ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ရွှေကုက္ကိုလ်က ကျားဖြန့်ဟု ခေါ်သော အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှု အပြင် လူကုန်ကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများနှင့် ရှုပ်ထွေးပွေလီကာ လူအများ အာရုံစိုက်ခံရသည့် နာမည်ဆိုးဖြင့် ကျော်သော ဒေသဖြစ်သည်သာမက မကြာမီက ဖြစ်ခဲ့သည့် မြဝတီတိုက်ပွဲအပြီး ရွှေကုက္ကိုလ်၏ ခေါင်းကိုင် ဗိုလ်မှူးကြီး စောချစ်သူကို လှေနံနှစ်ဖက်နင်းသူအဖြစ် ပြန်လည်တွေ့မြင်လာရပြန်လေသည်။
ထို့အတွက် ဒုစရိုက်မြို့တော် အကြောင်းသိရှိနိုင်ရန် ရွှေကုက္ကိုလ် ကျားဖြန့်အလုပ်တွင် တနှစ်ကျော် သွားရောက်လုပ်ခဲ့သော အစိုးရဌာနတခုမှ CDM လုပ်ခဲ့သော အမျိုးသားတဦးက ဧရာဝတီက မေးမြန်းကာ ဖော်ပြလိုက်ပါသည်။
မေး။ ။ ကျားဖြန့်အလုပ် မှာ ဘယ်လိုကြောင့်လုပ်ဖြစ်သွားတာလဲ။
ဖြေ။ ။ ရွှေကုက္ကိုလ်မှာ လုပ်နေတဲ့ သူငယ်ချင်းက လှမ်းဆက်သွယ်တာ။ အလုပ်စခေါ်တုန်းက ကျားဖြန့်လို့ မပြောဘူး။ အလုပ်ရှိတယ်၊ လစာကောင်းတယ်၊ တရုတ်သူဌေးဆီမှာ လုပ်ရမယ်ပဲ ပြောတယ်။ ကျနော်လည် အလုပ်က မရှိ ရှောင်ရ တိမ်းရနဲ့မလို့ သွားလုပ်တာ တနှစ်ကြာတယ်၊ ရောက်စ အပြင်ပေးမထွက်ဘူး၊ ၆လပြည့်မှ အိမ်တွေ ဘာတွေ ပေးပြန်တာ၊ လုံခြုံရေးပိုင်းမှာ နယ်ခံ ရွာနယ်ခံတွေကို လုံခြုံရေး ခန့်တယ်ဆိုပေမယ့် အကြီးပိုင်းတွေကို တရုတ်က လာတဲ့သူတွေက ချုပ်ကိုင်တာ။ ဗမာတွေက အခြေခံလစာက ဘတ်၁၂၀၀၀ ရယ်၊ ရက်မှန်ကြေး ၂၅၀၀ နဲ့ပေါင်းပြီးပေးတယ်။ ကျွန်တော်က ၁၈၀၀၀ လောက်ရခဲ့တယ်။
မေး။ ။ ဟိုရောက်တော့ ဘာတွေ့ရလဲ၊ ဘယ်လိုပုံစံ ကြုံတွေ့ရလဲ။
ဖြေ။ ။ စရောက်ချင်း အဝင်အထွက် အရမ်းတင်းကျပ်တယ်။ တကယ့် ကာစီနိုရုံတွေ၊ ကျားဖြန့်ကုမ္ပဏီတွေ အကြီးအကျယ်လုပ် နေတာ အများကြီး တွေ့လာရတယ်။ ဘယ်ကလာလဲ၊ အရင်ကဘာလုပ်လဲ စစ်ဆေးမေးမြန်းတယ်။ ရွှေကုက္ကိုလ်ဂိတ်က ဝင်ခွင့် လက်မှတ်မပါရင် ပေးမဝင်ဘူး။ ကားသမားတွေက သူ့ဘာသာသူ အောက်လမ်းကသွင်းတာရှိတယ်။ ကျနော်လည်း ရွာအပြင်လမ်းကနေဝင် ရွှေကုက္ကိုလ်ဝင်းထဲရောက်ပြီးမှ လူကြီးဆီသွားပြီးမှ နေထိုင်ခွင့်လက်မှတ်တွေလုပ်ရတာ စဝင်ခါစက လူနေမယ့် အဆောက်အဦတွေထဲက ပျက်နေတဲ့ဟာတွေ ကျားဖြန့်ဖွင်မယ့်ဟာတွေ ပြင်ဆင်ရေးအပိုင်းမှာ ဝင်လုပ်ပေးရ တာ။ အွန်လိုင်းကျားဖြန့်မှာ တန်းမခန့်သေးဘူး။

လက်ရှိရွှေကုက္ကိုလ်မှာ ဥက္ကဋ္ဌဖြစ်မယ့် သူဌေးဆီမှာ သွားလုပ်ရတယ်။ သူနေမယ့်နေရာတွေ၊ သူဖွင့်မယ့် ကျားဖြန့် လုပ်ငန်း အသစ်တွေ ပြင်ဆင်ပေးရတယ်၊ ရထိုက်ဥက္ကဋ္ဌက မဲဆောက်မှာ အဖမ်းခံထားရတယ်။ အသစ်ခန့်မယ့်သူက အသက် ၄၀ ကျော် ဝန်းကျင်သာသာ အရပ်က ၅ ပေ ၈ လက်မလောက် ရှိပြီး လင်မယားနှစ်ယောက်စလုံး တရုတ်လူမျိုးပဲ။
လက်ရှိ ရွှေကုက္ကိုလ် အတွင်းစည်း လုံခြုံရေးပိုင်းကို ချုပ်ကိုင်ထားတာက တရုတ်တွေဖွင့်ထားတဲ့ ရထိုက်ကုမ္ပဏီပါ ကျားဖြန့် ကုမ္ပဏီတွေကို တိုက်ရိုက် အလုပ်လျှောက်လို့မရဘူး။ ရွှေကုက္ကိုလ်ထဲဝင် ရထိုက်ကုမ္ပဏီမှာ အရင် အင်တာသွား ဗျူးရတာ။ ရထိုက်ကုမ္ပဏီကနေ အလုပ်ခန့်ပြီဆိုမှ လိုအပ်တဲ့ ကျားဖြန့်တွေမှာ ဝင်လျှောက်လို့ရတာ။ ရထိုက်ရဲ့ ခွင့်ပြုချက် မပါရင် ကုမ္ပဏီက အလုပ်ခန့်လို့ မရဘူး။
မေး။ ။ ကျားဖြန့် ကုမ္ပဏီတွေမှာ အလုပ်ချိန် ဘယ်လို သတ်မှတ်ထားလဲ ဘာတွေလုပ်ရလဲ ။
ဖြေ။ ။ ညနေ ၆ နာရီကနေ မနက် ၄ နာရီအထိ လုပ်ပေးရတယ်။ မနက် ၄ နာရီ ဆိုပေမယ့် ၄ နာရီ ဒေါင်လို့ ထိုးတာနဲ့ လွှတ်မပေးဘူး။ အနည်းဆုံး တနေ့ကို ၂ ယောက်ရှာပေးရတယ်။ တည ၂ ယောက်ပေါ့။ ခင်မင်ရင်းနှီးအောင် လုပ်ပေးရ တယ်။ လူရှာနိုင်တဲ့အပေါ် မူတည်ပြီး မရရင် အိုတီဆင်းပေးရတယ်။ ၆ နာရီထိ ဆင်းရတယ်။
သူတို့လိမ်တာက ဥရောပနဲ့ အမေရိကန်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားပြီး လိမ်တာ။ အမေရိကန်တို့ ဘာတို့မှာရှိတဲ့ ဖုန်းနံပတ်တွေကို ထိုင်းဘက်ကနေ ရွှေကုက္ကိုလ်ကုမ္ပဏီကို ပို့ပေးတယ်။ လူရှာတဲ့လူက တယောက်ကို ဖုန်းနံပတ် အလုံး ၅၀ လောက် ချပေးထားတယ်။
ဖုန်းနံပတ်ကို လူမှားဆက်သလိုနဲ့ စာလှမ်းပို့တယ်။ ဖုန်းမှားသွားတယ် ပြောပြီး နောက်နေ့မှာ ပုံမှန်ဆက်သွယ်တယ်။ မနက်ခင်းအချိန်ဆိုရင်လည်း Morning ဘာညာ စာပို့ပြီးတော့ ရင်းနှီးမှုရအောင် ယူလိုက်တာ။ ရင်းနှီးသွားပြီဆိုမှ နောက် တဆင့် တက်တာ။

သူကတော့ ဘယ်ကုမ္ပဏီမှာ လုပ်နေတာ ရှယ်ယာတွေ ရင်းနှီးမြှုပ်နှံထားတာ ရှိတယ် အဆင်ပြေတယ်ပေါ့။ သူတို့ ထောင် ထားတဲ့ ဟန်ပြကုမ္ပဏီတွေရှိတယ် အချက်အလက်တွေ ပို့ပေးတယ်။ ရှယ်ယာလေး ဝင်ကြည့်ပေါ့။ ဘယ်လောက် ထိ မြတ် တယ်ပေါ့၊ မြူဆွယ်ပြီး ဟိုဘက်က တကယ်ယုံကြည်ပြီး ရှယ်ယာအစမ်း ဝင်ကြည့်တယ်။ ငွေကြေးနဲနဲနဲ့ အမှန်တကယ် အမြတ်တွေ ပြပေး ယုံကြည်အောင်လို့ ပို့ပေးတယ်။ ပိုပြီး တဖက် လူယုံကြည်အောင် စည်းရုံး၊ စည်းရုံးပြီး ငွေကြေး ပမာဏ များလာပြီဆိုမှ အဲဒီလူကို ပစ်ချလိုက်တာ၊ ဘလောခ့်လိုက်တာ၊ အဲဒါက တနည်း။
ဒုတိယနည်းက ဟက်ကာတွေနဲ့ တဖက်လူရဲ့ ဘဏ်အကောင့်ကို သိအောင် လုပ်တယ်။ သိသွားပြီးရင် လင့်ခ်တွေ ဘာတွေ ပို့ပေးပြီး လင့်ခ်ထဲ မဝင် ဝင်အောင်လုပ်တယ်။ ဝင်ပြီဆိုမှ အချက်အလက်ကို ဟက်ကာနဲ့ ဘဏ်အကောင့်တွေကိုဟက်ပြီး တော့ ငွေတွေလွှဲပြောင်းတာ။
မေး။ ။ ဘဏ်အကောင့်တွေသိအောင် ဘယ်လို လုပ်လဲ။
ဖြေ။ ။ ဘဏ်အကောင့် သိအောင် အွန်လိုင်းကနေ မဲပေါက်တယ်ဆိုပြီး ဒီလင့်ခ်ထဲကဝင်ကြည့်ပါ၊ ဒါမှမဟုတ် ဒီမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုရှိတယ်၊ ရင်းနှီးမြှုပ်နှံချင်ရင် တချက်ဝင်ကြည့်ပေးပါပေါ့။
ဗီယက်နမ်ကလာတဲ့ ဟက်ကာကောင်လေး ၂ ယောက် သူတို့ခိုင်းတဲ့ ဘဏ် အကောင့်ကို မဟက်နိုင်လို့ အလုပ် သေချာ မလုပ်ဘူးဆိုပြီး တညလုံးဖမ်းပြီး နှိပ်စက်တာ ရှိတယ်။ လုံခြုံရေးနဲ့ ပေါင်းပြီး ကျားဖြန့်ခေါင်းဆောင်တွေက အခန်းထဲမှာ ကျင်စက်တွေနဲ့ တို့တယ် ရိုက်တယ်။ ကျနော်တို့ မနက် အလုပ်လာတော့ နှစ်ယောက်က လုံး၀မေ့မြောနေပြီ။ သယ်ပြီး ကားထဲထည့်တာ ဒဏ်ရာနဲ့လူကို တွေ့တော့ မြန်မာလုံခြုံရေးက ပြောပြတာ ဗီဒီယိုဖိုင်ရှိတော့ ပြတယ်။
သူဌေးက ပုံစံပေးတာတဲ့၊ ဒီအကောင့်တွေကို မင်းတို့ ရအောင် ဟက်မှာလား၊ မဟက်ဘူးလားပေါ့။ မလုပ်နိုင်ဘူးပြောတော့ သူတို့ကကျင်စက်အသေးလေးတွေနဲ့ တို့တယ်၊ ပြီးတော့ရိုက်တယ်။ ဗီယက်နမ်ကခေါ်တဲ့ ဟက်ကာတွေကလည်း ထိုင်းက တဆင့်ဝင်တာ၊ သောင်းရင်းမြစ်ကိုစက်လှေနဲ့ကူးပြီးဝင်တာ၊ မြန်မာနိုင်ငံက တိုက်ရိုက်လာတာမရှိဘူး။
မေး ။ ။ ကျားဖြန့်မှာအဓိက ဘယ်လို ပုံစံမျိုးလုပ်ပြီး လိမ်တာလဲ။
ဖြေ။ ။ အသုံးများတဲ့ လိမ်နည်းကတော့ ဖုန်းမှားတဲ့ပုံစံမျိုးနဲ့ ဆက်ပြီး မိတ်ဆက်တယ်၊ ရင်းနှီးသွားရင် စီးပွားရေး အကြောင်း ပြ ရင်းနှီးမြှုပ်နှံမှုတွေပြတယ်၊ ရင်းနှီးလာအောင် လုပ်တယ်၊ ငွေအမောင့်များများနဲ့ ရင်းနှီးမှ ဘလော့လိုက်တာ။
ဥရောပက ဖုန်းနံပါတ်တွေက ထိုင်းကနေတဆင့် ပြန်ဝယ်တာလို့ ပြောတယ်၊ ထိုင်းမှာ ဖုန်းနံပါတ်တွေရောင်း ပေးတဲ့သူရှိ တယ်၊ အသက်ငယ်သူဆို လိမ်ဖို့ ခဲယဉ်းလို့ လူကြီးပိုင်း ဖုန်းနံပါတ်တွေရှာပြီး လိမ်တာများတယ်၊ အသက်ကြီးတော့ အလုပ် တွေဘာတွေ မရှိဘူး ဒီတော့ ရင်နှီးမြုပ်နှံဖို့ ပိုစိတ်ဝင်စားတယ်၊ ဒီကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။
လူငယ်ပိုင်းဆိုလည်း အရမ်းရင်းနှီးသွားပြီဆိုရင် စီးပွားရေးအမှန်အကန်ဆိုပြီး မျက်နှာပြ မြူဆွယ်ဖို့က ရုပ်သန့်သန့် အင်္ဂလိပ် စကားကောင်းကောင်း ပြောနိုင်တဲ့ မော်ဒယ်ပေါင်းစုံ ငှားထားပြီး ကုမ္ပဏီ အထောင်ပြထားတာပေါ့။ ခပ်တည် တည်နဲ့ ဗီဒီယို ကောလ်တွေ ခေါ်ပြီး စကားတွေပြောတယ်၊ တဖက်က ဖုန်းခေါ်လာရင် တကယ် မီတင်ခန်းမှာ ဒီကိစ္စတွေ ဆွေးနွေးနေပေါ့။ တဖက်က တကယ်ယုံကြည်သွားပြီဆိုမှ အဲဒီမှာ ရှယ်ယာထည့်ပြီ၊ ရှယ်ယာနဲရင် တော့ အမြတ်ပမာဏ ပြတယ်။ ထုတ်ချင် ရင် ပေးထုတ်တယ်။ ရှယ်ယာအရမ်း များလာပြီဆိုမှ အဲဒီလူကိုဖြတ်ချလိုက်တာ။
လိမ်တာက ၃ ဆင့်ရှိတယ်။ အောက်ခြေဝန်ထမ်းက တညကို ၂ယောက်ရှာပေးပြီး သူတို့ပေးတဲ့ ဖုန်းနံပါတ်ကို ရင်းနှီးအောင် လုပ် တပတ်လောက် စာပုံမှန်ပို့ရတယ်။ တလမှာ လိမ်လို့ရတဲ့သူ အနိမ့်ဆုံး ၂ ယောက်၊ ၃ ယောက် လုပ်ပေးနိုင်ရတယ်။ မရှာမပေးနိုင်ရင် ဒဏ်ကြေးတပ် လစာဖြတ်၊ အချိန်ပိုဆင်းခိုင်း၊ထမင်းတနပ် မကျွေးတာ ခြံကြီးကို ပတ်ပြေးခိုင်းတာ တွေရှိ တယ်၊ ဖိအားအရမ်းများတယ် ဘယ်သူကိုမဆို ကြည့်လိုက် ဖိအားခံစားနေရတယ်။
စကားပြောရင်း ရင်းနှီးပြီဆိုရင် ဒုတိယအဆင့်ပေါ့ မြန်မာတွေကို မခိုင်းတော့ဘူး။ တရုတ်က ခေါ်ထားတဲ့ လုပ်ငန်းကျွမ်းကျင် ကျားဖြန့်လုပ်သူတွေကို လွှဲပေးရတာ။ တဖက်လူ ယုံကြည်အောင် ဒုတိယအဆင့်မှာ စတာ၊ စီးပွားရေး အချက်အလက်တွေ ပြောပြတယ်၊ သူတို့ထောင်ထားတဲ့ ကုမ္ပဏီက ဘယ်လောက်မြတ်တယ် ရှယ်ယာဘယ်လောက်ရတယ် ဆိုတာ တဖက်လူ ယုံအောင် စည်းရုံရေးဆင်းရတယ် အောင်မြင်ပြီဆိုရင် တတိယအဆင့်မှာ မော်ဒယ်မနဲ့ ဖုန်းပြောခိုင်းပြီး တဖက်လူ လုံးလုံး ကြီး ရင်းနှီးလာအောင် ပြောရတာပေါ့။ အဆင့်၃ ပြီးသွားရင် လိမ်တဲ့လုပ်ငန်း အောင်မြင်သွားပြီ။
မေး။ ။ ကျားဖြန့်မှာ အလုပ်လုပ်တာ မြန်မာတွေအပြင် တခြားဘာလူမျိုးတွေရှိလဲ။
ဖြေ။ ။ ကျနော်တို့ ကျားဖြန့်မှာ ရှမ်းတရုတ်တွေနဲ့ တရုတ်အစစ်တွေရှိမယ်၊ နည်းပညာပိုင်းဆိုင်ရာ ထိုင်းနဲ့ ဗီယက်နမ်က ဟက်ကာတွေ ရှိတယ်။ ကျနော်တို့ရုံမှာ အာဖရိက နိုင်ငံသားဆိုရင် တယောက် ၂ ယောက်လောက်ပဲရှိတယ်။
ထိုင်းမှာပဲ နည်းပညာပိုင်းဆိုင်ရာ လုပ်ရမယ်ဆိုပြီး အလုပ် လိမ်ခေါ်တာတွေ ရှိတယ်၊ တကယ် ထိုင်းကိုလာရင် သွား ကြိုပြီး ကမ်းကူးပေးလိုက်တယ် သူတို့က မြန်မာနိုင်ငံမှန်း မသိသေးဘူး။ ဝန်းထဲရောက်ပြီဆိုရင် အပြင်ပေးမထွက်ဘူး လုံခြုံရေး တွေ ရှိတယ်။ ရောက်ရောက်ချင်း ဖုန်းပေးမသုံးဘူး ။ အချိန့်အကန့်အသတ်တခု ထားတယ်။ သုံးရတယ်ဆိုရင်လည်း သူတို့ပေးတဲ့ ဆင်းမ်ကတ်နဲ့ပဲ သုံးရတာ။ မြန်မာဆင်းမ်ကတ်ဆို လိုင်းသိပ် မကောင်းဘူး။ ထိုင်းဆင်မ်းကတ်တွေ သုံးတာ များတယ်။ ရွှေကုက္ကိုလ်မှာ မြန်မာက မိုင်တဲလ်လောက်ပဲ လိုင်းကောင်း တယ်။

အဲဒီမှာပဲ ထမင်းကျွေးတယ် ဝန်းထဲမှာ ဈေးတွေရှိတယ်။ အပြင်ထွက်မယ်ဆို လုံခြုံရေးကို အကြောင်းကြား လုံခြုံရေးကနေ ကုမ္ပဏီလူကြီးထံ အကြောင်းပြန် လုံခြုံရေးကားနဲ့လိုက်ပို့ ကိုယ်အစီအစဉ်နဲ့ကိုယ် သွားလို့မရဘူး။ မြန်မာနိုင်ငံသားကတော့ ကျားဖြန့်မှာ အရေးပါတဲ့နေရာက မရှိလို့ အရမ်းကြီးမတင်းကျပ်ဘူး။ နိုင်ငံခြားသားတွေကို အဓိက တင်းကျပ်တာ။ မြန်မာ တွေထဲက အချို့ အရေးကြီးတဲ့အဆင့်မှာ ဝင်လုပ်သူဆိုရင်တော့ အပြင်မထွက်ရတော့ဘူး။ ဝန်းထဲမှာပဲ ထား ထားတာ။
မေး။ ။ ရွှေကုက္ကိုလ်မှာ ကျားဖြန့်ကုမ္ပဏီတွေ ဘယ်လောက်ရှိမယ်လို့ထင်လဲ။
ဖြေ။ ။ အနည်းဆုံး လူ ၁၀၀ကျော်ရှိတဲ့ ကျားဖြန့်ကုမ္ပဏီကြီးက ၃၀ လောက်ရှိတယ်။ အယောက် ၂၀ လောက်နဲ့ လုပ်တဲ့ ကုမ္ပဏီ လေးတွေလည်း ရှိတယ်။
ကျွန်တော်လုပ်တဲ့ကုမ္ပဏီက ကျားဖြန့်ရော ကာစီနိုရော KTV ရော ဖွင့်တာ အကြီးဆုံး လူအများဆုံးပဲ။ ဝန်ထမ်းအရမ်းများ တယ်။ ကျားဖြန့်တင် အယောက် ၂၀၀ လောက်၊ ကာစီနိုပါပေါင်းရင် ၅၀၀ လောက်ရှိမယ်။ ပြည့်တန်ဆာတွေပါလုပ်တာ၊ တိုက်ဆိုရင် ၁၇ ထပ်ရှိတယ်။ အပေါ်ဆုံးမှာ သူဌေးနေတယ်။၁၅နဲ့ ၁၆ လွှာက ကုမ္ပဏီလူကြီးပိုင်းတွေနေတယ်။ ၁ လွှာ ကတော့ ပြည့်တန်ဆာတို့ စားသောက်ဆိုင်တို့၊ ၂ လွှာက ကျားဖြန့်ကုမ္ပဏီ ၅ လွှာနဲ့ ၆ လွှာမှာရှိမယ်၊ ကျန်တာက ကုမ္ပဏီ ဝန်ထမ်းတွေအတွက် လိုင်းခန်းတွေ၊ လူနေရပ်ကွက်နဲ့ ဝန်းနဲ့က သပ်သပ်ခွဲထားတာ။ လူနေရပ်ကွက်က ရွာထဲမှာဆိုတော့ အဆောင်ပဲရှိတယ်။ ဘာမှမရှိဘူး၊ ကုမ္ပဏီဝန်းထဲမှာက ကုမ္ပဏီပဲသပ်သပ် ခွဲထားတာ။
မေး။ ။ နယ်ခြားစောင့်တပ်( BGF)က ရွှေကုက္ကိုလ်မှာ ဘာတာဝန်တွေ ယူထားတာတွေ့ရလဲ။
ဖြေ။ ။ အပြင်စည်း တာဝန်ယူတယ်။ ရွှေကုက္ကိုလ်ဝန်းထဲဆိုရင် နဒီလင်းမြိုင်ဂိတ်က စပြီး ၅ ခုရှိ တယ်။ အခုနှစ်ဂိတ်ထပ်တိုး တော့ ၇ ခုရှိတယ်။ ပထမဆုံးဝင်ပေါက် အပေါ် ဂိတ်က အကြီးဆုံး လုံးဝအစစ်အဆေး အရမ်းများတယ်။ လူကိုယ်တိုင် ဆင်း ပြီး စစ်ခံရတယ်။ မှတ်ပုံတင်မှာ ၅ မျဉ်းစောင်းဆို လုံး၀ ပေးမဝင်ဘူး။ စစ်ကိုင်း မကွေးကဆို လုံးဝအဝင်မခံဘူး။ ရွှေကုက္ကိုလ် က ရတဲ့ဝင်ငွေနဲ့ PDF ကို ထောက်ပံ့မှာ စိုးလို့ တင်းကျပ်ထားတာ။
စစ်ကိုင်းကလာတဲ့သူ တော်တော်များများက PDF နဲ့အဆက်အသွယ်ရှိတယ်၊ ၅ မျဉ်းစောင်းတွေ့ရင် အလုပ် မခန့်တော့ဘူး။ အချို့ အာဏာမသိမ်းခင် စစ်ကိုင်းဘက်က လာအလုပ်လုပ်တဲ့သူတွေ ရှိတယ်။ အာဏာသိမ်းပြီးနောက် သူတို့ကိုမထား တော့ဘူး ပြန်လွှတ်တာ။ သူတို့ဆွေမျိုးတွေက PDF ထဲပါတာဆိုတော့ ဒီကနေ့တဆင့် သတင်းပေး ထောက်ပံ့တာတို့ လုပ်မှာစိုးလို့။
ဝင်ခွင့်လက်မှတ် မရှိရင် ကိုယ်ကို ခေါ်သူက အာမခံပေးရတယ်။ အလုပ်သမားခေါင်းဆောင် ဒါမှမဟုတ် စကားပြန်က ဂိတ် မှာလာကြိုပေးရတယ်။ သူတို့ကုမ္ပဏီမှာ လုပ်မှာ မှန်တယ်၊ အာမခံကြောင်းပေးရတယ် ။
ဂိတ်ကြီးမှာတော့ နယ်ခြားစောင့်တပ်ရှိတယ်။ အဝင်ကတော့ နယ်ခြားစောင့်တပ်ကစစ်ပြီး ပြန်ထွက်ရင် နယ်ခြားစောင့်တပ် ရော ရထိုက်ကုမ္ပဏီရော နှစ်ခုလုံးက စစ်တာ။ အိမ်ပြန်မယ်ဆိုရင် ရထိုက်ကုမ္ပဏီရဲ့ လက်မှတ်ပါမှ မပါရင် ပေးမထွက် ကုမ္ပဏီကို ပြန်ခိုင်းတယ်။
မေး။ ။ စစ်ကောင်စီတပ်ကလူတွေရော ရွှေကုက္ကိုလ်ကို လာတာ သွားတာမြင်ခဲ့ရလား။
ဖြေ။ ။ စစ်တပ်က ဝန်းထဲကို လာတယ် မနှစ်ကဆို ရွှေကုက္ကိုလ် ထိပ်မှာ တပ်နယ် ၃ ဌာနချုပ် ရှိတယ်။ BGF ဝန်းထဲကို ကားနဲ့ လက်နက်ခဲယမ်းလာယူတာ ဆေးကုတာလည်း ရှိတယ်။ ဒီမှာ သီတဂူဆေးရုံရှိတော့ စစ်သားတွေ ဆေးကု တာတွေရှိတယ်။ ပြီးတော့ တပ်က လူကြီးပိုင်းတွေ အရပ်ဝတ်နဲ့ ဟိုင်းခန်းတွေမှာ လာပျော်ပါးတာရှိတယ်။ လာတယ်ဆိုရင် BGF က အဲဒီတဝန်းလုံးကို လုံခြုံရေးယူပေးထားတယ်။ လုံခြုံရေးယူပေးတဲ့ စစ်သားတွေဆိုရင်လည်း ယူနီဖောင်းမဝတ် တော့ဘူး။ ကျည်ကာတော့ဝတ်တယ်။ စစ်သားမှန်းသိမှာစိုးလို့ အရပ်ဝတ်နဲ့ပဲ လူအသိမခံဘူး ။ ညနေခင်းလာတယ်၊ မနက်ခင်းပြန်ထွက်သွားတယ်။
သီတဂူဆေးရုံက ကျားဖြန့်နဲ့ ရွာကြားထဲမှာရှိတာ၊ ဆေးရုံဘေးမှာ ကာစီနိုနဲ့ ကျားဖြန့်ရုံရှိတယ်။ ဆေးရုံအရှေ့ ကား လမ်းအကျော်မှာ ကျားဖြန့်ကုမ္ပဏီတွေကြီးပဲ။ အနောက်ဖက်တလမ်းကျော်ရွာထဲမှာတော့ လူတွေရှိတယ်။
မေး။ ။ ရွှေကုက္ကိုလ်ထဲမှာ သီတဂူဆေးရုံအပြင် တခြား ပုဂ္ဂလိကဆေးရုံတွေရော ရှိလား။
ဖြေ။ ။ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ဖွင့်ထားတာလည်းရှိတယ်။ ဆေးခန်း ၇ ခုလောက်ရှိတယ်။ အဲဒီဆေးခန်းတွေမှာ အမြဲ ဆေးလာသွင်းကြတယ်။ သူတို့ကအလုပ်တွေက ညပိုင်း ဖိအားများတော့လေ၊ Drip ချိတ်တဲ့လူက မပြတ်ဘူး။ အမြဲတမ်းရှိ တယ်။
ဆေးခန်းတွေမှာက ဗမာဆရာဝန်တွေ၊ သီတဂူဆေးရုံမှာက ကရင်လူမျိုးတွေထားတာ။ သီတဂူဆေးရုံမှာ ရွာထဲက လူတွေ စစ်တပ်ကလူတွေနဲ့ နယ်ခြားစောင့်တပ်ကလူတွေပဲ လာကုတာများတယ်။ ကျားဖြန့်ဝန်းထဲက လူတွေကတော့ အပြင် ပုဂ္ဂလိက ဆေးခန်းတွေမှာပဲ သွားကုတာများတယ်။

စာသင်ကျောင်းလည်းရှိတယ်။ အာဝါဒေးလောင်းကစားဝိုင်းတွေလည်း ရှိတယ်။ ၂၄ နာရီ မပိတ်ဘူး။ နေ့တိုင်းဖွင့်တယ်။ အဲဒီမှာက မြန်မာအများစု သွားကစားတာများတယ်။ အစုံရတယ်၊ အရက်ဘီယာကအစ ခြောက်ကောင်ဂျင်လည်း ရှိတယ်။
ရွေကုက္ကိုလ်က မြို့ပုံစံတည်ထားတော့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ဆိုပြီး ၄ ခုရှိတယ်၊ ရွာထဲမှာ ကရင်လူမျိုးတွေ ကျားဖြန့်မှာတော့ တရုတ်တွေပဲ၊ ဟိုင်းခန်းတို့ KTV တို့မှာ တရုတ်အမျိုးသမီးတွေပဲထားတာ၊ မြန်မာမိန်းကလေး မရှိဘူး၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်းမိန်းကလေးရှိမယ်၊ မူးယစ်ဆေးဝါး အရမ်းပေါတယ်။ ကျွန်တော်တို့ ဟိုင်းခန်းတွေကိုသွားပြင်ပေးရင် ခုံပေါ်မှာ K တို့ WY တွေဆိုတာ ဒီအတိုင်းပဲ အထုပ်လိုက်တင်ထားတာ၊ ပေါ်တင်ကို သုံးတာ၊ ဟိုင်းခန်းဆိုတာ ကလပ်လိုမျိုးပဲ။ ဆေးသုံးပြီး ကခိုင်းတာ၊ DJ တွေဖွင့်မယ်၊ သီချင်းဖွင့်ပြီး ကနေတာ၊ တရုတ်တွေက ပေါ်တင်သုံးတယ် ၊ အလုပ်လာလုပ်တဲ့မြန်မာတွေကို BGF က ကန့်သတ်ထားတယ်၊ မရောင်းဘူး၊ ပေးမသုံးဘူး၊ အပြင်ကို သတင်းပေါက်ကြားမှာစိုးလို့။
မေး။ ။ ရွှေကုက္ကိုလ်ထဲမှာရှိတဲ့ ကာစီနိုတွေ၊ ကျားဖြန့်တွေထဲမှာ CDM တွေ အလုပ်လုပ်ကြတာတွေရှိတယ်။အဲဒီလူတွေကို နယ်ခြားစောင့်တပ်က ဘယ်လိုသဘောထားလဲ။
ဖြေ။ ။ CDM ဝင်ထားသူ တော်လှန်ရေးနဲ့ပတ်သက်သူတွေကို သတင်းပေးရင် နယ်ခြားစောင့်တပ်က ဆုငွေပေးတယ်။ သူတို့ ဝန်းထဲမှာ တော်လှန်ရေးသမားတွေရှိတယ်၊ CDM တွေရှိလို့ သတင်းပေးရင် အနိမ့်ဆုံး ဘတ် ၅ သောင်းပေးတယ်။ ကျွန်တော်လည်း ရတဲ့လစာနဲ့ ကမ်ပိန်းတွေ ဝယ်တာ ရှိတယ်။
တော်လှန်ရေးနဲ့ ပတ်သက်သူ မိရင် စကစ ကိုလွှဲပေးတာ ရှားတယ်။ သူတို့နယ်မြေမှာမိရင် BGF က သူတို့ဥပဒေနဲ့ပဲ သွား တယ်။ အမှုကျူးလွန်ရင်မေးတယ်။ မြန်မာတယောက်က တရုတ်မိန်းကလေးတယောက်ကို သွာပြီး ပြစ်မှုကျူးလွန်လိုက်ရင် တရုတ်တွေရဲ့ သဘောဆန္ဒကို ရထိုက်ကုမ္ပဏီရဲ့သဘောဆန္ဒကိုမေးတယ်။
ရန်ဖြစ်တဲ့သူတွေ အရမ်းဆိုးတဲ့သူတွေကို ခါးလောက်ရှိတဲ့ရေထဲမှာ ဆောက်ထားတဲ့ အချုပ်ခန်းမှာ ရေထောင်ချတယ်။ ရေထဲမှာပဲနေရတာ၊ စားလည်း အဲဒီထဲမှာပဲ စားရတာ၊ အရမ်းဆိုးတဲလူတွေကိုထားတာ။ အချုပ်ကျဖူးတဲ့လူတွေရှိတယ်။
အလုပ်လိမ်ခေါ်ပြီး ဒီရောက်တော့ လစာလည်း ပြောတဲ့အတိုင်း မပေးဘူး အလုပ်ချိန် အများကြီးခိုင်းတယ်။ လူကုန်ကူး ခံရတဲ့သူက အကူညီပေးမယ့် အပြင်လူနဲ့ အချိတ်အဆက် မမိဘူးဆိုရင် ပြန်မလွှတ်ပေးဘူး ရသလောက်ခိုင်းတယ်။ အပြင်လူနဲ့ အဆက်အစပ် မိသွားလို့ လူကုန်ကူးခံထားရလို့ အကူအညီ လှမ်းတောင်းတာတို့ဆိုရင် နယ်ခြားစောင့်တပ်ကနေ ရထိုက် ကုမ္ပဏီက လူတွေနဲ့တွေ့ပြီးတော့ ပြန်လွှဲခိုင်းတယ်။
မေး။ ။ ဝန်ထမ်းတွေကို ဘယ်လို ထားလဲ။ဘယ်လိုနေရလဲ။
ဖြေ။ ။ အကြီးပိုင်းတွေထက်စာရင် အောက်ခြေဝန်ထမ်းတွေကို အရမ်းကြီး မတင်းကျပ်ဘူး။ ဝန်ထမ်းတွေကို ၃ လွှာမှာ ထားတယ်။ အပြင်ထွက်လာတာနဲ့ လုံခြုံရေးက ဘယ်သွားမလဲမေးတယ်၊ ဖုန်းကို အခန်းမှာပဲ သုံးခိုင်းတယ်။ အလုပ်ချိန် ဆိုရင် ဖုန်းကို အခန်းထဲထား မရဘူး အပ်ထားရတယ်။ ဒါမှအလုပ်ထဲပေးဝင်တယ်။ သူတို့ ထုတ်ပေးတဲ့အချိန်မှ ဖုန်းကိုင်ရ တယ် အမြဲစောင့်ကြည့်နေတယ်။
တခန်းကို လူ ၈ ယောက် နှစ်ထပ်ကုတင်တွေနဲ့ ထားတာ အခန်းကျဉ်းတော့ အနေအထိုင်ကျပ်တယ်။ တဖက်မှာ ၄ လုံးဆီ အခန်းဝင်ပေါက်မှာက ဘီဒိုရှိမယ်၊ ဝင်ပေါက်ရှေ့မှာ ရေချိုးခန်း အိမ်သာရှိမယ်။ ပြတင်းပေါက်တွေဆိုရင် မှန်တွေအသေတပ် ထားတယ်။ အလင်းရောင် နဲနဲပဲဝင်အောင် ဟထားပြီး အပြည့်ဖွင့်လို့မရအောင် အသေလုပ်ထားတယ်။
အစားအသောက်က ချက်ကြွေးတယ်။ စားဖိုဆောင်မှာပဲစားရတယ်။ ဝန်းထဲမှာ အားကစားလုပ်ဖို့ Gym ခန်း ထားပေးတယ် ကြက်တောင်ရိုက်ချင်ရင်ရိုက်၊ ဘတ်စကတ်ဘောကွင်းတွေ ဘာတွေ လုပ်ပေးထားတယ်။ ဝန်းထဲမှာပဲနေ။
ဥက္ကဋ္ဌ ဖြစ်မယ့်သူအတွက် ၁၇ လွှာမှာ အကုန်ပြင်ဆင်ပေးရတာ သူငှားထားတဲ့ တရုတ်ဘော်ဒီဂတ် ၂ ယောက်ရှိတယ်။ အယ်လ်ဇေးရှင်းခွေးက နှစ်ကောင် မြန်မာလုံခြုံရေးက အမြဲတမ်း ၄ ယောက်ထားတယ်။ ဓါတ်လှေကားက ၁၆ လွှာအထိပဲ ၁၇ လွှာကို VIP ကတ်နဲ့မှ တက်ရတယ်။ ၁၆ လွှာကနေ ၁၇ လွှာကိုတက်မယ့် သံတခါးကို အမြဲတမ်း သော့ခတ်ထားတယ်။ လုံခြုံရေးက အမြဲတမ်းရှိတယ်၊ လူစိမ်း ပေးမဝင်ဘူး။ သူဌေးခွင့်ပြုချက်ရမှ အပေါ်တက်ခွင့်ရှိတယ်။

သူတို့ငှားထားတဲ့ ဘော်ဒီဂတ်တွေက တရုတ်ကြေးစားစစ်သားတွေ ဖြစ်ဖို့များတယ်။ စစ်ပညာနဲ့ တိုက်ခိုက်ရေးပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်တယ်၊ လူကောင်တွေက တကယ့်တောင့်တောင့်တင်းတင်းကြီးတွေ၊ သူတို့ကမှတဆင့် သင်တန်းပြန်ပေးတာ။ သေနတ်ကတော့ ရထိုက် ကုမ္ပဏီကအကြီးပိုင်းတွေက ကိုင်တယ်၊ ရွှေကုက္ကိုလ်ဝန်း တဝန်းလုံး အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ လူအဝင်အထွက်စာရင်းကို ရထိုက်ကပဲ အုပ်ချုပ်တာ။ မြို့တွင်းယာဉ်စည်းကမ်း လမ်းစည်းကမ်းက အစ ရထိုက်ကုမ္ပဏီက ခန့်ထားတာရှိတယ်။ တရုတ်တွေ ပြဿနာတက်ပြီဆို ရထိုက်ကုမ္ပဏီမှာပဲရှင်းရတာ။ ရထိုက်က ချမှတ်တာကိုပဲ တရုတ်တွေက လိုက်နာရတာ။ BGF နယ်ခြားစောင့်တပ်က ဝင်ပါလို့မရဘူး။
မေး။ ။ ရွှေကုက္ကိုလ်ထဲမှာ ဝန်ထမ်းအချင်းချင်းပြဿနာတက်တာ၊ ရန်ဖြစ်တာတို့ဆို ဘယ်လိုအရေးယူလဲ။
ဖြေ။ ။ မြန်မာတွေကိုတော့ ထိပ်တုံးခတ် အချုပ်ခန်းထဲမှာထားတယ်။ ပြဿနာ တခုခုတက်ပြီဆိုရင် BGF ကပဲ လာခေါ် လာခေါ်၊ အချုပ်ခန်းထဲ ထည့်ထားတာ ဒဏ်ငွေတပ်တာတွေလည်း ရှိတယ်။ ထိပ်တုံးခတ်ပြီးဆိုရင် အဝင် ၅ ချက် အထွက် ၅ ချက် ဝါးရင်းဒုတ်နဲ့ရိုက်တာ၊ တော်ရုံခံနိုင်ရည်ရှိတဲ့သူတောင် မခံနိုင်ဘူး။ ပစ်လဲကျတာ၊ ခြေသလုံးကို ရိုက်တာ ။
အရက်မူးတာကအစ ရန်ဖြစ်တာအဆုံး သေးသေးကြီးကြီး သူတို့သိသွားရင် တန်းပြီး ထိပ်တုံးခတ်တာပဲ။ သာမန်စကားများ လည်း သူတို့ကိုသွားတိုင်ရင် နှစ်ဖက်လုံးကို ထိပ်တုံးခတ်တာပဲ။ ရန်ဖြစ်ရင်လည်း ရှင်းမပေးဘူး။ ထပ်မဖြစ်နဲ့ ထိပ်တုံးခတ် တယ်။ ရိုက်တယ် ပြန်လွှတ်လိုက်တယ်။ ဥပဒေဆိုတာ မရှိဘူး။
ကျနော်ရှေ့မှာ ရှမ်းကောင်လေးတယောက် တော်လှန်ရေးတပ်ဖွဲ့ကို လက်နက်ဝယ်ဖို့ ထောက်ပံ့လို့မိသွားတယ်။ သူ ထောက်ပံ့တာ သိန်း ၂၀၀ ကျော်လောက်ရှိပြီ။ နောက်ထပ် ဘာသတင်းအချက်အလက်မှ မကြားတော့ဘူး၊ ၅၀၅ နဲ့ပြေးလာတဲ့လူငယ်လေးတွေရှိတယ်။ CDM သမားတော့ အများကြီး မရှိဘူး၊ ရှိတော့ရှိတယ်။
အရင်က ထဲထဲဝင်ဝင်မလုပ်ဘူး မနှစ်က ၄ လပိုင်းမှာ ရွှေကုက္ကိုလ် အတိုက်ခံရပြီး ကင်းစခန်းတွေကျတာ ဝန်းထဲက သတင်းပေးတာ ကြားသွားတယ်။ သူတို့ဘက်ကလည်း အတော်သေသွားတယ်၊ အထိနာသွားတော့ ပြန်မဲတာပေါ့။ အဲဒီအချိန်ကစပြီး ရွေကုက္ကိုလ်က အဝင်အထွက် တင်းကျပ်သွားတယ်။ လူသစ် လက်မခံတော့ဘူး။ လူသစ်လာရင် အာမခံရင် အရင်လို တယောက်ထဲ မရတော့ဘူး။ သူဌေးရဲ့ ခွင့်ပြုစာ ပြီးရင် သူတို့ငှားမယ့် နယ်ခံအိမ်ရှင် ရှိမယ်၊ အိမ်ရှင်ရဲ့ခွင့်ပြုစာ အကုန်ပါမှ လက်ခံတယ်။ ၅ မျဉ်းစောင်းဆို လုံး၀ လက်မခံတော့ဘူး။
You may also like these stories:
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ
ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော
ရွှေကုက္ကိုလ်နှင့် တရုတ်မြို့သစ်စီမံကိန်းများ ထိုင်းက လျှပ်စစ်မီးဖြတ်မည်
ရွှေကုက္ကိုလ်မှာ တရုတ်တွေ လောင်းကစား ဆက်လုပ်နေ
အွန်လိုင်းနှင့် နယ်စပ် ရာဇဝတ်မှုများ တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း နှိမ်နင်းမည်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR