၂၀၂၃ ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိတယ်
အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း နိုင်ငံအနှံ့မှာ စစ်ကောင်စီအနေနဲ့ စစ်မျက်နှာတွေ ပိုဖွင့်လာရသလို တိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။
အခုဧပြီလထဲမှာဆို ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ် ရှမ်းမြောက်ဒေသ နောင်ချိုမှာလည်း မန္တလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(MDY-PDF)က စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတဦး သေဆုံးခဲ့သလို မြေပြင်စစ်ကြောင်းတွေအထိနာလို့ လေကြောင်းပစ်ကူတွေပါ သုံးခဲ့ပါတယ်။
စစ်ကောင်စီအတွက် စစ်မျက်နှာအသစ်ဖြစ်လာနေတဲ့ နောင်ချိုဒေသ တိုက်ပွဲအခြေအနေတွေနဲ့ MDY-PDF ရဲ့ စစ်ဆင်ရေး လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဆုံးအနေနဲ့ MDY-PDF နဲ့ စစ်ကောင်စီရဲ့ နောင်ချိုမြို့နယ်က တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောပြပေးပါ။
ဖြေ ။ ။ အခုတခေါက် နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်အစပ်မှာဖြစ်တဲ့ တိုက်ပွဲတွေကတော့ ဖြစ်တာကတော့ ဧပြီ ၅ ရက်နေ့ကနေ တောက်လျှောက်ဖြစ်လိုက်တာ ဧပြီ ၂၃၊ ၂၄ ရက်နေ့လောက်ထိ ဖြစ်တယ်လို့ပြောရမယ်။ တိုက်ပွဲကလည်း တော်တော်လေး ပြင်းထန်ခဲ့တယ်။ တိုက်ပွဲက ဧပြီလဆန်းပိုင်းလောက်ထဲက အခုလက်ရှိတိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေတွေမှာက ကျနော်တို့တပ်ဖွဲ့တွေနဲ့ စကစနဲ့က တော်တော်လေး တင်းမာနေခဲ့တဲ့ အနေအထားရှိပါတယ်။ ကျည်စပေါက်တာတော့ ၅ ရက်နေ့ပေါ့။ အဲဒါက နောင်ချိုမြို့နယ် သံဘိုကျေးရွာကို ကျနော်တို့ဘက်က သူတို့စခန်းကုန်းရှိတဲ့နေရာကို ထိုးစစ်စလုပ်ခဲ့တဲ့ အချိန်မှာ ကျည်စပေါက်တယ်။
အဲဒီလိုနဲ့ တောက်လျှောက် တိုက်ပွဲပြင်းထန်ခဲ့တယ်။ ဧပြီ ၈ ရက်လောက်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ တောက် လျှောက်လုပ်ခံရတယ်။ တရက်ထဲ ၄/၅ ကြိမ်၊ ၇ ကြိမ်လောက်ထိ တခါကြဲရင် ၃/၄ လုံး ပစ်ပြီးတော့ ကြဲတာမျိုးပေါ့။ လက်နက်ကြီးဆိုရင်လည်း သူတို့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀၊ ၁၅၅ ဒါမျိုး လက်နက်ကြီးတွေသုံးပြီးတော့ သူတို့ဘက်ကပြန်ပြီး တုံ့ပြန်ခဲ့တာမျိုးတွေ ရှိတယ်။ တိုက်ပွဲဧရိယာကကျယ်တော့ သမရိုးကျစစ်တော့ ပိုပြီးဆန်သွားတယ်။ ကတုတ်ကျင်းတွေ၊ လိုင်းကျင်းတွေတူးပြီးတော့ ပြန်ပြီးခုခံရတာမျိုး၊ သူတို့ရဲ့စခန်းကုန်းကို ကျနော်တို့ဘက်က ထိုးစစ်ဆင်လိုက်၊ ကျနော်တို့ရှိတဲ့ ကုန်းကို သူတို့ဘက်ကထိုးစစ်ဆင်လာလိုက် ဒါမျိုးအပြန်အလှန်တွေတော့ ရှိခဲ့ပါတယ်။
နောင်ချိုမြို့နယ်ထဲက ခလရ ၁၁၄၊ ၁၁၅ ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။ စကစ ဘက်က ခလရ ၁၄၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူတဦးကိုလည်း အသေဖမ်းဆီးရမိခဲ့တာလည်း ရှိပါတယ်။ ကျနော်တို့ဘက်က ရဲဘော် ၁၁ ဦး ကျဆုံးအသက်ပေးသွားရတာရှိသလို တချို့လည်း ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိပါတယ်။ အခု ဧပြီ ၂၃ ရက်နေ့ နောက်ပိုင်းတော့ နည်းနည်းလေး ပြန်ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ သို့ပေမယ့် တိုက်ပွဲက ပြီးသွားပြီလို့ ပြောလို့မရနိုင်သေးဘူး။
မေး ။ ။ MDY-PDF ကို ၂၀၂၂ ထဲမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာတွေ့ခဲ့ရပေမဲ့ အခုတကြိမ်လောက် ပြင်း ပြင်းထန်ထန်တိုက်တာ မရှိခဲ့တော့ အခုတိုက်ပွဲက နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်တာလား ဘယ်လိုရည်ရွယ်ချက်လဲ။
ဖြေ ။ ။ ကျနော်တို့ အခုလုပ်တဲ့စစ်ဆင်ရေးက သပြေညိုစစ်ဆင်ရေးလို့ အမည်ပေးထားတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ တိုက်ပွဲအရှိန်ကိုမြှင့်မယ်ပေါ့။ NUG ရဲ့ ၁ နှစ်တာအစီအစဉ် အတိုင်းပဲပေါ့။ ကျနော်တို့က အချိန်ကိုက် စစ်ရေးအရှိန်ကိုမြှင့်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့တဲ့စစ်ဆင်ရေး ဖြစ်ပါတယ်။ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက တောက်လျှောက်စတယ်လို့ ပြောလို့ ရတယ်။ ဒီစစ်ဆင်ရေးရဲ့ ပထမဆုံးတိုက်ပွဲကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က နောင်ခံစေတီကုန်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲပါ။
အဲဒီတိုက်ပွဲတုန်းကလည်း တော်တော်လေးပြင်းထန်ခဲ့တယ်။ လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း ကျနော်တို့ဘက်က လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်။ ရန်သူဘက်က အကျအဆုံးများခဲ့တယ်။ ဒါကတော့ သပြေညိုစစ်ဆင်ရေးရဲ့ ပထမဆုံးအစိတ်အပိုင်း ဖြစ်ပါတယ်။
နောက်ထပ် အစိတ်အပိုင်းကတော့ ဧပြီ ၅ ရက်နေ့ကတည်းက ဖြစ်တဲ့တိုက်ပွဲပေါ့။ ဒီစစ်ဆင်ရေးတွေက NUG ရဲ့ တနှစ်တာ အစီအစဉ်ရဲ့ စစ်ဆင်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်တဲ့စစ်ဆင်ရေး ဖြစ်ပါတယ်။ နယ်မြေစိုးမိုးရေးကိစ္စကတော့ ကျနော်တို့ အခုချိန်မှာဖြေကြားလို့ မရပါဘူး။
မေး ။ ။ အခု MDY-PDF လှုပ်ရှားတဲ့နယ်မြေက တိုင်းရင်းသားလက်နက်ကိုင်(EAOs) တချို့လည်း ရှိနေတော့ အဓိကက တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပေါ့။ EAOs တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဘယ်လိုမျိုးလုပ်ဆောင်ထားကြတာလဲ။ အခုတိုက်ပွဲတွေမှာလည်း TNLA က ပူးတွဲတိုက်တာမျိုးတွေရှိလား။
ဖြေ ။ ။ MDY-PDF လှုပ်ရှားတဲ့နယ်မြေမှာက တခြားတော်လှန်ရေးအင်အားစုတွေလည်း ရှိပါတယ်။ PDF တွေ ရှိတယ်။ ERO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေ ရှိတယ်။ ကျနော်တို့ ဒီရှမ်းမြောက်ဂွင်မှာရှိတဲ့ မိုးကုတ် PDF၊ နောင်ချို PDF အပါအဝင် အင်အားစုတော်တော်များများနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိပါတယ်။ အပြန်အလှန်ကူညီမှုတွေလည်း ရှိပါတယ်။ TNLA နဲ့ အပိုင်းကတော့ ကျနော်တို့အခုချိန်မှာ အသေးစိတ်ထုတ်ပြောဖို့ မရှိ သေးပါဘူး။ TNLA ဆိုရင်လည်း တော်တော်လေးကို နီးကပ်တဲ့ဆက်ဆံရေး ရှိတယ်။ ကျနော်တို့အားလုံး ပူးပေါင်းဆောင် ရွက်နေတာတွေလည်း ရှိပါတယ်။
မေး ။ ။ တိုက်ပွဲက ပြင်းထန်တော့ အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ တိုက်ပွဲဖြစ်ပွားတဲ့ဧရိယာက ကျေးရွာတော်တော်များများကတော့ စစ်ဘေးရှောင်နေရတယ်။ အဓိကက ရန်သူ့ ဘက်ကပစ်တဲ့ လက်နက်ကြီးတွေက ကျေးရွာထဲကိုကျတာတွေ ရှိတယ်။ အများပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးတာတွေ ရှိတယ်။ အဲဒီလိုပဲ သံဖိုကျေးရွာမှာဆိုရင် သူတို့ရဲ့လက်နက်ကြီးကျည်ကြောင့် ကလေးငယ်နှစ်ဦး သေဆုံးပြီးတော့ အရပ် သားသုံးဦး ဒဏ်ရာရတာတွေ ရှိတယ်။ ဟိုခဲကျေးရွားနားမှာဆိုရင်လည်း ရွာထဲကို လက်နက်ကြီးကျတာမျိုးတွေ ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျေးရွာသားတွေကလည်း တိုက်ပွဲဖြစ်ပြီဆိုတာ ရွာထဲမှာ မနေရဲကြတော့ဘူး။
မေး ။ ။ နောက်မေးခွန်းက MDY-PDF အကြောင်း ဆက်မေးချင်ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်လို ဖွဲ့စည်းဖြစ်တာလဲ။ NUG-MOD ရဲ့ လက်အောက်ခံလားခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ MDY-PDF စဖွဲ့တာက ၂၀၂၁ ခုနှစ် ၆ လပိုင်းမှာ စပြီးတော့ တပ်ရင်း၊ တပ်မ စုဖွဲ့တဲ့ကိစ္စတွေကို စလုပ်ခဲ့တယ်။ အစောပိုင်းကာလတွေမှာ ကျနော်တို့က တပ်တည်ဆောက်ရေး ဦးစားပေးပြီးလုပ်ခဲ့တော့ အစောပိုင်းကာလ မှာ တိုက်ပွဲဖော်တာတွေ နည်းခဲ့တယ်။ ၂၀၂၂ လောက်မှာမှ ကျနော်တို့တိုက်ပွဲ ဖော်ဆောင်တာတွေ စလုပ်တယ်။ အခု ၂၀၂၃ ဧပြီလထဲမှာဖြစ်တဲ့ အခုတိုက်ပွဲကတော့ အပြင်းထန်ဆုံးနဲ့အရှည်ဆုံးလို့ ပြောလို့ရတယ်။ ကျနော်တို့ MDY-PDF ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန(MOD) ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ တပ်ဖွဲ့ထဲမှာဆိုရင် စစ်ဦးစီးအဖွဲ့ရှိတယ်။ ဒါကတော့ တပ်ဖွဲ့ထဲမှာ အမြင့်ဆုံးစီမံခန့်ခွဲခွင့်နဲ့ အခွင့် အာဏာအရှိဆုံးအဖွဲ့ပေါ့။
အဲဒီစစ်ဦးစီးအဖွဲ့ရဲ့အောက်မှာ လုပ်ငန်းကော်မတီ၊ တပ်ရင်း၊ တပ်ဖွဲ့တွေရှိမယ်။ အဆင့်ဆင့်ကွပ်ကဲမှုပုံစံနဲ့ ဒီလိုစနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အထက်မှာက ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲတာ ဖြစ်ပါတယ်။ MDY-PDF ဆိုပေမယ့် ကျနော်တို့ မန္တလေးသားတွေပဲ မဟုတ်ပါဘူး။ စစ်ကိုင်းဘက်က၊ မကွေးဘက်က ရဲဘော်တွေ တော်တော်များများ ရှိကြတယ်။ ဧရာဝတီ၊ ရန်ကုန်လို တခြားတိုင်းနဲ့ ပြည်နယ်က ရဲဘော်တွေရော တော်တော်လေးကို စုံစုံလင်လင်ရှိကြပါတယ်။ အလွှာလည်းစုံတယ်၊ အသက်အရွယ်လည်းစုံတယ်။ လူမျိုးဘာသာလည်းစုံတယ်လို့ ပြောလို့ရ ပါတယ်။
MDY-PDF ရဲ့ စံတန်ဖိုးထားမှုကို ပြောပါဆိုရင် စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံမှုပေါ့။ ဒီအချက်ပေါ်မှာ ကျနော်တို့ တော်တော်လေးတန်ဖိုးထားပြီး တည်ဆောက်ထားပါတယ်။ အဖွဲ့အစည်းကိုတည်ဆောက်တဲ့အခါမှာ မူဝါဒခိုင်မာအောင် လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံတာမဟုတ်ဘဲနဲ့ မူတွေဘောင်တွေပေါ်မှာ အခြေခံအောင် တော်တော်လေးကိုအချိန်ယူပြီး ကြိုးစား ခဲ့ရတာတွေ ရှိတယ်။ ကျနော်တို့ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်တယ်။ အကြိမ်ကြိမ်ပြန်ပြီးတော့ လေ့လာသုံးသပ်တယ်။ အဲဒါတွေကြောင့် ကျနော်တို့ ဒီတည်ဆောက်ရေးပိုင်းမှာ တော်တော်လေးအချိန်ယူခဲ့ရတယ်။ အခုကတော့ မူဝါဒပိုင်းဆိုင်ရာ က အားကောင်းလာနေပြီလို့ ပြောလို့ရတယ်။ စစ်စည်းကမ်းကောင်းမွန်မှု၊ ရဲဘော်တွေစစ်စည်းကမ်းလိုက်နာမှု အကုန်လုံး ကို စနစ်တကျနဲ့ တည်ဆောက်ခဲ့တယ်။
မေး ။ ။ စစ်ကောင်စီရဲ့ အခုလက်ရှိ စစ်မျက်နှာတွေ ထပ်တိုးလာနေရတာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါ သေးလဲ။
ဖြေ ။ ။ ကျနော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့ စကစနဲ့ တိုက်ပွဲဖြစ်တဲ့အခါမှာ မြေပြင်တိုက်ပွဲတွေ၊ ရင်ဆိုင်တိုက်ပွဲတွေမှာ ကောင်းကောင်းထိန်းချုပ်ပြီးတော့ ရင်ဆိုင်နိုင်တဲ့အနေအထားမျိုးကို ရောက်နေပါပြီဗျ။ မြေပြင်တိုက်ပွဲတွေမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက အသားစီးရနေပြီလို့တောင် ပြောလို့ရပါတယ်။ ဒီလိုအခြေအနေတွေကိုဖုံးကွယ်ဖို့ လေကြောင်းပစ် ကူတွေ အလွန်အကျွံသုံးတာ၊ လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးတာ လုပ်ပြီးတော့ ဖုံးကွယ်နေရတဲ့အနေအထား ဖြစ်နေ တယ်။ ရှေ့လျှောက်ဆိုရင်လည်း NUG ရဲ့ တနှစ်တာအစီအစဉ်အရ တိုက်ပွဲတွေက အခုထပ်ပိုပြီးတော့ ပြင်းထန်လာဖို့ ရှိတယ်။ စစ်မီးတွေက တောက်လောင်လာဖို့ ရှိတယ်။
စကစဘက်က အခုက တနိုင်ငံလုံးကို စစ်မျက်နှာဖွင့်ရသလို ဖြစ်သွားဖို့ အလားအလာပိုများနေပြီ။ အရင်တုန်းက စစ်မီး မကူးသေးတဲ့ ဒေသတွေမှာပါ သူတို့တွေအနေနဲ့ စစ်မျက်နှာဖွင့်လာရဖို့ များနေပါပြီ။ ကျနော်တို့ MDY-PDF အနေနဲ့လည်း အခု ၂၀၂၃ ထဲမှာ တိုက်ပွဲတွေအများကြီး ဖော်ဆောင်သွားဖို့ရှိပါတယ်။ အလုပ်တွေ အများကြီးလုပ်သွားဖို့ရှိပါတယ်။ စကစ ဘက်ကတော့ အင်အားတွေ တော်တော်လေး ဆုတ်ယုတ်လာနေတဲ့ အနေအထားတွေလည်း ရှိပါတယ်။ မြေပြင်တိုက်ပွဲ တွေမှာ သိမ်းဆည်းရမိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သူတို့ လူ ၃၀၀၊ ၄၀၀ ပါတဲ့ စစ်ကြောင်းတကြောင်းထွက်ဖို့ တောင်မှ တပ်ရင်း ၄၊ ၅၊ ၆ ရင်းပေါင်းပြီးတော့ စစ်ထွက်အင်အားကို မရမက ဆွဲနှုတ်နေရတဲ့ အနေအထားမျိုးတွေရှိပါတယ်။
You may also like these stories:
နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်
“အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်”
PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်
တနင်္သာရီတွင် အရပ်သားဘတ်စ်ကားကို မှားယွင်းတိုက်ခိုက်မှု PDF တောင်းပန်