အင်အားအလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ရာချီ သေဆုံးခဲ့သလို သန်းနှင့်ချီသော ပြည်သူများ မုန်တိုင်းဒဏ်သင့်ခဲ့ကြသည်။ ထိုထဲတွင် ထိခိုက်သေဆုံးမှု အများဆုံးမှာ စစ်တွေမြို့နယ်တွင် ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ဖြစ်သည်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် သေဆုံး၊ ပျက်စီးမှု များပြားခဲ့ခြင်းအပေါ် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ဧရာဝတီကို ဖွင့်ဟပြောဆိုချက် ဖြစ်သည်။
မေး ။ ။ မုန်တိုင်းအပြီးမှာ သေဆုံး ကိန်းဂဏန်းတွေ တောက်လျှောက်တက်နေတာမှာ ရိုဟင်ဂျာတွေ အများဆုံးသေဆုံးနေကြရတာ တွေ့ရပါတယ်။ ကိုနေဆန်းလွင်တို့ဆီ သိရှိထားတဲ့ ကိန်းဂဏန်းက ဘယ်လောက်ပါလဲ။
ဖြေ ။ ။ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေက မကောင်းတော့ Camp အားလုံးကို သေချာ နှံ့နှံ့စပ်စပ် သွားပြီးတော့ သတင်းအချက်အလက် ယူဖို့က ဘယ်လိုမှ အဆင်မပြေသေးဘူး။ လောလောဆယ် ကျနော်တို့ အားလုံး ခန့်မှန်းထားတာကတော့ ၄၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ သေချာစုံစမ်းပြီးတော့မှ ဆုံးဖြတ်လို့ ရမှာပေါ့။ လောလောဆယ် အချိန်မှာတော့ သေဆုံးသွားတဲ့ ကိန်းဂဏန်းကို ပြောလို့ မရသေးဘူး။
မေး ။ ။ ဒီလို သေဆုံးမှု များပြားတဲ့ အခြေအနေအထိ ဘာကြောင့် ဖြစ်သွားခဲ့ရတာလဲဆိုတာ သိထားသလောက် ပြောပြပေးပါ။
ဖြေ ။ ။ ဒီလိုဖြစ်တာက ဘာကြောင့် ဖြစ်လဲဆိုတော့ အချိန်မီ သူတို့ကို မထုတ်လိုက်လို့။ စနေနေ့ ညနေပိုင်းမှာ သွားပြီးတော့ စစ်ကောင်စီကနေ မသန်စွမ်းတဲ့ လူတချို့ရယ်၊ ကလေးငယ် တချို့ရယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တချို့ကို ခေါ်ထုတ်ပြီးတော့ ကျောင်းတွေ၊ စစ်တွေ တက္ကသိုလ်မှာ သွားပြီးတော့ နေရာချထားပေးတယ်လို့ သိရတယ်။ ဒါကလည်း သူတို့ လုပ်တဲ့ ပုံစံက ဓာတ်ပုံရိုက် မှတ်တမ်းတွေ ယူပြီး PR Campaign ပုံစံနဲ့ လုပ်သွားတာကို တွေ့ရတယ်။ ကျန်တဲ့ သိန်းဂဏန်း အထက်မှာ ရှိတဲ့ ဒုက္ခသည် အများစုကိုတော့ ပြောင်းချင်ပြောင်းလို့ပဲ ပြောတယ်။
ဒါပေမယ့် ဘယ်ကိုပြောင်းရမယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းရမယ် ဆိုတာရယ် သယ်ယူပို့ဆောင်ရေး တွေဘာတွေ ဘာမှစီစဉ်ပေးတာ မရှိဘူး။ နာရီပိုင်းအလိုမှာ ဒီလိုမျိုးတွေ ပြောတော့ ဘယ်သူမှ ကိုယ့်ဘာသာ စီစဉ်လို့ မရဘူး။ အားလုံးက camp ထဲမှာပဲ များသောအားဖြင့် နေရတယ်။ မသေသင့်ဘဲ သေရတဲ့ ပုံစံမျိုး ဖြစ်လာတာပေါ့။ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ သိကတည်းက အားလုံးကို ပြောင်းရွှေ့ခွင့်ပေးတယ်။ ပြောင်းရွှေဖို့ နေရာတွေ သွားလာဖို့ စီစဉ်ပေးတယ်ဆိုရင် ဒီလောက်ထိ သေကြေပျက်စီးမှုတွေ ဖြစ်မှာ မဟုတ်ဘူး။ အပျက်အစီးကတော့ ဘယ်လိုမှ တားစီးလို့ မရပါဘူး။ သေကြေတာကတော့ မသေသင့်ဘဲ သေရတယ်လို့ ယူဆတယ်။
မေး ။ ။ အဲဒီ စခန်းကလူတွေ အနေနဲ့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရော ကြိုတင်ရရှိတာမျိုး ရှိခဲ့သလား။
ဖြေ ။ ။ ပြဿနာက ဘာလဲဆိုရင် ဒီလူတွေကို ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ထားတာ အခုဆိုရင် ၁၁ နှစ်ရှိပြီ။ သူတို့က ပြင်ပကမ္ဘာနဲ့ တော်တော်လေးကို အဆက်အသွယ်ပြတ်နေတယ်။ ဒါပေမယ့် အင်တာနက် ဖုန်းလိုင်းတွေကတော့ ရှိကြတာပေါ့။ သူတို့ဆီကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရောက်တယ်ဆိုတာက ပြောလို့ မရဘူး။ ပြီးတော့ ဘယ်သတင်းဌာနတွေက သတင်းတွေ ဖတ်လဲ ဒါမှမဟုတ်ရင် misinformation တင်နေတဲ့ အကောင့်တွေကိုများ ဖတ်နေသလား ဆိုတာတွေ ဒါတွေလည်း သေချာမသိဘူးဆိုတော့ သူတို့ဆီကို သတင်းအချက်အလက် ဘယ်လောက်အထိ ရောက်တယ်ဆိုတာကို ပြောလို့ မရဘူး။
ဘင်္ဂလားဒေ့ရှ်ဘက်မှာက ဒါနဲ့ပတ်သက်ပြီး လုပ်ခဲ့တာ ရှိတယ်။ ရိုဟင်ဂျာထဲက လူငယ်ပိုင်းတွေကို ခေါ်ပြီးတော့ သင်တန်းပေးတယ်။ နောက်ပြီး community ကို ဘယ်လိုပုံစံနဲ့ ပြန်ပြီးတော့ အသိပညာပေးရမယ် ဆိုတာကို သေချာ သင်တန်းပေးတယ်ပေါ့။ ဘယ်လောက်အတိုင်းအတာအထိ လေတိုက်နှုန်းလာရင် Alert ကို အများပြည်သူ သိအောင် ဘယ်လိုအသိပညာ ပေးရမလဲ ဆိုတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေက သေချာလုပ်ပေးတော့ တကယ်တမ်း မုန်တိုင်းလာချိန်မှာ အားလုံးက အသိပညာပေးထားပြီးသားရှိတော့ သေကြေပျက်စီးမှု မရှိဘူး။ ဒါပေမယ့် အဆောက်အဦတွေ ပျက်စီးတာကတော့ ဘယ်လိုမှ တားဆီးလို့ မရဘူး။ ဒီလိုပုံစံမျိုးသာ စစ်တွေမှာ လုပ်ခဲ့မယ်ဆိုရင် ရာနဲ့ချီတဲ့ သေဆုံးတာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို အသိပညာပေးတာတွေကတော့ ဘာမှ မရှိခဲ့ဘူး။
မေး ။ ။ ဒုက္ခသည်စခန်းတွေက နေအိမ်တွေဟာ မုန်တိုင်းဒဏ်ကို ခံနိုင်လောက်တဲ့ အခြေအနေ မရှိဘူးဆိုတာတော့ သိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပါသလဲ။
ဖြေ ။ ။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၁၄၊ ၁၅ ခုလောက်ရှိမယ်။ အဲဒီမှာရောက်နေတဲ့ လူတွေအားလုံးက စစ်တွေမြို့ပေါ် ဆင်ခြေဖုံး ရပ်ကွက်ပဲ ဖြစ်ဖြစ် စစ်တွေမြို့နယ်ထဲမှာကို သူတို့ ကိုယ်ပိုင်အိမ်တွေ ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ် မှာ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းမျိုး ဖန်တီးပြီး နေအိမ်ကနေ အတင်းအဓမ္မ ဆွဲထုတ်ပြီးတော့ အားလုံးကို တန်းစီပြီးတော့ အိမ်တွေထဲကနေ လမ်းလျှောက်ပြီးတော့ ဒုက္ခသည်စခန်းတွေကို ပို့ခဲ့တာ။
ဒုက္ခသည်စခန်းမှာ ကျနော်သိသလောက် အဆောင် ၁ ခုကို အခန်း ၄ ခန်းပါတာရှိတယ်။ ၈ ခန်းပါတာရှိတယ်။ အခန်းလေးတွေကတော့ ကျဉ်းကျဉ်းလေးတွေပေါ့။ အဆောင်ဆိုပေမယ့်လည်း ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတဲ့ အဆောင်တွေ မဟုတ်ဘူး။ ဓနိမိုး၊ ထရံကာတွေနဲ့ ဒါတွေက ဟိုတုန်းက သူတို့ ဆောက်ပေးခဲ့တာ။ ကိုယ့်ကိုင်ပိုင် ပိုက်ဆံနဲ့ နည်းနည်းပါးပါး ပြုပြင်ပြီးတော့ ခိုင်ခိုင်ခံ့ခံ့ လုပ်ထားတာကတော့ အရမ်းကိုနည်းတယ်။ ဒါတွေက မိုးပြင်းပြင်းရွာရင်တောင် ဘယ်လိုမှ နေလို့ မရတဲ့ နေရာတွေပေါ့။ မိုးယိုမှာကို ကြောက်ရတယ်။ နောက် ဓရံတွေကနေ မိုးဝင်မှာကို ကြောက်ရတယ်ဆိုတဲ အနေအထားမှာ ဒီလိုမျိုး ၁ နာရီကို မိုင်ရာနဲ့ချီပြီးတော့ လေတိုက်တော့ ဘယ်လိုမှ မခံနိုင်ဘူး။
ဒုက္ခသည် စခန်းမှာ ရှိသမျှ ဒုက္ခသည်အဆောင် ၉၀ ရာခိုင်နှုန်းက ပျက်စီးသွားပြီ။ တနေရာမှာ ဆိုရင် အဆောင်ပေါင်း ၃၈၀ ရှိတာမှာ ၆၀ လောက်ပဲ အပျက်အစီး အနေနဲ့ ကျန်တယ်။ ကျန်တာတွေက ရေတက်ပြီးတော့ ရေထဲမှာ အကုန်ပါသွားတာ အစအနတောင် ရှာမရဘူး။ အဲဒီမှာ နေတဲ့လူတွေ ပြန်ပြီးသွားကြည့်တော့ သူတို့ နေရာ ဘယ်နေရာလဲ ဆိုတာတောင် မမှတ်မိတော့တဲ့ အနေအထားပုံစံမျိုး ဖြစ်တော့ ဒါတော်တော်လေးကို ထိခိုက်ဆုံးရှုံးမှုကတော့ များတယ်။
ဘင်္ဂလားဒေ့ရှ်မှာဆိုရင်လည်း ဒီလိုပဲ တဲသာသာပါပဲ။ မြန်မာနိုင်ငံမှာကတော့ ပိုဆိုးတာပေါ့။ ရိုဟင်ဂျာကို အုပ်ချုပ်သူတွေကနေပြီးတော့ မူဝါဒ တခုအနေနဲ့ ပစ်မှတ်ထားပြီးတော့ ဒီလူတွေကို လုပ်တော့ ပိုပြီးတော့ ဆိုးတဲ့ အနေအထားမှာ ရှိတယ်။
မေး ။ ။ စစ်ကောင်စီက ရာနဲ့ချီသေဆုံး ရိုဟင်ဂျာတွေရဲ့ သေဆုံးမှုကိုတော့ မဖော်ပြသေးတဲ့အပေါ် သဘောထားမှတ်ချက် ဘယ်လို ပေးချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပြည်တွင်းမှာလည်း တော်တော်များများက နားလည်နေကြပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သေချာသိတာပေါ့။ လူမျိုးတုံး သတ်ဖြတ်မှုကို စစ်တပ်ကပဲ ကျူးလွန်ခဲ့တယ်။ ဒီလူမျိုးတုံး သတ်ဖြတ်မှုက ပြီးသွားသလားဆိုတော့ မပြီးသွားဘူး။ ဒါပေမယ့် အခေါ်အဝေါ် အရဆိုရင် အစုလိုက်အပြုံလိုက် သတ်မှ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ ထင်ကြတယ်။ လူအုပ်စုတစု ၊ လူမျိုး တမျိုး၊ အသိုင်းအဝိုင်း တခုကို ပစ်မှတ်ထားပြီးတော့ စနစ်တကျ ညှဉ်းပန်း နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ ပျက်စီးအောင် လုပ်တယ်ဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုမြောက်တယ်။
အခုဆိုရင် ဒီလူတွေကို ဒုက္ခသည်စခန်းမှာ ထည့်ထားတာ ၁၁ နှစ်ရှိပြီ။ ဒုက္ခသည် စခန်းတွေရဲ့ structure အားလုံးက နာဇီအကျဉ်းစခန်းနဲ့ အတူတူပဲဆိုတော့ ဒါက စနစ်တကျ ဒီလိုမျိုးကို လုပ်နေတယ်ဆိုတာ သိသာတယ်။ အခု ဒီမှာ သေဆုံးမှုတွေ ရှိပေမယ့် သေဆုံးမှုတွေကို မထည့်တာက ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ဖိအားလာမှာရယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီးတော့ အရမ်းကို ဖိအားပေးပြီး အဲဒီနေရာတွေမှာ သွားပြီးတော့ ကယ်ဆယ်ရေး လုပ်ဖို့ တွန်းအားပေးမှာတွေကို မလိုလားတဲ့ အတွက်ကြောင့် ဒီသေဆုံးမှုတွေကို ဖုံးကွယ်ခြင်း ဖြစ်တယ်။
အခုနိုင်ငံတကာ အဖွဲ့အစည်းအစည်းတွေကို ဝင်ခွင့်မပေးတဲ့ အတွက်ကြောင့် ရိုဟင်ဂျာ အသိုင်းအဝိုင်း တခုတည်း ခံရမှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ တခြားလူမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ မြန်မာတပြည်လုံး အတိုင်းအတာ လူ ၅ သန်းလောက်ကနေပြီး ဆိုင်ကလုန်းရဲ့ ဒဏ်ကို ခံနေရတော့။ ဒီနေရာဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ခွင့်မပေးဘူးဆိုရင် လူတွေ အငတ်ဘေးနဲ့ ကြုံရနိုင်တယ်။ နောက်ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့ပြီး ကျန်းမာရေး ချို့တဲ့ပြီးတော့ မသေသင့်ဘဲ သေရမယ့် အနေအထားပါ ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ ဒါတွေကို ဂရုစိုက်မယ့် ပုံမဟုတ်ဘူး။
မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို သူတို့က နိုင်ငံတကာ အဖွဲ့အစည်းတွေကို မပြချင်တဲ့ အတွက်ကြောင့် ဝင်ခွင့် မပေးသေးဘူး။ ကျနော်ကြားတာကတော့ ဖြန့်ဖြူးချင်တဲ့ ပစ္စည်းတွေကို စစ်တပ်ကိုပဲ ပေး။ စစ်တပ်ကနေ တဆင့် ဖြန့်ဖြူးပေးမယ်။ ဒါဟာ ၂၀၀၈ နာဂစ်မှာ လုပ်သွားတဲ့ ပုံစံအတိုင်းပဲ လုပ်သွားဖို့ ရှိတယ်လို့ ကြားထားတယ်။
မေး ။ ။ ဘာများ ဖြည်စွက်ပြောချင်တာ ရှိပါသေးလဲရှင့်။
ဖြေ ။ ။ ကျနော့် အနေနဲ့ ပြောချင်တာကတော့ ဒီစစ်တွေမြို့က စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတယ်။ စစ်ကောင်စီအနေနဲ့ကတော့ တောင်းဆိုရင်လည်း လိုက်လျောမှာ မဟုတ်ဘူး။ ဒီလူတွေကို နာဇီအကျဉ်းစခန်းလို ဒုက္ခသည်စခန်းတွေမှာ ၁၁ နှစ်ကြာ အကျဉ်းချထားပြီးပြီ။ အခုဆို ဒုက္ခသည် စခန်းအားလုံးကလည်း ပျက်စီးသွားပြီ။ ဆိုတော့ ဒီလူတွေကို ပြန်ပြီး နေရာချထားတဲ့ အခါမှာ ဒုက္ခသည် စခန်းမှာ ပြန်လည်နေရာချထားမယ့် အစား သူတို့ရဲ့ မူရင်းနေရာတွေကို ပြန်သွားခွင့်ပေးဖို့က တော်တော်လေးကို အရေးကြီးတယ်။
ဒီလူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း တော်တော်လေးကို ထိခိုက်ပြီးပြီ။ နောက်ပြီးတော့ ဒီကလေးတွေရဲ့ ပညာရေး၊ လူတွေအားလုံးရဲ့ ကျန်းမာရေး၊ ဒုက္ခပေါင်းစုံကို ၁၁ နှစ်ခံပြီးသွားပြီ။ ဒုက္ခသည် စခန်းမှာနေရင်းနဲ့ ထပ်ပြီးတော့ ဒုက္ခသည် ဘဝကို ရောက်တယ်။ ဆိုတော့ သူတို့ကို ပြန်လည်နေရာချားထားတဲ့ အခါမှာ သူတို့မူရင်း နေရာတွေ ရှိခဲ့တယ်။ ဒီနေရာတွေမှာ ပြန်လည် နေရာချထားပေးဖို့ကတော့ စစ်ကောင်စီအနေနဲ့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု
မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်
ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ