စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များသည် လူထုယုံကြည်မှုနှင့် လေးစားမှုကိုရရှိခဲ့ပြီး ပြည်သူလူထု၏ ပံ့ပိုးမှုဖြင့် လက်နက်များ တပ်ဆင်နိုင်သည်အထိ ဖြစ်လာခဲ့သည်။
သို့သော် တော်လှန်ရေးကာလ နှစ် နှစ်ကျော်ရှိလာပြီးနောက် အချို့သော နယ်မြေများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပြည်သူ့လုံခြုံရေး အဖွဲ့များက ပြည်သူများအပေါ် အကြမ်းဖက်သည့်ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ပြီး ယင်းအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာသည်။
ထိုဖြစ်စဉ်များအပေါ် ကိုင်တွယ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေအား ဧရာဝတီက မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်သည်။
မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေးကာလအတွင်း အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့ ၊ တရားစီရင်ဖို့ တိုင်ကြားမှုများဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာ တိုင်ကြားမှု ဘယ်လောက်ထိ ရှိနေပါပြီလဲ။
ဖြေ။ ။ တိုင်ကြားမှုက ဒီကာလမှာ ၁၄၀ ကျော်ပေါ့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကဆိုရင် ၁၄၆ မှုရှိတယ်၊ ၁၄၆ မှုဆိုတာက ဖွင့်လိုက်တဲ့ကာလ ၃ လမှာ ဖြစ်တဲ့အမှုဆိုတာထက် ဝန်ကြီးဌာနက ပြန် လွှဲပြောင်းလာတဲ့အမှုတွေ ရှိတယ်။ အဲဒီအမှုတွေမှာ ဖြေရှင်းဆောင်ရွက်ပြီးလို့ ပိတ်သိမ်းလိုက်တဲ့အမှုက ၁၀ မှု၊ တိုင်ကြားလာတဲ့အမှုတွေမှာ မှတ်တမ်းတင် သိမ်းဆည်းထားတာ ၁၂ မှုရှိပါတယ်။ အဲဒါကလည်း တိုင်ကြားတဲ့သူရော၊ တိုင်ကြားခံရတဲ့သူရော ဆက်သွယ်ဆောင်ရွက်လို့ မရတော့ဘူး။ တိုင်ကြားတဲ့သူတွေကလည်း နောက်ပိုင်းမှာ မတိုင်တော့ဘူးဆိုတဲ့သဘောမျိုး ပြောလာတဲ့အခါ အဲ့ဒါကိုမှတ်တမ်း တင်ထားတာ ၁၂ မှုရှိပါတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့အမှုကို လွှဲပြောင်းပေးတာက ၁၇ မှု ရှိပါတယ်။
မေး။ ။ ခုနောက်ပိုင်းမှာ ပြည်သူတွေကြားထဲ PDF ကိုလည်းကြောက်ရတယ်ဆိုတာမျိုး ပြောလာကြတာ တွေ့ရပါတယ်။ အချို့သော PDF အဖွဲ့တွေရဲ့ ပြည်သူတွေအပေါ်နိုင်ထက်စီးနင်းလုပ်တဲ့ ဖြစ်စဉ်တွေလည်း ရှိလာပါတယ်။ တိုင်ကြားမှုတွေ ထဲမှာ ဘယ်လိုဖြစ်စဉ်မျိုးတွေ အများဆုံး ပါ ပါသလဲ။
ဖြေ။ ။ တိုင်ကြားတဲ့အမှုတွေထဲမှာ ပ.က.ဖ( ပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့၊ ပ.အ.ဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)အချင်းချင်း ဖြစ်တာရှိတယ်။ ဒါမှမဟုတ် အုပ်ချုပ်ရေးယန္တရားထဲက လွန်ကဲပြီး စီမံဆောင်ရွက်တာတွေကို တိုင်ကြားတာရှိတယ်။ အများဆုံးတိုင်ကြားတာတော့ ပြည်သူလူထုက တိုင်ကြားတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသလို အုပ်ချုပ်ရေးယန္တရားတွေကို စနစ်တကျ ဖြစ်ဖို့လည်း လည်ပတ်နေတယ်။ လည်ပတ်နေတဲ့အခါ အများပြောသလို ပြည်သူက တအားကြီး ကြောက်ရပါတယ်ဆိုတာ အဲ့ဒီလိုလည်း မဟုတ်ဘူး။ ဒီတိုင်ကြားမှုတွေထဲမှာ ပြည်သူလူထုက အများဆုံး တိုင်ကြားတယ်ဆိုတဲ့အချက်အလက်သည် အကြောက်တရားဆိုတာထက် စနစ်တကျ အုပ်ချုပ်ရေးလမ်းကိုသွားနေလို့ ဒီအုပ်ချုပ်ရေးလမ်းစဉ်အရ ပြည်သူက ရဲရဲဝံ့ဝံ့ တိုင်ကြားကြတာပါ။ ပြည်သူက သူ့အခွင့်အရေးအတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့အတွက်လည်း သူတို့သဘောထားအတိုင်း ပြောဆိုဆွေးနွေးပြီး တင်ပြလာတာမျိုးတွေလည်း ရှိပါတယ်။
ဒီတိုင်ကြားမှုတွေထဲမှာ ပြည်သူလူထုက အများဆုံး တိုင်ကြားတယ်ဆိုတဲ့အချက်အလက်သည် အကြောက်တရားဆိုတာထက် စနစ်တကျ အုပ်ချုပ်ရေးလမ်းကိုသွားနေလို့ ဒီအုပ်ချုပ်ရေးလမ်းစဉ်အရ ပြည်သူက ရဲရဲဝံ့ဝံ့ တိုင်ကြားကြတာပါ။
မေး။ ။ ဒီနောက်ပိုင်းမှာဆိုရင် အချို့သောတော်လှန်ရေးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာတွေ့ရပါတယ်။ ချောင်းဦးမှာ ကျေးရွာ ပ.လ.ဖက လူငယ် ၇ ယောက်ကိုသတ်ဖြတ်တဲ့ဖြစ်စဉ်၊ ဆောမှာ ပ.လ.ဖ ၈ ယောက်က အမျိုးသမီးတဦးကို မုဒိမ်းကျင့်တဲ့ဖြစ်စဉ်ပေါ့။ အဲ့ဒီလိုဖြစ်စဉ်မျိုးတွေနဲ့ ပတ်သက်ပြီး MOD အနေနဲ့ အရေးယူမှုအပိုင်းကို ဘယ်လိုလုပ်ဆောင်ပါသလဲ။
ဖြေ။ ။ ခုဆိုရင် မြေပြင်မှာ အမျိုးမျိုးသောတော်လှန်ရေးအဖွဲ့အစည်းတွေရှိပါတယ်။ PDF တပ်ရင်း တပ်မတော်ရှိတယ်။ ပ.က.ဖ ရှိတယ်၊ ပ.လ.ဖရှိတယ် ၊ ပ.အ.ဖ ရှိတယ် ။ နောက် local PDF လည်းရှိတယ်။ ၅ မျိုးပေါ့။ အမြင်မှာက တခုခု ဖြစ်လိုက်တယ်ဆိုရင် ပ.က.ဖ ဆိုတဲ့အစွဲလေးတွေ ရှိနေတာကိုလည်း စိတ်မကောင်းစွာတွေ့ရပါတယ်။ ပ.က.ဖ ဖြစ်ဖြစ် ပ.လ.ဖ ဖြစ်ဖြစ် ကျနော်တို့အစိုးရ ယန္တရားရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးရမှာ ကျနော်တို့ တာဝန်ပါ။
အခုလည်း မြေပြင်မှာအဖွဲ့အစည်းတွေ ကွဲကွဲပြားပြားနဲ့ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ပြည်သူတွေ အမြင်လွဲမှားမှု မဖြစ်စေဖို့အတွက် ပ.က.ဖ တွေကိုလည်း ယူနီဖောင်းတွေ ဘတ်တံဆိပ် လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီလို လုပ်ပေးလိုက်ခြင်းအားဖြင့် အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ဆောင်ရွက်နိုင်မှာဖြစ်သလို တစုံတရာ ဖြစ်တယ်ဆိုတာနဲ့ ပြည်သူတွေက ဘယ်အဖွဲ့အစည်းဆိုတာ ထင်ထင်ရှားရှား မြင်နိုင်ဖို့အတွက်ပေါ့။
နောက်တခုက တိုင်ကြားစာကော်မတီက အဆုံးအဖြတ်ပေးတဲ့အဖွဲ့အစည်း မဟုတ်ပါဘူး။ တိုင်ကြားလာတဲ့အမှုတွေကို ကနဦး တိုင်ကြားခံရတဲ့သူ အမှု ဖြစ်တဲ့ဘေးပတ်ဝန်းကျင်တွေကိုမေးပြီး သက်သေတွေကို စိစစ်ဆောင်ရွက်ပါတယ်။ အဲ့ဒီလိုလုပ်ပြီးသွားရင် အခြေအနေတခု၊ တစုံတရာ ပေါ်ပေါက်လာတယ်ဆိုရင် တိုင်ကြားခံရတဲ့သူဟာ ကျနော်တို့ ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတခုခုမှာ လုပ်ကိုင်ဆောင်ရွက်နေသူဆိုရင် ဝန်ကြီးဌာနကို ကနဦး အစီရင်ခံစာ တင်ပါတယ်။ တင်ပြီးတော့ ဝန်ကြီးဌာနကတဆင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ကနဦး အရေးယူမှုလုပ်ပါတယ်။
တိုင်ကြားခံရတဲ့သူဟာ ကျနော်တို့ ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတခုခုမှာ လုပ်ကိုင်ဆောင်ရွက်နေသူဆိုရင် ဝန်ကြီးဌာနကို ကနဦး အစီရင်ခံစာ တင်ပါတယ်။ တင်ပြီးတော့ ဝန်ကြီးဌာနကတဆင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ကနဦး အရေးယူမှုလုပ်ပါတယ်။
စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူတာက စစ်ဆေးနေဆဲကာလမှာ ရာထူးကနေ ရပ်ဆိုင်းထားတာ၊ ထုတ်ပယ်တာ ဖမ်းဆီး အမိန့်ပေးတာ အဲ့ဒါတွေဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူထားတာ တယောက်ရှိပါတယ်။ နောက်ထပ် အမှုတခုမှာပါဝင်ပတ်သက်နေသူတယောက်ကိုလည်း စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဖို့ရှိပါတယ်။ အဲ့ဒီလိုအရေးယူပြီးသွားရင် သက်ဆိုင်တဲ့အဖွဲ့အစည်း PDF ပဲဖြစ်ဖြစ်၊ ပ.က.ဖပဲဖြစ်ဖြစ် ခုံရုံးတွေဖွဲ့ပြီးတော့ တရားဥပဒေကြောင်းအရ ထိရောက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ် အရေးယူဖို့ ဆောင်ရွက်ပါတယ်။
မေး။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခရိုင် ပကဖ ဥက္ကဋ္ဌကို ပြည်သူအချို့က အလိုမရှိကြောင်း ဆန္ဒပြမှု ဒီလထဲမှာပဲ ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုအချို့ကလည်း NUG ကို မြေပြင်ကွင်းဆင်းဖို့ ပြည်သူ့အသံကို နားထောင်ဖို့ တိုက်တွန်းကြတာလည်းရှိပါတယ်။ အဲ့ဒီလိုအကြံပြုချက်အပေါ် ဘာများပြောလိုပါသလဲ။
ဖြေ။ ။ အဲ့ဒီအကြံပြုချက်ဟာ ကျနော်တို့ ကိုယ်တိုင် လိုက်နာကျင့်သုံးနေတဲ့အကြံပြုချက်ပါ။ NUG ပဲဖြစ်ဖြစ်၊ MOD ပဲဖြစ်ဖြစ် ပြည်သူတစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှု အကြံဉာဏ်တွေ ကာယအနေနဲ့ ပူးပေါင်းပါဝင်တာတွေနဲ့ တည်ဆောက်ထားတာပါ။ တည်ဆောက်လာလို့လည်း တော်လှန်ရေးက ဒီအခြေအနေအထိ ရောက်လာပါ။ ကျနော်တို့ရဲ့အဓိကအင်အားက ပြည်သူလူထု၊ ပြည်သူလူထုရဲ့ အကြံဉာဏ်တွေ ထိတွေ့ဆက်ဆံတာတွေကို အမြဲမပြတ် လုပ်ပါတယ်။
ခု ဂန့်ဂေါဖြစ်စဉ်ဆိုရင် ဆန္ဒပြတဲ့ ကျနော်တို့ရဲဘော်တွေကို အပြစ်ပြောတာ မဟုတ်ပါဘူး။ အခြေအနေတခုကို သုံးသပ်ရင် လူထုလွှမ်းခြုံမှု ဘယ်လောက်ဖြစ်တယ်ဆိုတဲ့အပိုင်းလည်းရှိပါတယ်။ တဦးချင်းအသံကို နားထောင်ဖို့ဆိုတဲ့ ကိစ္စမှာလည်း တယောက်ချင်းစီတိုင်းကို စကားပြောနိုင်ဖို့က အင်မတန် ခက်ပါတယ်။
ဂန့်ဂေါ ကိစ္စမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်တာနဲ့ပတ်သက်ပြီးတော့ တယောက်တည်းက နေရာ ၃ နေရာလောက် ယူထားတဲ့ ကိစ္စကို ကျနော်တို့ မူအားဖြင့် လက်မခံပါဘူး။ ယူခွင့်လည်း မရှိပါဘူး။
တော်လှန်ရေးကာလမှာ မြေပြင် အခြေအနေ၊ လိုင်းအခြေအနေ၊ နောက်တခုက မြေပြင် မြေပြင်လို့ ပြောနေတာ ကျနော်တို့ MOD က အားလုံး ကျနော်ကိုယ်တိုင်လည်း မြေပြင်မှာပါပဲ ။ ဒါပေမယ့် မြေပြင်ဆိုတာ တော်လှန်ရေးနယ်မြေထဲမှာပဲ ရှိနေတာပါ။ သူတို့ဒေသကို သွားဖို့ လာဖို့၊ နဖူးတွေ့ ဒူးတွေ့ ဆောင်ရွက်ဖို့က အခက်အခဲရှိပါတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာကိုယ်စားလှယ်တွေ ရှိတယ်။ အဆင့်ဆင့်သော မြို့နယ်၊ တိုင်း၊ ခရိုင်အဖွဲ့တွေရှိတယ် ။ အဲ့ဒါတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ လုပ်ငန်းစီမံချက်တွေ စနစ်တကျ လုပ်နေပါတယ်။
ဂန့်ဂေါ ကိစ္စမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်တာနဲ့ပတ်သက်ပြီးတော့ တယောက်တည်းက နေရာ ၃ နေရာလောက် ယူထားတဲ့ ကိစ္စကို ကျနော်တို့ မူအားဖြင့် လက်မခံပါဘူး။ ယူခွင့်လည်း မရှိပါဘူး။ အဲ့ဒီကိစ္စကို ပြင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။
မေး။ ။ တချို့ဒေသတွေမှာ တော်လှန်ရေးအဖွဲ့က ပြည်သူရဲ့ပစ္စည်းတွေကို သိမ်းယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုတာတွေ ရှိတယ်လို့လည်း ဒေသခံတွေကနေ ပြန်သိရပါတယ်။ ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်အောင် ဘာတွေလုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ နံပတ် (၁) စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာဖို့ လိုပါတယ်။ စစ်သည်တော် ကျင့်ဝတ်ကို လိုက်နာဖို့အတွက်လည်း စစ်မြေပြင်မှာ ဘယ်လို ဆောင်ရွက်ရမယ်၊ ပြည်သူလူထုနဲ့တွေ့ရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ စစ်သည်တော်ကျင့်ဝတ်တွေကို သင်တန်းပေးကတည်းက လိုက်နာဖို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒီလိုပဲ Chain of Command ကိုလည်း လိုက်နာဖို့လိုပါတယ်။
အဖွဲ့အစည်းတွေက စုံတဲ့အတွက် တချို့တလေက ဒါတွေကိုလိုက်နာဆောင်ရွက်မှု အားနည်းတဲ့အခါ ပြည်သူလူထုရဲ့ အထင်လွဲမှားမှုကိုလည်း ဖြစ်ပေါ်စေတဲ့ကိစ္စတွေလည်းရှိပါတယ်။ ခုနောက်ပိုင်းမှာ ကျနော်တို့ LDF ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ် စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာဖို့အတွက် စနစ်တကျ ထိန်းညှိပြီးတော့ တဖက်ကလည်း သင်ပေးတယ်။ အနီးကပ်ညှိနိူင်းပေါင်းစပ် ကွပ်ကဲပေးတဲ့ အလုပ်ကိုလည်း လုပ်နေပါတယ် ။ ရှေ့လျှောက်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ရှိပါတယ်။ အဲ့ဒီလိုပဲ တဖက်မှာလည်း မလုပ်ရဘူးလို့ တရားဝင် တားမြစ်ထားပြီးသားဖြစ်တဲ့အတွက် ကျူးလွန်ခဲ့သည်ရှိသော် တိတိကျကျ ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။
တချို့တွေ ကျတော့ စကစရဲ့ ဘက်တော်သားဖြစ်တယ်၊ စကစနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ တကယ်တမ်း ဒီလိုဖြစ်လာတဲ့ အခါကျမှ ပြည်သူပါဆိုပြီး အသံထွက်တဲ့ကိစ္စတွေလည်း တော်တော်များများ ရှိပါတယ်။
စစ်သည်တော်တွေက ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ပြည်သူကို ဦးထိပ်ထားပြီး ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဝန်ကြီး ကိုယ်တိုင်လည်း မှာကြားထားပြီးဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ မြေပြင်အခြေအနေက တော်လှန်ရေးကာလဖြစ်တဲ့အတွက် ရှုပ်ထွေးပါတယ်။ ပစ္စည်းတွေသိမ်းတယ်ဆိုတဲ့ ကိစ္စမှာ တချို့ကိစ္စတွေမှာ မှားယွင်းဆောင်ရွက်မိတာတွေ ရှိပါတယ်။ ကျနော်တို့ဆီ ရောက်လာရင် ချက်ချင်း အဆင့်ဆင့် ကွပ်ကဲပြီးတော့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးတာတွေရှိပါတယ်။
ဒါပေမယ့် တချို့တွေ ကျတော့ စကစရဲ့ ဘက်တော်သားဖြစ်တယ်၊ စကစနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ တကယ်တမ်း ဒီလိုဖြစ်လာတဲ့ အခါကျမှ ပြည်သူပါဆိုပြီး အသံထွက်တဲ့ကိစ္စတွေလည်း တော်တော်များများ ရှိပါတယ်။ အဲ့ဒီအခါ ကျနော်တို့က တော်လှန်ရေးကာလမှာ ရန်သူ့ဘက်တော်သားဖြစ်တယ်။ ရန်သူ့ရဲ့ကိစ္စတွေကျတော့ ပြတ်ပြတ်သားသားဆောင်ရွက်ရတဲ့ ကိစ္စလေးတွေလည်း မြေပြင်မှာ မလွဲမသွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပြည်သူလူထုနဲ့ပတ်သက်လာရင် ဦးထိပ်ထား ဆောင်ရွက်ဖို့ ပြည်သူလူထုကို မထိခိုက်ဖို့ ကိစ္စတွေကို အထူးတလည် ညွှန်ကြားဆောင်ရွက်နေပါတယ်။
You may also like these stories:
တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို
အင်းတော် ပ.က.ဖ အဖွဲ့က အမျိုးသမီးတဦးကို ရိုက်နှက်မှုဖြစ်ပွား
အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရမှု ဖမ်းမိသူများအား တရားစွဲ