အပိုင်း နှစ်ပိုင်းပါသည့် တွေ့ဆုံမေးမြန်းခန်း၏ ယခု ပထမပိုင်းတွင် လူ့အခွင့်အရေး လှုပ်ရှားသူ အီဂေါ ဗလက်ဇီဗစ်က အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါကို နေပြည်တော် စစ်ကောင်စီနှင့် တရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ဘေဂျင်း၏ မကြာသေးမီက လှုပ်ရှားမှုများအကြောင်း မေးမြန်းထားသည်။
ဗလက်ဇီဗစ် ။ ။ ဂျေဆင်၊ ခင်ဗျား မကြာသေးမီက ရေးသားတဲ့ မြန်မာစစ်တပ်အပေါ် ဘေဂျင်း၏ အကန့်အသတ်ရှိသော ထောက်ခံမှု (The Limits of Beijing’s Support for Myanmar’s Military) ဆောင်းပါးမှာ တရုတ်အစိုးရက မြန်မာနဲ့ပတ်သက်တဲ့ ချဉ်းကပ်ပုံ ပြောင်းနေတယ်လို့ ရေးသားခဲ့တယ်။ ဘာတွေ ပြောင်းလဲသွားပြီး ဘာကြောင့် ပြောင်းတာလဲ။
ဂျေဆင်တာဝါ ။ ။ တရုတ်ဟာ သူ့ရဲ့ ဇီးရိုး ကိုဗစ်မူဝါဒကို အလျင်အမြန် အဆုံးသတ်လိုက်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ တရုတ်စီးပွားရေးမှာ ပါဝင်ပတ်သက်လုပ်ဆောင်နေသူတွေ ပြည်ပခရီးမသွားနိုင်ခဲ့ဘူး။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ တရုတ်အစိုးရအရာရှိတွေရဲ့ နံပါတ် ၁ မူဝါဒအာရုံစူးစိုက်မှုက ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးပဲ။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေဖြစ်လာပြီး အာရုံစူးစိုက်မှုက စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးကို ပြောင်းသွားတယ်။
ဒါဟာ တရုတ်-မြန်မာနယ်စပ်မှာ ယူနန်ပြည်နယ်အတွက် အဓိကကျတဲ့ သက်ရောက်မှုတွေ ရှိလာတယ်။ ယူနန်ဟာ မြန်မာကတဆင့် လမ်းပန်းဆက်သွယ်ရေးကို အာရုံစိုက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာ ချမှတ်ထားတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့သူတွေနဲ့ အစိုးရအရာရှိတွေက နယ်စပ်ဖြတ်ကျော် တိုးတက်မှု အစီအစဉ်တွေ အကောင်အထည်ဖော်ရေးကို အာရုံစိုက်နေကြပြီး မြန်မာက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကိုင်တွယ်ဖို့နဲ့ အဓိကကျတဲ့ အခြေခံအဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေ ပြန်လည်စတင်ဖို့ ကြိုးစားနေကြတယ်။ ကျနော် မျှော်လင့်ထားတာကတော့ ယူနန်နဲ့ တရုတ်တနိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေဟာ အခွင့်အလမ်းရှာဖို့ မြန်မာထဲကို အလုအယက်ဝင်လာတော့မယ် ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ စီမံကိန်းတွေ ပြန်လည် စတင်လာတာကို ကျနော်တို့ တွေ့ရမယ်။ ယူနန်အစိုးရက စီးပွားရေးတွေ ပုံမှန်ပြန်ဖြစ်နေတယ်ဆိုတဲ့ အချက်ကို တွန်းအားပေးလာတာ ကျနော်တို့ တွေ့ရမယ်။
အခြားအချက်တွေလည်း ရှိတယ်။ ပထမဆုံးအချက်က မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ကြမ္မာငင်တဲ့စစ်ပွဲကို အဆုံးသတ်ဖို့ နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှု ပုံစံတမျိုးမျိုးကို နိုင်ငံတကာက စိတ်ဝင်စားမှု ကြီးထွားလာနေတယ်။
ပထမဆုံးအချက်က မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ကြမ္မာငင်တဲ့စစ်ပွဲကို အဆုံးသတ်ဖို့ နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှု ပုံစံတမျိုးမျိုးကို နိုင်ငံတကာက စိတ်ဝင်စားမှု ကြီးထွားလာနေတယ်။
မြန်မာပဋိပက္ခက နိုင်ငံတကာပြဿနာ ဖြစ်သွားတာကို တရုတ်က တော်တော်လေးကို လက်မခံနိုင်ဘူး။ မြန်မာပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နောက်တကြိမ် တင်သွင်းလိုက်တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ဘေဂျင်းဟာ မြန်မာပြဿနာမှာ အများကြီး ပိုမိုတက်ကြွလာအောင် လှုပ်ရှားလာပြီး စစ်တပ်နဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေကို ထောက်ကူဖို့ အာရှရေးရာ အထူးသံတမန်သစ် ခန့်အပ်လာတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဟာ ဆက်လက်ပြီး သဘောထားကွဲနေပြီး ပိုမိုပြတ်သားတဲ့ ခြေလှမ်းတွေလှမ်းဖို့ ASEAN ကို တောင်းဆိုမှု ကြီးထွားနေတော့ ဒီပဋိပက္ခရဲ့လမ်းကြောင်းအပေါ်မှာ တခြား နိုင်ငံတကာဇာတ်ဆောင်တွေက သြဇာလွှမ်းမိုးမှု တည်ဆောက်မှာကို ဘေဂျင်းက စိုးရိမ်လာတယ်။ အဲဒါက တရုတ်က အတားဆီးချင်ဆုံးအရာပဲ။
မေး ။ ။ စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ မတည်ငြိမ်မှု ကာလရှည်ကြာလာတာကို တရုတ်က စိတ်ပူနေတာလား၊ ဒါမှမဟုတ် ပြည်တွင်းပဋိပက္ခ ဘယ်လို ဖြစ်ပေါ်တိုးတက်နေတယ် ဆိုတာကို စိတ်ရှည်ရှည်နဲ့ ဆက်လက် စောင့်ကြည့်မှာလား။
ဖြေ ။ ။ တရုတ်က ပိုစိုးရိမ်နေတယ်။ စစ်တပ်က အရေးပေါ်အခြေအနေကို တိုးချဲ့ကြောင်း ဖေဖော်ဝါရီလက ကြေညာလိုက်တာဟာ နိုင်ငံကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးနေကြောင်း လူသိရှင်ကြား ဝန်ခံလိုက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအားလုံးကို စိုးရိမ်စေတယ်။ မြို့နယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်တပ်က မထိန်းချုပ်နိုင်တော့ဘူးလို့ ဗြောင်ကျကျ ဝန်ခံလိုက်တာဟာ ပထဝီသေနင်္ဂဗျူဟာ စီးပွားရေး အကျိုးစီးပွား ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ တရုတ်အတွက် စိုးရိမ်စရာဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ စစ်မြေပြင် စွမ်းဆောင်ရည် ညံ့ဖျင်းတယ်ဆိုတာကို တရုတ်က အနီးကပ်တွေ့နေရတယ်။
TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်) နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) အပါအဝင် အဓိက လက်နက်ကိုင်အင်အားစုတွေဟာ ရှေ့တန်းမှာ ချထားတဲ့ စစ်ကောင်စီတပ်တွေကို အံ့သြစရာ ကောင်းလောက်အောင် လွယ်လွယ်ကူကူ ချေမှုန်းပစ်သလို တပ်ရင်းသစ်တွေဖွဲ့ပြီး သြဇာချဲ့ထွင်နေကြတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီတခုအောက်မှာ အာဏာရှင်စနစ် ပြန်လည်အသက်သွင်းဖို့ စွမ်းရည်မရှိတော့မှာကို တရုတ်က စိုးရိမ်လာတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီတခုအောက်မှာ အာဏာရှင်စနစ် ပြန်လည်အသက်သွင်းဖို့ စွမ်းရည်မရှိတော့မှာကို တရုတ်က စိုးရိမ်လာတယ်။
တရုတ်ရဲ့ သေနင်္ဂဗျူဟာ စွမ်းအင်လမ်းကြောင်း တလျှောက်မှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ အဲဒီစွမ်းအင်လမ်းကြောင်းက ယူနန်ပြည်နယ်ရဲ့ စုစုပေါင်းထုတ်လုပ်မှု (GDP) ရဲ့ ၁၀ ရာခိုင်နှုန်းပေးနေတယ်။ အဲဒီ စင်္ကြံတလျှောက်မှာ တရုတ်က ရထားလမ်းဖောက်ဖို့လည်း ပြင်ဆင်နေတယ်။ အဲဒီ ရှမ်းနဲ့ မကွေးဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDFs) နဲ့ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေတဲ့နေရာ ဖြစ်နေတယ်။ တရုတ်အတွက် ဒါဟာ စွမ်းအင်လုံခြုံမှုကို အကြမ်းဖက်မှုတွေက ခြိမ်းခြောက်နေတဲ့အတွက်နဲ့ အကြမ်းဖက်မှုပဋိပက္ခ ရှည်ကြာလာတော့ ရထားလမ်းလို လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေဟာလည်း ကာလတိုကနေ ကာလလတ်အထိ ဆိုင်းငံ့ထားမယ့် အခြေအနေရှိလို့ အဓိက စိုးရိမ်စရာဖြစ်နေတယ်။
မေး ။ ။ တရုတ်မှာ သူ့အကျိုးစီးပွားအတွက် လက်ရှိအကျပ်အတည်းကနေ အလိုလားဆုံးရလဒ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာ ရှိလား။ အဲဒီ အကျိုးစီးပွားဘက်မှာ တိုးတက်အောင် တရုတ်က လုပ်ဖို့ အသင့်ရှိလား၊ လုပ်နိုင်တဲ့ စွမ်းအားရှိလား။
ဖြေ ။ ။ ဘယ်နယ်မြေကို ဘယ်သူက ထိန်းချုပ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာထင်မြင်ချက်မှ မပေးဘူး။ တရုတ်က ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားကို ထိန်းသိမ်းရေး၊ စီးပွားရေးစီမံကိန်းတွေကို တိုးတက်လုပ်ဆောင်ရေးနဲ့ သူတို့ရဲ့နယ်စပ်မှာ အနောက်တိုင်းသြဇာလွှမ်းမိုးမှု တားဆီးရေးတို့ကိုပဲ ပိုမို အာရုံစိုက်တယ်။ ဘယ်လိုရလဒ်မျိုး လိုချင်တယ်ဆိုတာကို တရုတ်က နားလည်တယ်လို့ ကျနော်မထင်ဘူး။ မကြာသေးမီက ကျနော့်ဆောင်းပါးမှာ တရုတ်ရဲ့ချဉ်းကပ်ပုံနည်းလမ်းက မြန်မာမှာ အင်အားအကြီးမားဆုံးလို့ သူမြင်တဲ့အဖွဲ့တွေအတွက် ထောက်ခံမှု တောင့်တင်းအောင်လုပ်ဖို့ပဲ။ UWSA ဦးဆောင်မှုအောက်က မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ မဟာမိတ်က တဘက်၊ အခြားတဘက်မှာတော့ စစ်တပ်နဲ့စစ်ကောင်စီပေါ့။
တရုတ်က ပဋိပက္ခရဲ့လမ်းကြောင်းကို တရုတ်အကျိုးစီးပွားအတွက် ကောင်းပြီး မြန်မာမှာ ပြင်ပသြဇာသက်ရောက်မှု တားဆီးနိုင်မယ့်လမ်းကြောင်း ရောက်လာအောင် ဒီအင်အားစုတွေအပေါ် သြဇာကို ဘယ်လိုသုံးရမယ်ဆိုတာ နည်းလမ်းရှာနေတယ်။ ဘေဂျင်းက သူ့လမ်းတွေ့သွားတဲ့ခါ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။ မြောက်ပိုင်းမဟာမိတ်တွေက သူတို့ရဲ့အနေအထားကို ပိုမိုခိုင်မာအောင်လုပ်ပြီး တရုတ်သြဇာကို ကချင်နဲ့ရှမ်းပြည်နယ်တွေထဲအထိ နက်နက်ရှိုင်းရှိုင်း တိုးချဲလိမ့်မယ်။ အဲဒီလိုလုပ်တာက စစ်တပ်ရဲ့ ပြန့်ကြဲနေတဲ့ ရင်းမြစ်တွေကို PDFs တွေနဲ့ NUG ရဲ့မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ အာရုံစိုက် တိုက်ခိုက်ဖို့ အထောက်အကူပြုလိမ့်မယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ စီးပွားရေးရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) ကို မနှစ်က တရုတ်စိုးရက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လုံခြုံရေး အစီအစဉ်သစ်များ (GSI) နဲ့ ပေါင်းစပ်နေတယ်။
နောက်တချက်လည်း ရှိသေးတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့ စီးပွားရေးရပ်ဝန်းနဲ့ လမ်းအစီအစဉ် (BRI) ကို မနှစ်က တရုတ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လုံခြုံရေး အစီအစဉ်သစ်များ (GSI) နဲ့ ပေါင်းစပ်နေတယ်။ တရုတ်ဟာ GSI နဲ့ ပတ်သက်တဲ့ စက္ကူဖြူစာတမ်းတစောင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့လုံခြုံရေးမှာ အများကြီး ပိုမိုတောင့်တင်းတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ရည်ရွယ်တယ်ဆိုတာကို အခိုင်အမာ အချက်ပြလိုက်တာဖြစ်တယ်။
အရှေ့တောင်အာရှနဲ့ပတ်သက်ရင် အဲဒီစက္ကူဖြူစာတမ်းက တရုတ်ဟာ လန်ချန်း-မဲခေါင်ဒေသကို အာရုံစိုက်မယ် ဆိုတာကို အလေးထားဖော်ပြထားတော့ တရုတ်က မြန်မာပြဿနာကို ကိုင်တွယ်ဖို့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်က တွန်းအားပေးမယ့် သဘောသက်ရောက်နေတယ်။ အဲဒီလုပ်ငန်းတွေက ၂၀၂၂ ခုနှစ်မှာ တိတ်တဆိတ် စတင်နေပြီဖြစ်တယ်။ မတ်လအစောပိုင်းမှာ တရုတ်က စစ်ကောင်စီနဲ့ (အနောက်အာဖရိက) ဂီနီဘစ်ဆောင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ဘေဂျင်းမှာ ထူးထူးခြားခြား ကြားဝင်ဆောင်ရွက်ပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာ တရားဝင်မှုရရှိရေး ကူညီဖို့ ရည်ရွယ်ကြောင်း အခိုင်အမာဖော်ပြခဲ့တယ်။
မေး ။ ။ မြန်မာမှာ ဆီးရီးယားကလို စစ်ကောင်စီက တစိတ်တပိုင်းထိန်းချုပ်၊ ကျန်တဲ့အပိုင်းကို လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ထိန်းချုပ်နေတဲ့ ရလဒ်မျိုးနဲ့ တရုတ်က ရင်ဆိုင်နိုင်မှာလား။ ဒါမှမဟုတ် တရုတ်က နေပြည်တော်မှာ ခိုင်မာတဲ့ ဗဟိုအာဏာချုပ်ကိုင်တာဟာ တည်ငြိမ်မှုအတွက် အာမခံချက်လို့ မြင်နေတာလား။
ဖြေ ။ ။ တရုတ်အစိုးရနဲ့ မြန်မာစစ်တပ်အကြားမှာ အရမ်းကိုမြင့်မားတဲ့ အယုံအကြည်ကင်းမဲ့မှု ရှိတယ်။ ဒါဟာ တော်တော်နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်။ ဒါဟာ မြန်မာစစ်တပ် စတင်ထူထောင်တာနဲ့ တရုတ်ပြည်တွင်းစစ်က မြန်မာနိုင်ငံထဲကို ကူးစက်လာတဲ့ သမိုင်းနဲ့တောင် သက်ဆိုင်တယ်။ တရုတ်ဟာ မြန်မာက ကွန်မြူနစ်တော်လှန်ရေးကို အထူးသဖြင့် ၁၉၆၀ ပြည့်နှစ်များနဲ့ ၇၀ ပြည့်နှစ်များက ထောက်ခံခဲ့တာတွေ ပါဝင်တယ်။
တရုတ်က ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ထောက်ခံမှုတွေ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းမှာ ရပ်စဲပြီး ၁၉၉၀ ပြည့်နှစ်တွေမှာ ဗမာဗဟို စစ်အာဏာပိုင်တွေနဲ့ ကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို စတင် တည်ဆောက်တယ်။ အဲဒီ အားထုတ်မှုတွေဟာ စစ်တပ်က အာဏာထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုတွေနဲ့ ကြီးထွားလာတဲ့ တရုတ်သြဇာကို ဆန့်ကျင်မှုတွေကြောင့် အခြေအနေ ပိုမိုဆိုးရွားစေတယ်။
ဥပမာအရ ပြောရရင် ၂၀၀၉ ခုနှစ်တုန်းက (စစ်ကောင်စီခေါင်းဆောင်) မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ခေါ်) ကိုးကန့်ကို ချေမှုန်းဖို့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တယ်။ အဲဒီတော့ ဒုက္ခသည် သောင်းနဲ့ချီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ပြီး တရုတ်သြဇာလွှမ်းမိုးတဲ့ ကုန်သွယ်ရေး အချက်အခြာဒေသတခုမှာ အဓိကကျတဲ့ အပြောင်းအလဲတခု ဖြစ်စေတယ်။ တရုတ်အစိုးရအတွက် ပိုမိုအရေးကြီးတာက စစ်ကောင်စီ ကျောထောက်နောက်ခံပြု USDP (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ကချင်ပြည်နယ်က ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ခဲ့တယ်။ ဒါကို တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေက ခါးခါးသီးသီးဖြစ်တယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မကြာသေးမီက စွမ်းအင် မလုံလောက်မှု အကြီးအကျယ်ဖြစ်နေတာကြောင့်ပေါ့။
စစ်တပ်ကို အယုံအကြည်ကင်းမဲ့တာကြောင့် စစ်တပ်ကိုဖိအားပေးဖို့က နိုင်ငံမြောက်ပိုင်းက အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ တရုတ်က ပိုမိုလိုလားတယ်။ အဲဒီအဖွဲ့တွေဟာ နယ်စပ်မှာ ကြားခံဇုန်တည်ဆောက်ပေးပြီး တရုတ်သြဇာကို ပိုမိုခိုင်မာစေတဲ့အပြင် ပိုအရေးကြီးတာက စစ်တပ်နဲ့ တရုတ်အကြား သြဇာချိန်ညှိဖို့ သေနင်္ဂဗျူဟာ လိုအပ်ချက်တွေ ဖန်တီးဖို့ သူတို့ကို တရုတ်က ဆက်လက် လက်နက်တပ်ဆင်၊ လေ့ကျင့်၊ အကူအညီပေးနေတယ်။
စစ်တပ်ကို အယုံအကြည်ကင်းမဲ့တာကြောင့် စစ်တပ်ကိုဖိအားပေးဖို့က နိုင်ငံမြောက်ပိုင်းက အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ တရုတ်က ပိုမိုလိုလားတယ်။
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ တရုတ်သြဇာကို တောင်ပိုင်းအထိ တိုးချဲ့ဖို့ အထူးသဖြင့် မဲခေါင်မြစ်အထက်ပိုင်း ရွှေတြိဂံဒေသအထိ တိုးချဲ့ဖို့ အတော်လုပ်ကိုင်မှာ ဖြစ်တယ်။ တရုတ်က အိမ်နီးချင်းနိုင်ငံတွေနဲ့ အရေးပါတဲ့ ရေကြောင်းလမ်းတွေကို သြဇာလွှမ်းမိုးဖို့ အခွင့်အလမ်းအဖြစ် ‘ဝ’ နဲ့ MNDAA ကို မြင်တယ်။
တရုတ်ဟာ ခိုင်မာတဲ့ ဗမာဗဟိုအစိုးရနဲ့ ဆက်ဆံတာထက် သူ့ရဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆံရေးရော စစ်တပ်နဲ့ဆက်ဆံရေးရောကို ချိန်ညှိပြီး သူ့ရဲ့အကျိုးစီးပွားတွေ ပြည့်ဝဖို့ ပိုမိုစွမ်းဆောင်နိုင်တယ်။ ခိုင်မာတဲ့ ဗဟိုအစိုးရတရပ်က အိမ်နီးချင်းတွေနဲ့ဖြစ်စေ၊ ပြင်ပအင်အားစုတွေနဲ့ဖြစ်စေ ဆက်ဆံရေးကို တရုတ်သြဇာအပေါ် ခုခံရေးမှာ အသုံးချဖို့နဲ့ တရုတ်နဲ့ အပေးအယူညှိနှိုင်းရာမှာ အသာစီးရအောင်လုပ်ဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထား ရှိနိုင်တယ်။
မေး ။ ။ တရုတ်သြဇာအောက်မှာ ရှိတယ်လို့ အမြင်ခံရတဲ့ မြောက်ပိုင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက သူတို့ရဲ့ထိန်းချုပ်မှုကို တိုးချဲ့လာရင် ထိုင်းက စိတ်ပူစရာ ဖြစ်နိုင်လား။ အဲဒီလိုဆိုရင် သူတို့ရဲ့နယ်စပ်အနီးအထိ တရုတ်သြဇာ ချဲ့ထွင်လာတာကို စိတ်ပူပြီး ထိုင်းရဲ့ မြန်မာဆိုင်ရာမူဝါဒ ပြောင်းလဲနိုင်လား။
ဖြေ ။ ။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာတာတို့၊ ကြီးထွားလာတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိုင်းနိုင်ငံက ဂရုစိုက်မယ်လို့ ကျနော်မထင်ဘူး။ ထိုင်းနိုင်ငံက စိတ်ပူကြောင်း ထင်ရှားတာက “မီးခိုးရောင်စီးပွားရေး” ဒါမှမဟုတ် “တရားမဝင်စီးပွားရေး” တွေ များလာမှာကိုပဲ။ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်နေတော့ တရားမဝင်စီးပွားရေးက သိသိသာသာ ကျယ်ပြန့်လာမယ့် သဘောရှိတယ်။
ဘာတွေဖြစ်လာနိုင်လဲဆိုတော့ မဲခေါင်မြစ်ကြောင့် တရုတ်သြဇာကြီးမားလာတဲ့အခါ မဲခေါင်မြစ်ကနေ ပိုပြီးကြီးမားတဲ့ သင်္ဘောကြီးတွေ ဆင်းလာမယ်။ ရွှေတြိဂံကို တရုတ်က ပိုမိုထိန်းချုပ်လာမယ်။ ဒါတွေက ထိုင်းက အစဉ်အလာအရ အထိမခံနိုင်တဲ့အရာတွေ ဖြစ်တယ်။ ဒေသတွင်းမှာ တရုတ်လုံခြုံရေး သြဇာကြီးထွားလာတာကို ထိုင်းက မလိုလားဘူး။
ထိုင်းနိုင်ငံဟာ ဒီကိစ္စကို တုံ့ပြန်နေတဲ့ လက္ခဏာရှိတယ်။ အထူးသဖြင့် ထိုင်းမှာ “မီးခိုးရောင်စီးပွားရေး သြဇာ” ကို အကြီးအကျယ် ချေမှုန်းနေတယ်။ လွန်ခဲ့တဲ့ ရှစ်လအတွင်း ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်မှာ လှုပ်ရှားနေတဲ့ တရုတ်နဲ့ပတ်သက်တဲ့ အဆင့်မြင့် ရာဇဝတ် ဂိုဏ်းခေါင်းဆောင် အများအပြားကို ဖမ်းဆီးခဲ့တယ်။ အဲဒီလိုဖမ်းဆီးတဲ့ အထဲမှာ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းထားတဲ့၊ ထိုင်း-မြန်မာနယ်စပ်မှာ ကြီးမားတဲ့ ရာဇဝတ်မြို့တော်ကို စီမံနေတဲ့ ရှာကျင့်ကျောင်လည်း ပါဝင်တယ်။
(ဆက်လက်ဖော်ပြပါမည်)
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China ‘Increasingly Concerned’ About Instability in Post-Coup Myanmar: US Expert ကို ဘာသာပြန်သည်။
ဂျေဆင်တာဝါသည် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သည်။ သူသည် တရုတ်နှင့်အရှေ့တောင်အာရှ ပဋိပက္ခနှင့်လုံခြုံရေးကိစ္စများတွင် အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် သူ၏သုတေသနသည် အရှေ့တောင်အာရှတွင် ရာဇဝတ်မှုနှင့် ပဋိပက္ခအကြားဆက်စပ်မှု၊ မြန်မာမှပဋိပက္ခအပေါ် တရုတ်၏ သြဇာတို့ကို အထူးပြုသည်။
အီဂေါ ဗလက်ဇီဗစ်သည် ပရာ့ဂ် အရပ်ဘက်အဖွဲ့အစည်း စင်တာ (PCSC) မှ ဝါရင့်အကြံပေး ဖြစ်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း သူသည် မြန်မာမှ Educational Initiatives Program တွင် ဦးဆောင်ပို့ချသူအဖြစ် လုပ်ကိုင်ခဲ့သည်။)
You may also like these stories:
တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည်
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး