စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB)နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဌာနက ဇွန်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ နိုင်ငံပိုင်ဘဏ်နှစ်ခုသည် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို အဆင်ပြေချောမွေ့စေရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသောကြောင့် ယခုကဲ့သို့ အရေးယူပိတ်ဆို့မှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုထားသည်။
ထို့ပြင် ယင်းဘဏ်နှစ်ခုသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ကုန်သွယ်မှုအတွက် ငွေပေးငွေယူလုပ်ဆောင်ရာ၌ အဓိကကျသည့်ဘဏ်များလည်း ဖြစ်သည်။
ယခုကဲ့သို့ အရေးယူပိတ်ဆို့ခံရမှုကြောင့် စစ်ကောင်စီနှင့် ၎င်းကို နိုင်ငံခြားငွေရှာဖွေပေးနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များအပေါ် မည်သို့သောရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သလဲဆိုသည်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
ဦးစိန်ဌေးသည် ၁၉၇၄-၇၈၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘွဲ့ရကျောင်သားတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် NLD စီးပွားရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်ကာ လက်ရှိ အမေရိကန်နိုင်ငံ၌ နေထိုင်နေသော မြန်မာ့စီးပွားရေးပညာရှင်တဦး ဖြစ်သည်။
မေး ။ ။ နိုင်ငံပိုင်ဘဏ်နှစ်ခု အမေရိကန် ဆန်ရှင်ထိတာဟာ စစ်ကောင်စီနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ။
ဖြေ ။ ။ ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုဆိုတာက ဟိုမဆလခေတ်ကတည်းက တိုင်းပြည်ရဲ့စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတဲ့ ဘဏ်တွေပေါ့။ နိုင်ငံခြားငွေစီးဆင်းမှု၊ ထွက်သွားမှုနဲ့ပတ်သက်ရင် သူက တကယ့်ကိုအချက်အချာကျတဲ့ ဘဏ်ကြီးတွေဖြစ်တယ်။ နိုင်ငံရဲ့ နိုင်ငံခြားငွေကြေးတွေကို ချုပ်ကိုင်ထားတာ ကြာလှပြီပေါ့။
ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) လက် အောက်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကလည်း ဒီဘဏ်တွေဆီကပဲ ဖြတ်ရတာ။ နောက်ဆုံးဗျာ သင်္ဘောသားလစာတွေရဲ့ အဝင်အထွက်တွေကအစ ဒီဘဏ်တွေက သွားရတာဖြစ်တော့ ဒီလို တိုင်းပြည်ရဲ့ နိုင်ငံခြားငွေတွေကို နှစ်ပေါင်းများစွာချုပ်ကိုင်လာတဲ့ ဘဏ်နှစ်ခုပေါ့ဗျာ။
တိုင်းပြည်ရဲ့ နိုင်ငံခြားငွေ အသက်သွေးကြောတွေကို ကိုင်ထားရတာဖြစ်တဲ့အတွက်ကြောင့် အခုလို ပိတ်ဆို့မှုဖြစ်လာတဲ့အခါမှာ တိုင်းပြည်ရဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကတော့ အကုန်ထိပြီပေါ့ဗျာ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နောက် NGO တွေ ဘာတွေကအစ ဒီဘဏ်ကြီးတွေပဲဖြတ်ရတာ။ ဒီလိုတိုင်းပြည်ရဲ့ နိုင်ငံခြားငွေ အသက်သွေးကြောတွေကို ကိုင်ထားရတာဖြစ်တဲ့အတွက်ကြောင့် အခုလို ပိတ်ဆို့မှုဖြစ်လာတဲ့အခါမှာ တိုင်းပြည်ရဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကတော့ အကုန်ထိပြီပေါ့ဗျာ။
နောက် စစ်တပ်ပိုင်တဲ့ ဦးပိုင်နဲ့ MEC (မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) တွေရယ်၊ သူတို့ရဲ့လက်ဝေခံ ပုဂ္ဂလိကလို့ပဲခေါ်ခေါ် ကုန်သည်ကြီးတွေရယ်၊ ခရိုနီစီးပွားရေးလုပ်ငန်းတွေအားလုံးက ဒီဘဏ်နှစ်ခုကနေ ဖြတ်ရတယ်။ ဒါမှမဟုတ် ဒီဘဏ်တွေနဲ့ တနည်းမဟုတ်တနည်း ဆက်နွယ်နေတာဖြစ်တော့ ဒီဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မှုလုပ်တာဟာ ကြီးမားတဲ့သက်ရောက် မှု ရှိတယ်။
မေး ။ ။ အခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ရပ်နေတယ်၊ ပို့ကုန်ရငွေကလည်း ကျဆင်းလာနေလို့ နိုင်ငံခြားအရန်ငွေ အကျပ်အတည်း ဖြစ်လာနေတဲ့အချိန်မျိုးမှာ ဒီဘဏ်နှစ်ခုပိတ်ဆို့ခံရတာဟာ စစ်ကောင်စီအတွက် ဘယ်လိုအခက်အခဲမျိုး တွေ ထပ်ဖြစ်လာဦးမလဲ။
ဖြေ ။ ။ မြန်မာစကားပုံတွေရှိတယ်ဗျာ။ ဘူးလေးရာဖရုံဆင့်၊ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဖြစ်ပြီပေါ့။ စစ်ကောင်စီက တော့ အဲဒီအတိုင်းဖြစ်တာပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကမကောင်းဘူး။ ဒီအတိုင်း လိမ့်ဆင်းနေပြီ။ အဲဒါကို ထပ်ပြီးတော့မှ နိုင်ငံတကာက အထူးသဖြင့် အမေရိကန်နိုင်ငံကပေါ့ဗျာ သူတို့အတွက် (စစ်ကောင်စီ) နိုင်ငံခြားငွေလဲလှယ်ပေးနေတဲ့ သူတို့ရဲ့အသည်းနှလုံးကို ရိုက်ချလိုက်တဲ့သဘောပဲ။ လတ်တလော အကျိုးဆက်တွေလာမယ်၊ ရှေရည်အကျိုးဆက်တွေ လာဦးမယ်။
ဒီလိုလုပ်တာကလည်း ပြည်သူတွေကို နစ်နာစေချင်လို့မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖျက်ဆီးချင်လို့လည်း မဟုတ်ဘူး။ ဒါက အားလုံးသိပါတယ်။ စကစ သည် ဒီနိုင်ငံခြားငွေတွေကို အသုံးချပြီးတော့ ဘာလုပ်နေလဲ။ သူ စစ်လက်နက်ပစ္စည်းတွေ ဝယ်နေတာ။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပါတာပဲလေ။
လေကြောင်းကနေ လူတွေသတ်နေတယ်၊ ရွာတွေမီးရှို့၊ အကုန် လုပ်နေတာတွေအတွက် လိုအပ်တဲ့လောင်စာဆီ (လေယာဉ်ဆီနဲ့စက်သုံးဆီ) လည်းပဲ အဲဒီဘဏ်နှစ်ခုကနေ ဖြတ်ပြီးတော့ ဝယ်ရတာ။
သူတို့ အာဏာသိမ်းပြီးနောက်မှ နှစ်နှစ်အတွင်းကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးလောက်ထိ စစ်လက်နက်ပစ္စည်း တွေ ဝယ်ခဲ့တာ။ ဒါနည်းတဲ့တန်ဖိုးလားဗျာ။ နောက်တခါ လေကြောင်းကနေ လူတွေသတ်နေတယ်၊ ရွာတွေမီးရှို့၊ အကုန် လုပ်နေတာတွေအတွက် လိုအပ်တဲ့လောင်စာဆီ (လေယာဉ်ဆီနဲ့စက်သုံးဆီ) လည်းပဲ အဲဒီဘဏ်နှစ်ခုကနေ ဖြတ်ပြီးတော့ ဝယ်ရတာ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေတဲ့ အဲဒီယန္တရားကြီးကို အခုက ပျက်စီးအောင် လုပ်တာပဲ။
မေး ။ ။ စစ်ကောင်စီအတွက် ဒီဘဏ်တွေကနေ နိုင်ငံတကာငွေပေးချေမှုတွေ လုပ်လို့မရတော့ဘူးဆိုရင် သူတို့ဘက်ကနေ ဘယ်လိုလှည့်ထွက်ပြီး လုပ်လာနိုင်သေးလဲ။
ဖြေ ။ ။ ဒါကတော့ စကစ ဘယ်လိုကြံစည်နေလဲဆိုတာတော့ မသိသေးဘူး။ သူတိုရဲ့ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက MFTB တို့၊ MICB တို့ကနေ အဓိကထားပြီးတော့ ဖြတ်သန်းရတာလေ။ ဒီအချိန်မှာ ပိတ်လိုက်တဲ့အခါကျတော့ ကျနော်တို့စဉ်းစားလို့ရတာက အရင် နဝတ၊ နအဖ ခေတ်မှာလည်း ဒီလိုဘဏ်တွေကို ဆန်ရှင်မလုပ်ခဲ့ဘူး။ သာမန်ပုဂ္ဂလိကဘဏ်တွေကို ပိတ်တာဆို့တာလုပ်တော့ အထူးသဖြင့် ငွေအလွှဲအပြောင်း (Transaction) ခေါ်တာပေါ့။ Transaction တွေကို ဘယ်လိုလုပ်ရသလဲဆိုတော့ အပြင်နိုင်ငံတွေက အထူးသဖြင့် စင်ကာပူပါ။ တချို့ထိုင်းကလည်း ပါမယ်။ အဲဒီဘဏ်တွေကတဆင့် သူတို့ရဲ့အရောင်းအဝယ် ငွေပေးငွေယူကိစ္စတွေကို လုပ်ကြတယ်။
ဦးသန်းရွှေ(စစ်အာဏာရှင်ဟောင်း) မွေးထုတ်ထားတဲ့ ပြည်တွင်းခရိုနီဘဏ် တွေနဲ့ တခြားနိုင်ငံက ဘဏ်တွေနဲ့ ဆက်သွယ်ပြီးလုပ်ခဲ့တဲ့လမ်းက ပွင့်ခဲ့ထားပြီးဆိုတော့ အခုလည်း သူတို့ ဒီလမ်းအရှိန်ကိုပဲ ထပ်မြှင့်လိမ့်မယ်။
အခုလည်းပဲ သူတို့အဲဒီလမ်းကိုပဲ သူတို့ရွေးမှာ။ အဲဒါကြောင့်ပဲ အခုသူတို့ တရုတ်ယွမ်ငွေတို့၊ ထိုင်းဘတ်ငွေတို့ တိုက်ရိုက် ပေးချေတာတွေကို လုပ်နေတာ။ အဲဒီတော့ ဦးသန်းရွှေ(စစ်အာဏာရှင်ဟောင်း) မွေးထုတ်ထားတဲ့ ပြည်တွင်းခရိုနီဘဏ် တွေနဲ့ တခြားနိုင်ငံက ဘဏ်တွေနဲ့ ဆက်သွယ်ပြီးလုပ်ခဲ့တဲ့လမ်းက ပွင့်ခဲ့ထားပြီးဆိုတော့ အခုလည်း သူတို့ ဒီလမ်းအရှိန်ကိုပဲ ထပ်မြှင့်လိမ့်မယ်။ သူတို့တွေကလည်း ဆန်ရှင်တွေလာမယ်ဆိုတာ မျှော်လင့်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ အခု စစ်ကောင်စီအတွက် နိုင်ငံခြားငွေရနေတဲ့ MOGE (ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း) ရဲ့ အကျိုးအမြတ်ရငွေ တွေအပေါ်ကိုရော ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ဖြေ။ ။ ဒီငွေအလွှဲအပြောင်းကိစ္စရပ်တွေမှာ တရုတ်ဘဏ်တွေနဲ့ ပြည်တွင်းကခရိုနီဘဏ်တွေနဲ့ လုပ်လာနိုင်တယ်။ အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ အဲဒီလိုလုပ်ခြင်းအားဖြင့် ယွမ်တို့၊ ဘတ်တို့ သုံးလာနိုင်တယ်။ ဒါပေမဲ့ တချို့ဟာတွေက အမေရိကန်ဒေါ်လာသုံးမှ ရမယ့်ဟာတွေရှိတယ်။ ယူရိုသုံးမှရမှာတွေရှိတော့ အဲဒီမှာ သူတို့ အဲဒီငွေကြေးတွေကို ပြန်ပြောင်း ရတော့မယ်။ ဒီလို ပြောင်းလဲမယ်ဆိုကတည်းက Transaction Costs (ငွေအလွှဲအပြောင်းဝန်ဆောင်ခ)တွေ တက်သွားပြီ။ အဲဒီဟာ သူတို့အတွက် ထိတာပဲ။ တခါတည်း ပြီးရမယ့်ဟာကို ကြားခံထားပြီး နှစ်ဆင့်သုံးဆင့် Transaction လုပ်လိုက်ရပြီ ဆိုရင် စရိတ်တွေ တက်ကုန်ပြီပေါ့ဗျာ။ ကုန်သွယ်ရေးက မချောမွေ့တော့ဘူး၊ အဟန့်အတားတွေ ဖြစ်လာမယ်။
You may also like these stories:
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်
တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား
နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်