စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်

ဧရာဝတီ
ယမန်နေ့ မေ ၂ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းတွေ့ဆုံစဉ် / CINCDS

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ယမန်နေ့က နေပြည်တော်သို့ ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့နှင့် တွေ့ဆုံခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြ သလို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအား လေးစားကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုအား ထိန်းသိမ်း ကာ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် လမ်းကြောင်းရှာ ဖွေဖော်ထုတ် ရာတွင် ပံ့ပိုးကူညီပေးလျှက်ရှိကြောင်းလည်း ပြောကြားသွားသည်။

ထိုသို့ တွေ့ဆုံမှုအပြီး စစ်ကောင်စီက ယနေ့ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သလို သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသူ၊ အကျဉ်းသား ၃၈ဦးကိုလည်း သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ် တသက်ပြောင်းလဲ ကျခံစေခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာသို့လာရောက်ပြီး စစ်ခေါင်းဆောင်နှင့်သာမက အာဏာရှင်ဟောင်း ဦးသန်းရွှေကိုပါ တွေ့ဆုံခဲ့ခြင်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောအား ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကိုလာပြီးတော့ အရင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့သွား တဲ့အကြောင်း ဆင်ဟွာသတင်းဌာနမှာ သတင်းထုတ်ပြန်လာတာတွေ့ရတယ်။ ဒီတွေ့ဆုံမှုကို ဘယ်လို မြင်ပါသလဲ။ ဘယ်လိုအဓိပ္ပါယ်သက်ရောက်လဲ။

ဖြေ ။ ။ ဟိုတခေါက် တရုတ်အရာရှိကြီးသွားတုန်းကလည်း ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ကို တွေ့တယ်ပြောတယ်၊ မိတ် ဟောင်းဆွေဟောင်းအနေနဲ့ တွေ့တာ တွေလည်းရှိမယ်၊ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမျိုးရှေ့တိုးပြီး လုပ်ရင်ကောင်း မလဲဆိုတာ။ အခု တရုတ်ကလည်း အကြီးအကျယ် နည်းလမ်းတွေ ရှာနေတာ။ ဒါကြောင့် ဦးသန်းရွှေက မင်းအောင်လှိုင်ပေါ် မှာ တစုံတရာ ဩဇာရှိလားလို့ တွက်တာလားမှ မသိတာ။ အဲဒါကြောင့် သွားပြီးတွေ့တာဖြစ်နိုင်ပါတယ်။

မေး ။ ။ ဆင်ဟွာသတင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ် မြေပိုင်နက်ပြည့်စုံမှုကို လေးစားသလို မြန်မာပြည်တွင်း ငြိမ်းချမ်းရေးမြှင့်တင်မှုကို ထောက်ခံပါတယ်တဲ့၊ နောက်တချက် ကတော့ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း ၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်း ခြင်းနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ခြင်းကိစ္စတွေမှာ အပြုသဘော ကူညီသွားချင်တယ်။ မြန်မာနိုင်ငံနဲ့အတူ အသိုက်အဝန်း၊ အေးအတူ ပူအမျှ တည်ဆောက်သွားချင်တယ်။ ပြောခဲ့တာလည်းရှိတယ်။ ဒီပြောကြားချက်ကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အဲဒါကလည်း ပြောရိုးပြောစဉ်တွေပဲ။ သိပ်ထူးထူးခြားခြားတွေတော့ မပါဘူး။ နိုင်ငံတိုင်းနဲ့ ဆက်ဆံတဲ့အခါမှာ အဲဒီအခြေခံအချက်တွေကတော့ ပြောရိုးပြောစဉ်ပဲ။ တခုရှိတာကတော့ မြန်မာပြည်က ဒီလိုဖြစ်နေတော့ သူတို့နဲ့ နယ်နမိတ် ချင်း ထိစပ်နေတာဖြစ်တော့ သူတို့အတွက် အကျိုးစီးပွားတွေကလည်း အများကြီး မြန်မာပြည်မှာရှိနေတော့ ဒီအကျိုးစီးပွား တွေ ကို ကာကွယ်ဖို့အတွက်လည်း မြန်မာပြည်ကြီး ငြိမ်းချမ်းမှ လုပ်နိုင်မှာဖြစ်တယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်း ရေး ကို ပိုပြီးတော့ စိတ်ပါဝင်စားတာလည်း ဖြစ်နိုင်တယ်။

နောက်တခုကလည်း တရုတ်ပြည်ရဲ့ သံခင်းတမန်ခင်းကိုက အရင်တုန်းကလို သူများပြည်တွင်းရေး ဝင်မစွက်နဲ့တို့ ဘာတို့ မဟုတ်တော့ဘူး။ သူတို့တိုင်းပြည်ကြီးရဲ့ အကျိုးစီးပွားတွေ၊ လူပုဂ္ဂိုလ်တွေ ရှိတဲ့နေရာတွေမှာဆိုရင် လက်ဦးမှုရှိရှိနဲ့ ကူညီဖြေရှင်းပေးသင့်တယ်ပေါ့။ အဲဒါကြောင့် မြန်မာပြည်အရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာလို့ မြင်ပါတယ်။

မေး ။ ။ ဦးသန်းရွှေက တရုတ်ရဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးမှုကူညီတဲ့အပေါ်မှာ ကျေးဇူးတင်တယ်၊ တရုတ်နဲ့ မြန်မာကြားမှာ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပြီးတော့ နှစ်နိုင်ငံကြား ရလဒ်ကောင်းတွေ ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားချင် တယ်ဆိုတဲ့ အကြောင်းလည်း ပြောပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒါကလည်း စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်နိုင်တာ တရုတ်နဲ့ ရုရှားပဲရှိတာလေ။ ရုရှားထက်စာရင် စီးပွားရေးအရက အရင်းအနှီး၊ အတတ်ပညာ ပိုပြီးထဲထဲဝင်ဝင်ဖြစ်တာ တရုတ်ဆိုတော့ တရုတ်ရဲ့ အရင်းအနှီးတွေ ဝင်လာ ရေး ၊ တရုတ်နဲ့ ဆက်ဆံရေးကောင်းရေးက စစ်ကောင်စီရဲ့ အထူးအရေးပေးကိစ္စ ဖြစ်မှာပဲလေ။

မေး ။ ။ မြန်မာပြည်တွင်းရေးမှာ မြန်မြန်စေ့စပ်ညှိနှိုင်းပြီး ပြေလည်သွားအောင် တရုတ်နိုင်ငံက ပိုပြီးတော့ ညှိနှိုင်းပေးတာ တွေ ဖြစ်နိုင်လား။ ဘယ်လိုအလားအလာမျိုးတွေ မြင်ရလဲ။

ဖြေ ။ ။ စစ်ကောင်စီက နိုင်ငံရေးအရ ပိတ်မိနေတော့ သူကအပေါ်ယံ ပြုပြင်ပြောင်းလဲရေး ဖြစ်မှာပေါ့။ ဥပမာ- ဒီနေ့ပဲ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်စဖူး တော်တော်များများ လွှတ်တာတို့၊ ဒါမျိုးတွေတော့ လုပ်လာနိုင်ပါတယ်။ တသက်လုံး လည်း ဒါမျိုးတွေပဲ လုပ်လာတာပဲ။ ဒါပေမယ့် ကျမတို့ တော်လှန်ရေးသမားတွေဘက်က စစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့ လူတွေဘက်ကတော့ ဒီတခါ ဘယ်လိုအလှိမ့်ကိုမှ မခံဘဲနဲ့ ပြတ်ပြတ်သားသား စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆက်လက်ပြီးတော့ တိုက်ပွဲ ဆက်ဝင်ရမှာပဲ။

နိုင်ငံကြီးတွေပဲဖြစ်ဖြစ်၊ တခြားနိုင်ငံကပဲဖြစ်ဖြစ် သူတို့နိုင်ငံအကျိုးစီးပွားနဲ့ ဝင်ပြီး ပြောတာဆိုတာတွေ ရှိမှာပေါ့။ ကျမတို့ ပြည်သူတွေကလည်း လုပ်စရာရှိတာ ဆက်လုပ်ဖို့ပါပဲ။

မေး ။ ။ တရုတ်နိုင်ငံခြားဝန်ကြီးလာပြီးနောက်ပိုင်း အကျဉ်းသားတွေပါ လွှတ်တာ တွေ့ရတယ်။ ဒါပေမယ့် အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ ပါလာတာ မတွေ့ရသေးဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို လွှတ်ပေးတာအထိ စစ်ကောင်စီက လုပ်လာနိုင်လား။ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ အခုလောလောဆယ်တော့ လုပ်စရာမရှိပါဘူး။ စစ်ကောင်စီက အပေါ်ယံသဏ္ဍန်အရ ပြောင်းလဲတာတွေတော့ လုပ်ပေးပါလိမ့်မယ်။ အစကတည်းက ဖမ်းထားတာလည်း ပြန်ပေးဆွဲသလို ဖမ်းထားတာပဲလေ။ လူထု စိတ်သက်သာရာ ရအောင် တစစီ တစစီလုပ်ပေးတာတွေတော့ ရှိမှာပဲလေ။ ဒါစစ်တပ်က တောက်လျှောက် လုပ်လာတာပဲလေ။ လူထု ဖိအားများလာရင် နည်းနည်းလေးလျှော့ပေးလိုက် ပြီးရင်ပြန်ဖိလာလိုက် အဲဒါမျိုးတွေ လုပ်နေတာပဲ။ ဒီတခါတော့ ကျမတို့ဘက်က မျက်စိလည်လမ်းမှားဖို့ မလွယ်ဘူး။ သူလှည့်စားတာကို လှည့်စားမခံဖို့ပါပဲ။ ကိုယ့်ဘာသာ ပြတ်ပြတ်သားသား လုပ်စရာရှိတာ ဆက်လုပ်ဖို့ပါပဲ။

You may also like these stories:

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ထူးထူးခြားခြား သွားရောက်

မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို

တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

Loading