲ့တန်းတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဖြစ်တယ်။ ပြီးတော့ နေရပ်ရင်းပြန်ရေးအတွက် ကျနော်တို့ လုပ်ဆောင်မယ်။ နေရပ် ရင်း ပြန်လို့မရသေးသည့်တိုင်အောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့အခါ လူ့ဂုဏ်သိက္ခာနဲ့နေနိုင်ဖို့အတွက် လုံခြုံဖို့၊ တာဝန်ရှိတဲ့နိုင်ငံတွေနဲ့ တိုက်တွန်း ပြောဆိုလျက်ရှိပါတယ်။
မေး။ ။ Genocie ထက် Democide လုပ်တဲ့ စစ်အုပ်စုကို ဘာစကားပါးချင်ပါသလဲ။
ဖြေ။ ။ ကျနော့် မက်ဆေ့ချ်က ရှင်းရှင်းလေးပါ။ ရာဇဝတ်မှုကျူးလွန်တဲ့ ရာဇဝတ်ကောင်တွေဖြစ်တဲ့အတွက်ကြောင့်မို့ လို့ ရာဇဝတ်မှု တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ တကယ့် Chain of command (အဆင့်ဆင့်အမိန့်ပေးစနစ်) အရ တာဝန်ရှိတဲ့သူတွေကတော့ မဖြစ်မနေ သွားရပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ ပြည်သူ့ဘက်ကို ရပ်တည်လိုတဲ့သူတွေ အမြန်ဆုံး ကျနော်တို့နဲ့ ရပ်တည်ပါ။ တရားမျှတမှု ဖော်ဆောင်ရာမှာ ပူးပေါင်း ကြပါ အဲဒါကို ပြောချင်ပါတယ်။
You may also like these stories:
မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ