စစ်အာဏာသိမ်းမှုနဲ့အတူ သတင်းတု၊ သတင်းမှား ထုတ်လွှင့်မှုတွေ ကျယ်ပြန့်လာနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ နေ့စဉ် သတင်းထုတ်လွှင့်တင်ဆက်မှုအပြင် သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ခြင်း၊ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းအတွင်း သတင်းပညာဆိုင်ရာ အသိအမြင် မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ကြပါတယ်။
ဒီအထဲ နှစ်ပေါင်း ၃၃ နှစ်ကျော်ကြာ ရှမ်းပြည်နယ်နဲ့ ဒေသတွင်းက တိုင်းရင်းသားလူမျိုးတွေရဲ့ အသံတွေကို ဖော်ထုတ်တင်ဆက်နေတဲ့၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လူအချင်းချင်းဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ဖော်ထုတ်ပြောဆိုကြဖို့ လူထုကို စဉ်ဆက်မပြတ်ဆော်သြနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် အသွင်ပြောင်းဖို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ တထောင့် တနေရာကနေ တွန်းအားပေး ပံ့ပိုးပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းအခန်းကဏ္ဍမှာ တိုင်းရင်းသားမီဒီယာတွေအနေနဲ့ ဘာအခက်အခဲတွေရှိနေလဲ။
ဖြေ ။ ။ ကျနော်တို့ သျှမ်းသံတော်ဆင့်က တိုင်းပြည်အပြောင်းအလဲကြောင့် ဦးသိန်းစိန်က ပြည်တွင်းဝင်ဖို့ အားလုံးကို လက်ဆင့်ကမ်းကြိုဆိုတဲ့အချိန်မှာ ကျနော်တို့လည်း ၂၀၁၃ မှာ ရန်ကုန်ကိုပြန်ပြီးတော့ Register (မှတ်ပုံတင်တယ်) လုပ်တယ်။ တောင်ကြီးမှာ ရုံးစိုက်ဖို့ လုပ်တယ်။ ရှမ်းလူထု ထောက်ပံ့မှုနဲ့ တောင်ကြီးမှာ ကိုယ်ပိုင်ရုံးဆောက်ဖို့ အဲဒီ အာဏာသိမ်းတဲ့လမှာ ပြင်ဆင်နေတယ်။ ကျနော်တို့ ရှမ်းပြည်အမျိုးသားနေ့မှာ ကန်ထရိုက်လုပ်ပြီး ရုံးစဆောက်မယ်ဆိုပြီး လုပ်တာ။ အာဏာသိမ်းလိုက်တော့ အကုန်လုံး ဂွကျသွားတာပေါ့။ ကျနော်တို့ လုပ်နေတဲ့ လစဉ်ထုတ်မဂ္ဂဇင်းတွေ ရပ်သွားလိုက်ရတယ်။ သတင်းထောက်တွေကို နယ်စပ်ဘက် အကုန်ပြန်ရွှေ့ရတယ်။ အလုပ်လုပ်ရတာ အရမ်းခက်ခဲတယ်။ ၅၀၅ ထိတဲ့သူတွေ၊ ၆၆(ဃ) ထိတဲ့သူတွေ အဲဒီလိုမျိုးတွေရှိတော့ အလုပ်လုပ်ရတာက မလွတ်လပ်တော့ဘူး။ ဥပမာ နာမည်အသုံးအနှုန်းတောင်မှ စစ်ကောင်စီလို့သုံးတာတွေ၊ စစ်တပ်လို့သုံးတာတောင်မှ ပြဿနာက တက်နေတယ်။
အရင်တုန်းက ကျနော်တို့က ရှမ်းလူထုနဲ့ အတူနေတယ်။ ဒိုနာ (ငွေကြေးထောက်ပံ့သူ) မရှိရင်တောင်မှ ကျနော်တို့ သိပ်စိုးရိမ်စရာမလိုဘူးပေါ့နော်။ လက်ရှိ ပြောင်းလဲလာတဲ့ အနေအထားကတော့ ဒိုနာကိုပဲ အားပြုရတာပေါ့။ တချို့ ဒိုနာတွေကအများစုက မြို့ကြီးမှာအခြေစိုက်တဲ့ မီဒီယာတိုက်ကြီးတွေကို ထောက်ပံ့မှုပိုများတယ်။ ပြည်နယ်မှာ အခြေစိုက်တဲ့ သတင်းဌာနကို ထောက်ပံ့မှု အရမ်းအားနည်းတယ်။ ဥပမာ – သူတို့ကတော့ local news (ဒေသန္တရ အခြေစိုက်သတင်းဌာန) ပါ။ Mainstream Media မဟုတ်ဘူး စသဖြင့်ပေါ့။ ကျနော်တို့ရှမ်းပြည်မှာ ကျနော်တို့က Mainstream ပဲ။
တဖက်က စစ်အာဏာသိမ်းမှုကြောင့် ကျနော်တို့ သွားရေးလာရေး၊ ရိုက်ကူးရေး၊ သတင်းရယူဖို့က တော်တော်ခက်ခဲလာ တယ်။ အကုန်လုံးကို ခြေရာဖျောက်ပြီးတော့မှ သတင်းလုပ်ငန်း လုပ်ကိုင်တဲ့အဆင့်ပေါ့။ ဒါက သတင်းထောက်အခက်အခဲ။ နောက်ထပ် အခက်အခဲကတော့ နိုင်ငံရေးပါတီတွေရော၊ အာဏာပိုင်တွေရော သတင်းတော့ သူတို့ ပေးချင်တယ်။ ဒါပေမယ့် နာမည်မပြောနဲ့၊ ရုပ်မပြနဲ့၊ အသံမသုံးနဲ့ အဲဒီလို အခက်အခဲကြုံတွေ့ရတယ်။
ကျနော်တို့ သျှမ်းသံတော်ဆင့်က မီဒီယာလုပ်ငန်းအပြင် ရိုးရာ၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့နေရာလည်း ဖြစ်တယ်။ ကျနော်တို့ ရှမ်းစာ (ရှမ်းဘာသာစကား) မထုတ်လို့ရှိရင် ကိုးကားစရာ ဘာမှမရှိတော့ဘူး။ ကျနော်တို့က ရှမ်းလို နေ့တိုင်းမှတ်တမ်းတင်တဲ့ဌာနလည်း ဖြစ်တယ်။ ကျနော်တို့က ရပ်လို့မရဘူး။ ဘယ်လို အခက်အခဲဖြစ်နေပါစေ၊ ကျနော်တို့က commitment အပြည့်နဲ့ (ဒီအလုပ်မှာ နှစ်မြှုပ်ထားတာ)။ ဒီဟာ နားလို့မဖြစ်ဘူး။ ရပ်လို့မဖြစ်ဘူး။ ရှမ်းပြည်မှာရော၊ ပြည်ထောင်စုတဝှမ်းမှာရော ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ကျနော်တို့က ရှမ်းလိုရော၊ ဗမာလိုရော၊ အင်္ဂလိပ်လိုရော မှတ်တမ်းတင်တာ။
တဖက်ကလည်း လူထုကို သတင်းရဲ့လွတ်လပ်ခွင့်၊ သတင်းရဲ့တန်ဖိုးကို နားလည်အောင် (လုပ်ရတယ်)။ တဖက်ကတော့ ဒီအာဏာသိမ်းပြီးကာလမှာ သတင်းတုသတင်းမှားတွေ အရမ်းဖြန့်တယ်။ ရှမ်းလူထု တော်တော်များများ အများစုပေါ့၊ အားလုံးတော့ မဆိုလိုပါဘူး။ အတွေးအမြင်နဲ့ ကိုယ်စိတ်ကူးပေါက်သလို လျှောက်ပြောနေတာတွေကို အရမ်းကြီးကို သွား အားပေးတယ်။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားလဲဆိုတာ မခွဲခြားတတ်တော့ ကျနော်တို့က ဒီသတင်းပညာ မြှင့်တင်ရေးအပိုင်းမှာလည်း ရှမ်းပြည်သူလူထုကြားထဲမှာ လုပ်ရတယ်။
နောက်ထပ် အခက်အခဲတခုက လက်ရှိမှာ တတိုင်းပြည်လုံးက ဒီစစ်အာဏာရှင်ကို ပုန်ကန်တော်လှန်နေတဲ့အချိန်မှာ ရှမ်းပြည်မှာက အာဏာသိမ်းတဲ့စစ်ကောင်စီတပ်နဲ့ ပြဿနာ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့အချိန်မှာ ရှမ်းပြည်သားအချင်းချင်း လည်း လက်နက်ကိုင်အုပ်စုအချင်းချင်း ဖြစ်နေတဲ့ပြဿနာတွေ၊ လူမျိုးစုအချင်းချင်း ဖြစ်နေတဲ့ပြဿနာတွေ ဒါတွေက ကျနော်တို့ အလုပ်လုပ်ဖို့ အရမ်းကြီးကို အခက်အခဲဖြစ်တယ်။ အရင်တုန်းကလို Federated Shan States (ပဒေသရာဇ် ရှမ်းပြည်) လို ပုံစံနဲ့ အတူတကွ ဒွန်တွဲနေထိုင်တဲ့ပုံစံဆိုရင် ကျနော်တို့ အလုပ်လုပ်ရတာ အရမ်းကိုအားကောင်းမှာပေါ့။ လက်ရှိ အနေအထားကတော့ အတိုက်အခံတွေ အရမ်းများတယ်။
မေး ။ ။ အဲဒီလို စိန်ခေါ်မှုတွေများတဲ့ ကြားထဲကပဲ ဒီလို ဆက်ပြီးတော့ လုပ်မယ်၊ ရင်ဆိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေအတွက် ဘာတွေက တွန်းအားပေးလိုက်တာလဲ။
ဖြေ ။ ။ အဓိကက တိုင်းရေးပြည်ရေး မိမိဆုံးရှုံးနေတဲ့အခွင့်အရေးကို ကာကွယ်မယ်ဆိုတဲ့သူက၊ ရှမ်းပြည်ရဲ့ဆုံးရှုံးမှုကို ရအောင်ပြန်ယူမယ်ဆိုတဲ့အဖွဲ့ကြီးတွေက သူတို့အချင်းချင်းတိုက်ပြီး ဦးတည်ချက်မဲ့တဲ့ပုံစံဖြစ်နေတော့ ကျနော်တို့လည်း အလုပ်လုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တယ်။ ဘာလို့လုပ်မလဲ၊ မလုပ်တော့ဘူးကွာဆိုတဲ့စိတ်ပေါ်တယ်။ ဒါပေမယ့် ဒီသတင်းပညာကို ချစ်မြတ်နိုးတဲ့သူတွေက၊ လွတ်လပ်မှုကိုချစ်မြတ်နိုးတဲ့သူတွေက လာစုပြီး အလုပ်လုပ်တဲ့နေရာဆိုတော့ ‘ဟာ ငါတို့ အလုပ်မလုပ်လို့ မရဘူး’ (ဆိုတဲ့စိတ်နဲ့လုပ်တယ်)။
ဥပမာ – ဒီ ရှမ်း နှစ်တပ် (RCSS-SSPP) က တွေ့ဆုံဆွေးနွေးတယ်။ သတင်းထောက်ကို ပေးမသိဘူး။ ဒါပေမယ့် ကျနော်တို့သိတယ်။ သတင်းတွေက အတည်သာမပြုပေးကြတာ။ ကျနော်တို့က မှတ်တမ်းတင်တယ်။ အဲဒီနေ့မှာ သူတို့တွေ တွေ့နေကြတယ်။ သူတို့တွေ ဘာတွေဆွေးနွေးနေကြတယ်။ မှတ်တမ်းတင်တယ်။ တချို့ရက်တွေက (သတင်း) ထုတ်ဖို့ အခက်အခဲဖြစ်ပေမယ့် ကျနော်တို့ဆီမှာ လချုပ်တဲ့အစီအစဉ်မှာ ပြန်ထုတ်တာတွေ၊ နှစ်ချုပ်တဲ့အစီအစဉ်မှာ ပြန်ထုတ်တာတွေ စတဲ့ လူထုသိအောင်လို့ မရရတဲ့နည်းနဲ့ ပြန်ဖော်ရတဲ့ပုံစံပေါ့။
ကျနော်တို့ဆိုရင် ရှမ်းစာသင်ရတာက ရှမ်းစာသင်ခွင့်မပေးတော့ ငယ်ငယ်တုန်းက ခိုးသင်ခဲ့ရတယ်။ စာပေ၊ ယဉ်ကျေးမှု မပျောက်အောင်လည်း ကျနော်တို့က ရှမ်းဘာသာနဲ့ သတင်းထုတ်တာ။ အခုက ရှမ်းလူငယ်တွေက ဘာတွေ လာတောင်းဆိုလဲဆိုတော့ အဓိက AI နဲ့ ဝင်တဲ့ စကားလုံးတွေ၊ ဘာကိုတကယ်အသုံးပြုမလဲဆိုတာတွေကို ကျနော်တို့ကို မီတင်ခေါ်ပြီးတော့မှ လုပ်တာ။ ကျနော်တို့ဆီမှာပဲ ပုံမှန် ရှမ်းဘာသာအသံနဲ့ထုတ်တယ်။ စာနဲ့ထုတ်တယ်။ အဲဒီ AI ထဲမှာဝင်အောင်။ လူငယ်တွေက တက်ကြွနေတဲ့အချိန် သူတို့က လခမရှိဘဲနဲ့လုပ်နေတာ။ ကျနော်တို့ဆီမှာက ဘာပဲဖြစ်ဖြစ် ရုံးပိုင်းက လခမပြတ်အောင် ကြိုးစားပြီးလုပ်နေတာ။ ဒီမှာက မလုပ်လို့မရဘူးဆိုတဲ့ commitment လေးတော့ အပြည့်ရှိနေတဲ့သူတွေ လာစုထားတဲ့နေရာပေါ့။
လူငယ်တွေ တော်တော်များပါတယ်။ ကျနော်တို့ဆီမှာ။ အသက် ၂၅ နှစ်အောက်က တော်တော်များတယ်။ တဝက်လောက်ရှိတယ်။ ၂၅ နဲ့ ၅၀ ကြားက လူနည်းစု ဖြစ်နေတယ်။ audience (ပရိတ်သတ်) လည်း ပြောင်းသွားတယ်။ အခုက ၁၈ နဲ့ ၃၄ နှစ်ကြားထဲမှာ audience တွေများတယ်။ အဲဒါကြောင့်မို့ လူငယ်တွေ အင်အားတိုးများလာတဲ့အချိန်မှာ ရှေးတုန်းက လူကြီးတွေလုပ်တဲ့ဟာတွေနဲ့လည်း အဆက်မပြတ်အောင် ချိတ်ဆက်ပြီးတော့မှ လုပ်နေတဲ့အနေအထားပေါ့။
မေး ။ ။ လူငယ်တွေလုပ်တာကို ကြိုဆိုတယ်ဆိုတော့ ကိုစိုင်းမိဏ်းအနေနဲ့ ရှေ့အနာဂါတ်ကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ လက်ရှိအနေအထားအရ ရှမ်းပြည်လူထုက နိုင်ငံရေးဆိုတာ ငါတို့နဲ့ မပတ်သက်ဘူးလို့ ပြောကြတယ်။ အမှန်တကယ်က အခုဖြစ်နေတဲ့ နိုင်ငံရေးက ဆီဈေးတက်တာလည်း နိုင်ငံရေးလိုမျိုး မူတည်နေတာ တွေ့နိုင်တယ်။ ဆား ဈေးတက်တာလည်း နိုင်ငံရေးမှာ မူတည်လာနေတယ်ဆိုတဲ့ဟာက အထောက်အထားပြလို့ အရမ်းကောင်းတဲ့အချိန်ပေါ့။ ကျနော်တို့က ပညာပေးဖို့က။ အဲဒါကြောင့်မို့ လူငယ်တွေ နိုင်ငံရေးနဲ့ အဆက်မပြတ်အောင်၊ နောက်ပြီး သတင်းပညာ ပိုပြီးပြန့်ပွားအောင်။ လက်ရှိက ကျနော်တို့မှာက CJ တွေကို ဆက်တိုက် ပြုစုပျိုးထောင်နေတယ်။ အဲဒီလိုမျိုး ပျိုးထောင်လာတာ ဒီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ၁၀ ကြိမ်ထက်မနည်း တခါ (သင်တန်းပေးရင်) ၁၀ ယောက် ၁၅ ယောက်နဲ့ train လုပ်လာတာ။ ဒီနှစ် (၂၀၂၃) ထဲမှာလည်း ကျောင်းသား CDM တွေလည်း တော်တော်များများ ပါဝင်လာတယ်။ ရှမ်းစကားပုံတော့ ရှိတယ်။ ‘ကျားမသေခင် အစားထိုးမယ့်ကျား ရှိရမယ်’ ဆိုတဲ့ ပုံစံနဲ့ ကျနော်တို့က လူငယ်တွေကို ပြုစုပျိုးထောင်တယ်။
ခုနတုန်းက ကျနော်ပြောသလို တိုင်းပြည်အခြေအနေကောင်းလာရင် တောင်ကြီးမြို့မှာ ကျနော်တို့ မီဒီယာတိုက် ရှမ်းလူထုနဲ့အတူရှိနေတဲ့ မီဒီယာတိုက်။ မီဒီယာကျောင်း၊ research center (သုတေသနစင်တာ) လေ့လာရေးနေရာ၊ သမိုင်းကြောင်းဆိုင်ရာအရရော၊ ဗဟုသုတဆိုင်ရာအရရော ရှမ်းပြည်အရေးကို လေ့လာချင်တဲ့သူတွေအတွက် လုပ်ပေးနိုင်အောင် လုပ်ထားနိုင်အောင် ကျနော်တို့ အဆက်မပြတ် မှတ်တမ်းယူနေရခြင်း၊ ပြုစုခြင်း ဖြစ်တယ်။ နေ့တိုင်း သတင်းလုပ်နေတဲ့ဟာတွေလည်း အဲဒီအတွက် အကျုံးဝင်အောင် တခါတည်း လုပ်နေတယ်။
မေး ။ ။ တလျှောက်လုံး သတင်းစာပညာကို ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်လာတော့ အနာဂါတ်မှာ ကိုစိုင်းမိဏ်းပြောတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စနဲ့ ဆက်စပ်လို့ သတင်းစာပညာကရော ဖယ်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုအရေးပါမလဲ။
ဖြေ ။ ။ အဓိကကတော့ မှန်ကန်တဲ့အချက်အလက်ကို လူထု လက်ခံရယူဖို့ပေါ့နော်။ အခုက သတင်းတုသတင်းမှားတွေ အရမ်းဖြန့်ဝေတယ်။ အဲဒီလိုဆိုရင် ဒီယုံကြည်မှုတွေက အားနည်းလာတယ်။ အချင်းချင်းလည်း မယုံကြည်ရာဖြစ်မယ်။ အခုဆိုရင် ကျနော်တို့ သျှမ်းသံတော်ဆင့်ဆိုရင် ၃၃ နှစ်ပြည့်ပြီ။ ကျနော်တို့ ယုံကြည်တာက ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ပြောင်းတဲ့နေရာမှာ သတင်းမီဒီယာက တထောင့်တနေရာကနေ တွန်းအားပေးတဲ့အလုပ်၊ ပံ့ပိုးပေးတဲ့အလုပ်တခု ဖြစ်နေတယ်ဆိုတဲ့ဟာပေါ့။
ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရခေတ်တုန်းက စတုတ္တမဏ္ဍိုင်ဆိုပြီး ထည့်ထည့်ပြောလာတာလေ။ ဒါပေမယ့် ကျနော် သတိရတာ ကျနော်တို့ကို ဆုံးမတဲ့ အယ်ဒီတာ ဆရာ ဦးစိန်ကြည်က သူက ဘာပြောလဲဆိုတော့ ‘တို့တိုင်းပြည်မှာ သတင်းသမားကောင်း များများရှိရင် အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်က မြန်မြန်လွတ်လပ်မယ်’ ဆိုတဲ့ ယုံကြည်ချက်က ကျနော်တို့ဆီမှာ ကပ်စွဲလာတာ။ ကျနော်တို့လည်း ယုံကြည်ပါတယ်။ မီဒီယာလုပ်ငန်းက မတရားမှုတွေကို တိုက်ဖျက်နိုင်မယ်။ ထို့အတူပဲ လူထုကလည်း မီဒီယာသမားတွေနဲ့ လက်တွဲပြီးတော့မှ ဖိနှိပ်ခံနေရတာတွေကို မမြိုသိပ်ထားဘဲနဲ့ ဒီဟာက ဖိနှိပ်ခံနေရတယ်ဆိုတာကို မီဒီယာပလက်ဖောင်းကို အသုံးပြုပြီးတော့မှ ကမ္ဘာသိအောင်၊ တနိုင်ငံလုံးသိအောင်၊ ဥပမာ-ရှမ်းပြည်မှာ ဖြစ်နေတာကို ကချင်ကသိအောင်၊ ကရင်ကသိအောင် လွတ်လွတ်လပ်လပ် ထုတ်ပြောနိုင်မှ။ ကျနော်တို့က အပြောင်းအလဲကို တထောင့်တနေရာကနေ ဒီမီဒီယာလုပ်ငန်းကနေ တွန်းအားပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်လေးတွေကတော့ ရင်တွင်းထဲမှာ ရှိနေတာ။
မေး ။ ။ သျှမ်းသံတော်ဆင့်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေကိုရွှေ့ရတာ၊ သတင်းလုပ်ကိုင်မှုပုံစံ နည်းနည်းလေးပြောင်းပြီး လုပ်ရတာတွေမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ပြင်ဆင်ရလဲ။
ဖြေ ။ ။ သတင်းထောက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပေါ့နော်။ ကျနော်တို့ သွေးသံရဲရဲတွေ နေ့တိုင်းမြင်ရတယ်။ မကောင်းတဲ့ အနိဋ္ဌာရုံတွေက နေ့တိုင်းကြားနေရတယ်။ အဲဒါကို ကျနော်တို့ ကုစားပေးနိုင်အောင်ဆိုပြီး ဘာသာရေးအရတော့ ကျနော်တို့ မဆိုလိုပါဘူး။ ဒါပေမယ့် လူရဲ့ ကိုယ်ခန္ဓာသန့်ရှင်းဖို့ နေ့တိုင်း ရေချိုးရတယ်လေနော်။ စိတ်ပိုင်းဆိုင်ရာသန့်ရှင်းဖို့၊ ဒီဟာကုစားနိုင်ဖို့ အနည်းဆုံး ၁၀ မိနစ်၊ သတင်းခန်းမစခင် သတင်းထောက်တွေ သတင်းဝန်ထမ်းအားလုံး စုထိုင်တယ်။ စိတ်ငြိမ်အောင် တရားမှတ်တယ်လို့ပဲပြောပြော၊ လေဝင်လေထွက်မှတ်တယ်ပဲပြောပြော ကျနော်တို့စိတ်မှာ မကောင်းတဲ့ အနိဋ္ဌာရုံတွေကို နှလုံးသားထဲကနေ ဖျက်ပစ်နိုင်အောင် ကျနော်တို့ နေ့တိုင်းလုပ်ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာအတွက် လုပ်တာ။ သင်တန်းလည်း ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို ခေါ်ပြီးလုပ်တယ်။
နောက်တခုက လက်တွေ့ကျဖို့။ ကျနော်တို့မှာက ကျနော်တို့ကို ကူညီပေးနေတဲ့ ရှမ်းပြည်လူထု၊ လူငယ်တွေပါမယ်။ သတင်းသမား အသုံးစကားကတော့ CJ Citizen Journalist ပေါ့၊ သူတို့တွေရှိတယ်။ ကျနော်တို့တွေက ကာကွယ်ပေးဖို့၊ ပေးဆပ်နိုင်ဖို့ ဘယ်လိုလုပ်မလဲဆိုပြီး ဒီ Security Policy (လုံခြုံရေးမူဝါဒ) ရေးဆွဲနေတယ်။ ပြီးတော့ မပြီးသေးဘူး။ လက်တွေ့ကျင့်သုံးနေတာကတော့ အသိစိတ်နဲ့ကျင့်သုံးနေတာရှိတယ်။ ဒါပေမယ့် တကယ့်ကို တိတိကျကျ ကူညီပေးနိုင်ဖို့ ပေါ်လစီချမှတ်နေတယ်။ မကြာခင် အတည်ပြုနိုင်ဖို့ လုပ်နေတယ်။
မေး ။ ။ နောက်တခုက ဒိုနာကို မှီခိုရတယ်ဆိုတဲ့အပိုင်းမှာ အခုလို မှီခိုရတာက တိုင်းရင်းမီဒီယာတွေ ရှင်သန်ဖို့အတွက် အခက်အခဲ အတားအဆီးတွေ ဖြစ်စေလား။
ဖြေ ။ ။ တခါတလေ ကျနော်တို့လည်း မေးခွန်းပြန်ထုတ်ပါတယ်။ အခု ပံ့ပိုးပေးတာက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးတာလား။ ဒိုနာဖြစ်ချင်တဲ့သဘောထားအတိုင်း တွန်းအားပေးပံ့ပိုးနေတာလားပေါ့။ ကျနော်တို့ကတော့ မီဒီယာဖွံ့ဖြိုးတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှ ပံ့ပိုးတဲ့ဟာမဟုတ်လို့ရှိရင် မယူဘူး။ ဥပမာ-မီဒီယာလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ လူငယ်ပြုစုပျိုးထောင်ရေး၊ စီးပွားဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းဖြစ်ဖြစ် လာပြီးတော့မှ (ပြောတာ) ရှိတယ်။
အခုက အခက်အခဲက ဘယ်လိုဖြစ်လဲဆိုတော့ ဒိုနာအသစ်ရောက်လာရင် အစီအစဉ်အသစ် ထပ်တိုးရတယ်။ အဲဒီလိုမျိုးပေါ့နော်။ အဲဒီလိုဆိုရင် ဝန်ထမ်းရဲ့အင်အားက ခွဲခွဲပြီးပေးနေရတော့ အလုပ်ကများလာတယ်။ လက်တွေ့ ဖြစ်နေတဲ့သတင်း Daily News (နေ့စဉ်သတင်း)၊ Hard News ကလည်း အရမ်းများတယ်။ အဲဒါတွေက လူအင်အားမှာ ခွဲလိုက်ရတော့ ဘယ်လိုဖြစ်လဲဆို in-Depth Story တွေ တကယ့် ကောင်းကောင်းထုတ်နိုင်တဲ့ ဖီချာစတိုရီတွေ ကျသွားတယ်။ အဲဒါတွေက အဓိက စိန်ခေါ်နေတယ်။
You may also like these stories:
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
ဥပဒေပြင်ပြီး မီဒီယာကို စစ်ကောင်စီ ပိုကျပ်
မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ
သတင်းမီဒီယာအပေါ် စစ်ကောင်စီကျူးလွန်မှုများ တရားမျှတမှုရရေးကြိုးပမ်းမည်ဟု NUG ဆို