နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၃၀ ကျော်မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ “ခြေလေးချောင်း” (Money has four legs) ရုပ်ရှင်ကို ထိုင်းနိုင်ငံက Independent ရုပ်ရှင်ရုံများမှာ ပထမဆုံးအကြိမ် မြန်မာရုပ်ရှင်ဇာတ်ကားအနေနဲ့ ပြသတော့မှာ ဖြစ်ပါ တယ်။
ခြေလေးချောင်း အမည်ရတဲ့ ရုပ်ရှင်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ဆင်ဆာဖြတ်တဲ့စနစ်၊ ဖန်တလဲလဲရိုက်ကူးနေ ကြတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားများနဲ့ ငွေနောက်လိုက်တဲ့ ရုပ်ရှင်လောက စတာတွေကို သရော်ထားတဲ့ ရုပ်ရှင်တကား ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပွဲဦးထွက်အနေနဲ့ ပြသခဲ့ပါသေးတယ်။
ဒီဇာတ်ကားကို၂၀၂၀ ပြည့်နှစ် ကိုရီးယားနိုင်ငံ၊ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ New Currents ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ပြသခွင့် ရခဲ့ပါသေးတယ်။ အဲဒီ နောက်မှာတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ပေါင်း ၃၀ ကျော်မှာ ပြသခွင့်ရရှိခဲ့ပါတယ်။
“ခြေလေးချောင်း” ရုပ်ရှင် ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်၊ ပြသမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီက ဒါရိုက်တာ မောင်ဆန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ခြေလေးချောင်းရုပ်ရှင်ကို ဘယ်လို ဖန်တီးဖြစ်ခဲ့တာလဲ။ ပုံဖော်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကရော ဘာများဖြစ် မလဲရှင့်။
ဖြေ။ ။ ကျနော် ၂၀၁၂ မှာ စင်ကာပူမှာ အလုပ်လုပ်ရာကနေ မြန်မာပြည်ကို ရုပ်ရှင်ရိုက်တဲ့အလုပ်လုပ်မယ်ဆိုပြီး ပြန်လာတယ်။ အဲဒီအချိန်ထိ ကျနော်က ရုပ်ရှင်အကြောင်း ဘာဆိုဘာမှ မသိသေးဘူး။ အင်တာနက်က ကောင်းလာပြီ ဆိုတော့ ရုပ်ရှင်နဲ့ ပတ်သက်တာတွေကို လေ့လာတယ်။ ပုံမှန်သိပ်ကြည့်လေ့မရှိတဲ့ ရုပ်ရှင်ကားတွေကို လိုက်ရှာ လိုက် ကြည့်ပြီးတော့ ဘယ်လိုရိုက်လဲ ဘာအဓိပ္ပာယ်တွေရှိလဲ။ ဒီအခန်းတခုက ဘယ်ကိုပြောချင်တာလဲ။ တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ အဲဒါနဲ့ ဇာတ်ညွှန်းတခု စရေးတယ်။
အဓိက က မြန်မာပြည်မှာ ဖိနှိပ်နေတဲ့ ဆင်ဆာစနစ်ကို သရော်ချင်တာပေါ့။ ငွေနောက်လိုက်ပြီးတော့ မဲပြာပုဆိုးပဲရိုက် နေတဲ့ ရုပ်ရှင်လောကကို သရော်ချင်လည်း ရှိတယ်။ နောက်တခုက ကျနော်ကိုယ်တိုင်လည်း ဟိုဟာလုပ်မယ် ဒီဟာ လုပ်မယ်ဆိုပြီး တကယ်တမ်းကျတော့လည်း ငွေရှာနေရတာပဲ။ ကြော်ငြာတွေ ရိုက်ပြီးတော့။ ကိုယ့်ကိုယ်ကိုယ် သရော် ချင်တာနဲ့ သရော်ဟာသ ဇာတ်လမ်း တပုဒ်ရေးမယ်ပေါ့။ အထဲက ဇာတ်ဝင်ခန်းတွေက ကိုယ်ပိုင်အဖြစ်အပျက် ကိုယ် ပိုင်ဘဝထဲက ဟာတွေကို ရေးတယ်။ ကျနော့်သူငယ်ချင်းတွေ ရုပ်ရှင်လောကထဲကလူတွေရဲ့ အခက်အခဲတွေကို ရေးတယ်။
မေး။ ။ ခြေလေးချောင်းထဲမှာပါတဲ့ သရုပ်ဆောင်တွေကို ဘယ်လို ရွေးချယ်ခဲ့လဲ။
ဖြေ။ ။ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းနာမည်ကြီးလို့ စူပါစတားလို့ အားပေးကြတယ်ဆိုတာထက် ကျနော်က အပြင် သဘာဝနဲ့ နီးစပ်တဲ့ အိုက်တင်ကို လိုချင်တယ်။ ဇာတ်ကားထဲက ကာရိုက်တာတွေနဲ့ နီးစပ်တဲ့ အပြင်ကလူတွေ ထဲက ရှာယူတယ်။ အဓိကက Casting ခေါ်ပြီးတော့ ရှာတဲ့အချိန်မှာ သိတဲ့လူတွေကိုလည်း ဝင်ခိုင်းတယ်။ အပြင်က လူတွေ လည်း ဝင်ခိုင်းတယ်။ အဓိက သရုပ်ဆောင်နေရာမှာ ဒါရိုက်တာ မောင်ဝဏ္ဏသား အရင် ဓာတ်ခဲကားထဲက ကိုဥက္ကာ ကို ရွေးလိုက်တယ်။ အဓိက သရုပ်ဆောင် အမျိုးသမီးနေရာမှာ Documentary ဒါရိုက်တာ မခင်ခင်ဆုကို ရွေးလိုက်တယ်။ နောက်တယောက်လည်း ရှိသေးတယ်။ သူကျတော့ သီချင်းတွေဆိုတဲ့ ကိုသူကို ရွေးလိုက်တယ်။
မေး။ ။ “ခြေလေးချောင်း” ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာ စတင်ပြသတော့မယ်လို့ သိရတယ်။ ဘယ်လို အစီအစဉ်တွေနဲ့ ပြသသွားမှာပါလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Independent ရုပ်ရှင်ရုံတွေမှာ ပြမှာပေါ့။ Common Move ဆိုတဲ့ အဖွဲ့အစည်းကနေပြီးတော့ ကျနော့်ရုပ်ရှင်ကို ရွေးပြီးတော့ သူတို့အစီအစဉ်နဲ့သူတို့ ပြဖို့လုပ်နေတာပေါ့။ အဓိက က စီးပွားဖြစ် ရုပ်ရှင်ရုံတွေ မဟုတ်ဘဲနဲ့ သူတို့အနေနဲ့ နိုင်ငံတကာမှာ အနုပညာမြောက်တဲ့ ရုပ်ရှင်ကားတွေကို ရွေး ချယ်ပြီးတော့ ပြသတာပါ။
မေး။ ။ ထိုင်းနိုင်ငံအတွင်းက ဘယ်မြို့တွေမှာ ပြသသွားမှာလဲ။
ဖြေ။ ။ အဓိကက Independent ရုံတွေ လူ ၅၀၀၊ ၆၀၀ ထောင်ဂဏန်းနဲ့ချီပြီး ဆန့်တဲ့ရုံတွေတော့ မဟုတ်ဘူး။ လူ ၃၀၀ လောက်ဆန့်တဲ့ ရုံတွေပဲဖြစ်လိမ့်မယ်။ ဘန်ကောက်မှာ ပြမယ်။ နောက်ပြီးတော့ ချင်းမိုင် အရှေ့မြောက်ပိုင်းက မြို့မှာလည်း ပြမယ်။ တခြားမြို့တွေမှာလည်း ပြဖို့ စီစဉ်နေတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အရှေ့ တောင် အာရှမှာရှိတဲ့ ရုပ်ရှင်ကားတွေကို ထိုင်းလူမျိုးတွေကို ကြည့်စေချင်လို့ ပြဖို့ စီစဉ်နေကြပါတယ်။
မေး ။ ။ အခုလို ပြသဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါသလဲ။
ဖြေ ။ ။ အဓိက စီစဉ်နေတာတော့ Common Move ဆိုတဲ့ ထိုင်းနိုင်ငံက Independent Film Maker တွေပဲ ထောင်ထားတဲ့ ထုတ်လုပ်ရေးလည်း ဟုတ်တယ်။ ဖြန့်ချိရေးလည်း ဟုတ်တယ်။ သူတို့တွေလုပ်ပေးနေတာပေါ့။ ထိုင်းမှာတော့ ကျနော့်ရုပ်ရှင်မှာ ပါဝင်တဲ့လူတချို့ရှိတယ်။ သူတို့က ပွဲတွေမှာ ဝင်ပြီးတော့ပါဝင်ပေးတယ်။ ကျနော်က တခြားဇာတ်ညွှန်းရေးတဲ့ အလုပ်တခုရှိနေတော့ ခရီးထွက်လို့ မရဘူးပေါ့။ တခြားရုပ်ရှင်နဲ့ ပတ်သက်တဲ့ကိစ္စတွေ မေးလာရင်တော့ ဖြေပေး ဖြစ်ပါတယ်။
မေး။ ။ ပြည်တွင်းမှာရော ပြသဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ပြည်တွင်းမှာကတော့ အစကတည်းက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ မသွားခင် အရင်ဆုံး ရည်ရွယ်ချက်က မြန်မာတွေကြည့်ဖို့ မြန်မာကား ရိုက်ထားတာပေါ့။ ဆင်ဆာစနစ်ကို သွေးတိုးစမ်းတာပေါ့။ ဘယ်လောက်ထိ လက်ခံနိုင် မလဲ။ သူတို့ကို ဝေဖန်ရင်ရော လက်ခံနိုင်မလားပေါ့။ စိန်ခေါ်တာပေါ့။ ကျနော်ဝေဖန်တာကို ဘယ်လောက်ထိ ပြနိုင်မလဲ ပေါ့။ ၂၀၂၀ မှာ ဘူဆန်မှာထွက်သွားပြီးတော့ နှစ်ကုန်လောက်ကျတော့ ဖောင်တင်လို့ရပြီဆိုတော့ သွားတင်လိုက် တယ်။ ရုပ်ရှင်ပြသတဲ့အဆင့်ထိတော့ မရောက်လာဘူးပေါ့။ ပိတ်သွားတယ်ပေါ့။ ပြီးခဲ့တဲ့ ၂၀၂၂ ထဲမှာတော့ ဆင်ဆာ ဘက်က ဆက်သွယ်လာတယ်။ ပြမယ်ဆိုရင် ပြလို့ရတယ်ဆိုပြီးတော့ ဒါပေမယ့် ကျနော်က ပြည်တွင်းမှာ မရှိတော့ ဘူး။ ရုပ်ရှင်ထုတ်လုပ်သူ မအိမ့်က ထောင် ၃ နှစ် ကျသွားတယ်။ မအိမ့်ပြန်လွတ်လာမှပဲ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘယ် လို ပြမလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။
မေး။ ။ မအိမ့်က အခုအချိန်မှာ စစ်ကောင်စီရဲ့ အကျဉ်းချခြင်းကို ခံထားရတော့ အခုလို ဒီရုပ်ရှင်က ဆုရတာတွေ၊ ပြသတာတွေနဲ့ ပတ်သက်ပြီးတော့ရော သူသိပါသလား။ ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ။ ။ ပုံမှန်ဆိုရင်တော့ သူ့ဆီကို စာရေးပြီးတော့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ Update တွေရော နောက်လုပ်မယ့် ပရော ဂျက်တွေအတွက်ရော ပြောပြဖြစ်ပါတယ်။ သူကတော့ ရတယ်။ ရုပ်ရှင်နဲ့ ပတ်သက်ရင် ကြိုက်တာလုပ်ပေါ့။ ကျနော်က ရုပ်ရှင်နဲ့ ပတ်သက်တာတွေပဲ လုပ်တတ်တယ်။ ပရိုမိုးရှင်းတွေ၊ မာကတ်တင်းကိစ္စတွေ မလုပ်တတ်ဘူး။ သူမရှိတော့ ကျနော် မလုပ်ဖြစ်ဘူး။ အခု ထိုင်းမှာပြတဲ့ ကိစ္စဆိုရင်လည်း Common Move က တက်တက်ကြွကြွ လုပ်ပေးလို့ ထိုင်း မှာပြဖို့ ကိစ္စက အကောင်အထည်ဖော်ဖြစ်သွားတာပေါ့။ ကျနော့်ဘာသာဆိုရင် လုပ်လည်း မလုပ်တတ်ဘူး။ သိလည်း မသိဘူးပေါ့။
မေး။ ။ အကယ်၍ ပြည်တွင်းမှာ ပြသဖို့အတွက် ပြောလာမယ်ဆိုရင် ဘယ်လိုလုပ်သွားမလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော့်ရဲ့ ထုတ်လုပ်သူကို ဆုံးဖြတ်ခိုင်းရမှာပေါ့။ ကျနော်ကတော့ မြန်မာများများကြည့်လေ ကောင်းလေပဲ။ မြန်မာလိုပဲ စဉ်းစားထားတာပေါ့။ အဓိကဆုံးဖြတ်ချက်ကတော့ ထုတ်လုပ်သူပြချင်လား မပြချင်လား။ သူ့အပေါ်မှာပဲ မူတည်တာပေါ့။
မေး။ ။ ဒီ “ခြေလေးချောင်းရုပ်ရှင်” နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း အများအပြား ပြသခဲ့တာလည်း တွေ့ရ တယ်။ ဆုတွေလည်း ရခဲ့တယ်ပေါ့။ ဒီဆုတွေအကြောင်းလည်း ပြန်ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ ဇာတ်ညွှန်းအဆင့်က စကြည့်ရင် ဆုက ၂ ဆု ၃ ဆုလောက်တော့ ရှိမယ်။ အဓိကက ကမာ္ဘအပေါ်မှာ အကြီး ဆုံးလို့ ပြောလို့ရတဲ့ ဂုဏ်သိက္ခာအရှိဆုံးလို့ ပြောလို့ရတဲ့ ပွဲကြီးတွေ တော်တော်များများမှာ ပြခွင့်ရတယ်။ အရင်တုန်းက ရုပ်ရှင်စလုပ်တုန်းကဆို ဒီပွဲတွေက စိတ်ကူးတောင် မယဉ်ရဲတဲ့၊ မျက်စောင်းတောင် မထိုးရဲတဲ့ ပွဲတွေပေါ့။ ဒီရုပ်ရှင်ကား ကြောင့် အဲဒီဂုဏ်သိက္ခာရှိတဲ့ ပွဲတွေလည်း ရောက်ဖြစ်တယ်။ အဲဒီထက်ကြီးတဲ့ ပွဲတွေလည်း ဖိတ်ကြားခံရတယ်။ ပြောရရင်တော့ ဒီခြေလေးချောင်းရုပ်ရှင်က ရုပ်ရှင်သမားတယောက်အတွက် အရေးပါတဲ့ ရုပ်ရှင်တခုပေါ့။
မေး။ ။ ဒီကားကြည့်ရှုမယ့်သူတွေကိုရော ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့သူများနဲ့မတူတဲ့ မြန်မာကား တကား ယူလာတယ်။ ကြည့် ကြည့်ပါပေါ့။ ကျနော်က အဲဒါပဲ ပြောချင်တယ်။ တခြားတော့ မပြောတတ်ဘူး။
မေး ။ ။ နောက်ထပ်ရော ဘာဆက်ရိုက်ဖို့ ရှိပါသေးလဲ။
ဖြေ။ ။ လော်ပန်လောင်းဆိုတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်း ရေးနေတယ်။ တခြား တည်ထားတဲ့ဇာတ်တွေလည်း ၂ ခု ၃ ခု ရှိတယ်။ ဒုတိယ ပရောဂျက်အနေနဲ့တော့ လော်ပန်လောင်းကို လုပ်နေပါတယ်။ ။
You may also like these stories:
အကယ်ဒမီပွဲတက်ရန် အနုပညာရှင်များကို စစ်ကောင်စီ ဖိအားပေးနေ
ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား
မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ