ကရင် လူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသည် ကြီးမားသော ဆည်စီမံကိန်းများ၊ အထူးသဖြင့် မြန်မာမှ အဓိကမြစ်ဖြစ်သော သံလွင်မြစ်ပေါ်မှ ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်နေသည်မှ ဆယ်စုနှစ် နှစ်ခု ကြာပြီဖြစ်သည်။
လူမှုအခြေပြု အဖွဲ့အစည်းများ၏ ညွန့်ပေါင်းအဖွဲ့ဖြစ်သော ကရင်မြစ်များစောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch) က သံလွင်မြစ် လွတ်လပ်စွာ စီးဆင်းနိုင်ရေးနှင့် နောင်မျိုးဆက်အတွက် ရေသယံဇာတ ထိန်းသိမ်းရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို ပိတ်ပင်ရန် ထပ်မံတောင်းဆိုသည်။
သံလွင်မြစ်တလျှောက်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသရှိ ဒေသခံ တထောင်ခန့်သည် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့လှုပ်ရှားမှုတွင် မတ်လ ၁၄ ရက်နေ့က ပူးပေါင်းပါဝင်ကြသည်။ သံလွင်မြစ်သည် သယ်ယူပို့ဆောင်ရေး၊ ငါဖမ်းလုပ်ငန်းနှင့် လယ်ယာအတွက် ရေ ထောက်ပံ့ပေးသည်။
သဘာဝသယံဇာတများ၊ ဇီဝမျိုးစု မျိုးကွဲစုံလင်မှု၊ ယဉ်ကျေးမှု အမွေအနှစ်နှင့် မျိုးတုံးပျောက်ကွယ်တော့မည့် ဖာပွန်ခရိုင်ကို ကရင်ဘာသာစကားဖြင့်ခေါ်သည့် မူတြော် ခရိုင်မှ သားရိုင်းတိရစ္ဆာန်များကို ကာကွယ်မည့် ဌာနေ ဘေးမဲ့တောအဖြစ် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ထူထောင်ခဲ့သည်။
အဆိုပြုထားသည့် ရေကာတာကြောင့် ကရင်ပြည်နယ် ဂေဟစနစ်အပေါ် ထိခိုက်မှုကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြရန် ဒေသခံများ နှစ်စဉ်စုဝေးကြသည်။ ကရင်ပြည်နယ်မှ လူ ၁၀ သန်းခန့် ထိုမြစ်အပေါ် မှီခိုနေရသည်။
ယခင် စစ်အုပ်စုသည် ထိုရေကာတာများ တည်ဆောက်ရန် ၂၀၀၅ ခုနှစ်တွင် စတင်စီစဉ်ပြီး သံလွင်မြစ်ပေါ်တွင် ၁၃၆၀ မဂ္ဂါဝပ် ဆည်တခု တည်ဆောက်ရန် တရုတ်မှ Sinohydro, ထိုင်းနိုင်ငံမှ EGAT တို့နှင့် စာချုပ်တခု နောက်တနှစ်တွင် လက်မှတ်ရေးထိုးသည်။ ဒေသခံများက ထိုစီမံကိန်းများကို ဆန့်ကျင်သော်လည်း ၂၀၀၆ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အကဲဖြတ်ချက်များ ပြုလုပ်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ဟတ်ကြီး ရေကာတာ အပါအဝင် သံလွင်မြစ်ပေါ်တွင် ရေကာတာ ခြောက်ခု တည်ဆောက်မည့် စီမံကိန်းများကို ကြေညာသည်။
နောက် လေးနှစ်အတွင်းတွင် လမ်းတည်ဆောက်ရေးနှင့် စီမံကိန်း လုံခြုံရေးအတွက် စစ်အုပ်စုက တပ်များ ချထားပြီးနောက် ပဋိပက္ခများ ကြုံတွေ့ရသည်။ ကျေးရွာပေါင်းများစွာသည် အတင်းအကျပ် ချောဆွဲပြီး လုပ်အားစေခိုင်းခံရမည်ကို စိုးရိမ်သောကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးကြသည်။
၂၀၂၁ ခုနှစ်၊ မေလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထိုရေကာတာ စီမံကိန်းများ ပြန်လည် စတင်မည့်လေသံ ပစ်လာသည်။
ကရင်အမျိုးသမီး အစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောသည် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အုပ်ချုပ်ရေး ကော်မတီတွင်ပါဝင်ပြီး KNU ထိန်းချုပ် မူတြော်ခရိုင်အတွက် အကြံပေးတဦးလည်း ဖြစ်သည်။ သူသည် ရေကာတာဆန့်ကျင်ရေး စုဝေးပွဲ အများအပြားတွင် ပါဝင်ခဲ့သူဖြစ်သည်။
မည်သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက်မဆို ဒေသခံများကို တိုင်ပင်ဆွေးနွေးရန် ပြောဆိုရမည်ဟု နိုင်ငံတကာ အသိုက်အဝန်းကို ၎င်းကတိုက်တွန်းသည်။
သံလွင်မြစ်၏ ကြွယ်ဝသော ဓလေ့ထုံးစံနှင့် သယံဇာတများအကြောင်း နော်ကညောဖောက ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဧရာဝတီ ။ ။ သံလွင်ရေကာတာ စီမံကိန်းတွေ ရပ်ထားပုံရတယ်။ အဲဒီ စီမံကိန်းတွေ ပြန်စနိုင်လား။
နော်ကညောဖော ။ ။ ထိုင်းအစိုးရနဲ့ မြန်မာစစ်ကောင်စီက ရေကာတာတွေ တည်ဆောက်ဖို့ အမြဲတမ်း စိတ်ဝင်စားကြတယ်။
ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်ပြီး ကျမတို့မှာ ကျမတို့ကို ထောက်ခံမယ့် နိုင်ငံတကာ သွေးစည်းခိုင်မာမှု ရှိတယ်။ ကျမတို့ တသက်မှာ ရေကာတာတွေ ဆက်လက် တည်ဆောက်နိုင်မယ်လို့ မထင်ဘူး။
ဒါပေမယ့် အနာဂတ်မှာ ဒါတွေ မဖြစ်အောင်လို့ နိုးကြားမှုကို ဆက်လက် ထိန်းသိမ်းထားဖို့လိုတယ်။ နောက်လာမယ့် မျိုးဆက်ဟာ နိုးကြားပြီး ဒီလိုစီမံကိန်းကြီးတွေကို ဆက်လက် ခုခံရမယ်။
သူတို့ရဲ့ နောက်ခံသမိုင်း ဒါမှမဟုတ် လူမှုအဆင့်နဲ့မဆိုင်ဘဲ လူတိုင်းလူတိုင်း ရေရင်းမြစ် အသုံးပြုခွင့် ရသင့်တယ်။ ငွေနဲ့ အာဏာရှိသူတွေ အတွက်သာမက လူတိုင်းအတွက် ဖြစ်ရမယ်။
တန်းတူညီမျှမှုနဲ့ တန်းတူအခွင့်အရေးတွေ ရှိရမယ်။ လူတိုင်းလူတိုင်းအတွက် အခြေခံ အခွင့်အရေးဆိုတာ ရှိတယ်။
ဒီစီမံကိန်းကြီးတွေမှာ ပြင်းထန်တဲ့ ဆိုးကျိုးတွေရှိပြီး ဒေသခံတွေအတွက် ဘာအကျိုးကျေးဇူးမှ ဆောင်ယူ မပေးဘူး။ လျှပ်စစ်ဓာတ်အားကို ပြည်ပတင်ပို့ပြီး ဒေသခံတွေက အနစ်နာခံပေးဆပ်ရမယ်။
ဒီစီမံကိန်းကြီးတွေမှာ ပြင်းထန်တဲ့ ဆိုးကျိုးတွေရှိပြီး ဒေသခံတွေအတွက် ဘာအကျိုးကျေးဇူးမှ ဆောင်ယူ မပေးဘူး။ လျှပ်စစ်ဓာတ်အားကို ပြည်ပတင်ပို့ပြီး ဒေသခံတွေက အနစ်နာခံပေးဆပ်ရမယ်။
နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ သံလွင်မြစ်က ရေကာတာတွေကို ဆန့်ကျင်သင့်တယ်။
မေး ။ ။ မတ်လ ၁၄ ရက်နေ့အတွက် ဆောင်ပုဒ်က “လူတိုင်းအတွက်ရေ” ဖြစ်တယ်။ ရေအရင်းအမြစ်တွေ အသုံးပြုခွင့်ရဖို ဘယ်လိုစိန်ခေါ်မှုတွေကို ဒေသခံတွေ ရင်ဆိုင်ရလဲ။
ဖြေ ။ ။ သံလွင်မြစ်ဟာ လူတိုင်းအတွက်ဖြစ်တယ်။ လူတွေ ငါးလာဖမ်းနိုင်သလို ခရီးသွားလို့လည်းရတယ်။
ရေကာတာက အဲဒါတွေကို ရပ်ဆိုင်းပစ်လိမ့်မယ်။ ခြံစည်းရိုးခတ်ပြီး ကျမတို့ အသုံးပြုခွင့် ဆုံးရှုံးမယ်။
နိုင်ငံအများအပြားမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ကျေးရွာတွေက ရေကို ခိုးယူပြီး စမ်းချောင်းတွေ ခန်းခြောက်စေတယ်။
ငွေရှိရင် သန့်စင်တဲ့ရေ ဝယ်လို့ရပေမယ့် ဒေသခံတွေဟာ စနစ်ကျတဲ့ရေ အသုံးပြုခွင့်မရတာ မကြာခဏ ဖြစ်တယ်။
ဒီမြစ်ကြီးနဲ့ စမ်းချောင်းတွေ ရှိနေပြီး ရေတွင်းတွေ တူးနိုင်လို့ ကျမတို့ လောလောဆယ် သန့်ရှင်းတဲ့ရေ အသုံးပြုခွင့်ရနေတယ်။
အားလုံးအတွက် ရေကို မထိန်းသိမ်းထားနိုင်ရင် ရေဟာ ချမ်းသာတဲ့ လူတချို့အတွက် အခွင့်ထူး ဖြစ်လာမယ်။
ဆင်းရဲတဲ့လူတွေ ဒုက္ခရောက်မယ်။ လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်။
ဒါကြောင့်မို့လို့ ကျမတို့က ရေကာတာတွေကို ဆန့်ကျင်တယ်။ ကျမတို့အနေနဲ့ ကျမတို့ရေကို ကာကွယ်စောင့်ရှောက်ဖို့၊ သန့်ရှင်းအောင်ထားဖို့ အမှိုက်၊ အထူးသဖြင့် ပလတ်စတစ်တွေ ရေထဲကို မပစ်ဖို့ ကတိကဝတ် ပြုရမယ်။ မြစ်ချောင်းတွေကို ကိုသန့်ရှင်းအောင်၊ အနာဂတ်မျိုးဆက်တွေအတွက် လွတ်လပ်စွာ စီးဆင်းစေအောင် ထိန်းသိမ်းထားသင့်တယ်။
မေး ။ ။ ရေအရင်းအမြစ်တွေ ထိန်းသိမ်းဖို့ ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ဒီဒေသဟာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ငြိမ်းချမ်းရေးဥယျာဉ် ညီလာခံက ရေနဲ့ ငါးဖမ်းလုပ်ငန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောပြုန်းတီးမှုရပ်ဖို့ ပြောဆိုတယ်။ ပြည်သူတွေ နိုးကြားလာပေမယ့် ကျမတို့ ဆက်လက် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုတယ်။ မူဝါဒ ချမှတ်ရုံနဲ့ မရဘူး အဲဒီမူဝါဒကို အကောင်အထည်ဖော်ရမယ်။
ကျမတို့မှာ အဲဒီတာဝန်ရှိပြီး သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ ကတိကဝတ် ပြုရမယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးဖို့အတွက် ကျမတို့ နှစ်စဉ် စုဝေးတယ်။ ဒေသခံတွေက ကျမတို့ရဲ့ ဘိုးဘွားတွေလိုပဲ ဒီမြစ်နဲ့ ငါးဖမ်းလုပ်ငန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသိယအသိပညာနဲ့ သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်တယ်။ အဲဒီအသိပညာကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရမယ်။
မေး ။ ။ သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ဟာ အောင်မြင်တဲ့ အစီအစဉ်အဖြစ် သတ်မှတ်ခံရတယ်။ ပဋိပက္ခကြောင့် ဘာစိန်ခေါ်မှုတွေ ရင်ဆိုင်ရလဲ။
ဖြေ ။ ။ ဒါဟာ အောက်ခြေကနေ အထက်ကို တက်လာတဲ့ စီမံကိန်းဖြစ်လို့ အရမ်းကို အောင်မြင်ပါတယ်။ အုပ်ချုပ်ရေး ကော်မတီကို ဒေသခံတွေက ရွေးချယ်တယ်။ ဒါဟာ စုပေါင်းဆောင်ရွက်တာဖြစ်ပြီး အားလုံး အတူတကွ လုပ်ဆောင်ကြတယ်။
နှစ်စဉ် လူမှုအသိုက်အဝန်းအားလုံး၊ KNU နဲ့ လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံတယ်။
ပဋိပက္ခအတွင်းမှာ စိန်ခေါ်မှုများပေမယ့် ပြည်သူတွေမှာ အသိပညာရှိတော့ ဆက်လက် ရှင်သန်နိုင်ကြတယ်။ သူတို့တွေက ကျေးရွာကို စွန့်ခွာရရင်တောင်မှ တောထဲမှာ အစားအစာ ဘယ်နေရာမှာ ရှာရမယ်ဆိုတာကို သိလို့၊ အမြောက်နဲ့ပစ်၊ လေကြောင်းတိုက်ခိုက်မှုလုပ်ရင် ဘယ်နေရာမှ ဘေးကင်းတယ်ဆိုတာကို သိလို့ ပြည်သူတွေက တောထဲမှာ ဆက်လက် ရှင်သန်နိုင်ကြတယ်။
ကျမတို့မှာ မှီခိုအားထားနိုင်တဲ့ တောတွေတောင်တွေနဲ့ မြစ် ရှိနေဆဲမို့ ကျမတို့ ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်။
ကျမတို့မှာ မှီခိုအားထားနိုင်တဲ့ တောတွေတောင်တွေနဲ့ မြစ် ရှိနေဆဲမို့ ကျမတို့ ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်။
ပြည်သူတွေဟာ ကျမတို့ အကာအကွယ်အတွက် ကျမတို့ရဲ့ သစ်တောတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရမယ်ဆိုတာကို ပိုပြီးနားလည်လာကြတယ်။
ကျမတို့မှာ အသိပညာရှိပြီးသားပဲ။ ကျမတို့ ညီညွတ်ရင် ဆက်လက် ရှင်သန်တိုးတက်ဖို့ အလေ့အထနဲ့ ယဉ်ကျေးမှုကို ကျမတို့ မျှဝေနိုင်မယ်။
မေး ။ ။ ဒီဒေသမှာ အခြေခံအဆောက်အအုံနဲ့ လမ်းတွေ မရှိဘူး။ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းဟာ အသိအမြင် နိုးကြားမှု မြှင့်တင်ရေး စွမ်းရည်ကို အကန့်အသတ် ဖြစ်စေပါသလား။
ဖြေ ။ ။ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကျမတို့ တောင်းဆိုတယ်။ ဒေသခံတွေအနေနဲ့ ဘာအခြေခံ အဆောက်အအုံ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းတွေက ကျမတို့ကို အမြတ်ထုတ် အသုံးချတာကို မလိုချင်ဘူး။ ပြည်သူတွေက ဦးဆောင်ရမယ်။
သွားရေးလာရေး ခက်ခဲခဲ့ဖူးပေမယ့် အခု ပြည်သူတွေဟာ ဘယ်နေရာကမဆို လာနိုင်ပြီ။ လမ်းဟောင်းတွေက ဆိုင်ကယ်အတွက်ပဲဖြစ်ပေမယ့် သံလွင်မြစ်အထက်ပိုင်းကို နာရီပိုင်းနဲ့ ရောက်နိုင်ပြီ။
လူအများစုက ဖွံ့ဖြိုးတိုးတက်မှု လိုချင်ပေမယ့် အဲဒီကိစ္စကို ဆွေးနွေးတဲ့အခါ သူတို့အသံကိုလည်း နားထောင်စေချင်တယ်။
ရွာသားတွေဟာ ပဋိပက္ခအတွင်းမှာ အကောင်းဆုံး ကြိုးစားတယ်။ တိုးတက်မှု ရှိတယ်။
အရင်တုန်းက ကျမတို့ဒေသမှာ စစ်စခန်းတွေ အများကြီးရှိခဲ့ပေမယ် အခုတော့ ပြည်သူတွေဟာ အကြောက်တရား မရှိဘဲ ခရီးသွားနိုင်ကြပြီး လမ်းတွေအတူတကွ ဖောက်နိုင်ကြပြီ။ ဒါဟာ ပထမခြေလှမ်းပဲ။
အရင်တုန်းက ကျမတို့ဒေသမှာ စစ်စခန်းတွေ အများကြီးရှိခဲ့ပေမယ် အခုတော့ ပြည်သူတွေဟာ အကြောက်တရား မရှိဘဲ ခရီးသွားနိုင်ကြပြီး လမ်းတွေအတူတကွ ဖောက်နိုင်ကြပြီ။ ဒါဟာ ပထမခြေလှမ်းပဲ။
မေး ။ ။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စီမံအုပ်ချုပ်မှုဟာ ဖက်ဒရယ်မြန်မာအတွက် စံနမူပုံစံတခု ပေးနိုင်လား။
ဖြေ ။ ။ အောက်ခြေကနေ အထက်ကိုလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်ချင်ရင် လူမှုအသိုက်အဝန်းတွေ ပါဝင်ရမယ်။
ကျမတို့ဟာ ကျမတို့ တိုးတက်မှုအတွက် ဆုံးဖြတ်ချက်တွေ ချနိုင်သင့်တယ်။ ဒါဟာ ရေရှည်တည်တံ့တယ်။ ဖက်ဒရယ်မြန်မာကို အောက်ခြေကနေ တည်ဆောက်နိုင်တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ “Water should be accessible to everyone” ကို ဘာသာပြန်သည်။)
You may also like these stories:
လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်
သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း
သံလွင်မြစ်ပေါ် ရေကာတာများ တည်ဆောက်လျှင် မွန်၊ ကရင်လူထု အသက်မွေးဝမ်းကြောင်း ထိခိုက်နိုင်ဟုဆို
အသတ်ခံခဲ့ရသည့် ကရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူအတွက် အောက်မေ့ဖွယ်ဝတ်ပြုပွဲ