ဒေါ်လာငွေလဲလှယ်နှုန်းတွင် ကျပ်ငွေတန်ဘိုး တဟုန်ထိုး ထိုးကျနေခဲ့ပြီး တဒေါ်လာ ၄၀၀၀ ကျပ်နှုန်းထိ ကျဆင်းခဲ့သောကြောင့် အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ်သည် ဩဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် စသုံးလုံးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (UMFCCI) အပါအဝင် စစ်ကောင်စီ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး နိုင်ငံခြားငွေ အခြေအနေကို ဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးပွဲတွင် “ကိုယ်ကျိုးအတွက် ဈေးကစားတဲ့ လူတချို့”ကြောင့် ယခုလို ကျပ်ငွေဈေးကျရခြင်းဖြစ်ပြီး တချို့ကို ဖမ်းဆီးအရေးယူထားသလို ဆက်ဖမ်းဦးမည်ဟုလည်း ခြိမ်းခြောက်သည်။ နောက်ဆက်တွဲ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင်လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက “အခု နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုတွေအပေါ် ဘဏ်တွေရယ်၊ UMFCCI ရယ် သူတို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ စောင့်ကြည့်မယ်” ဟု သတိပေးပြောဆိုသွားသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် စခရက်မန်တိုရှိ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်တွင် ဘောဂဗေဒနှင့် စီးပွားရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးနေသော ပါမောက္ခ ဒေါက်တာ မင်းမင်းသော်နှင့် ဧရာဝတီက မေးမြန်းပြောဆိုထားပါသည်။
မေး ။ ။ ဒေါ်လာဈေး ကျပ် ၄၀၀၀ လောက်ဖြစ်လာတာက မသမာသူတွေ ဈေးကစားတာကြောင့်လို့ စစ်ကောင်စီဘက်က ပြောလာတယ်။ မသမာသူတွေကို ဖမ်းမယ်၊ လုပ်ငန်းလိုင်စင်တွေကို ရုတ်သိမ်းမယ်လို့ ပြောတဲ့အပြင်ကို ဘဏ်တွေကို တရားခံလို့ ဆွဲထည့်လာပြီးတော့ ဘဏ်တွေရော UMFCCI ရော သူတို့ပြောသလို လုပ်၊ မလုပ်ရင် ဖမ်းမယ် ဆီးမယ် စောင့်ကြည့်မယ်ဆိုတာမျိုးတွေ ကြိမ်းမောင်းသွားခဲ့တော့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ရဲ့ လုပ်ပုံကိုင်တွေကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေ တက်တယ်ဆိုတာက စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကတည်းကပဲ တရိပ်ရိပ် တက်လာနေခဲ့တာ။ ဒါပေမဲ့ Tipping Point ဖြစ်သွားရတဲ့ အကြောင်းအရာက ၃ ခုရှိပါတယ်။ ပထမကတော့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဌာနက မြန်မာပြည်က အဓိက ကုန်သွယ်ရေးဘဏ် ၂ ခုကို ဆန်ရှင်လုပ်လိုက်တယ်။ ဒုတိယအကြောင်းကတော့ မြန်မာပြည်ရဲ့ ဗဟိုဘဏ်ကနေပြီးတော့ ကျပ် ၂ သောင်းတန်တွေကို စပြီးတော့ ထုတ်မယ်ဆိုတာရယ်။ တတိယ အကြောင်းကတော့ စင်ကာပူက UOB ဘဏ်က မြန်မာပြည်ကို ဆက်ဆံရေးတွေ ရပ်ဆိုင်းလိုက်တော့မယ် Cut out ဆိုပြီးတော့ ပြောလိုက်တာတို့ကြောင့် ဖြစ်ပါတယ်။
ဆိုတော့ ပထမအကြောင်းက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဆန်ရှင်လုပ်တာက ဒီဇွန် ၂၁ ရက်နေ့က စတာပေါ့နော်။ အဲဒီဘဏ် ၂ ခုစလုံးက နိုင်ငံခြားငွေ အလွှဲအပြောင်းအတွက် မြန်မာပြည်အတွက် အရမ်းကို အရေးကြီးတယ်။
ဒီနိုင်ငံခြားငွေတွေကို သူတို့ကနေပြီးတော့ ဒီဘဏ်၂ ခုကနေ လုပ်ပေးနေပြီးတော့ မြန်မာကျပ် ကနေပြီးတော့ ဒေါ်လာ၊ မြန်မာကျပ်ကနေပြီးတော့ ယူရို၊ ယူရိုကနေပြီးတော့ ကျပ်၊ ဒေါ်လာကနေပြီးတော့ ကျပ်ကို ပြန်ပြောင်းတာတွေကို လုပ်ပေးနေတဲ့ ဘဏ်တွေ ဖြစ်တာပေါ့နော်။ ဒါကြောင့်မို့လို့ အမေရိကန် ဒီဘဏ် ၂ ခုကို ဆန်ရှင်လုပ်လိုက်တော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒေါ်လာက ပိုရှားပါးသွားတယ်။ လွယ်လွယ်ကူကူနဲ့ လဲလှယ်လို့ မရတော့ဘူး။
ဒါကြောင့်မို့လို့ ဒေါ်လာဈေးတွေ ထပ်ပြီးတော့ အရမ်းကို ဈေးတက်လာခဲ့တာပါ။ အဲဒီမှာပဲ ၁ လနဲ့ ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့မှာ (စစ်ကောင်စီ) ဗဟိုဘဏ်ကနေပြီးတော့ ကျပ် ၂ သောင်းတန်တွေကို ထပ်ပြီးတော့ ထုတ်မယ်ဆိုပြီးတော့ ကြေညာလိုက်တယ်။ အဲဒီဟာက ဘာကို အချက်ပြလိုက်လဲဆိုရင် စကစမှာ အစိုးရဘဏ္ဍာငွေ Revenue တွေက မရှိတော့ဘူး။ ပြီးတော့ သူတို့မှာ ပိုက်ဆံအကျပ်အတည်းတွေ တော်တော်ဖြစ်နေတယ်ဆိုတာ အရမ်းကို သိသာထင်ရှားသွားတာပေါ့ Obviously ။ သူတို့တွေက အမေရိကန်ဒေါ်လာကို ဝယ်ယူဖို့ မြန်မာကျပ်ငွေတွေ တော်တော်ကို လိုအပ်နေတယ်ဆိုတာ ကျမတို့တွေက ခန့်မှန်းပြီး နားလည်လိုက်နိုင်တယ်။
ဒါကြောင့်မို့လို ဗဟိုဘဏ်ကနေပြီးတော့ ကျပ် ၂ သောင်းရိုက်ထုတ်မှု ပမာဏကို အကန့်အသတ် မရှိဘူး၊ အချိန်လည်း အကန့်အသတ်မရှိဘူး ထုတ်မယ်ဆိုလိုက်တော့ ဒီငွေကြေးဖောင်းပွမှုနှုန်း (ကျပ်ငွေတန်ဖိုးကျဆင်းမှု) အတွက် သက်ရောက်မှုဖိအားတွေ ဖြစ်သွားတယ်။ အဲဒါတွေအတွက် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ဘာလုပ်လဲဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကျပ်ငွေနဲ့ မထားရဲကြတော့ဘူး။ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဒေါ်လာတို့ ရွှေတို့ မြေတို့ အစရှိတဲ့ Tangible assets တွေကို စပြီးတော့ ဝယ်ကြတယ်။ ဒီလို ဝယ်ယူမှုကလည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းတာဖြစ်တယ်၊ ဝယ်ယူနိုင်စွမ်းအား Purchasing power ကို ကျ မသွားအောင် ထိန်းသိမ်းမှု လုပ်ချင်လို့ ဖြစ်တယ်။ ဒါဟာ ပြည်သူတွေရဲ့ Rational behavior တခုဖြစ်တယ်။ ဒီလိုဟာတွေဖြစ်လာတော့မှ ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေကို ထောင်ချဖို့ လုပ်နေတယ်ဆိုတာက သူတို့ရဲ့ အပြစ်ပဲ။
တတိယအချက်က ကျပ် ၂ သောင်းတန်တွေ ထွက်ရှိလာပြီး ၉ ရက်အကြာမှာပဲ UOB ဘဏ်က မြန်မာပြည်နဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်တော့မယ် ဆိုပြီး ကြေညာလိုက်တယ်။ အဲဒီကြေညာချက်ထွက်လာပြီးတော့ ဒေါ်လာနဲ့ ရွှေဈေးတွေက ထပ်ပြီးတော့ တက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ UOB က စကစ အတွက် အရမ်းကို အရေးကြီးဘဏ်တခုဖြစ်တယ်။ မြန်မာပြည် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေတွေ တော်တော်များများက ဒီ UOB ဘဏ်မှာ ရှိတယ်။
ဒါက ဘာပြောလဲဆိုတော့ UOB မှာ ရှိနေတဲ့ ပိုက်ဆံတွေကို ဒီဘက်ကို ပြန်ယူဖို့ဆိုတာက တော်တော်လေးကို ခက်ပြီး ခဲယဉ်းသွားတယ်ဆိုတာကို ပြည်သူတွေရော စီးပွားရေးအသိုင်းအဝိုင်းကရော သိလိုက်ကြတယ်။ အဲဒီ ၃ ချက် မို့လို့ ဇွန်လ အလယ်လောက်ကစပြီး အခုအချိန်အထိ ဒေါ်လာဈေးတွေ ရွှေဈေးတွေက အိမ်ဈေးတွေ ၊ မြေဈေးတွေက ထိုးတက်သွားတာ။
မေး ။ ။ သိပ်မကြာသေးခင်က ရုရှားညီလာခံတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေ video မိန့်ခွန်းပြောတဲ့အခါမှာ ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုပြီးတော့ သူတို့ကို ဆန့်ကျင်ဖို့ လက်နက်လို အသုံးပြုနေတယ်ဆိုပြီး စွပ်စွဲပြောကြားသွားတယ်။ ဒီဒေါ်လာစနစ်အပေါ်မှာ အခြေခံတဲ့ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနဲ့ ဘဏ္ဏာရေးစနစ်ထဲမှာ မြန်မာပြည်ကို အခုလိုမျိုး ပိတ်ဆို့ခံနေရတာကို ရှောင်လွှဲဖို့ ရည်ရွယ်တယ်လို့ပဲ ပြောရမလားပေါ့။ ဒီထိုင်းနိုင်ငံရဲ့ ငွေကြေးကို ထိုင်းနိုင်ငံနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ သုံးနေတဲ့ ထိုင်းဘတ်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံတကာငွေပေးချေမှုတွေမှာပါ လက်ခံသုံးစွဲဖို့ ဗဟိုဘဏ်ကနေပြီးတော့ အတည်ပြုခဲ့ကြောင်း ကြေညာခဲ့တယ်။ အဲဒီဟာက အလုပ်ဖြစ်ပါ့မလား။
ဖြေ။ ။ ဒီကမ္ဘာတခုလုံးမှာ နိုင်ငံတကာကုန်သွယ်မှုရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက US ဒေါ်လာနဲ့ Invoice (ပြေစာရှင်း) လုပ်တာပေါ့နော်၊ ဆိုတော့ ဘာကို စတွေးရမလဲဆိုတော့ ဘာကြောင့်မို့လို့ ဒီဗမာပြည်ရဲ့ ကျပ်က US ဒေါ်လာမှာ Depreciation (ငွေတန်ဖိုးကျ) စပြီးတော့ဖြစ်တာလဲဆိုတာ တွေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာ ငွေကြေးဖောင်းပွမှုတွေ အရမ်းများနေတဲ့ အတွက်ကြောင့်မို့လို့ US ဒေါ်လာက အရမ်းကို Appreciate (ငွေတန်ဖိုးတက်) ဖြစ်သွားတာပေါ့နော်။
ဆိုတော့ ဒီမြန်မာပြည်က ဗဟိုဘဏ်ကနေပြီး ကျပ်တွေကို မတရားထုတ်ပြီးတော့ နေတဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးဖြစ်တာ။ သူတို့က ဒီဒေါ်လာကိုပဲ Transfer of payment (ငွေပေးချေမှု အလွှဲအပြောင်း) ပဲလုပ်လုပ်၊ International payment (နိုင်ငံတကာငွေပေးချေမှု) ပဲလုပ်လုပ် ၊ ဒီ ဘတ် Baht ကိုပဲလုပ်လုပ်၊ ဒီဘတ်ကိုလုပ်မယ်ဆိုပြီးတော့ သူတို့က ဒီဩဂုတ်လ ၁၄ ရက်ကနေပြီး စပြီးတော့ ပြောတယ်။ ဘတ်ကို လုပ်မယ်ဆိုလို့ရှိရင် ဒီ ဘတ် နဲ့ မြန်မာပြည်က ကျပ်က ဘယ်လိုဖြစ်မလဲဆိုတော့ ဘတ်က ပိုပြီးတော့ Appreciate (ငွေတန်ဖိုးတက်) ဖြစ်သွားမယ်။
ဒါပေမဲ့ ဒီထိုင်းနိုင်ငံကပဲ ဘတ်ပဲဖြစ်ဖြစ်၊ ဗမာပြည်နဲ့ ကုန်သွယ်တဲ့နိုင်ငံတွေကပဲဖြစ်ဖြစ် ဒီ ဘတ် ကိုရခဲ့လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဒီ အမေရိကန်ဒေါ်လာကို ပြန်ပြီး ဝယ်ရမှာပဲ။
ဘတ် က International transaction (နိုင်ငံတကာငွေအလွှဲအပြောင်း) လုပ်လို့မရဘူး။ ဒေါ်လာကမှ ဒီ International transaction မှာ လုပ်ရမယ်ဆိုတော့ ဘာဘူကြီးနဲ့ ကုလားကြီး အတူတူပဲ။ ဒေါ်လာက Indirectly (သွယ်ဝိုက်သောနည်း) ဗမာပြည်က ကျပ်ထက် Appreciate (ငွေတန်ဖိုးတက်) ကတော့ ရှိဦးမှာပဲ။ ဆိုတော့ အဓိက ပြဿနာက ထိုင်းဘတ် ပဲသုံးသုံး၊ ဂျပန် ယန်းပဲ သုံးသုံး၊ ဒေါ်လာပဲ သုံးသုံး၊ ဒီ International payment ဆိုတာ ဘာကိုပဲ သုံးသုံးပေါ့၊ အဓိက ပြဿနာက ဒီ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပိုက်ဆံတွေကို အတင်းကြီး ရိုက်ထုတ်နေတဲ့အတွက်ကြောင့်ပဲ။
ဘာကြောင့်မို့လို့ အတင်းကြီးထုတ်လဲလို့ မေးလိုက်လို့ရှိရင် စစ်လက်နက်တွေကို ဝယ်ဖို့က ဒေါ်လာနဲ့ဝယ်ရမှာကိုး။ အခု ဘာကိုသတိရလဲဆိုတော့ လွန်ခဲ့တဲ့ ၂ လလောက်တုန်းကပဲ အမေရိကန်ဘဏ္ဍာရေးဌာနကနေပြီး ဘာပြောလဲဆိုတော့ ဒီစစ်အာဏာရှင်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နေ့ကစပြီးတော့ ဒီဇွန်လလောက်ထိ ရုရှားကနေပြီးတော့ ဒေါ်လာငွေ သန်း ၁၀၀၀ ကျော်လောက်ထိသုံးပြီး စစ်လက်နက်တွေကို အပြစ်မရှိတဲ့ပြည်သူတွေကို သတ်ဖို့ဆိုပြီး ဝယ်ထားပါတယ်တဲ့။
အဲဒီလိုဝယ်ဖို့အတွက်က ရုရှားက ဘတ်ကို လက်ခံမှာမဟုတ်ဘူး။ တရုတ်ကလည်း ဘတ်ကို လက်ခံမှာမဟုတ်ဘူး။ ဒါတွေဝယ်ဖို့အတွက်ကြောင့်မို့လို့ ဒေါ်လာကို ဝယ်နေတာ။
ပြည်သူတွေဘက်က အများကြီးဝယ်နိုင်တာမှ မဟုတ်တာ။ သူတို့တွေက ဒီရုရှားဆီကတောင်မှ အမေရိကန်ဒေါ်လာသန်းတထောင်ကျော်ဖိုး လက်နက်တွေကို ဝယ်ထားတယ်။ ကျမတို့ ပြည်သူတွေအားလုံးသိတဲ့အတိုင်းပဲ တရုတ်ဆီကလည်း ဝယ်တယ်။ ရုရှားဆီကလည်း ဝယ်တယ်။ သူတို့တွေပဲ လိုက်ပြီးတော့ ဝယ်နေတဲ့အတွက်ကြောင့်မို့ ဒီဒေါ်လာဈေးတွေက တက်နေတာပဲ။
ဒီ International payment ကို အပြောင်းအလဲ လုပ်လိုက်ခြင်းအားဖြင့် ဘာမှ သိပ်ပြီး ထူးလာမှာ မဟုတ်ဘူး။
ဒါကြောင့်မို့လို့ ပြည်သူတွေက ဘယ်လိုခံစားရမလဲ စားဝတ်နေရေးအပေါ် ဘယ်လိုအကျိုးသက် ရောက်မှုရှိမလဲဆိုတော့ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ပစ္စည်းတွေ ခေါက်ဆွဲထုပ်ကအစ ငံပြာရည်အဆုံး ဈေးတွေက ထပ်ပြီးတက်အုံးမယ်။ ကျမတို့ဆေးတွေဆို အိန္ဒိယကနေ ဝယ်ရတယ်။ တကယ်လို့ အိန္ဒိယက ငွေပေးချေမှုမှာ ထိုင်းဘတ်ကို လက်ခံခဲ့ရင်တောင်မှ အိန္ဒိယက နောက်ဆုံးမှာ ဒေါ်လာကို ထပ်ပြီးတော့ ဝယ်ရအုံးမှာ။ ဒေါ်လာက နိုင်ငံတကာငွေပေးချေမှုအတွက် အဓိကအရေးပါတဲ့ ငွေကြေးဖြစ်တာကြောင့် အခု သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး။
မေး ။ ။လက်ရှိ ဖြစ်နေတဲ့ အခြေအနေပေါ်မှာတော့ ထပ်ပြီးတော့ သုံးသပ်ချက်ထင်မြင်ချက်ပေးစရာရှိလဲ။
ဖြေ။ ။ နိဂုံးအနေနဲ့ပြောရရင် မြန်မာပြည်မှာဖြစ်နေတဲ့ စီးပွားရေး ပြဿနာ၊ ကုန်ဈေးနှုန်းတွေ တက်မှု၊ ဒီဒေါ်လာဈေးတွေ တက်မှု ၊ ငွေကြေးဖောင်းပွမှုတွေ၊ ပြီးတော့ ရွှေဈေးနှုန်းတက်မှု အစရှိတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ဟာ သူတို့တွေကြောင့်ပဲ(စစ်ကောင်စီ)။ ပထမဆုံးအာဏာကို မတရားတက်ပြီးတော့ သိမ်းတယ်။ အာဏာသိမ်းပြီးတော့ နောက်ပိုင်းမှာလည်း စီးပွားရေးမူဝါဒတွေ ချမှတ်တဲ့ သူတွေဟာ ကျွမ်းကျင်သူတွေ မဟုတ်နေတော့ ဒါကြောင့်မို့လို့ တိုင်းပြည်မှာ စီးပွားရေး ပြဿနာတွေ တခုပြီး တခု ထပ်ပြီးတော့ဖြစ်လာနေတာ။ သူတို့တွေ မတရားအုပ်ချုပ်နေသရွေ့တော့ စီးပွားရေးပြဿနာတွေက မြန်မာပြည်မှာ ထပ်ဖြစ်နေဦးမှာပဲ။
You may also like these stories:
Hyperinflation ဖြစ်ဖို့ကို ဦးတည်နေတယ်
ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်
ဘဏ် ၂ ခု အရေးယူခံရခြင်း သက်ရောက်မှုရှိဟု စစ်ကောင်စီ ဝန်ခံ
ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော
နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ