မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်

ဧရာဝတီ
အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်

ပြီးခဲ့သည့် မေလ ၂ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၏ မြန်မာပြည်ခရီးစဉ်တွင် လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံသွားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဒေါက်တာ မီမီဝင်းဘတ်၏ အမြင်သုံးသပ်ချက်ကို ဧရာဝတီက မေးမြန်းဖော်ပြလိုက်ပါသည်။

ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခ ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မေး ။ ။ သိပ်မကြာခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာပြီးတော့ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ရုံတင် မကဘူး။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေကိုပါ တရားဝင် တွေ့သွားပြီးတော့ သူတို့ တရုတ်နိုင်ငံရဲ့ တရားဝင်မီဒီယာတွေကအစ သတင်းတွေ ထုတ်လွှင့်ပြီးတော့ ဦးသန်းရွှေကို ပွဲထုတ်လာတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဦးသန်းရွှေရဲ့ကဏ္ဍကို ချီးကျူးဖော်ထုတ်လာတဲ့အပေါ် ဘယ်လိုမျိုး ဝေဖန်သုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ ကျမ ပြောတာအားလုံးက ပုဂ္ဂိုလ်တယောက်အနေနဲ့ ပညာရှင်တယောက်အနေနဲ့ပြောတာပါ။ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီးပြောတာ မဟုတ်ပါဘူး။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ နှစ်ချက်ရှိတယ်။ ပထမအချက်က တရုတ်နဲ့မြန်မာ ဆက်ဆံရေး၊ တရုတ်က မင်းအောင်လှိုင်ကိုဆက်ဆံတာ သူတို့အတွက် အများကြီးအန္တရာယ်ရှိတယ်လို့ ပြောချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို နိုင်ငံရဲ့ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က လုံးဝလက်မခံဘူး။ လက်မခံတဲ့အဖွဲ့တခုကို ပူးကပ်ပြီးတော့ လုပ်တဲ့အခါကျတော့ ပြည်သူလူထုရဲ့ဆန္ဒတွေကို သူတို့တွေက မထီလေးစားလုပ်တယ်။ လေးစားမှုမရှိဘူးလို့ ထင်တယ်။ အဲဒါကြောင့် တရုတ်နိုင်ငံအလံတွေကို မီးရှို့တာတို့ ပြုလုပ်ကြတယ်။ ပြည်သူလူထုက သူတို့ကို မထီလေးစားလုပ်တယ်လို့ ခံယူတယ်။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို နိုင်ငံရဲ့ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က လုံးဝလက်မခံဘူး။ လက်မခံတဲ့အဖွဲ့တခုကို ပူးကပ်ပြီးတော့ လုပ်တဲ့အခါကျတော့ ပြည်သူလူထုရဲ့ဆန္ဒတွေကို သူတို့တွေက မထီလေးစားလုပ်တယ်။ လေးစားမှုမရှိဘူးလို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို ခံထားရတာဆိုတော့ တရုတ်ရဲ့ အကျိုးစီးပွားက ပြည်သူလူထုရဲ့ ထောက်ပံ့မှုမရှိရင် ဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောချင်တယ်။ တရုတ်က သူတို့ရဲ့အကျိုးစီးပွားကို တာရှည်ရှိချင်တယ်ဆိုရင် ပြည်သူလူထုရဲ့ဆန္ဒ၊ လိုလားချက်ကို နားလည်ရမယ်။

နောက်တခုက ဦးသန်းရွှေနဲ့ ပတ်သက်ပြီးတော့၊ ဒီလိုလူဟောင်းတွေကို သွားဆက်ဆံတာက အခုရှိနေတဲ့လူကို ယုံကြည်မှုမရှိဘူး။ ဒါကြောင့်မို့ လူဟောင်းတွေကို သွားပြီးတော့ ပြောနေရတာ။ သူတို့သိတယ်။ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝမထိန်းချုပ်နိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့် လူဟောင်းတွေကို သွားတွေ့ရတယ်လို့ ထင်တယ်။ အတွင်းသတင်းတော့မရှိပေမယ့် အပြင်ကကြည့်လိုက်တဲ့အခါမှာ အဲဒီလိုမျိုးတွေးနေတယ်။

မေး ။ ။ ဦးသန်းရွှေနဲ့ တရုတ်က ချမှတ်တဲ့ လမ်းစဉ်တွေကို အခုလက်ရှိ စစ်ခေါင်းဆောင်ကရော လိုက်နာပါ့မလား။ ဘယ်လို သုံးသပ်ထင်မြင်မိပါသလဲ။

ဖြေ ။ ။ လူတိုင်းက သိတယ်။ မင်းအောင်လှိုင်လုပ်နေတဲ့ဗျူဟာက အောင်မြင်မှာမဟုတ်ဘူးဆိုတာ လူတိုင်းက သိတယ်။ ဒါကြောင့်မို့လို့လည်း ဦးသန်းရွှေဆီ ပြန်သွားပြီးတော့ ဆုံးမဖို့ပြောတာနဲ့တူပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေ ပြောတာကို နားထောင်မထောင်တော့ မသိဘူး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသေအချာမသိဘူးဆိုတော့ မပြောတတ်ဘူး။ သမိုင်းမှာပြန်ကြည့်လိုက်ရင် မင်းအောင်လှိုင် ဘယ်သူ့စကားမှ နားထောင်တာ မဟုတ်ဘူး။ အဲဒီတော့ သူ့ရဲ့သမိုင်းအရ နားထောင်မှာမဟုတ်ဘူးလို့ ခန့်မှန်းနိုင်တယ်။ သူတို့ရဲ့ ဆက်ဆံရေးကို ကျမ မသိဘူး။

ဦးသန်းရွှေ ပြောတာကို နားထောင်မထောင်တော့ မသိဘူး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသေအချာမသိဘူးဆိုတော့ မပြောတတ်ဘူး။ သမိုင်းမှာပြန်ကြည့်လိုက်ရင် မင်းအောင်လှိုင် ဘယ်သူ့စကားမှ နားထောင်တာ မဟုတ်ဘူး။

မေး ။ ။ မင်းအောင်လှိုင် ကို ခေါက်ထားလိုက်လိမ့်မယ်ဆိုပြီး ပြောကြတာတွေလည်း ကြားရတယ်။ နောက်ပြီး ဦးသန်းရွှေကို ဆွဲသွင်းလာပြီး အရင်လုပ်ခဲ့သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တယ်။ NLD နဲ့ ဒီမိုကရေစီပါတီတွေကို လုပ်ပိုင်ခွင့်ပြန်ပေးတယ်။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ အာဏာသိမ်းမှုမဖြစ်ခင်ကာလတွေကို တရုတ်က မျှော်မှန်းတဲ့သဘောလည်း ရှိတာပေါ့။ ၂၀၀၈ အခြေခံဥပဒေအရလည်း ဖြစ်တာပေါ့။ အဲဒီဟာက မဖြစ်နိုင်ဘူးလို့လည်း ပယ်ချလို့မရနိုင်ဘူး။ ဖြစ်လာခဲ့သည် ရှိသော် ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ။ မြန်မာစစ်တပ်က ၂၀၁၀ ခုနှစ်နောက်ပိုင်းလို ပြန်လုပ်လာနိုင်လား။ ပြန်လုပ် လာပြီးတော့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ကစားလာခဲ့သည်ရှိသော် နွေဦးတော်လှန်ရေး NUG တို့၊ PDF တို့၊ EAO တွေက ဘယ်လိုသဘောထားသင့်သလဲ သုံးသပ်ပေးပါဦး။

ဖြေ ။ ။ ကျမမှာ Insider information မရှိဘူးဆိုတော့ ခန့်မှန်းတာပဲရှိတယ်။ ခန့်မှန်းလိုက်တဲ့အခါမှာ မင်းအောင် လှိုင်နဲ့ စစ်ကောင်စီအတွက် သူတို့တွေကပြန်သွားဖို့ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်နှာပျက်ပြီးပြီ။ သူတို့ အခု လှည့်သွားမယ်ဆိုရင် သူတို့လုပ်တာ မှားတယ်ဆိုတာကို ဝန်ခံသလိုဖြစ်တဲ့အတွက် လုပ်မယ်လို့ မထင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ဘာသာဖျက်လိုက်တာ။ အခုကျတော့ ဒါကိုပြန်သုံးမယ်ဆိုရင် လူတွေက ဘယ်လိုမှ လက်မခံတော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကဆွဲထားတာ။ အခုအချိန်မှာ စစ်တပ်ကို လက်မခံတော့ဘူးဆိုတော့ ဒါလည်း လက်မခံတဲ့ထဲ ပါသွားပြီလို့ ကျမထင်တယ်။ ဒီလောက်ပဲ ခန့်မှန်းနိုင်မယ်။

မေး ။ ။ ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြီး ပြောချင်တာ ရှိဦးမလဲ။

ဖြေ ။ ။ ကျမတို့အခု ဘယ်နေရာရောက်နေပြီလဲဆိုပြီး ပြန်သုံးသပ်ရင်လည်း စစ်တပ်က တခါထဲ သူ့ရဲ့ဝိတ်နဲ့ဖိပြီးတော့ သူ့ဘာသာ ကျနေတာ။ ကျမ အမြဲတမ်းပဲပြောတယ်။ စစ်တပ်တခုက ဒီလောက်ထိ အဂတိလိုက်စားမှုရှိရင် ကိုယ့်မှာရှိတဲ့ ရဲဘော်တွေကို နွေးနွေးထွေးထွေး ပံ့ပိုးပြီးတော့ မထားနိုင်ဘူးဆိုရင် စစ်တပ်တခုက အကျိုးသက်ရောက်မှုမရှိဘူး။ စစ်တပ်တခုက ပရော်ဖက်ရှင်နယ်ပျောက်ရင် စစ်တိုက်ရင် မနိုင်ဘူး။

အခုပြန်ကြည့်လိုက်ရင် ပစ်ခတ်သတ်ဖြတ်တာတွေ၊ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဗုံးကြဲတာတွေ ဒါတွေအားလုံးက ပရော်ဖက်ရှင်နယ်စစ်တပ်တခုရဲ့ လုပ်နည်းလုပ်ဟန်တွေ မဟုတ်ဘူး။ ဒါတွေက ရာဇဝတ်ဂိုဏ်းက လုပ်တဲ့နည်းလမ်းတွေ။

ပစ်ခတ်သတ်ဖြတ်တာတွေ၊ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဗုံးကြဲတာတွေ ဒါတွေအားလုံးက ပရော်ဖက်ရှင်နယ်စစ်တပ်တခုရဲ့ လုပ်နည်းလုပ်ဟန်တွေ မဟုတ်ဘူး။ ဒါတွေက ရာဇဝတ်ဂိုဏ်းက လုပ်တဲ့နည်းလမ်းတွေ။

မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထု တိုင်းပြည်ကိုလည်း ပျက်အောင်လုပ်တယ်။ စစ်တပ်ကိုလည်း ပျက်အောင် လုပ်လိုက်တယ်။ သူ့လက်အောက်မှာ စစ်တပ်က တခါမှမတွေ့ဖူးတဲ့ ပျက်စီးမှုမျိုးဖြစ်သွားတယ်။

တော်လှန်ရေးဘက်ကလည်း ဒီလောက်ထိလုပ်နိုင်တာ ချီးကျူးဖို့ကောင်းတယ်။ အခုဆိုရင် ဒုတိယမျက်နှာရောက်နေပြီ။ အဲဒီမှာ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ အရမ်းလိုအပ်တယ်။ တော်တော်များများ ပူးပေါင်းဆောင်ရွက်မှု အများကြီးရှိပါတယ်။ ပြည်တွင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးကောင်းတယ်။ အခုဆိုရင် အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးပြီးတော့ သူတို့မှာရှိတဲ့အင်အားတွေ၊ အတတ်ပညာတွေ၊ အသိပညာတွေကို၊ တီထွင်ဖန်တီးတတ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ရှိတယ်။ အဲဒါကို သုံးနိုင်ရင် နောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ ပိုမြန်ပါလိမ့်မယ်လို့။

You may also like these stories:

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်

ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်

မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား

ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်

Loading