စစ်တပ်က တိုင်းပြည်အာဏာ အဓမ္မသိမ်းယူလိုက်တဲ့ အချိန် တတိုင်းပြည်လုံး အာဏာရှင်စနစ်ရဲ့ ဘေးဒုက္ခဆိုးကျိုးတွေကို ကြုံတွေ့ ခံစားနေကြရသလို သတင်းမီဒီယာသမားတွေလည်း ရင်ဆိုင်ခံစားနေကြရပါတယ်။
အာဏာစသိမ်းချိန်ကတည်းက စစ်တပ်က လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေကို စီးနင်းတာ၊ သတင်းထောက်တွေကို လိုက်လံဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ မတရားပုဒ်မတွေတပ်ပြီး ထောင်သွင်း အကျဉ်းချတာတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိချိန်ထိလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေနဲ့ သတင်းထောက်တွေဟာ အာဏာရှင် စက်ကွင်းကလွတ်မြောက်အောင်ကြိုးစားပြီး အခက်အခဲ အကြပ်အတည်းတွေကြားကနေ သတင်းတွေကို ဖော်ထုတ်တင်ပြနေကြပါတယ်။
ဒီအထဲမှာမှ အသက်အန္တရာယ်၊ လုံခြုံရေးနဲ့ မိသားစု ရပ်တည်ရေး အခက်အခဲတွေကြားမှာ ကလောင်တံကို ကိုင်ဆွဲပြီး သတင်းလုပ်ငန်းကို ဆက်လုပ်နေကြတဲ့ အမျိုးသမီး သတင်းထောက်တွေရဲ့ ဘဝဟာလည်း ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
မအဲမလီ ဟာ သတင်းထောက်သက်တမ်း ၁၃ နှစ်ရှိပြီ ဖြစ်တဲ့ ရုပ်သံ သတင်းထောက်တဦးပါ။ ကလေး ၂ ဦးရဲ့ မိခင်ဖြစ်တဲ့ သူမဟာ အာဏာသိမ်းမှု ဖြစ်စဉ်အပြီးမှာတော့ လုံခြုံရေး အရ နယ်စပ်ဒေသကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင် လာရသူဖြစ်ပါတယ်။
တိမ်းရှောင်နေဆဲ ကာလမှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့ အတွက် ကလေး ၂ ဦးနဲ့အတူ ရုန်းကန် ဖြတ်သန်းရင်း သတင်းထောက် အလုပ်ကို ဆက်လက်လုပ်ကိုင်နေသူပါ။ ဒါကြောင့် အာဏာသိမ်းပြီးနောက် သူဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ စစ်အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုကို လွတ်လပ်တဲ့ သတင်းတိုက်တွေနဲ့ သတင်းထောက်တွေ ကြုံတွေ့ခံစားခဲ့ကြရတယ်။ ကိုယ်တိုင်ရော ဘယ်လိုတွေရင်ဆိုင်ခဲ့ရလဲ။
ဖြေ ။ ။ ပြည်တွင်းမှာဒီလောက်ခက်ခဲတဲ့ကြားထဲက ရုန်းကန်နေခဲ့ရတာကို စိတ်ဓာတ်မကျဘူး။ ဒါပေမယ့် ဒီမဲဆောက်မှာ အရမ်းစိတ်ဓာတ်ကျတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်မှာက ကိုယ်တွေလိုပေါ့ ဘဝတွေ၊ ဘဝတွေက ချောင်ပိတ်နေတယ်။ ကိုယ်တွေက အထူးသဖြင့်တော့ ဘာလဲဆိုလို့ရှိရင် အထောက်အထား မရှိတဲ့ဟာက အဓိက စိန်ခေါ်မှုတရပ်ဖြစ်နေတယ်။ ကိုယ်တွေက သွားချင်တိုင်း သွားလို့မရဘူး။ နောက်ထပ်တခုက ဘာသာစကား နားမလည်တာ။
နောက်ပြီးတော့ ကိုယ့်သားသမီးတွေ ကိုယ့်သမီးလေးဆိုလို့ရှိရင်လည်း တနှစ် သူမွေးတဲ့အချိန်မှာ ကိုဗစ်ရောဂါဖြစ်တယ်။ ဆိုတော့ သူအပြင်လောကအကြောင်း သူမသိဘူး။ တနှစ်ပြည့်တဲ့ခါအာဏာသိမ်းတယ်။ အာဏာသိမ်းတဲ့အခါ သူအပြင်လောကကို ထွက်လို့မရဘူး။ ၂ နှစ်ပြည့်တော့ သူထိုင်းနိုင်ငံရောက်သွားပြီ။ ထိုင်းနိုင်ငံ နေရာသစ်မှာ သူဟာသူစိမ်းပဲ။ ၃ နှစ်ပြည့်လို့သူနည်းနည်းသိလာတဲ့အချိန်မှာ အဖေက ဆုံးတယ်။ ဒါကလေးတယောက်ရဲ့ ဘဝ သူ့ဘဝ ဘယ်လောက်ကြမ်းလဲ။ ဒီကလေး သူ့စိတ်ရဲ့ စိတ်ဒဏ်ရာ ဘယ်လောက်ထိ ရှိနေမလဲ။ ဒါခုမှ သုံးနှစ်ပဲရှိသေးတယ်။
သားဆိုရင်လည်း အဲလိုပဲပေါ့။ ကိုဗစ်မှာ သူက ၁ တန်း၊ ၂ တန်းတက်မယ့်လုပ်တော့ ကိုဗစ်ဖြစ်သွားတယ်။ နောက်တနှစ်ကြတော့ အာဏာသိမ်းတယ်။ နောက်တနှစ်ကြတော့ ထိုင်းထဲရောက်လာတယ်။ ထိုင်းရောက်လာတဲ့ အချိန်မှာလဲ ဒီမှာကိုယ့်မှာက ဘာလဲဆိုတော့ အထောက်အထားတွေမရှိတဲ့အခါ ရဲလာတာတို့ တောမောင်း လာတာတို့ဆိုရင် ရှောင်နေရတဲ့ အတွက်ကြောင့် ဒါနဲ့ဆိုရင်နေရာ ၅ နေရာလောက်ရှိပြီ။ ဒါတွေက စိန်ခေါ်မှုတွေလေ။ ဒီကြားထဲမှာ အမျိုးသားက ဆုံးသွားတယ် …။ အဲလိုမျိုးတွေပေါ့။
မေး ။ ။ မိခင်တယောက်ဖြစ်တော့ ပိုပြီးအခက်အခဲတွေ ရင်ဆိုင်ရတာပေါ့။
ဖြေ ။ ။ ကိုယ်ကတော့ ဒီမှာရောက်တော့ အလုပ်တွေ လုပ်နေရတာပေါ့။ ဒီလိုနဲ့ ဒီကလေးနှစ်ယောက်ရဲ့ ပညာရေး သားဆို အခုဒီမှာ ရောက်တယ်။ မြန်မာပြည်မှာဆို သူ့အသက် ၉ နှစ်နဲ့ဆို ၄ တန်း၊ အခု ဒီမှာ ၁၀ နှစ်ပြည့်တော့မယ် ၂ တန်း၊ ပြောရမယ်ဆိုရင် အဖက်ဖက်ကနေ ကလေးတွေရဲ့ ပညာရေး၊ နောက်တခုကြတော့ ဒီဘက်မှာလည်းထိုင်း၊ ဟိုဘက်မှာလည်း ထိုင်းဆိုတော့ ကိုယ့်ကလေးတွေက ကျယ်ကျယ်လောင်လောင် စကားပြောခွင့်မရှိဘူး။ လွတ်လပ်ပေါ့ပါးစွာ ဆော့ခွင့်မရှိဘူး။ ကလေးတယောက်ဟာ အမှန်တကယ်ဆို သူ့ဘဝလေးဟာ ပင်ကိုယ်သူ့အပြုအမူလေးဟာ ပေါ့ပါးနေရမယ်။ ပျော်နေရမယ်။ အော်ချင်တိုင်း အော်နေရမယ့် ကလေးတယောက်မှာ အကုန်လုံးမှာ တိတ်ဆိတ်နေရတယ်။ ဆိုတော့ ကလေးတယောက်ရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးတယ်။

အခုဆိုလို့ရှိရင် အမျိုးသားကလည်း ဆုံးတယ်။ သူတို့မှာ အဖေခေါ်စရာ မရှိတော့ အဖေလည်း ဒီအဖေ၊ အမေလည်း ဒီအမေ ဖြစ်တဲ့ အခါမှာ ဒီအမေကို ပိုပြီးတွယ်တာတယ်။ ဒီအမေကို သူတို့ အပျောက်မခံဘူး။ ဒီအမေမရှိရင် သူတို့မှာ မနေတတ်ဘူး။ မေမေမရှိရင် မဖြစ်တဲ့ဘဝ၊ အဲတော့ သူတို့မှာ အမေသည်သာလျှင် ဟီးရိုး၊ အမေသည်သာလျှင် သူတို့ရဲ့ ဘုရားဖြစ်သွားတယ်။ အဲဒီရိုက်ခတ်မှုတွေက ဘာကြောင့်လဲဆိုရင် အာဏာသိမ်းမှုကြောင့် ဖြစ်လာတာံ ဒီတော်လှန်ရေး ကာလအတွင်းမှာဖြစ်နေတာ။ ကိုယ်ပြိုလဲနေပေမယ့် ကိုယ့်နောက်မှာ ကလေး ၂ ယောက်ရှိသေးတယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကုန်းထရတယ်။
ဒီမှာက ခေါင်းစဉ် အမျိုးမျိုးနဲ့ အန်တု ရင်ဆိုင်နေရတဲ့ ဘဝတွေ မဲဆောက်မှာ တပုံကြီး။ မဲဆောက်က ကျဉ်းကျဉ်းလေး၊ အဲဒီကျဉ်းကျဉ်းလေးထဲမှာ ပြုံနေတာ၊ ကျဉ်းကျဉ်းလေးထဲမှာ ချောင်ပိတ်နေတာ။ မွန်းကျပ်ကုန်တာ။ တခါတလေကြရင် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ အရမ်း ခက်တယ်။ ငါသည် အဲမလီ အဲမလီဆိုတာ အဲလောက် စိတ်ဓာတ်မပျော့ဘူး။ အဲမလီဆိုတဲ့ မိန်းမ ဘယ်လောက် စိတ်ခိုင်သလဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ပြီး မာန်တင်းဖို့က တခါတလေကြရင် တော်တော် အချိန်ယူရတယ်။ အဲလိုမျိုး အနေအထားတွေရှိတယ် ဒီမှာကလေ။
အမျိုးသမီးသတင်းထောက် အထူးသဖြင့် ကိုယ်က အလွတ်တန်းသတင်းထောက် ယောက်ျားကသေ ဒီကလေး နှစ်ယောက် ဘယ်သူကကြည့်မလဲ။ ကိုယ်အပြင်သွား ဒီကလေးနှစ်ယောက်ပါခေါ်သွားရတယ်။ အင်တာဗျူးတယ်ဆိုလည်း ဘေးက ကလေးကို လေချော့မော့ပြီးတော့ အဲဒီမှာတင် အချိန်က တနာရီလောက် ကုန်နေတယ်ဆိုတော့ အလုပ်က မတွင်ဘူး။
ဒါတွေက အခက်အမခဲတွေ အထူးသဖြင့် ကိုယ်က မိခင်၊ မိခင်တွေက ပိုဆိုးတာ ကိုယ်က သူတို့ နှစ်ယောက်ကို လက်လွတ်စပယ် ထားခဲ့ရင် ခေါင်းက သူတို့နှစ်ယောက်ကို ကျန်ခဲ့တဲ့ စိတ်တွေ။ ကိုယ်တွေက နောက်ဆန်တင်းပြီး အလုပ်လုပ်ရတာ ခရီးမရောက်ဘူး။ ဒီလိုအခက်အခဲတွေက ဒီမှာရောက်နေတဲ့ အမျိုးသမီးသတင်းထောက်တိုင်းက အထူးသဖြင့် ဖရီးလန်းစ်လုပ်နေရတာပဲဖြစ်ဖြစ် တယောက်ယောက်ပဲထွက်သွားလို့ ဦးဆောင်နေရတဲ့ အမျိုးသမီးပဲ ဖြစ်ဖြစ် ဒီလိုအခက်ခဲမျိုးက ထပ်တူပဲကျလိမ့်မယ်ထင်တယ်။
မေး ။ ။ အဲဒီလို ဒုက္ခတွေကို စိန်ခေါ်မှုတွေကို ဘယ်လိုစိန်နဲ့ ကျော်ဖြတ်ခဲ့သလဲ။
ဖြေ ။ ။ ဒီစပြီးအာဏာသိမ်းတာနဲ့ အဲမလီသာ သတင်းထောက်ကို မလုပ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ရင် အဲမလီတို့ မိသားစုက အခုဆိုရင် တတိယ နိုင်ငံကို ရောက်နေတာကြာပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲမလီမှာ အခွင့်အရေးတွေအများကြီး ရှိခဲ့တယ်။ ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးတော့ ဒုတိယ အပတ်ထဲမှာ အဲမလီကို သံရုံးက လျှို့ဝှက်မေးတခု၊ အရေးပေါ်မေးတခု ဝင်လာတယ်။ နင်တို့မိသားစုတွေလိုက်မလား။ လိုက်မယ်ဆို ငါတို့ နေရာတခု ပြင်ဆင်ထားပေးမယ်။ ၂၄ နာရီအတွင်း အကြောင်းပြန်ပေးရမယ်။ ဒါကို ကိုယ်က အခွင့်အရေးကို မယူတာ။
ဒါပေမယ့် အဲမလီခံယူချက်နဲ့ အဲမလီ ပြောမယ် ဆိုလို့ရှိရင် ဟိုမှာ ကျည်ဆန် စက်သေနတ်တွေနဲ့ ပစ်နေပြီ သေရတဲ့သူတွေက ဒါကိုမှ ထိုးဖောက်ပြီးတော့ လမ်းပေါ်မှာ တကယ်ကို ဆန္ဒတွေပြနေတဲ့သူတွေ ရှိနေလျှက်နဲ့ မြင်နေလျှက်နဲ့ ကိုယ်ကနေပြီးတော့ လေယာဉ်ပျံကြီးကို သက်တောင့် သက်သာကြီး စီးပြီးတော့မှ သူများနိုင်ငံ၊ သူများတိုင်းပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းလေး နေပြီးတော့မှ ဒီပြည်တွင်းရဲ့ ဖြစ်ရပ်မှန်ကြီးကို ဖိုက်တင်း၊ ဖိုက်တင်းလို့ အားပေးရမှာလား။ အဲဒါဆိုရင် အဲမလီတို့ရဲ့ တော်လှန်ရေးလုပ်နေတာ ဘာကြီးလဲ။ အဲတာကြောင့် အဲမလီက အဲကတည်းက မရွေးခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဲမလီက ကိုယ့်နိုင်ငံမှာကိုယ်နေချင်တာ။ ကိုယ့်ကလေးတွေ အင်္ဂလိပ်စာ၊ ချင်းစာ၊ ထိုင်းစာ ကိုယ်သင်ပေး သူတို့အဲလောက်မကျွမ်းဘူး။ သူတို့မြန်မာစကားပဲရှိတယ်။ ကိုယ်လည်း မြန်မာပြည်မှာပဲ နေချင်တာကိုး။

ဘာကြောင့်ခုထိ လက်ရှိအချိန်ထိ ခက်ခဲနေလဲ၊ ဘာကြောင့် ဖရီးလန့်နဲ့ လုပ်နေလဲမေးရင် အဲမလီက သတင်းထောက်ပဲ လုပ်ချင်တာ။ ရွေးချယ်တာသတင်းထောက်ပေါ့။ အဲတော့ ဒီသတင်းထောက်ကို ဆက်လုပ်ဖို့ ဒီလောက်ထိ စိတ်ဓာတ် ကြံ့ခိုင်နေရတာ။ ကိုယ်ဘွဲ့ရကတည်းက ဝင်ငွေရတဲ့ အလုပ်စလုပ်ကတည်းက ဒီမီဒီယာအလုပ်ကို စလုပ်ခဲ့တာ။ ဒါပဲ လုပ်မှာ ဒါပဲလုပ်တတ်တာ။
မေး ။ ။ ဒီလောက်အန္တရာယ်များတဲ့ သတင်းထောက်အလုပ်ကို ဘာလို့ ဆက်လုပ်နေတာလဲ။
ဖြေ ။ ။ တဘက်မှာ အာဏာရှင်က ဂျာနယ်လစ်တွေ မီဒီယာတွေ၊ စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာလေ။ သတင်းအမှောင်ကို ဖုန်းလွှမ်းတာ။ အဲဒီအတွက် ဂျာနယ်လစ်တွေများများရှိဖို့ လိုအပ်တယ်။ သူတို့ ဘယ်လောက်ပဲဖုံးဖုံး သူတို့ မတရားလုပ်တာ ဖော်ထုတ်ဖို့ အတွက်ဆိုရင် သူတို့ ဂျာနယ်လစ်တွေက များများရှိနေဖို့လိုတယ်။ များများရှိဖို့အတွက် ကိုတွေလည်း မားမား မတ်မတ် ရပ်တည်ပေးဖို့လိုတယ် ဒါကြောင့် အခုရှေ့ဆက်ပြီးတော့ ဒီမိုကရေစီတော်လှန်ရေးသည်။ မပြီးမြောက်သေးဘူး။ ပြီးမြောက်သွားသည်ဖြစ်စေ။ ဆက်ပြီးတော့ တွန်းလှန်နေရဦးမည်ဖြစ်စေ။ ဂျာနယ်လစ်တွေကတော့ ဆက်ပြီးတော့ အားမွေးနေဖို့လိုတယ်။ ဆက်တော့ ရှိနေဖို့လိုတယ်။ ဒီကာလထဲမှာ ဒီဒဏ်တွေကို မခံနိုင်လို့ ဆိုပြီးတော့ တခြားလမ်းကြောင်းတွေ ပြောင်းသွားတယ်။ တခြား Life Style တွေကို ဖွေရှာသွားတဲ့သူတွေ တပုံကြီးပဲလေ။
မေး ။ ။ ရှေ့အနာဂတ်ကို ဘယ်လိုမျှော်လင့်လဲ။
ဖြေ ။ ။ ရှေ့အနာဂတ်ကို ဘယ်လိုမျှော်လင့်လဲဆိုရင်တော့ အဲလိုမျိုး ချမှတ်မထားဘူး။ လတ်တလောမှာဆိုရင် ကိုယ့်သားသမီး ကိုယ့်အနားမှာ ရှိနေရင်၊ ကိုယ်ကနေသူတို့ကို ကာကွယ်မှုပေးနိုင်မယ်ဆိုလို့ရှိရင်လည်း ကိုယ်က မိခင်ကောင်း တယောက် အနေနဲ့ သူတို့အတွက်လည်း ကိုယ်က အမြဲတမ်း လုံခြုံမှုပေးနိုင်တဲ့ မိခင်ကောင်း တယောက်အနေနဲ့ ရပ်တည်ပေးသွားမယ်။
ကိုယ့်အနေနဲ့ တတိယနိုင်ငံတွေ၊ ဘာတွေ ခေါင်းထဲမှာလည်း ရှိမနေဘူး။ လက်ရှိ ကိုယ်လျှောက်နေတဲ့ ဒီနေ့၊ မနက်ဖြန်၊ သန်ဘက်ခါဆိုတဲ့ အနေအထားတိုင်းမှာ ကလေးတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာရော၊ တခြား လိုအပ်တဲ့လိုအပ်ချက်တွေ မှန်သမျှ အကောင်းဆုံး ဖြည့်ဆည်းရမယ်။
ဒီမှာကတော့ ကိုယ်ကရှေ့ဆက်ပြီးတော့တော့ ရုန်းကန်နေရဦးမှာပဲ။ တောင့်ခံနေရဦးမှာပဲလေ။ ဒီမှာရှိနေသမျှ ကာလပတ်လုံးကတော့ ကိုယ်ပြန်လို့မှမရတာ။ ဒီကာလမှာကတော့ ဒီကလေးတွေ အတွက်ကတော့ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် မအေရှိနေတာကိုက သူတို့အတွက်ပြည့်စုံနေရမယ်။