သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ၂၀၂၃ ခုနှစ် ၆ လပတ် အစည်းအဝေးကို ရှမ်းပြည်နယ်တောင် ပိုင်းက လွယ်တိုင်းလျဲန် ဗဟိုဌာနချုပ်တွင် ကျင်းပပြီးနောက် ဩဂုတ် ၂၁ ရက်တွင် ကြေညာချက် တစောင် ထုတ်ပြန် လာသည်။
ကြေညာချက်တွင် အလျှော့အတင်း မလုပ်နိုင်သဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်ခြင်း လုပ်ငန်းသည် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း၊ RCSS အနေနှင့် NCA ၏ အနှစ် သာရကို စွဲကိုင်ထားဆဲ ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိအချိန်အထိ NCA ၏ အနှစ်သာရကို မည်သည့်အတွက်ကြောင့် စွဲကိုင်နေရသည်ကို သိရှိနိုင်ရန် RCSS ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ RCSS က NCA ရဲ့ အနှစ်သာရကို ဘာကြောင့် အခုအချိန်ထိ ကိုင်စွဲထားတာပါလဲ။
ဖြေ။ ။ ကိုင်စွဲထားတယ်ဆိုတာက လက်ရှိဖြစ်ပေါ်နေတဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာ၊ စစ်ရေးပြဿနာ အားလုံး ဟာ ဒီတိုင်းပဲ လက်နက်အင်အားနဲ့ပဲ အနိုင်ယူဖို့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အခြေအနေက ရှေ့ဆက်ပြီးတော့ သွားမယ် ဆိုရင် မကောင်းဘူးပေါ့။ နောက်ဆုံးတော့ ဘယ်လိုပဲသွားသွား အကောင်းဆုံးက တွေ့ဆုံဆွေးနွေးညှိနှိုင်းကြတဲ့ လုပ် ရပ်မျိုးပဲ အဖြေကောင်းရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ ညှိနှိုင်းဖို့ဆိုတာကလည်း NCA ထဲက ပါထားပြီးသား အနှစ်သာရနဲ့ပဲ ပြီးသွားတာပေါ့။ နောက်ဆုံးတော့ အဲဒီလမ်းအတိုင်းပဲ သွားရလိမ့်မယ်လို့ ယူဆတာပေါ့။
မေး။ ။ NCA စာချုပ်ရဲ့ အခန်း ၁ မှာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ လက်ရှိမှာ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ဒါဟာ စစ်ကောင်စီက NCA ရဲ့ အခန်း ၁ ကို ချိုးဖောက်နေတဲ့ သဘောဖြစ်မနေဘူးလား။ RCSS အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ စစ်ရေးနဲ့ ပတ်သက်လာရင်တော့ နစက (နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ- စစ်ကောင်စီ) တင်မကဘဲ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ အဖြစ်အပျက်မျိုးတော့ ရှိကြရစမြဲပဲလေ။ ဒါကြောင့် တိုက်ပွဲကို အဓိကထား အနိုင်ယူဖို့ မကြိုးစားဘဲနဲ့ ညှိနှိုင်းတွေ့ဆုံဖို့ အကောင်းဆုံးလို့ မြင်တာပေါ့။ ဆိုလိုတာက ပြည် သူလူထုကို မနစ်နာစေချင်ဘူး။ ပြည်သူတရပ်လုံး တိုက်ပွဲကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးတဲ့အခြေအနေ မဖြစ်ပွားသင့် ဘူး။ အဲဒီလို မြင်ပါတယ်။
မေး ။ ။ KNU က NCA စာချုပ်ပျက်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ KNU ရဲ့ ပြောဆိုချက်အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ သူတို့ကတော့ သူတို့ရဲ့ အခြေအနေအရ ပြောသွားတာကတော့ ကျနော်တို့ မှတ်ချက်ပေးစရာမရှိပါဘူး။ ဘာမှ ဝေဖန်စရာလည်း မရှိပါဘူး။ ဒါပေမယ့် ခုနက ပြောသလိုပဲ NCA ဆိုတာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေတင်မကဘဲ တနိုင်ငံလုံးကတော့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ နည်းလမ်းသာ အကောင်းဆုံးဆိုတော့ ခြုံပြီးပြောရရင် NCA လမ်း အတိုင်းပဲ ဆက်သွားရလိမ့်မယ်လို့ ကျနော်တို့ မြင်တာပေါ့။
မေး။ ။ လက်ရှိ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခအပေါ် RCSS အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လက်ရှိ တနိုင်ငံလုံးအတိုင်းအတာ ဖြစ်ပျက်နေတဲ့အခြေအနေကို ပြောရမယ်ဆိုရင် လက်နက်ကိုင်အင်အားနဲ့ပဲ အဖြေရှာပြီး တဖက်နဲ့တဖက် တိုက်ဖို့ပဲ ကြိုးစားနေရင်တော့ ဒီထက်ပိုဆိုးသွားနိုင်တာပေါ့။ နောက်ဆုံးတော့ တနိုင်ငံလုံး ချွတ်ခြုံကျသွားမယ်။ ဆင်းရဲတွင်း နစ်သထက်နစ်သွားလိမ့်မယ် အဲဒီလိုမြင်ပါတယ်။
မေး။ ။ မြန်မာရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး RCSS ရဲ့ ရပ်တည်ချက်ကို သိပါရစေ။
ဖြေ။ ။ လက်ရှိအခြေအနေမှာတော့ ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးအဖြေရှာသင့်တယ်လို့ မြင်ပါတယ်။ အဲဒါကို လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီကလည်း NUG၊ PDF နဲ့ မဆွေးနွေးဘူး၊ ဆွေးနွေးမယ်ဆိုရင်တောင် အကြမ်းဖက် လုပ်ရပ်စွန့်တယ်လို့ ကမ္ဘာသိကြေညာမှလို့ ပြောပြန်တယ်၊ NUG ဘက်ကလည်း ဆွေးနွေးဖို့ လတ်တလောမှာ စိတ်ဆန္ဒရှိပုံ မရဘူး ဆိုတော့ အဘက်ဘက်က တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ RCSS ရဲ့ တိုက်တွန်းချက်က လက်တွေ့မှာ အလုပ် ဖြစ်ပါ့မလား။
ဖြေ။ ။ အဲဒါကတော့ တဖက်နဲ့တဖက် တိုက်နေခိုက်နေကြတဲ့ အချိန်မှတော့ ပြောချင်သလို ပြောမှာပေါ့။ တဖက်နဲ့ တဖက်နဲ့ အလျှော့အတင်းထားပြီး စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ပြီးတော့ တွေ့ဆုံညှိနှိုင်းကြဖို့ ရည်ရွယ်ချက်ရှိရင်တော့ အခြေအနေ ပြန်ကောင်းမယ်လို့ ယူဆတာပေါ့။
မေး။ ။ SSPP နဲ့ RCSS အကြားက တွေ့ဆုံဆွေးနွေးရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ။ တိုးတက်မှု တစုံတရာ ရှိပါသလား။
ဖြေ။ ။ ဒါကတော့ သူတို့ဘက်ကရော အမြဲတမ်းတွေ့ဆုံဖို့ ညှိနှိုင်းဖို့ဆိုတဲ့ ခံယူချက်က အတူတူရှိပြီးသားဖြစ်နေတော့ ရှေ့ဆက်ပြီးတော့ အခြေအနေ ပိုကောင်းလာလိမ့်မယ်လို့ ယူဆပါတယ်။ သူ့ဘက်ကိုယ့်ဘက်လည်း တွေ့ဆုံဆွေနွေးဖို့ တံခါးဖွင့်ထားတယ်လေ။ တိုင်းပြည်အကျိုးအတွက်၊ ပြည်နယ်အကျိုးအတွက်ပေါ့။ ရှေ့ဆက်ပြီး အခြေအနေ ပိုဆိုးသွား မှာတော့ ရှိလောက်မယ် မထင်ဘူး။
မေး။ ။ ဒါပေမယ့် ၂ ဖက် ခေါင်းဆောင်တွေကြား ထင်သာမြင်သာရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာ မတွေ့ရဘူး။ အဲဒါက ဘာကြောင့်လဲ။
ဖြေ။ ။ အဲဒီလို မပေါ်လာတာပေါ်လာတာ ကိစ္စကတော့ ပြောလို့ မရသေးပါဘူး။
မေး။ ။ လိုအပ်တာတွေရှိရင် ဖြည့်စွက် ပြောပေးပါဦး။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာက ကိုယ့်ဘက်သူ့ဘက်စသဖြင့် ဘက်ကို အဓိက မထားဘဲ တတိုင်းပြည်လုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုတွေ မနစ်နာရအောင်၊ တိုင်းပြည် ချွတ်ခြုံ မကျအောင် အဲဒါကို ဦးစားပေးပြီးမှ စိတ်ရှည် လက်ရှည်နဲ့ ဆွေးနွေးမှု ညှိနှိုင်းမှုတွေ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ။
You may also like these stories:
စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့ ဘာတွေဆွေးနွေးခဲ့ကြသလဲ
လက်ခတ်တောင်ပြန်ရရေး စစ်ကောင်စီ စစ်ရှိန်မြှင့်၍ တိုက်ခိုက်နေ
ဖားကန့်က စစ်ကောင်စီစခန်း ၂ ခု KIA သိမ်း