အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်လုပ်ကိုင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နှင့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့သည် မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ ၄ ရက်နေ့တို့၌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က မတရား စွပ်စွဲချက်များဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံခြင်းဖြစ်ရာ ယင်းကဲ့သို့ စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံသည့်အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ ထင်မြင်သုံးသပ်ချက်များအား စုစည်းတင်ပြလိုက်သည်။
ဦးကျော်ထွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD
ပြောရေးဆိုခွင့်ရှိသူ
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူတို့ တွေ့တယ်၊ မတွေ့ဘူး၊ ကျနော်တို့တော့ မသိသေးပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုးကို မလုပ်ဘဲ မြန်မာ့အရေးကိစ္စ ပြေလည်ရေးလမ်းစ ရနိုင်မှာ မဟုတ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။
ဒေါ်နှင်းနှင်းမွှေး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်အုပ်စုက သွားရောက်ဆွေးနွေးတယ်ဆိုတာကို ကျမတို့ ကြားရပါတယ်။ ဒီသတင်းက မှန်တယ်လို့ ပြောကြသလိုပဲ တဖက်ကလည်း ဆိုက်ဝါးအနေနဲ့ ထုတ်တယ်လို့လည်း သတင်းကြားရတာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က ဒီလိုအခြေအနေမှာ နိုင်ငံတကာဖိအားတွေရယ်၊ စစ်ရေး အခြေအနေတွေရယ်မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ထွက်ပေါက် လိုအပ်နေတာလည်း အမှန်ပဲ ဖြစ်တယ်ဆိုတာ သိသာထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ တကယ်လို့ စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံတာ အမှန်ဖြစ်တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်တွေ၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်မျိုး၊ လုပ်ရပ်မျိုး လုပ်လိမ့်မှာ မဟုတ်ဘူးလို့ ကျမကတော့ ယူဆပါတယ်။
ဦးသန်းစိုးနိုင်
နိုင်ငံရေးလေ့လာသုံးသပ်သူ
ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က နိုင်ငံရေးအရ သင်းသတ်ပစ်ချင်တဲ့ သဘောထားက တလျှောက်လုံး ရှိခဲ့တယ်။ ဒါပေမယ့် ပြည်တွင်းမှာ လှုပ်ရှားမှုတွေ အတော်လေး ပြင်းထန် မြင့်မားလာတာနဲ့ အခြေအနေက ထိန်းမနိုင် သိမ်းမနိုင် အနေအထားတခုကို ဦးတည်နေတဲ့အတွက် ဒေါ်စုရဲ့ သဘောထားကို မေးမြန်းတာလို့ ကျနော် ထင်တယ်။
တခုက တလျှောက်လုံး တရုတ်နိုင်ငံဘက်က ဒေါ်စုကို လွှတ်ပေးဖို့ သဘောထားရယ်၊ လက်ရှိအခြေအနေက သူတို့(စစ်ကောင်စီ) PDFတွေကို ထိန်းလို့ မရတော့ပါဘူး သိသာနေပါပြီ။ ဒီအခြေအနေအတိုင်းဆိုရင် သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီးတော့ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရမယ့်ဘက်ကို မျက်နှာမူလာတဲ့ အခြေအနေပေါ့။
ဒါက ချက်ချင်း လက်ငင်း ဖြစ်လာဦးမှာတော့ မဟုတ်ဘူး။ NUG က သူတို့ပြောထားတဲ့ အတိုင်း ဒီနှစ်ထဲမှာ စစ်ရေးလှုပ်ရှားမှုကို တဆင့်တက်ပြီး အရှိန်မြှင့်လာပြီးတော့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲတွေရယ်၊ နိုင်ငံတကာ ဖိအားတွေအပေါ် မူတည်ပြီးတော့ အဲဒီအနေအထားတရပ်က ဖြစ်လာနိုင်မယ်။
ဦးဖေသန်း
ဝါရင့် ရခိုင်နိုင်ငံရေးသမား
ဒီတွေ့ဆုံမှု သတင်းက ကွန်ဖမ်း ဖြစ် မဖြစ် ကျနော်တို့ မသိသေးဘူးပေါ့။ ဟိုဘက်ကလည်း ငြင်းထားတာလည်း ရှိနေတယ်။ ဒါကတော့ တကဏ္ဍ ထားပါတော့။ ဒီလိုသတင်း ထွက်ပေါ်လာတာနဲ့ ပြောရရင် ဒါက သူတို့အနေနဲ့ အရှုံးမရှိဘူး၊ သူတို့လိုချင်တဲ့ ပုံစံ ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတွေ့တာမျိုး ဖြစ်နိုင်တယ်။
သူတို့(စစ်ကောင်စီ) အနေနဲ့က နောက်ဆုတ်ဖို့ အကြောင်းမမြင်ဘူးဗျ။ ဘာလို့ဆိုရင် သူတို့က လက်ကုန်နှိုက်ပြီးတော့ တကယ့်ကို ရက်ရက်စက်စက် လုပ်ခဲ့တဲ့ သမိုင်းဝင်သွားခဲ့ပါပြီ။
တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးခြင်းအားဖြင့် သူတို့လုပ်ခဲ့တာတွေအတွက် ပိုပြီးတော့ သက်သာလာမယ်။ သူတို့ကို ခွင့်လွှတ်လာမယ်ဆိုတဲ့ ခံယူချက်တော့ သူတို့ဆီမှာ မရှိဘူးဗျ။ သူတို့ အာဏာရရှိရေးအတွက်ပဲ သူတို့ ဆက်လုပ်သွားမယ်။ ဖြစ်နိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲက ထွက်ဖို့ဆိုတဲ့ အခွင့်အရေးနဲ့ မျှားတာလည်း ဖြစ်နိုင်ပါတယ်။
တဖက်က တွေးကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုကိစ္စတွေကို လက်ခံမယ်လို့ မထင်ဘူး။ နောက်ဆုံး သူတို့ကမ်းလှမ်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ် ထားဦး၊ တခြား NUG တို့၊ PDF တို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က သဘောတူညီဖို့ဆိုတာလည်း မသေချာဘူးပေါ့။ ဒီတွေ့ဆုံမှုက စမ်းသပ်ပြီးတော့ လုပ်တာ ဖြစ်တယ်၊ သွေးတိုးစမ်းကြည့်တဲ့သဘော လုပ်တာဖြစ်တယ်လို့ ထင်တယ်။
ဗိုလ်ကြီး ညီသုတ
CDM ဗိုလ်ကြီး
စစ်ဗိုလ်ချုပ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တာဟာ ကျနော်မြင်မိတာကတော့ အရင်ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလက်နက်မကိုင်တဲ့ လမ်းစဉ်ကို တစိုက်မတ်မတ် ကိုင်ဆွဲထားတယ်။ ၁၉၉၀ ကာလ တွေမှာဆိုလည်း အခြားလက်နက်ကိုင်တဲ့အဖွဲ့တွေနဲ့ ပြည်တွင်းရဲ့ ပါတီနိုင်ငံရေးနဲ့က သီးခြားဆီ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားခဲ့တယ်။ အခုအခြေအနေမှာ ဒီလိုမျိုး ဆက်ရှိနေဦးမလား။ ဒီလိုမျိုး ဆက်ပြီးတော့ ရှိနေတယ်ဆိုရင် ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားထဲမှာ ဟ သွားမလားဆိုပြီး သူတို့က အကျိုးအမြတ် ရနိုင်မလားဆိုတဲ့ သဘောနဲ့ ချဉ်းကပ်တယ်လို့ မြင်ပါတယ်ဗျ။
You may also like these stories:
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့နှင့် စစ်အင်အား
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်ဖို့ သဘာဝတရားရိပ်သာဆရာတော် ပြောဆိုမှု အများဝေဖန်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်