၂၀၀၉ ခုနှစ် ဧပြီလ ၁၀ရက်က စခဲ့သည့် ရက္ခိုင့်တပ်တော်( AA) သည် သက်တမ်း၁၅နှစ်ပြည့်မြောက်ချိန် စစ်ရေးအရ ရခိုင် ပြည်နယ်အတွင်း မြို့များ သိမ်းပိုက်နိုင်သည့်အထိ အောင်မြင်ခဲ့သလို အာရက္ခ တပ်တော်ဟု အမည်ပြောင်းကာ နိုင်ငံရေး တွင် ကွန်ဖက်ဒရိတ်ထက်မနိမ့်သည့် အဆင့်ကို ရရန် ကြိုးစားနေကြောင်း နိုင်ငံရေးရည်မှန်းချက်ကို ထုတ်ပြောထားသည်။
ထို့အတွက် အာရက္ခတပ်တော်၏ စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကို တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ရက္ခိုင့်တပ်တော်ကနေ အာရက္ခတပ်တော်လို့ ဘာကြောင့် ပြောင်းလဲလိုက်တာလဲ။
ဖြေ ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ပြည့်တုန်းက ရက္ခိုင့်တပ်မတော်ကနေ ရက္ခိုင့်တပ်တော်ဆိုပြီး ပြောင်းလဲခေါ်ခဲ့တယ်။ အခု ၁၅နှစ်ပြည့်မှာ ရက္ခိုင့်တပ်တော်ကနေ အာရက္ခတပ်တော်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်သုံးစွဲတော့မှာဖြစ်တယ်။ ဒါက ထူးခြားချက် တခုပေါ့။ နောက်တခုက ဒီနှစ်တပ်တော်နေ့ ကျင်းပချိန်မှာ အဆုံးအဖြတ် မြေပြင်ထိုးစစ်ကြီးတွေကို ဆင်နွှဲနေချိန်ဖြစ်တယ်။
ကျနော်တို့ ပြည်သူတွေကလည်း ကြံ့ကြံ့ခံပြီးတော့ စည်းစည်းလုံးလုံးနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်းတိုက်ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်တယ်။ အနာဂတ်နဲ့ သမိုင်းရဲ့ အလှည့်အပြောင်းကာလတခုကို ဆုံးဖြတ်ပေးမယ့် တိုက်ပွဲကြီးကို ကျနော်တို့ တိုက်နေကြတဲ့ကာလဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကာလဟာ အလွန်အရေးကြီးတဲ့ အချိန်ကာလဖြစ်တယ်။ ဒါကတော့ ဒီနှစ်တပ်တော်နှစ်ရဲ့ ထူးခြားချက်ဖြစ်ပါတယ်။
မေး ။ ။ ၁၅ နှစ်ပြည့်တဲ့အချိန်မှာ ရည်မှန်းချက်တွေ ဘယ်လောက် ပြည့်မြောက်နေပြီလဲ။
ဖြေ ။ ။ နာမည်ပြောင်းတာကတော့ ကျနော်တို့က ရည်မှန်းချက်အတိုင်းတော့ တသွေမတိမ်းတော့ ချီတက်နေတာပေါ့။ အောင်မြင်မှုတွေလည်း အများကြီးရနေတယ်လို့လည်း ပြောလို့ရတာပေါ့။ အပြောင်းအလဲကတော့ အရင်ထက်စာရင်တော့ ပိုပြီးတော့ အရှိန်အဟုန်နဲ့ သွားနေတယ် ပြောလို့ရတာပေါ့။ ကျနော်တို့ရဲ့ ရည်မှန်းချက် နီးသထက်နီးလာပြီလို့ ပြောလို့ ရတယ်။
မေး ။ ။ လက်ရှိစစ်ရေးလှုပ်ရှားမှုတွေနဲ့ သိမ်းပိုက်ထားတဲ့ဒေသတွေ အတည်ပြုပေးပါဦး။
ဖြေ ။ ။ လက်ရှိ အလုံးစုံထိန်းချုပ်ထားတဲ့ နေရာတွေက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပလက်ဝပေါ့။ နောက်ထပ် မောင်တော၊ ဘူးသီးတောင်မှာလည်း အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်နေရာတွေမှာပဲ ရှိပြီး ကျန်တဲ့နယ်ဘက်တွေ အားလုံး ကျနော်တို့ အာရက္ခတပ်တော်ကနေ ထိန်းချုပ်ထားတာ ဖြစ်ပါ တယ်။
ကျောက်ဖြူ၊ စစ်တွေမြို့ကြီးတွေမှာလည်း မြို့တွင်းလောက်ပဲ သူတို့ရှိပြီး နယ်ဘက်တွေမှာ ကျနော်တို့ အာရက္ခတပ်တော် က သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ကျန်တဲ့မြို့နယ်တွေ အားလုံးမှာလည်းပဲ ကျနော်တို့က တိုက်ပွဲမဖော်ရင်တောင် နည်းမျိုးစုံနဲ့ ထိန်းချုပ်ထားတဲ့နေရာတွေ ရှိပါတယ်။ ဒါကတော့ လက်ရှိ ရခိုင်စစ်မြေပြင်အနေအထားကို ပြောနိုင်သလောက် ပြောပြတာပဲဖြစ်ပါတယ်။
မေး ။ ။ သိမ်းပိုက်ထားတဲ့မြို့တွေမှာ ဘာတွေလုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ပြည်သူတွေ လုံခြုံရေးက အရေးကြီးဆုံးပဲ။ နံပါတ် ၁ ပေါ့။ ပြည်သူတွေကို ဘယ်လိုလုံခြုံအောင် နေထိုင်ရမယ် ဆို တဲ့ဟာကို တောက်လျှောက်ကြိုးစားနေတယ်။ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အသိ ပညာပေးတွေ တောက်လျှောက်လုပ်နေတယ်။ ပြီးတော့ မြေမြှုပ်မိုင်းအန္တရာယ်ကင်းအောင် ပညာပေးမှုတွေ လုပ်နေတာရှိ တယ်။ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း တပ်တော်အနေနဲ့ လုပ်ဆောင်နေတာရှိပါတယ်။ အာရက္ခပြည်သူ တွေရဲ့ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး၊ ဆန်၊ ဆီ လိုအပ်ချက်တွေကို အရင်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့ဘက်က လုပ်ဆောင်နေတာတွေရှိပါတယ်။
လာမယ့် မိုးရာသီမှာ ဆန်စပါးနဲ့ အသီးအနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်ချက်တွေကိုလည်းပဲ အချိန်မီရရှိနိုင်ဖို့အတွက် လုပ်ဆောင်နေတာရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် ကျနော်တို့မှာရှိတဲ့ ဆေးဝါးတွေနဲ့ အကောင်းဆုံး စောင့်ရှောက်မှု ပေးနေသလို ပညာရေးလုပ်ငန်းတွေလည်း ကလေးတွေ ပညာရေးပြတ် မသွားဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။
မေး ။ ။ ဒီလုပ်ငန်းစဉ်တွေမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။
ဖြေ ။ ။ စစ်ပွဲမဖြစ်ခင်ကတည်းက မြန်မာပြည်မဘက်ကနေ ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှု မရှိရအောင် ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း အကုန်ပိတ်ဆို့ထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကုန်စည်စီးဆင်းမှုတွေကတော့ ပြတ်တောက် နေတယ်။ အဲဒီကြားထဲမှာ စစ်ကောင်စီက ရခိုင်တွေကို လူမျိုးရေး အမုန်းတရားတွေပေါ်မှာ အခြေခံပြီးတော့ လေကြောင်း ကနေ နေ့ညမပြတ် တိုက်ခိုက်နေတာတွေရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ရခိုင်တွေကို လူမျိုးတုံးသတ်ဖြတ်ပစ်မယ်ဆိုတဲ့ အနေအထားမျိုးထိ လုပ်လာတာတွေ့ရတယ်။
မေး ။ ။ AA ကပြောနေကျ ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်ရရှိဖို့ ဆိုတာက ဘယ်လောက် နီးစပ်နေပြီလို့ ပြောနိုင်ပြီလဲ။
ဖြေ ။ ။ ရက္ခိတလမ်းစဉ်ဆိုတာ အာရက္ခပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေရဲ့အရေးကို ဦးစားပေး လုပ်ဆောင်မယ့် လမ်းစဉ်တခုလို့ ပြောလို့ရတယ်။ အာရက္ခပြည်သူတွေရဲ့ အချုပ်အခြာ အာဏာဟာ အာရက္ခပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်။ အာရက္ခပြည်သူတွေရဲ့ ကံကြမ္မာကို တခြားတဖွဲ့ တခြားလူမျိုး တခုခုက ဆုံးဖြတ်တာမျိုးတော့ လုံးဝ လက်မခံဘူး။
မေး။ ။ နိုင်ငံရေးရည်မှန်းချက်တွေရဖို့ ဘယ်လိုအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ တော်လှန်ရေးကာလမှာတော့ တချို့ကိစ္စတွေက လျှို့ဝှက်ထားရမယ့်ကိစ္စတွေဖြစ်တာကြောင့် ပန်းတိုင်ကို ကျနော် တို့ရဲ့ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း တသွေမတိမ်း ဆက်လက် ချီတက်နေတယ်။ အရင်လည်းပြောဖူးပါတယ်။ ကျနော်တို့ ULA /AA ဟာ ကျနော်တို့ချမှတ်ထားတဲ့ ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လက်နဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဖန်တီးရယူပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
မေး ။ ။ ၁၅ နှစ်အတွင်း လူထုနဲ့ ဘယ်လောက်ချိတ်ဆက် ဆောင်ရွက်ထားနိုင်နေပြီလဲ။
ဖြေ ။ ။ အများကြီးကောင်းတယ်ပြောလို့ ရပါတယ်။ ကျနော်တို့ပြည်သူတွေက သူတို့ရဲ့ လွတ်မြောက်စေတဲ့စိတ်ကြောင့် အများကြီးအားသန်တာတွေ့ရတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုမျိုးအခက်အခဲကိုမဆို ဘယ်လိုစိန်ခေါ်မှုကိုမဆို တပ်တော်နဲ့ ပူးပေါင်းပြီးတော့ ဖြတ်ကျော်သွားမယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်။
မေး ။ ။ ဘာများဖြည့်စွက်ပြောပြချင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်ကောင်စီက ကမာ္ဘနောက်ဆုံးလက်ကျန် ဖက်ဆစ်စစ်တပ်ဖြစ်တယ်။ သူတို့ကို သင်တန်းပေးခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေက ပြောင်းလဲသွားပြီဖြစ်ပေမယ့် သူတို့ မွေးထုတ်ပေးခဲ့တဲ့ ဗမာစစ်တပ်က အခုအချိန် ထိတော့ ဘာမှမပြောင်းလဲသေးဘူး။ သူတို့ဟာ အလုံးစုံဖျက်ဆီးရေးမူဝါဒကို ကိုင်ပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲဟာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနဲ့ ပြည်သူတွေကြားမှာဖြစ်နေတဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘာမှစဉ်းစားနေစရာ မလိုဘူး။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို မြန်မာမြေပုံကနေ အပြီးတိုင် တိုက်ထုတ်နိုင်မှပဲ ကျနော်တို့ပြည်သူတွေရဲ့ အနာဂတ်လုံခြုံရေးက အာမခံချက်ရှိလာမှာဖြစ်ပါတယ်။ လုံခြုံရေးအာမခံ မရှိရင်တော့ လွတ်လပ်မှုဆိုတာတော့ ဝေးသွားမှာပေါ့။ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် တိုက်ထုတ်ပြီးတော့ ကျနော်တို့ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးအာမခံချက်တွေကို ရရှိမှဖြစ်မယ်ဆိုတာကို ပြောကြားလိုပါတယ်။
You may also like these stories:
ရခိုင့် တော်လှန်ရေးအစိုးရနှင့် ဆက်ဆံရန် အချိန်ကျပြီ
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး
ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ
စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော