အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး (၇၁ နှစ်) မှာ ယနေ့ (ဇွန် ၂၁ ရက်) မနက် ၁၀ နာရီခွဲခန့်တွင် နှလုံးရောဂါဖြင့် မန္တလေးမြို့ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။
စာရေးဆရာ ညီပုလေးကို ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က မန္တလေးမြို့တွင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။ မွေးချင်းများထဲတွင် အငယ်ဆုံးသားလည်း ဖြစ်သည်။
စာစတင်ရေးသားစဉ် ကလောင်အမည်ကို “ညီပုလေး” ဟု သုံးစွဲခဲ့ခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် “လျက်ဆားတတို့” ဝတ္ထုဖြင့် စတင်ဖော်ပြခံခဲ့ရကာ မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ၊ ဂျာနယ်များတွင် စာပေများ ဆက် လက် ရေးသားခဲ့သည်။
ပထမဦးဆုံး လုံးချင်းဝတ္ထုတိုစာအုပ်အဖြစ် သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေးစာအုပ် တိုက်) ကို ရေးသားထုတ်ဝေခဲ့ပြီး၊ မြန်မာပြည်တွင် ပထမဆုံးကွန်ပျူတာ စာစီစာအုပ်ဖြစ်သည့် ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထုကြီးပွားရေးစာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ် သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ “လူအ အိပ်မက်” ဝတ္ထုတိုများအပြင် ခရီးသွားစာပေ ဖြစ်သည့် “လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ” စာအုပ်တို့မှာလည်း ထင်ရှားသည်။
ထို့ပြင် မြေးသူကြီးဝတ္ထုကိုလည်းကောင်း၂ဝဝ၆ ခုနှစ်တွင် “ငြိမ်သက် တစ်မိနစ်နှင့် အခြားဝတ္တုတိုများ” စာအုပ်ရေး သားခဲ့ပြီး ထိုစာအုပ်ဖြင့် သဟာယစာကြည့်တိုက်၏ ပထမဦးဆုံး သဟာယစာပေဆု ရရှိခဲ့သည်။
၂၀၁၆ ခုနှစ်တွင် “ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်ဖြင့်လည်း အမျိုးသားစာပေဆု ရရှိခဲ့သည်။
ဆရာ ညီပုလေး ရုတ်တရက်ကွယ်လွန်ခဲ့သည့်အပေါ် စာပေနယ်ပယ်ထဲရှိ ပုဂ္ဂိုလ်များ၏ ဝမ်းနည်းကြောင်းနှင့် အမှတ် တရ စကားများကို စုစည်း၍ ဧရာဝတီက ဖော်ပြလိုက်သည်။
မန္တလေးမြို့နေ စာရေးဆရာ ဆူးငှက်
ဆရာ ညီပုလေး ဆုံးတယ်ကြားရတာ အင်မတန် စိတ်မကောင်း ဝမ်းနည်းစရာပါပဲ။ မိဘတွေရဲ့ ဂုဏ်ဒြပ်နဲ့ မိသားစုထဲမှာ စာရေးဆရာတယောက်ရော မြန်မာစာပေလောကအတွက်ရော အများကြီး အကျိုးပြုတဲ့လူ၊ ရှေ့ဆောင်လမ်းပြလူပုဂ္ဂိုလ် မိဘအမွေခံတဲ့ လူတယောက် ဒီလိုဖြစ်တော့ ဒီကာလကြီးမှာ ဝမ်းနည်းရတာပေါ့။
ကျနော်ကိုယ်၌ကလည်း ဒေါ်ဒေါ်တို့ဆီမှာ ပညာသင်ခဲ့ရတဲ့သူပေါ့။ ကျနော်တို့သင်တုန်းကတော့ သူမရှိဘူး။ စာပေနဲ့ ပတ်သက်လို့ကတော့ ညီအစ်ကိုလိုပါပဲ။ အမြင်မတော်လည်း ပြောပေါ့။ လက်တွဲခေါ်ပေါ့။ လက်တွဲခေါ်တဲ့နေရာမှာ တော်တော်ထူးခြားပါတယ်။ နောက်မျိုးဆက်တွေအထိ နေရာပေးတယ်။ လက်တွဲခေါ်တယ်။ စာရေးဖို့ပြုဖို့ တိုက်တွန်း တယ်။ အင်မတန် နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံရေးရှိတယ်။ သူ့ရဲ့ အားသာချက်တွေပါပဲ။
ကျနော်တို့ကတော့ နောက်ပိုင်း မတွေ့ဖြစ်ကြတော့ ကျန်းမာရေးကတော့ ဆိုးဆိုးရွားရွားရှိပုံ မရပါဘူး။ အခုလို ရုတ် တရက်ဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့။ သူက ရေးအားကောင်းတယ်။ အများကြီး မျှော်လင့်တယ်။ အသက် အရွယ်အရရော အလုပ် လုပ်ကိုင်တဲ့ကာလတွေရော အများကြီးလုပ်လို့ ရသေးတာပဲ။ သူ့အတွေ့အကြုံ သူ့ဖြတ်သန်း မှုတွေ သူ့လေ့လာအားတွေအတွက် နှမြောတာပေါ့ဗျာ။
စာရေးဆရာ နေဝင်းမြင့်
သူက ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ မွေးတယ်။ ကျနော်က ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွေးတယ်။ ၁ ရက်ပဲ ကြီးတာပေါ့။ သူနဲ့ အင်မတန်မှ ချစ်ခင်ကြတယ်။ သူတို့မိသားစု ကျနော်တို့မိသားစုလည်း ချစ်ခင်ကြတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတယ်။ ဟောပြောပွဲတွေသွားရင် သူကပဲ အနစ်နာခံတယ်။ ကျွေးချင်မွေးချင်တယ်။ သူကပဲ တဖက်သားကို စောင့်ရှောက်ချင်တဲ့စိတ်ရှိတယ်။ စာရေးတာလည်း တူတူပဲ။ တိုင်ပင် ဆွေးနွေးကြတာလည်း တူတူပဲ။ ကောင်းတဲ့ စာအုပ်တွေဆိုရင်လည်း ညွှန်းပေးတယ်။ အခုနောက်ပိုင်းတော့ မတွေ့ဖြစ်ကြတော့ဘူး။ စာနဲ့ပဲ ပြောခွင့်ရ တယ်။ ဒီလ ၁၇ ရက်က နောက်ဆုံးစကား ပြောဖြစ်ကြတယ်။
သူ ကျန်းမာနေတယ်လို့ပဲ နားလည်ထားတာ။ သူ ရုတ်တရက် ဖြစ်သွားပုံရတယ်။ အင်မတန် စိတ်ထိခိုက် အင်မတန် ဝမ်းနည်းရပါတယ်။ သူ့ကြောင့် အင်မတန်မှ ဂုဏ်တက်ရပါတယ်။ အင်မတန်မှ အကျိုးရှိပါတယ်။ အများကြီး ဆုံးရှုံးပါ တယ်။ သူက စာအုပ်ကောင်းတွေရေး စာပေဆုတွေရတဲ့ပုဂ္ဂိုလ်ပဲလေ။ နှမြောစရာ ကောင်းတာပေါ့။ ခရီးတွေလည်း တူတူသွားကြတယ်။ အမှတ်တရတွေကတော့ အများကြီး ရှိပါတယ်။
စာရေးဆရာမ ခင်ခင်ထူး
ဆရာ ညီပုလေး ဆုံးပါးသွားရှာပြီ။ များစွာ ကြေကွဲဝမ်းနည်းမိပါတယ်။ သူကိုယ်တိုင် မကျန်းမာတဲ့ကြားက “ကျန်းမာ အောင်နေပါ နှမရေ” လို့ စာပို့တတ်တဲ့ ဆရာညို။ ကျမတို့မောင်နှံနဲ့ စာပေခရီးတွေ ထွက်တိုင်း စ နောက် ပျော်ရွှင်နေ တတ်တဲ့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ စာရေးကောင်းတဲ့ ဆရာညို ငြိမ်းအေးပါစေ။
စာရေးဆရာ ကိုရိုးကွန့်
မန္တလေးက စာရေးဆရာတွေနဲ့ တွေ့ဆုံသိကျွမ်းအောင် မိတ်ဆက်ပေးခဲ့တာ ကိုညိုပါ၊ ကျနော့် ဝတ္ထုတို (၂) ကို ထီးပေါင်းကားစာပေက ထုတ်နိုင်အောင် လုပ်ပေးသူကလည်း ကိုညိုပါ။ အယ်ဒီတာအလုပ်နဲ့ပဲ အချိန်မကုန်စေဘဲ လုံချင်းဝတ္ထုရေးဖြစ်ဖို့ တိုက်တွန်းခဲ့တာလည်း ကိုညိုပါပဲ။ အခု ကိုညိုနဲ့ ဝေးကြရပြီ၊ ကျေးဇူးစကား၊ စာပေစကား ဘာစကားကိုမှ ပြောခွင့်မရှိတော့ပြီ။ မိသားစုနဲ့ထပ်တူ၊ စာပေလောကကြီးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
စာရေးဆရာမ ချောအိမာန် (မန္တလေး)
ဦးညို ဆုံးတဲ့သတင်းကို ရုတ်တရက်ကြီး ကြားလိုက်ရတော့ တော်တော်လေးကို ထိခိုက်ခံစားလိုက်ရတယ်။ အတိုင်း ထက်အလွန် စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ အခုလိုအချိန်မျိုးကြီးမှာ ဖြစ်သွားလို့ ပိုပြီးတော့ စိတ်ထိခိုက်ရ တယ်။ ကျနော့်အဖေရဲ့ သူငယ်ချင်းလည်းဖြစ်တော့ ကျနော့်အတွက် အဖေဆိုလည်း ဟုတ်တယ်၊ လူငယ်တွေကို တော် စေချင် တတ်စေချင် ထူးချွန်စေချင်တဲ့ စိတ်ထားနူးညံ့လွန်းတဲ့ ဆရာတယောက်မို့ စာပေလောကအတွက်လည်း အလွန် နှမြောစရာ ကောင်းပါတယ်။
စာရေးဆရာ ရဲသျှမ်း
ကျနော်နဲ့ကတော့ မန္တလေးတက္ကသိုလ် ဘူမိဗေဒမှာ ဆုံကြတာပေါ့။ ကျနော်တို့ထက် အတန်းအရရော အသက်အရ ရောကြီးပါတယ်။ ဒါပေမယ့် တူတူဆုံခဲ့ရတယ်။ စာပေနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးခဲ့ရတယ်။ မန္တလေးစာပေအသိုင်း အဝိုင်းဆိုတာလည်း အမေလူထုဒေါ်အမာတို့ရဲ့ အရိပ်အာဝါသအောက်မှာ နေခဲ့ရတာဆိုတော့ ရင်းနှီးမှုကတော့ စာပေ ထက် ညီအစ်ကိုလို ရင်းနှီးမှု ပိုခဲ့တာပေါ့။ ဆုံးရှုံးမှုကတော့ အများကြီး ကြီးတာပေါ့။ စာပေလောကအတွက်လည်း ဆုံး ရှုံးပါတယ်။ အစ်ကိုညိုက ဘောလုံး ကစားခဲ့တယ်။ စက်ဘီးလည်း စီးတယ် စသဖြင့်ပေါ့။ သူ့ရဲ့ပုံရိပ်တွေက အကြီးကြီး ပေါ့။ အရွယ်မတိုင်သေးဘူးပေါ့။ သူဆုံးသွားတာ။ ကျနော်ကတော့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပါတယ်။
စာရေးဆရာမ ခင်သန္တာ
ခရီးတွေသွားလို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ အမြဲတမ်း ပြုံးပြုံးပဲ၊ ကျမတို့နဲ့ အရွယ်ကွာပေမယ့်လည်း စကားပြော ရင် ငါ့နှမဆိုတာမျိုးနဲ့ လေးလေးစားစား ဆက်ဆံတတ်တယ်။ ကျမတို့ နောက်မျိုးဆက်တွေကိုလည်း အထင်သေးတာ မျိုးမရှိဘဲနဲ့ စာတွေကို ဖတ်တယ်၊ ချီးကျူးတယ်၊ အရေးတယူရှိတယ်၊ ဒီလိုတွေကြောင့် ဆရာ့ကို ကျမတို့ကကလောင် ကြီးတယ်ဆိုပြီး မရှိန်ရဘဲနဲ့ တန်းတူလို ပြောရဲဆိုရဲ ပေါင်းရဲတယ်။ ဆရာ့ကို ဆုံးရှုံးရတာ စာပေလောကအတွက် အရမ်း ကြီးလွန်းပါတယ်။ အထူးသဖြင့် လူထုမျိုးဆက်ရဲ့ သေးသေးလေးအနေနဲ့ ကျန်ခဲ့တဲ့ မျှော်လင့်ချက်က လွတ်ထွက်သွား တယ်လို့ ခံစားရတယ်။ ဆရာနဲ့ ဟောပြောပွဲတွေ သွားခဲ့တဲ့တလျှောက်လုံး စာပေလောကကြီး ထဲမှာ ဘယ်သူနဲ့တော့ အဆင်မပြေဘူးဆိုတာမျိုးလည်း လုံးဝကို မကြားရတဲ့ ပုဂ္ဂိုလ်ကြီးပါ။
စာရေးဆရာမ မိချမ်းဝေ
ကိုညိုဆိုတာ ဆရာမကြီး လူထုဒေါ်အမာရဲ့သားထွေးလည်း ဖြစ်တယ်၊ ဦးလေးလှမဆုံးခင်ကတည်းက ရင်းနှီးခင်မင် မှုရှိခဲ့တာ၊ နှစ်တွေအကြာကြီး ကိုယ့်ရဲ့မောင်နှမသားချင်လိုမျိုး ဖြစ်ခဲ့ကြတော့ အခုအချိန်မှာတော့ တော်တော်ကြီးကို ဝမ်းနည်းပူဆွေးပြီး ခံစားရပါတယ်။
သူ့ကို နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံထားရတဲ့အချိန်က ဆရာမတို့အနေနဲ့ ဒေါ်ဒေါ်မာနားမှာ နှစ်သိမ့်ပြီး နေခဲ့ရတဲ့ကာလတွေ ရှိခဲ့တယ်၊ သူပြန်မလာမချင်း မျှော်ခဲ့ရတဲ့ရက်တွေပေါ့၊ ပြီးတော့ သူပြန်ရောက်လာတယ်၊ ဒေါ်ဒေါ်လည်း သားပြန်ရောက်လာတာကြောင့် စိတ်ချမ်းသာသွားတယ်၊ အဲဒီကာလလေးတခုကတော့ ဘယ်တော့မှ မမေ့နိုင်စရာ တခုပါပဲ။
စာရေးဆရာ ညီပုလေးဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်ဘူး၊ ဆုတွေလည်း အများကြီးရထားတယ်၊ ကိုယ်တိုင် ကလည်း လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ မျိုးဆက်ပီသစွာ လူထုဘက်က ရပ်တည်မှုအပေါ်မှာတော့ ပြောစရာ မလိုအောင်ကို ရပ် တည်ချက်မှန်ကန်ခဲ့တဲ့သူပါ၊ အခုလိုအချိန်မှာ တိုင်းပြည်ရဲ့အခြေအနေတွေကြောင့် နှလုံးထဲမှာ စက်ထည့်ထားတဲ့ လူတယောက်အနေနဲ့ အခုထက်ပိုပြီး ကောင်းမွန်သက်တောင့်သက်သာရှိတဲ့နေရာမှာ မိသားစုနဲ့ နွေးနွေးထွေးထွေးနေရမယ်ဆိုရင် ပိုပြီး အသက်ရှည်နိုင်တဲ့အနေအထားမှာ သူက တနေရာမှာ သွားနေရတာကြောင့် အခုလိုမျိုး အသက်တိုရတယ်လို့ ဆရာမတို့က ယူဆပါတယ်၊ ဒါကြောင့် အရမ်းကို နှမြောတယ်၊ ဘယ်လ်ိုမှ ဖြေမဆည် နိုင်အောင် ဖြစ်နေရပါတယ်။
စာရေးဆရာမ မဝင့်(မြစ်ငယ်)
ကိုကြီးညိုသတင်းကို စကြားကတည်းက ဝမ်းနည်းမျက်ရည် အလိုလိုကျလာရတဲ့ အထိပါပဲ၊ ကိုကြီးညိုက ကျမတို့ အပေါ်မှာ မောင်နှမအရင်းတွေထက်တောင်မှ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတယ်၊ ဒါကြောင့် ကျမတို့က ခင်တယ်၊ ချစ်တယ်၊ အားကိုးတယ်။
သူနဲ့တွေ့တိုင်း ငါ့နှမကြီး စာရေးနေသလား၊ ဘယ်လောက်ပြီးနေပြီလဲ၊ အဆင်ပြေရဲ့လားဆိုပြီး စာရေးဖို့ကိုပဲ ပြောတာ၊ သူကိုယ်တိုင်လည်း စာတွေ အများကြီးရေးတယ်၊ ဘယ်လောက်ပဲ အလုပ်များများ၊ ဒုက္ခတွေ တွေ့တွေ့ စာတွေ အများကြီး ရေးနိုင်ခဲ့တယ်၊ အဲဒါတွေက ကိုကြီးညိုရဲ့ လေးစားစရာ ချစ်စရာကောင်းတဲ့အလေ့အထတွေပါပဲ။
အဲဒီလိုမျိုးတွေကို ကျမတို့ နည်းနာလည်း ယူ၊ အတုလည်း ယူခဲ့ကြရတာပေါ့၊ အဲဒါတွေက စာရေးဆရာတယောက်ရဲ့ စာပေချစ်စိတ်၊ ရေးဖော်တွေအပေါ်မှာ စာရေးစေချင်၊ အောင်မြင်စေချင်တဲ့စိတ်ပေါ့၊ အဲဒီ လုံး၀ စာရေးဆရာစိတ်ပါပဲ၊ ကိုကြီးညိုက အဲဒီလို စိတ်မျိုးနဲ့ ဖြတ်သန်းသွားတဲ့သူတယောက်ပါ။
You may also like these stories :
လူထုရဲ့အမွေ စာရေးဆရာ ညီပုလေးနှင့် တွေ့ဆုံခြင်း