တရုတ်နိုင်ငံသို့ သွားရန် ဆုံးဖြတ်လိုက်ချိန်တွင် ပြင်သစ်ဓာတ်ပုံဆရာမ ကက်သရင်း ဟန်နရီယပ်ချ်သည် အာရှဘာသာစကားများ မဟာဘွဲ့ ရကာစသာ ရှိသေးသည်။
သူ့ကို AFP သတင်းဌာနက ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အလုပ်ခန့်ပြီး ချက်ချင်းဆိုသလို တရုတ်သမိုင်းတွင် အကြီးမားဆုံး ဒီမိုကရေစီဆန္ဒပြပွဲများကို ဓာတ်ပုံသတင်းယူရသည်။ နောက်တလ ကြာသောအခါ တီယန်မင် ရင်ပြင်ဖြိုခွဲမှု စတင်ပြီး အသက် ၂၉ နှစ်အရွယ် ထိုသတင်းသမားသည် သူ့ဘဝ အခန်းကဏ္ဍသစ်ကို လေ့လာနေရဆဲဖြစ်သည်။
ထိုကျောင်းသား ဆန္ဒပြပွဲတွင် သတင်းယူရသည့် အတွေ့အကြုံကို လွတ်လပ်သော အာရှအသံ (RFA) မှ အဲရစ်ကိန်းက ပြင်သစ်ဘာသာဖြင့် ဟန်နရီယပ်ချ်ကို မေးမြန်းပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။
မေး ။ ။ ၁၉၈၉ ခုနှစ် ကျောင်းသားဆန္ဒပြပွဲအတွင်း ဘာကြောင့် တီယန်မင်ရင်ပြင်ကို ရောက်သွားတာလဲ။ အဲဒီက ပတ်ဝန်းကျင်နဲ့ ပါဝင်သူတွေကို ဘယ်လိုထင်လဲ။
ဖြေ ။ ။ အဲဒီတုန်းက ကျမက AFP ဓာတ်ပုံသမားပါ။ ဒါကြောင့် တီယန်မင် ရင်ပြင်ကို ရောက်သွားတာ ကျမ အလုပ်ပဲ။ ကျမ ပထမဆုံး ခံစားရတာက ကျမ မျက်စိရှေ့မှာ ဖြစ်နေတာတွေကို မယုံနိုင်လောက်အောင် ဖြစ်ရတာပဲ။
မေး ။ ။ တီယန်မင် ရင်ပြင်က ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်ရတဲ့ အတွေ့အကြုံကို ပြောပြပေးပါ။ အဲဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ ဓာတ်ပုံသမားတယောက် အနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ ။ ။ အဲဒါက အရမ်း စိတ်လှုပ်ရှားစရာ ကာလပဲ။ ကျမက ဓာတ်ပုံသမားဖြစ်ကာစမှာ အဲဒီ လှုပ်ရှားမှုက နေ့စဉ်ကြီးထွားလာလို့ အမြန်သင်ယူလေ့လာရတယ်။ စိန်ခေါ်မှုက ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပဲ။ ကျမက AFP အတွက် ဒီသတင်းကို ဓာတ်ပုံရိုက်သူဖြစ်လို့ အားတင်းထားရတယ်။ လှုပ်ရှားမှုက လုံးဝမရပ်တော့ ခြေကုန်လက်ပန်းကျလာတယ်။

မေး ။ ။ တသက်လုံး ရိုက်ခတ်မှုဖြစ်စေတဲ့ ထူးခြားတဲ့အချိန် ဒါမှမဟုတ် မြင်ကွင်းတွေရှိလား။ အဲဒီအချိန်က အမှတ်တရအဖြစ်ဆုံး ဓာတ်ပုံတွေထဲက တခုခုရဲ့ နောက်ခံဇာတ်လမ်းကို ပြောပြပေးပါ။
ဖြေ ။ ။ တနေ့နဲ့ တနေ့ မတူဘူး။ မယုံကြည်နိုင်ဆုံးဖြစ်ရပ်က ကျောက်ကျိယန်က ပြည်သူ့ခန်းမကနေ ထွက်လာပြီး ကျောင်းသားတွေကို လာရောက်တွေ့ဆုံပြီး သူတို့နဲ့ စကားပြောဖို့ ကြိုးစားတာပဲ။ တရုတ်လို နိုင်ငံမှာ အဲဒါက မဖြစ်နိုင်တာပဲ။
မေး ။ ။ တီယန်မင်ရင်ပြင်က ခင်ဗျားရဲ့ဓာတ်ပုံတွေက ပိုမိုကျယ်ပြန့်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ဘယ်လို အကျိုးပြုတယ်လို့ ထင်လဲ။ ဆန္ဒပြသူတွေရဲ့ အသံကို ပိုမိုကျယ်လောင်စေတယ်လို့ ထင်လား။
ဖြေ ။ ။ အဲဒီတုန်းက ကျမရဲ့ ဓာတ်ပုံတွေကို မဂ္ဂဇင်းတွေ၊ သတင်းစာတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးကြတယ်။ ဒါကြောင့် ကျမ ကိုယ်တိုင်တောင် မထင်မှတ်ဘဲ အဲဒီဖြစ်ရပ်တွေကို အများသိအောင် လုပ်ပေးခဲ့တယ်လို့ ထင်တယ်။
မေး ။ ။ အခုနောက်ကို ပြန်ကြည့်တော့ သမိုင်းအသိကို ပုံဖော်ရာမှာ ဓာတ်ပုံပညာရဲ့ အခန်းကဏ္ဍကို ဘယ်လိုထင်လဲ။ အထူးသဖြင့် တီယန်မင်ရင်ပြင် ဆန္ဒပြပွဲတွေလို ကိစ္စတွေပေါ့။
ဖြေ ။ ။ ရိုးရိုးသားသားပြောရရင် ကျမအတွေ့အကြုံက တီယန်မင် ရင်ပြင် ဖြစ်ရပ်တွေပဲ ရှိတယ်။ ကျမက အသက် ၂၉ နှစ်ပဲရှိသေးပြီး ဓာတ်ပုံစတင်ရိုက်ခါစပဲ ရှိသေးတယ်။ ကျမက AFP မှာ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ စတင်လုပ်ကိုင်တယ်။ သမိုင်းလမ်းကြောင်းအပေါ် သြဇာသက်ရောက်လား၊ မရောက်လား ပြောဖို့ သတင်းဓာတ်ပုံပညာ အတွေ့အကြုံ လုံလုံလောက်လောက် မရှိဘူး။ တင့်ကားတွေရှေ့က လူရဲ့ဓာတ်ပုံကို ကြည့်တော့ ကျမ စိတ်ထဲမှာ အမြဲထင်ကျန်နေတဲ့ ဓာတ်ပုံပဲ။ အဲဒီ ဓာတ်ပုံက ကျမ ရိုက်တာ မဟုတ်ဘူး။ ဒါကြောင့် ဓာတ်ပုံပညာက သူ့နည်းနဲ့ သူ အများစုရဲ့ အမှတ်သညာ ဖြစ်စေတယ်လို့ ထင်တယ်။
မေး ။ ။ တီယန်မင် ရင်ပြင်မှာ တွေ့မြင် ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်တွေက လုပ်ငန်းခွင်ဘဝ တလျှောက် ဓာတ်ပုံပညာနဲ့ သတင်းဖော်ပြခြင်းကို ဘယ်လို သြဇာ သက်ရောက်တယ်လို့ ထင်လဲ။
ဖြေ ။ ။ ဒီဖြစ်ရပ်က ကျမ မသိဘဲ ကျမရဲ့ အမြင်ကို သြဇာသက်ရောက်ခဲ့နိုင်ပါတယ်။ ဒါပေမယ့် ကျမ ပြောတဲ့အတိုင်းပဲ ကျမက ဓာတ်ပုံ စတင်ရိုက်ကူးခါစပဲ ရှိသေးတယ်။ သတင်းဓာတ်ပုံပညာကို နှစ် အနည်းငယ်ပဲ လေ့လာရသေးပြီး တရုတ်မှာ သတင်းဓာတ်ပုံသမားဖြစ်ရတာ ကျမအတွက် အရမ်းကောင်းတဲ့ သင်တန်းကျောင်းပဲ။ ဒါပေမယ့် နောက်တော့ တိုးတက်လာပြီး မဂ္ဂဇင်း ဓာတ်ပုံသမား ဖြစ်လာပြီး ယနေ့တိုင် လုပ်ကိုင်နေတဲ့ အနုပညာဓာတ်ပုံသမား ဖြစ်လာတယ်။

မေး ။ ။ တီယန်မင် လူသတ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖိနှိပ်ဖြတ်တောက်တာကြောင့် အဲဒီလို ဖြစ်ရပ်တွေကို မှတ်တမ်းတင် ဖော်ပြတာ ဆက်လုပ်ဖို့ သတင်းသမား၊ ဓာတ်ပုံသမားတွေအတွက် အရေးကြီးတယ်လို့ ထင်လား။
ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီလို မဟုတ်ရင် ဒီလိုဖြစ်ရပ်တွေကို သမိုင်းကနေ ဖျောက်ဖျက်ကြမယ်။ တရုတ် သမိုင်းစာအုပ်တွေမှာ တီယန်မင်အကြောင်း ဖော်ပြတာ မရှိဘူး။
မေး ။ ။ တီယန်မင်ရင်ပြင်က အတွေ့အကြုံကို ပြန်လည် သုံးသပ်ပြီး သမိုင်းကို သက်သေခံရမှာနဲ့ ပတ်သက်လို့ ဓာတ်ပုံပညာအနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ဘာသတင်းစကားနဲ သင်ခန်းစာပေးချင်လဲ။
ဖြေ ။ ။ မလိုအပ်တဲ့ စွန့်စားမှုတွေ သိပ်မလုပ်ဖို့ပဲ ပြောချင်တယ်။ တကမ္ဘာလုံးကို ပျံ့နှံ့သွားတဲ့ “တင့်ကားရှေ့ကလူ” ဓာတ်ပုံကို ရင်ပြင်မှာ ဖြိုခွဲမှု နောက်တနေ့မှာ ဘေဂျင်းဟိုတယ် လသာဆောင်ကနေ ရိုက်ထားတာ။ ရိုက်တဲ့ ဓာတ်ပုံတိုင်းမှာ သတင်းစကားပါရမယ်။ အဲဒီသတင်းစကားကို ရှာဖွေရမယ်။ ဓာတ်ပုံသမားကောင်း တယောက်ဆိုတာ အဲဒီလိုစဉ်းစားတဲ့သူလို့ ထင်တယ်။
(RFA ပါ Photographer covered Tiananmen protests just weeks into new job ကို ဘာသာပြန်သည်။)
You may also like these stories:
ဘယ်တော့မှ မသေသော တီယန်နန်မင် ဝိညာဉ်
နှစ် ၃၀ ပြည့် တီယန်နန်မင် အထိမ်းအမှတ် ဟောင်ကောင်နှင့် ထိုင်ပေ မှာ ကျင်းပ
တင့်ကားလူသား ဓာတ်ပုံများကြောင့် တရုတ်အစိုးရ စိတ်အနှောင့်အယှက် ဖြစ်နေဆဲ
လူထုလှုပ်ရှားမှု ဘယ်တော့မှ အလဟဿမဖြစ်