ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၃၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျော်လီစိန် (မောင်ထွန်းစိန်) ရေးတဲ့ “ယိုးဒယား ပြည်မှာ ငါးနှစ်ကြာ” ဆိုတဲ့ စာအုပ်ကို ဘန်ကောက်မြို့ မဟီဒွန်တက္ကသိုလ်က အာရှဘာသာစကားနဲ့ ယဉ်ကျေးမှု ဆိုင်ရာ သုတေသီ ဆစ်ထိဖော်န် နတ်နိယုမ် (ဦးညိုဝင်း) က ထိုင်းဘာသာနဲ့ ပြန်လည်ထုတ်ဝေဖို့ စီစဉ်နေပါတယ်။
အဲဒီအတွက် စာအုပ်ရေးသားသူ နဲ့ အဲဒီကာလက စာအုပ်မျက်နှာဖုံးရေး ဆွဲသူတို့ကို မူပိုင်ခွင့်နဲ့ ပတ်သက်လို့ လူ့ကျင့်ဝတ် ဆိုင်ရာအရ အကျိုးကျေးဇူးတွေခံစားရစေဖို့ ထိုင်းသုတေသီ ဆစ်ထိဖော်န် နတ်နိယုမ်က မြန်မာသတင်းစာတွေနဲ့လူမှု ကွန်ရက်ကတဆင့် ရှာဖွေနေပါတယ်။
ဒါကြောင့် လွန်ခဲတဲ့ ၈၈နှစ်က စာအုပ်ကို ဘာသာပြန်ဆို ထုတ်ဝေမယ့် ထိုင်းသုတေသီ ဆစ်ထိဖော်န် နတ်နိယုမ် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဘာကြောင့် ဒီစာအုပ်ကို မြန်မာဘာသာကနေ ထိုင်းဘာသာကို ပြန်ဆိုပြီး ထိုင်းနိုင်ငံမှာ ထုတ်ဝေဖို့ လုပ်ဆောင်ရ တာပါလဲ။
ဖြေ။ ။ အရင်ကတည်းက မြန်မာရဲ့ အနုပညာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလို့ အင်တာနက်ပေါ်မှာ ရှာဖွေ လေ့လာနေခဲ့တယ်၊ အဲဒီတုန်းက အခုခေတ်လို ရှာရ မလွယ်ဘူး၊ အများစုက အင်္ဂလိပ်စာတွေနဲ့ချည်းပဲ။
၂၀၁၂ အစပိုင်းလောက်ရောက်တော့ မြန်မာပြည်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာပြီ၊ အင်တာနက်စနစ်တွေ ကောင်းလာပြီ၊ ပိုမိုပွင့်လင်းလာပြီဆိုတော့ မြန်မာပြည်သူပြည်သားတွေဆီ သွားပြီး တွေ့ဆုံဖို့ လွယ်ကူလာတယ်။ အဲဒီအချိန် က စပြီး ကျနော်ရဲ့ Facebook မှာ မြန်မာသူငယ်ချင်းတွေ ရှိလာတယ်။
အများစုကတော့ အနုပညာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို လေ့လာတဲ့အဖွဲ့အစည်းထဲကသူတွေပဲ ဖြစ်ပါတယ်။ ဥပမာ- ကထိကဆရာ၊ ဆရာမ၊ လက်မှုပညာရှင်၊ သရုပ်ဆောင်၊ အဆိုတော်၊ ဂီတပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင်၊ စာရေးဆရာနှင့် သမိုင်းပညာရှင်တွေပါပဲ။
အဲဒီ လူမှုကွန်ရက်ပေါ်ကရတဲ့ မြန်မာသူငယ်ချင်းတွေထဲမှာ ဆရာ ဦးတင်မောင်ညွန့်လည်း ပါ ပါတယ်။ ဆရာဦးတင်မောင်ညွန့်ဆိုတာ ဘာသာပြန်စာရေးဆရာ ဆရာ ဉာဏ်သစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဆရာ ဦးတင်မောင်ညွန့်ရေးတဲ့ ယိုးဒယားနဲ့ ပတ်သက်တဲ့အကြောင်းတွေကို Facebook ပေါ်ကနေ အမြဲ လေ့လာနေတဲ့သူတယောက်ဖြစ်လို့ပါ။
တနေ့တော့ ဆရာက သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ “Five Years In Siam” စာအုပ်မျက်နှာဖုံးကို တင်လိုက်တော့ စိတ်ဝင်စားပြီး ဆရာ့ဆီ ဆက်သွယ် တောင်းဆိုဖြစ်ရင်းကနေ အခုလို ဒီစာအုပ်ကို ထိုင်းဘာသာနဲ့ ပြန်လည်ထုတ်ဝေဖို့ အထိ ဖြစ်လာတာပါ၊ ဒါကြောင့် အရင်ဦးဆုံး ဒီစာအုပ်ကို ချီးမြှင့်ပေးတဲ့ ဆရာ ဦးတင်မောင်ညွန့်ကို ကျနော် ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုပါတယ်။
စာရေးဆရာ ဂျော်လီစိန် (မောင်ထွန်းစိန်) ရေးတဲ့ အဲဒီစာအုပ်မှာ နယ်မြေတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာ (Area Studies) တွေကို လေ့လာရေးသား ဖော်ပြထားတဲ့အတွက် ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာအကြောင်း လေ့လာရေးအဖွဲ့အစည်း (Myanmar Studies) အတွက်လည်း အရေးပါ ပါတယ်။
ကျနော် ထုတ်ဝေဖို့လုပ်ဆောင်ရတဲ့ အဓိက ကျတဲ့အချက် ၃ ချက်ကတော့
(၁) သတ္တမမြောက် ထိုင်းဘုရင်လက်ထက်က လူမှုရေး၊ စီးပွားရေးနဲ့ လူနေမှုပုံစံတွေကို မြန်မာလူမျိုးက မှတ်တမ်းတင် ဖော်ပြထားတဲ့ စာအုပ်တအုပ်ဖြစ်သလို Siam ဟာ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် အားရစရာများထဲက နိုင်ငံတခု ဖြစ်ကြောင်း မှတ်တမ်းတင် ဖော်ပြထားတယ်။ ဒါ့ပြင် ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်း ထားနိုင်သောနေရာ၊ နိုင်ငံခြားသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်တဲ့နေရာအဖြစ် ရှုမြင်သုံးသပ် ထားတာကို တွေ့ရပါတယ်။
(၂) ဒီစာအုပ်က ရှားပါးတဲ့ စာအုပ်တအုပ်ဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ ၈၈ နှစ်က မြန်မာ့လူ့အဖွဲ့အစည်းမှာ Siam ရဲ့ ကိုယ်စားပြု ပုံသဏ္ဍာန် (Representation) တွေကို ပါဝင်ဖန်တီး ထုတ်ဝေထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
(၃) ဒီစာအုပ်မှာပါတဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ့သမိုင်းလေ့လာရေး အဖွဲ့အစည်းတွေထဲမှာ ဘာသာ ပြန်ပြီး လေ့လာသုံးသပ်ထားတာမျိုး မရှိသေးပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်က မြန်မာလူမျိုးတွေရဲ့အမြင်၊ ထိုင်းလူ့အဖွဲ့အစည်းရဲ့ နယ်ပယ်ဒေသနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရရှိစေရေးအတွက် ထုတ်ဝေဖို့ စဉ်းစားဖြစ်တာပါ။
မေး။ ။ လွန်ခဲ့တဲ့ ၈၈ နှစ်က မြန်မာတဦးရဲ့ ရေးသားချက်ဟာ ယနေ့ခေတ်နဲ့ လျော်ညီတယ်လို့ ဆရာ့အနေနဲ့ ခံစားရပါသလား။
ဖြေ။ ။ အခုလက်ရှိ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ထဲမှာ လွန်ခဲ့တဲ့ ၈၈ နှစ်က ဆရာ ဂျော်လီစိန်ရဲ့ ရေးသားချက်တွေဟာ ထင်ဟပ်နေဆဲပဲလို့ ထင်ပါတယ်။ အထူးသဖြင့် ထိုင်းလူမျိုးများရဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ပုံရိပ်၊ ခေတ်နဲ့အညီ တိုးတက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ ဝင်ငွေကောင်းတဲ့ နေရာ၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်သူဘက်မှ ညီညွတ်စွာ ဆန္ဒထုတ်ဖော်ပုံတွေက အားရစရာဖြစ်တဲ့အကြောင်း စတာတွေကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

မေး။ ။ မြန်မာဘာသာကနေ ထိုင်းဘာသာကို ပြန်ဆိုတဲ့နေရာမှာ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ကြုံရပါသလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ ၁ အချက်က စာလုံးများ မထင်ရှားတာ၊ စာလုံးထူလွန်းလို့ ဖတ်မရတာ၊ စာသားတွေ ပျောက်ပျက်သွား တာ၊ တချို့ စာကြောင်း တကြောင်းနဲ့တကြောင်းပေါင်းပြီး ဖတ်မရတာ စတဲ့ အခက်အခဲတွေတော့ ရှိပါတယ်။
၂ အချက်အနေနဲ့ အခုခေတ်စာလုံးပေါင်းနဲ့ အရင်ခေတ်က စာလုံးပေါင်း ကွာခြားတာမျိုးပေါ့။ ဥပမာ- အနောက်- အနောံ၊ လောက်- လောံ၊ မြောက်- မြောံ၊ စနစ်- စံနစ်၊ ငရုတ်သီး- ငြုပ်သီး၊ အအေး- အဧ၊ မိုး- မိုဃ်း စတာတွေပေါ့။
၃ အချက်အနေနဲ့ သီးသန့် စကားလုံးသုံးခြင်း (သို့) အသုံးများတဲ့ စကားလုံး၊ ဥပမာ- ရွှေအပ်သီး=ငရုတ်သီး၊ သဟဲ= သဟာယ။ ၄ အချက်အနေနဲ့ ပုဒ်ကလေး “၊” ပုဒ်မ “။” သုံးနည်းမှာလည်း အခုခေတ်နဲ့ မတူတာကြောင့် ဘာသာပြန်တဲ့ အခါမှာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။
နောက်ပြီး ၅ အချက်အနေနဲ့ ကွဲလွဲတဲ့ တချို့ စကားလုံးတွေလည်း ရှိပါတယ်။ ဥပမာ- ကျောက်တက်-ကျောက်တပ်၊ ရတနကိုစင်- ရတ္တနကိုစင်၊ ဗန်ကော့-ဗန်ကောက်။
၆ အနေနဲ့ ဗန်မကော့ (သို့) ဗန်ကော့ဟာ အရင်က ရွာရဲ့နာမည်ပါ။ ယခုလက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့မြို့တော်အဖြစ် ပြောင်းလဲသွားပါပြီ။ အရင်က သိခဲ့တာကတော့ ဗန့်မကော့က ရွာတရွာပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စာမျက်နှာ “၃၇”မှာ ထပ်ခါထပ်ခါ ဖော်ပြထားတဲ့အတွက် ဘာသာပြန်သူမှ မလိုအပ်တဲ့ စာသားတွေကို ဖြတ်တောက်ထားပါတယ်။
၇ အနေနဲ့ တချို့ သုံးထားတဲ့ ရှေးစကားလုံးတွေကို ဖတ်တဲ့အခါမှာ အဓိပ္ပာယ်ကို ချက်ချင်းသိတယ်၊ တချို့က နည်းနည်း လေး အပြောင်းအလဲရှိတယ် ဆိုပေမယ့် အဓိပ္ပာယ်ပြန်လို့ရပါတယ်။ တချို့ စကားလုံးကျတော့ နည်းနည်းရှုပ်ထွေးပါတယ်။
ဥပမာဆိုရင် “ဘွားဘက်တော်”ဆိုတဲ့ စကားလုံးကို အခုခေတ်မှာက “ဖွားဘက်တော် (သို့) ဖွားဖက်တော်”လို့ သုံးကြ ပါတယ်။ ဖွားဘက်တော်ရဲ့ အဓိပ္ပာယ်ကတော့ “တချိန်တည်း မွေးဖွားတဲ့သူတွေ” ပေါ့။ တချို့က “အဘွားဘက်က” ဆိုပြီး အဓိပ္ပာယ် ပြန်မှားတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဘာသာပြန်ရာမှ ဒီရာဇဝင်မှာပါတဲ့ စကားလုံးနဲ့ ဝါကျတွေကို အမှား အယွင်း မရှိစေဖို့ ဂရုတစိုက်နဲ့ ဘာသာပြန်ပေးထားပါတယ်။
မေး။ ။ ထုတ်ဝေဖို့ ကြိုးစားတဲ့ နေရာမှာ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရပါသလဲ။
ဖြေ။ ။ ထိုင်းပညာရေး အသိုင်းအဝိုင်းမှာတော့ ထုတ်ဝေဖို့အတွက် အခက်အခဲ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေ ဟာ အာရှဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာနရဲ့ အဓိက ရည်မှန်းချက်ဖြစ်လို့ပါပဲ၊ နောက်တခုက ကျနော် တို့ မဟီဒွန်တက္ကသိုလ်က နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုပေါင်းစုံကို လေ့လာတဲ့နေရာမှာ ကူညီထောက်ပံ့ပေးတဲ့ တက္ကသိုလ် ဖြစ်တာကြောင့်လည်း ပါပါတယ်။
ဒါပေမယ့် စာအုပ်ထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး Five Years In Siam ကို ရေးသားသူ စာရေးဆရာ ဂျော်လီစိန် (မောင်ထွန်း စိန်) နဲ့ အဲဒီစာအုပ် မျက်နှာဖုံး ဒီဇိုင်းရေးဆွဲသူကို ရှာတဲ့အခါ အခက်အခဲ တွေ့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ၈၈ နှစ် လောက် ကြာပြီဖြစ်တဲ့ စာအုပ်တအုပ်ရဲ့ မူလပိုင်ရှင်ကို ရှာရတာ မလွယ်ပါဘူး။
ဆရာ မောင်ထွန်းစိန်နဲ့ မျက်နှာဖုံး ဒီဇိုင်းဆွဲသူကို ရှာရတဲ့အကြောင်းအရင်းကတော့ ၂ ချက်ရှိပါတယ်။
၁ အချက်က ကျနော်က သုတေသီတယောက် ဖြစ်တဲ့အတွက် စာအုပ် ၁ အုပ်ဖြစ်လာဖို့ လုပ်ရတဲ့အဆင့်ဆင့်ကို သိပါတယ်၊ ဒါတွေက သိပ်မလွယ်ကူလှပါဘူး။ အားစိုက်ရတယ်။ ဉာဏ်ရည်တွေ သုံးရတယ်။ သက်သေအထောက်အထားတွေ ရှာရ တယ်။ ကွင်းဆင်းလေ့လာရတယ်။ အင်တာဗျူးရတယ်။ ပြီးရင် ရလာတဲ့အချက်အလက်တွေကို သုံးသပ်ပြီး ရေးရတယ်။ ပြီးမှ မျက်နှာဖုံး ဒီဇိုင်းဆွဲပြီး စာအုပ်ထုတ်ဖို့အတွက် လုပ်ရတယ်။ ရင်းနှီးမြှုပ်နှံရတယ်။
အဲဒီလိုရဖို့ တဆင့်ပြီးတဆင့် လုပ်ရတဲ့အရာတွေက ခက်ခဲပါတယ်။ အရင်တုန်းကဆိုရင် ဆက်ဆံရေး၊ လမ်းပန်း ဆက်သွယ် ရေး၊ ပုံနှိပ်ဖို့ စတဲ့အရာတွေက အခုခေတ်လို လုပ်ရတာ မလွယ်ကူပါဘူး။ စာရေးဆရာက ရေးဖို့ အချက်အလက် မရမချင်း ပုံနှိပ်တိုက်ကို ပို့ဖို့က ခက်ပါတယ်။
ဒါကြောင့် မူရင်းပိုင်ရှင်ဖြစ်တဲ့ စာရေးသူ သို့မဟုတ် သူ့ကို ဆက်ခံသူ သား၊ သမီး၊ မြေး၊ မြစ်တွေကို အဖေ၊ အမေတို့ ရေး သားထုတ်ဝေထားတဲ့ စာအုပ်ကို အသုံးပြုဖို့ စိတ်ဝင်စားတဲ့သူရှိတဲ့အကြောင်း သိစေဖို့နဲ့ ဒီလို အခက်အခဲတွေကြောင့် ထိုက် တန်တဲ့ အကျိုးရလဒ် ရစေဖို့အတွက် မူရင်းပိုင်ရှင်ကို ရှာရခြင်း ဖြစ်ပါတယ်။
ကျနော်အနေနဲ့ကလည်း သုတေသနပညာရှင် တယောက် ဖြစ်တဲ့အတွက် စာအုပ်ဖန်တီးသူကို လေးစားတဲ့အနေနဲ့ အမည်ကို ရည်ညွှန်းကိုးကားရန်နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာအရ အကျိုးကျေးဇူးများ ရရှိစေဖို့ ဖြစ်ပါတယ်။
နောက် ၂ အချက်အနေနဲ့ မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ ဥပဒေအရ ကျနော်က သုတေသနပညာရှင် တယောက် အနေနဲ့ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဖို့၊ မူပိုင်ခွင့်ဥပဒေကို လိုက်နာဖို့နဲ့ ဖန်တီးသူအားလုံးရဲ့ အလုပ် ကို ကာကွယ်ပေးဖို့ လိုပါတယ်။
ဒီအကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး မူရင်းပိုင်ရှင်ကို ရှာဖွေဖို့ ကျနော်ရဲ့ Facebook စာမျက်နှာကနေ ၇ ရက်တိတိ ကြော်ငြာခဲ့ပါတယ်။ ဝင်ရောက်ကြည့်ရှုသူနဲ့ ကူညီမျှဝေပေးသူ စုစုပေါင်း အယောက် ၂၀၀ ကျော် ရှိပါတယ်။ ဒါ့ပြင် မြန်မာ သတင်းစာမှာလည်း ၃ ရက်တိတိ ကြော်ငြာထည့်ပြီး ရှာခဲ့ပါတယ်။
ဒါတွေဟာလည်း ဆရာ ဦးတင်မောင်ညွန့် (ဘာသာပြန်စာရေးဆရာ ဉာဏ်သစ်) နဲ့ မြန်မာနိုင်ငံမှ မိတ်ဆွေများရဲ့ အကြံ ပေးချက်တွေပဲ ဖြစ်ပါတယ်။ ကျနော့်ကြော်ငြာကို ကူညီမျှဝေပေးခဲ့တဲ့ အသိမိတ်ဆွေများအားလုံးကိုလည်း ကျေးဇူး အထူးပင်တင်ရှိပါတယ် ခင်ဗျာ။
မေး။ ။ ဘယ်စာအုပ်တိုက်ကနေ ထုတ်ဝေဖို့ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ အခုလောလောဆယ်တော့ အာရှဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာသုတေသနဌာန မဟီဒွန်တက္ကသိုလ်ရဲ့ အေဂျင်စီမှာ ဘာသာပြန်ဆိုပိုင်ခွင့်ကို မှတ်ပုံတင်ဖို့ ပြုလုပ်နေပါတယ်။ ပြီးမှ အပြင်က စာအုပ်တိုက်နဲ့ ထုတ်ဝေဖို့အတွက် ဆက်သွယ်ပါမယ်။
မေး။ ။ အရင်ကရော မြန်မာစာအုပ်တွေကို ထိုင်းဘာသာနဲ့ ပြန်လည် ထုတ်ဝေတာမျိုး ရှိပါသလား။
ဖြေ။ ။ အရင်က ဒီလိုတအုပ်လုံး ဘာသာပြန်ပြီး ထုတ်ဝေခဲ့တာမျိုး မရှိသေးပါဘူး။ အခုလို ဘာသာပြန်ပြီး ထုတ်ဝေ တာကလည်း ဘာသာပြန်တဲ့အပြင် သုတေသနအတွက် ပညာရေးဆိုင်ရာ ဆောင်းပါးတွေကို ရေးသားဖို့အတွက်လည်း ဖြစ်ပါတယ်။
မေး။ ။ အခု ဒီစာအုပ်ကို ထိုင်းလူမျိုးတွေအနေနဲ့ စိတ်ဝင်စားမယ်လို့ ထင်ပါသလား။
ဖြေ။ ။ ထိုင်းလူ့အဖွဲ့အစည်းမှာ လူတော်တော်များများ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ခေတ်သစ် ထိုင်း သမိုင်းနဲ့ မြန်မာ့အကြောင်း လေ့လာရေးအဖွဲ့အစည်း (Myanmar Studies) တွေပါ။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်မှာ ပါတဲ့ အချက်အလက်တွေက ထိုင်းနိုင်ငံမှာရှိတဲ့ ဒီအဖွဲ့အစည်းတွေထဲမှာ သိပ်မရှိကြလို့ပါပဲ။ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုတွေမှာတော့ မရှိသလောက်ပါပဲ။ အများစုကတော့ အယုဒ္ဓယခေတ်က စစ်ပွဲအကြောင်းကို ထပ်ခါထပ်ခါ ပြန်ပြီး ထုတ်ဝေတာမျိုးတွေပဲ ရှိပါတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ကို ဘာသာပြန်ပြီး ထုတ်ဝေရခြင်း ဖြစ်ပါတယ်။
ဒီစာအုပ်ကိုထုတ်ဝေရတဲ့ ရည်ရွယ်ချက်တွေကတော့ ထိုင်းလူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုပေါင်းစုံကို မြှင့်တင်ပေးတဲ့ နယ်နိ မိတ်နဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတများကို ရရှိစေဖို့၊ သတ္တမမြောက်ဘုရင်လက်ထက် မြန်မာလူမျိုးတဦး ရေးသား ထားတဲ့ Siam ရဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နယ်ပယ်များကို လေ့လာခြင်း၊ သုံးသပ်ခြင်း၊ နားလည်ခြင်း စတာတွေ မှတ်တမ်းတင်ထားတဲ့ စာအုပ်ကို ထိုင်းဘာသာနဲ့ ပြန်လည် ဘာသာပြန်ဆို ထုတ်ဝေတာပါ။
နောက်တချက်ကတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် အာရှဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာနရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ သက်တမ်း ၈၉ နှစ်ရှိပြီဖြစ်တဲ့ ဒီစာအုပ်ကို ထည့်သွင်းကျင်းပဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အာရှဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာနတည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က အာရှဘာသာစကားနဲ့ ယဉ်ကျေးမှုများကတဆင့် အသိပညာ၊ ဗဟုသုတ၊ နားလည်မှုများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်ပါ တယ်။
မေး။ ။ ဆရာက မြန်မာစာပေကို လေ့လာတယ်၊ မြတ်နိုးတယ်လို့တောင် ဆိုလို့ရပါတယ်၊ ဒါ့ပြင် “ကျောက်ဖရားမှသည် ဧရာဝတီ သို့” ဇာတ်ကားမှာ မြဝတီမင်းကြီး ဦးစရဲ့ ဆရာအဖြစ် သရုပ်ဆောင်ခဲ့တာ တွေ့ရတယ်။ ဘယ်လို စေ့ဆော် ချက်တွေကြောင့် မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ် ဖြစ်လာခဲ့တာလဲ။
ဖြေ။ ။ ဒီအကြောင်းတွေကို ပြောပြရမယ်ဆိုရင် အရင်က ကျနော်တို့မိသားစု စပြီး အခြေချနေထိုင်ခဲ့တဲ့ နေရာကတော့ ဘန်ကောက်မှာပါ။ ကျနော့်အမေဘက်က အဘိုးနဲ့ အဘွားက မွန်မျိုးနွယ်ပါ။ ကျနော်က ငယ်ငယ်လေးတည်းက မြန်မာ လူမျိုးတွေရဲ့အကြောင်းကို စိတ်ဝင်စားလာတဲ့သူ တယောက်ပါ။ မြန်မာလူမျိုးတွေရဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်း မသိ ပေမယ့် ကျနော်သိတာ တခုကတော့ မြန်မာနိုင်ငံထဲက လူမျိုးတစုက ကျနော်ရဲ့ အမျိုးအနွယ်လည်း ပါတယ်ဆိုတာ ရယ်၊ ကျန်တဲ့တစုကတော့ ကျနော် လေ့လာခဲ့ရတဲ့ ရာဇဝင်သမိုင်းမှာတော့ ကြောက်စရာကောင်းတဲ့ ကျနော်တို့ရဲ့ ရန်သူတွေလို့ သိခဲ့ရတယ်။
အယုဒ္ဓယမြို့ ပျက်သုဉ်းသွားတဲ့အကြောင်း ပြောတဲ့အခါတိုင်းမှာ သတိရမိတာက မြန်မာပါ။ ကျနော်ငယ်ငယ်က မြန်မာ-ထိုင်း ရာဇဝင်သမိုင်းကြောင်းတွေကို လေ့လာသိရှိပြီးနောက်ပိုင်း မြန်မာကို မကြိုက်ပါဘူး။ အဲဒီတုန်းက ကျနော်ကိုယ်တိုင် ကလည်း မြန်မာလူမျိုးတွေကို မတွေ့ဖူးပါဘူး။ မြန်မာနိုင်ငံကိုလည်း မသွားဖူးပါဘူး။ ဒါပေမယ့် ကျနော်သိတာ တခုကတော့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတာမျိုး မရှိပါဘူး။ တနိုင်ငံတည်းသီးသန့် နေထိုင်တဲ့ နိုင်ငံ၊ စစ်သားတွေ အုပ်ချုပ်ထားတဲ့ နိုင်ငံလို့တော့ သိထားပါတယ်။
၁၉၉၂ ခုနှစ်မှာ ကျနော်က ထိုင်းအနုပညာနဲ့ ပတ်သက်တဲ့ဘာသာရပ်ကို ချင်းမိုင်တက္ကသိုလ်၊ အနုပညာဌာနမှာ ပညာသွား ရောက် လေ့လာသင်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ တခုသတိထားမိတာက ချင်းမိုင်မြို့က ဘုန်းကြီးကျောင်းတွေရဲ့ ပြာသာဒ်နဲ့ စေတီတွေမှာ မြန်မာ့အနုပညာတော်တော်များများကို တွေ့ခဲ့ရပါတယ်။ လက်ရာတွေက ထူးဆန်းပြီး အရမ်းလည်းလှပါ တယ်။ အဲဒါတွေကြောင့်လည်း မြန်မာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျနော် ပိုစိတ်ဝင်စားလာတယ်။
အဲဒီအချိန်ကနေစပြီး ကျနော်လေ့လာလိုက်တာ ဘာတွေသိခဲ့ရလဲဆိုတော့ မြန်မာနိုင်ငံမှာ ရှမ်း၊ ပအို့ဝ်၊ မွန်၊ ကရင်၊ ဗမာ ဆိုတဲ့ လူမျိုးစုတွေ စုပေါင်းနေထိုင်ကြတာတွေကိုလည်း သိရပါတယ်။ မြန်မာလူမျိုးထဲက တချို့ဆိုရင် ချင်းမိုင်မှာ သား၊ သမီး၊ မြေး၊ မြစ်တွေရပြီး ထိုင်းနိုင်ငံသားအဖြစ် ပြောင်းလဲနေထိုင်လာကြတာတွေလည်း ရှိပါတယ်။
အဲဒီထဲကမှ တချို့က ပအို့ဝ်ဘုန်းကြီးကျောင်း၊ မွန်ဘုန်းကြီးကျောင်း၊ ရှမ်းဘုန်းကြီးကျောင်း၊ ဗမာဘုန်းကြီးကျောင်းဆိုပြီး ဘုန်းကြီးကျောင်းတွေ ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ်ကြပါတယ်။ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒီလို လေ့လာရင်းကနေ ကျနော်က ဝပ်ဆိုင်းမွန်း (ဗမာ) ဘုန်းကြီးကျောင်း ဆရာတော် ဦးအာသဘဆီမှာ မြန်မာဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို သင်ယူခွင့်ရခဲ့ပါတယ်။ ဆရာတော်ဦးအာသဘက မြန်မာဝန်ကြီးချုပ် ဦးနုလက်ထက် ကတည်းက ဒီကျောင်းကို အုပ်ချုပ်ခဲ့တဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။ ဆရာတော်က စစ်ကိုင်းတိုင်း မြင်းမူကပါ။ မြန်မာလူမျိုးစစ်စစ်လို့လည်း ပြောလို့ရပါတယ်။ ရာဇဝင်သမိုင်းမှာ ဦးအောင်ဇေယျနယ်မြေဖြစ်တဲ့ မူးမြစ်ဝှမ်းဒေသကို ထိုင်း တွေက မကြိုက်ကြပါဘူး။
ဒါပေမယ့် ကျနော် ဆရာတော်နဲ့ သိကျွမ်းပြီးနောက်ပိုင်း မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာဘာသာစကားတွေကို တော်တော်များ များ သိရှိလာရတယ်။ တကယ်တော့ မြန်မာလူမျိုးတွေက ရိုးသားပြီး စာနာသနားတတ်ကြတယ်ဆိုတာ ထင်ထင်ရှားရှား မြင်လာတယ်။ မြန်မာလူမျိုးတွေကို ချစ်ခင်လေးစားလာတယ်။ ဒါ့ပြင် ချီးကျူးစရာကောင်းတဲ့ လှပပြီးကျက်သရေရှိတဲ့ ယဉ် ကျေးမှုတွေလည်း ရှိပါသေးတယ်။ ရှုထောင့်ပေါင်းစုံကနေ မြန်မာလူမျိုးတွေရဲ့အကြောင်းကို အလေးအနက်ထား လေ့လာ ချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီတုန်းကဆို ထိုင်းနိုင်ငံမှာ မြန်မာ့အကြောင်း လေ့လာတဲ့သူ သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးဝါဒရဲ့ သမိုင်းတံတိုင်းတွေကြောင့်ပါ။
ကျနော်က အရင်က တက္ကသိုလ်ကျောင်းတက်နေရင်း အနုပညာစာတမ်းလုပ်ဖို့ မင်းဘူးအောင်ကြိုင် ရေးသားတဲ့ “ပုဂံရဲ့ ဗိသုကာပညာ အကြောင်း” ကို ကြိုးစားဖတ်တယ်။ ဘာသာပြန်တယ်။၂၀၀၂ ခုနှစ် မဟာတန်းတက်နေစဉ် (၁၈၁၇-၁၉၄၈) အတွင်း ကုန်းဘောင်မင်းဆက်မှ ကိုလိုနီခေတ်နှောင်းပိုင်းအထိ မြန်မာ့လူမှုရေးနဲ့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း အပြောင်း အလဲများကို သုံးသပ်ခြင်း၊ မန္တလေး မှန်အလှဆင်ခြင်းဆိုင်ရာ စာတမ်းများကို ပြုစုခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ ချင်းမိုင်တက္ကသိုလ်ကပေးတဲ့ ထူးချွန်သောစာတမ်းရှင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျနော်က ထိုင်း- မြန်မာလူမှုရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေး၊ အာရှဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာန၊ Centre for Bharat Studies မဟီဒွန်တက္ကသိုလ်မှာ သုတေသီတယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာ အခုချိန်ထိပါပဲ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
You may also like these stories:
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)
သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ
ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ