ကရင်နယ်ခြားစောင့်တပ် (BGF/KNA)နဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေက ဆက် လက်ရှိနေဆဲဖြစ်တာကြောင့် BGF/KNA တပ်နဲ့ ၎င်းအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်ဖို့ Justice For Myanmar အဖွဲ့က ပြီးခဲ့တဲ့ရက်က အစီရင်ခံစာထုတ်ပြန်ကာ တောင်းဆိုလိုက်ပါတယ်။
JFM ရဲ့ အစီရင်ခံစာ မထွက်လာခင် ပြီးခဲ့တဲ့ ဧပြီလထဲမှာ အမေရိကန်အခြေစိုက် USIP အင်စတီကျူကလည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ဟာ တရုတ်ကြီးစိုးထားတဲ့ ကျားဖြန့်ဂိုဏ်း တွေကို ထောက်ပံ့ပေး နေတယ်လို့ ပြောဆိုထားပါတယ်။
ဒီလို ထုတ်ဖော်ပြောကြားလာတာတွေနဲ့ ပတ်သက်ပြီး BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေက ဗိုလ်မှူးတို့ အပါအဝင် BGF ခေါင်းဆောင်တချို့ကို ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေမှာ ထောက်ပံ့နေတယ်လို့ အစီရင်ခံစာတွေနဲ့ ဖော်ပြလာတဲ့အပေါ် ဘယ်လိုရှင်းလင်း ပြောကြားချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့လည်း မရှင်းတတ်ဘူးပေါ့။ သူတို့ဘက်က ပြောတာပဲ ရှိတယ်လေ။ ရေးတာပဲ ရှိတယ်လေ။ ရှင်းရှင်းပြော ရ ရင် ကျနော်တို့က ဒီကျားဖြန့်ဆိုတဲ့ အဓိပ္ပါယ်တောင် အခုထိ သဲသဲကွဲကွဲ နားမလည်သေးဘူး။ အခုက သတင်းတွေ အမျိုးမျိုးရေးတယ်၊ အမျိုးမျိုးတက်နေကြတာပဲ။ ကာစီနိုလုပ်ငန်းတွေဟာ ကျနော်တို့ ကျွမ်းကျွမ်းကျင်ကျင် မသိဘူး။
အမှန်တကယ် ကျနော်တို့ဟာ ဒီမြေငှားတာပဲ ရှိတယ်လေ။ ငှားတယ်၊ သူတို့အလုပ် လာလုပ်တယ်။ ကာစီနို လုပ်မယ်ဆို တော့ ကျနော်တို့ကလည်း အစက ဒီလိုမျိုး ကျားဖြန့် ဖြစ်မှာတို့ ဘာတို့ ကျနော်တို့ မသိဘူးလေ။ နောက် ကျနော်တို့ တွေ့ရ တာလည်း သူတို့ အဲ့ဒီမှာ ကွန်ပျူတာတွေနဲ့ နှိပ်နေတာပဲ တွေ့နေတာပဲ။ ဘာအလုပ်လုပ်လို့ ဘာလုပ်လဲ ကျနော်တို့လည်း မသိဘူး။
မေး ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ နိုင်ငံတကာရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အထိ ပါဝင်ပတ်သက်နေတယ်လို့ ပြောနေကြတော့ နိုင်ငံတကာက အရေးယူဒဏ်ခတ်မှာကို မစိုးရိမ်ဘူးလား။
ဖြေ ။ ။ ကျနော်တို့ကတော့ နိုင်ငံတကာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မစိုးရိမ်ပါဘူး။ စိုးရိမ်စရာလည်း အကြောင်းမရှိပါဘူး ။ ဒီကိစ္စတွေဟာ မီဒီယာတွေက ပြောသလိုပေါ့ဗျာ သူတို့ဘက်ပါရင်တော့ သူတို့က အကောင်း ရေးမှာပဲလေ။ သူတို့ဘက်မပါရင်တော့ မကောင်းတာပဲ ရေးမှာပဲလေ။ ဒါတွေကတော့ ဘာမှ မဆန်းပါဘူး။
ဘာဖြစ်လဲဆိုတော့ ရှင်းရှင်းပြောရရင် ကျနော်တို့လုပ်တဲ့ လုပ်ငန်းတွေက သေးသေးမွှားမွှားလောက်ပဲရှိပါတယ်။ အခု ရွှေတြိဂံမှာဆိုရင် ကြီးကြီးကျယ်ကျယ် တကယ့်ကို ကာစီနိုလောင်းကစားက အဲဒီမှာမှ ကြီးကြီးကျယ်ကျယ် လုပ်နေတာ တွေရှိပါတယ်။ မီဒီယာတွေ သတင်းသမားတွေ မသိတာ မဟုတ်ပါဘူး။ ဟိုနေရာတွေဆိုရင် လေယာဉ်တွေတောင် ဆင်း လို့ရတာပဲ။ ဒါတွေကတော့ နိုင်ငံတကာမှာလည်း ရှိနေတာပဲ။ အမေရိကလို နိုင်ငံတွေမှာလည်း ရှိတယ်။ နိုင်ငံတော်တော် များများမှာ ရှိနေပါတယ်။ ကျနော်တို့ကတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး၊ နိုင်ငံတိုင်းလိုလို လုပ်နေကြတာပဲ။
မေး။ ။ အခု မေလကနေ အောက်တိုဘာလအတွင်း အွန်လိုင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ထွက်ခွာသွားဖို့ သတိပေးထားတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ တလောကတော့ ကျနော်တို့တွေ ဆိုင်းဘုတ်တွေ ကပ်ထားတာ ရှိတယ်။ အခုလည်း လုပ်ငန်းရှင်တွေကို ကျနော်တို့ ပြောတယ်။ အဲဒီက လုပ်နေတဲ့သူတွေကို တဖြည်းဖြည်း ရှင်းထုတ်ဖို့ အခုလည်း ပြန်နေပါတယ်။ ဟိုတလောကလည်း အမှတ် ၂ တံတားပေါ်မှာ ၁၂၀ဝ ကျော် ကျနော်တို့ ပြန်ပို့သေးတယ်လေ။ တရုတ် ရဲနဲ့ ပြန်အပ်လိုက်သေးတယ်။ အဲဒီ နောက်ပိုင်း ကျနော်တို့ အဲဒီလိုပဲ ပြန်လွှတ်တာတွေ ရှိတယ်။ သူတို့အစီစဉ်နဲ့ သူတို့လာတဲ့သူတွေကျတော့ သူတို့အစီစဉ်နဲ့ သူတို့ ပြန်တယ်။ နေ့တိုင်းလိုလို ပြန်တာရှိပါတယ်။ စာထုတ်ပြီးတဲ့နောက်ပိုင်းမှာ။
မေး။ ။ သက်မှတ်ရက်အတွင်း မပြန်ကြတဲ့သူတွေကို ဘယ်လိုအရေးယူမှုတွေ လုပ်ဆောင်သွားမလဲ။
ဖြေ ။ ။ အရေးယူမယ့်အပိုင်းကိုတော့ ကျနော်တို့ ပြန်တိုင်ပင်ရဦးမယ်။ လောလောဆယ် ပြောလို့မရသေးဘူး။ ဒါပေမယ့် ခက်တာက ဒီလုပ်ငန်းတွေက သူတို့ပြောတာ အွန်လိုင်းဂိမ်းလား ဘာလဲ၊ ကျနော်တို့လည်း ဒီကွန်ပျူတာတွေ နားမလည် ဘူး။ အမှန်တကယ် ကျွန်တော်တို့သွားပြီးတော့ ကြည့်တယ်၊ စစ်တယ်။ ကွန်ပျူတာတွေ ထောင်ထားတာတွေ့တယ်၊ နှိပ်တာတွေတော့ တွေ့တာပေါ့။ ဒီလုပ်ငန်းက ဒီနေရာမှာ မလုပ်ရရင်လည်း ကွန်ပျူတာတလုံးနဲ့ ကြိုက်တဲ့နေရာမှာ သူတို့က လုပ်လို့ရတဲ့ သဘောမျိုးရှိတယ် ကျနော်ကြည့်တာ။ သူတို့ဟာက အဲဒီလိုဖြစ်နေတယ်။ ကျနော်တို့လည်း နားမလည်ဘူးလေ ဒီအပိုင်းက။

မေး။ ။ အဲဒီမှာရှိတဲ့နေရာတွေမှာ တချို့နိုင်ငံခြားသားတွေကို အတင်းအဓမ္မခိုင်းစေတာတွေရှိနေတယ်လို့ ဖော်ပြနေကြတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ သတင်းသမားတွေကလည်း ကျနော်ထင်တာ သူတို့လည်း တိတိကျကျ မသိဘူးလေ။ တချို့က သတင်းပေးတာ မှားတာလား။ အမှန်ဆို အဲဒီလိုမျိုး ကျနော်တို့ ခွင့်ပြုထားတာ မရှိဘူးလေ။ ထိုင်းသံရုံးတို့ဘာတို့ အခြား မလေးရှား သံရုံး တွေရော၊ ဗီယက်နမ် သံရုံးတွေရော အဲဒီလို နာမည်နဲ့ တချို့ ပို့လာတဲ့ဟာတွေတော့ ရှိတယ်။ ပို့လာတဲ့ဟာတွေကျရင် ကျနော်တို့က ပြန်ရှာပြီးတော့ ပြန်ပို့တာတွေလည်း အခေါက်ပေါင်း မနည်းတော့ဘူး။ သံရုံးတွေကို ကျနော်တို့ပြန်ပို့ပေး တယ်။
အဲဒီလိုမျိုးတွေရှိတယ်ဆိုရင်လည်း ကျနော်တို့ကို ပို့ပေး နာမည်စာရင်းတွေနဲ့ သူတို့ရဲ့ ပတ်စပို့ နံပါတ်နဲ့ဆိုရင် ကျနော်တို့ လည်း ရှာပေးရတာ လွယ်တာပေါ့။ ခုနကပြောသလို အတင်းအဓမ္မဟာတွေက မရှိပါဘူး။ ကျနော်တို့လည်း သွားကြည့်ပါတယ်။ ကျနော်သိထားတာ ၄-၅-၆ ခေါက်လောက်ရှိတယ် ထင်တယ်။ ၁၀ ယောက်ရှိတယ်၊ ၁၅ ယောက်၊တခါတလေ ၂ ယောက်၊ ၃ ယောက်ရှိတယ်။ အဲဒီလိုမျိုးက ရှာရတာလွယ်တယ်။ အတင်းအဓမ္မကြီး ခေါ်ထားတာတို့၊ ပေးမပြန်တာတို့ မရှိပါဘူး။
အခုလည်း ပြန်ချင်တဲ့သူတွေလည်း ကျနော်တို့ Open ဖွင့်ပေးထားတာပဲ။ လုပ်ငန်းရှင်တွေလည်း ကျွန်တော်တို့ ပြောထား ပြီးသားပဲ။ ပြန်မယ့်သူတွေကို ပေးပြန်လိုက်ဖို့ ကျနော်တို့မှာထားတာပဲကို ။ ပြန်တော့ ပြန်နေတယ်လေ ။နေ့တိုင်းလိုလိုပဲ ပြန်နေတာ။
မေး ။ ။ မြန်မာဘက်ခြမ်းကို ဝင်လာတဲ့ နိုင်ငံခြားသားတွေမှာ တရားမဝင်လမ်းကြောင်းက လာတာတွေရှိလား။ အဲဒီလို လူတွေ အတင်းအဓမ္မ ခိုင်းစေခံနေရရင်ရော ဗိုလ်မှူးတို့ သိရှိနိုင်လား။
ဖြေ ။ ။ တရားဝင်လမ်းကြောင်းတော့ အကုန်လုံး မရှိဘူး။ တချို့ကလည်း ထိုင်းဘက်ကနေပြီး သူတို့နည်း သူတို့ဟန်နဲ့ ဝင် လာကြတာပဲ ။ Without လည်း ရှိတာပေါ့နော်။ နှစ်မျိုးစလုံးရှိတာပေါ့။ တချို့ကျတော့လည်း တရားဝင်လာတာရှိတယ် ကျနော်တို့လည်း သံရုံးကပို့လာတဲ့ဟာတွေဆိုရင် ပြန်ပို့ပေးလို့ရတယ်လေ။ ဒီနောက်ပိုင်းကျတော့လည်း သူတို့ဘာသာ သူတို့အဆင်ပြေတယ်ဆိုတော့လည်း လုပ်ကြတာပေါ့။ အဆင်မပြေရင်လည်း ပြန်လွှတ်တာပေါ့ ။ အတင်းအဓမ္မ ခေါ်ထား တာ မရှိပါဘူး။ အခုလည်း မရှိဘူး ။
မေး။ ။ လက်ရှိ ဗိုလ်မှူးတို့ BGF ထိန်းချုပ်နယ်မြေမှာ နိုင်ငံခြားသား ခန့်မှန်း ဘယ်လောက်ရှိနေပါသလဲ။
ဖြေ ။ ။ တသောင်းကျော်လောက်တော့ ရှိဦးမယ်ထင်တယ်။ တချို့ ပြန်သွားတာတွေလည်းများနေပြီဆိုတော့။ သူတို့က ဖြည်းဖြည်း ပြန်နေတာ။ တချို့ကျတော့လည်း တရားဝင်လာတဲ့ဟာတွေ မဟုတ်တော့ သူတို့လမ်းကြောင်းနဲ့သူတို့ ပြန်ကြ တယ်။ ပြန်တာကတော့ သူတို့အဆက်အသွယ်နဲ့ သူတို့၊ သူတို့ သူဌေးတွေကနေ လမ်းစရိတ်တွေ ဘာတွေ ထုတ်ပေးပြီး တော့ ရှင်းရှင်းပြောရရင် ကယ်ရီတွေရှိတယ် ထင်တယ်။ ပို့တဲ့သူတွေရှိတယ်။ ထိုင်းဘက်ကဆိုလည်း ထိုင်းရဲ့ ကယ်ရီသမား တွေရှိမယ်။ ကျနော်တို့ မြန်မာပြည်ဘက်ခြမ်းဆိုလည်း ရှိမယ်။ ကျနော်ကတော့ အဲဒီလိုပဲ သိတယ်။
မေး။ ။ လက်ရှိနိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ဖြည့်စွက်ပြောဖို့က ကျနော်လည်း ပြော မတတ်တော့ဘူးလေ။ အားလုံးကလည်း ကျနော်တို့ အဖွဲ့တွေချည်းပဲ လေလှိုင်းကနေ အမျိုးမျိုး ပြောကြတာပဲ။ ဟုတ်တာတွေရော မဟုတ်တာတွေရော ဆိုတော့လေ။ အခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိတော့ဘူး။
You may also like these stories:
ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
ရွှေကုက္ကိုလ်နှင့် တရုတ်မြို့သစ်စီမံကိန်းများ ထိုင်းက လျှပ်စစ်မီးဖြတ်မည်
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော
မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR