မန္တလေးတိုင်း မိုးကုတ်မြို့ကို ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ဇွန် ၂၅ မှစ၍ ထိုးစစ်ဆင်နေရာ မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားပြီး ယခု အရှေ့ပိုင်းတွင် တိုက်ပွဲများ ဖြစ်နေ၍ မြို့လူထုမှာ မန္တလေးဘက်သို့ အလုံးအရင်းဖြင့် တိမ်းရှောင်ခဲ့ရသည်။
ယခုအခါ မိုးကုတ်- မန္တလေး လမ်းပိုင်း၌ ကားအစီးရေ ရာချီနှင့် စစ်ရှောင်ဦးရေ ၁၅၀၀ ကျော်မှာ တိုက်ပွဲများကြောင့် ပိတ်မိခဲ့ပြီး လမ်းတွင် ပစ်ခတ်ခံရပြီး ဇနီးနှင့် သမီး ကျည်ထိမှန်ခဲ့ရသည့် မိုးကုတ်အရှေ့ပိုင်းမှ စစ်ရှောင် ကိုစိုးသီဟကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ လက်ရှိ မိုးကုတ် – မန္တလေးလမ်းပေါ်မှာ တိုက်ပွဲပြင်းထန်နေတယ် အခြေအနေ ဘယ်လိုရှိလဲ။ ကား ပိတ်မိနေတာ အတော်များလား။
ဖြေ။ ။ ချောင်ကြီးရယ်၊ မတ္တရာရယ်၊ နွယ်ရုံရယ် အဲဒီ သုံးနေရာမှာ တိုက်ပွဲက တောက်လျောက်ကို ဖြစ်နေတာ လက်နက် ငယ်သံတွေတော့ မကြားရဘူး။ လက်နက်ကြီး ပစ်ကူနေတဲ့ အသံတွေနဲ့ လေယာဉ်အသံတွေ ဗုံးကြဲတဲ့အသံတွေပဲ ကြားရတယ်။
ကျနော်တို့ထက်စောပြီး အရှေ့က ရောက်နေတဲ့ ကားတွေလည်း ပိတ်မိနေတာပဲ။ အနောက်က ထပ်လာတဲ့ကားတွေလည်း ပိတ်မိ၊ တချို့ဆို ကားပေါ်မှာအိပ် ကားပေါ်မှာ နေကြတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေပြီ၊ တည်းခိုခန်းတွေလည်း တခုမှမရတော့ဘူးပြောတယ်။ ကား တွေက ခန့်မှန်းဆို ၃၀၀၊ ၄၀၀ လောက် ရှိမယ်။ တရက်တရက်က ဆင်းဆင်းလာတဲ့ ကားတွေ ရှိတယ်လေ။
အခုလည်း ဆက်ပြီး ပိတ်နေတုန်းပဲ ဇရပ်ကွင်းမှာ စားဆီ၊ ဓာတ်ဆီနဲ့ စားစရာတွေပါ ပြတ်နေပြီ။ တိုက်ပွဲတွေက ချောင်းကြီး၊ လက်ပန်လှ၊ မတ္တရာထိတိုက်ပွဲဖြစ်နေတုန်းပဲ။

မေး။ ။ မိုးကုတ်အရှေ့ပိုင်းက ဒေသခံတွေ ဘယ်လိုကြောင့် ရှောင်တာများလာတာလဲ။
ဖြေ။ ။ မိုးကုတ်မှာ အရင်ကတော့ ပစ်လိုက် ငြိမ်သွားလိုက်ပေါ့။ မြို့သိမ်းတဲ့အထိကို တိုက်ပွဲ မပြင်းဘူး။ လေယာဉ်တွေ လာကြဲတာလည်း မရှိဘူး။ အခု ပစ်ခတ်သံတွေက အမြဲ ကြားနေရတယ်။ လက်နက်ကြီးသံတွေ လုံးဝမတိတ်ဘူး။ လေယာဉ်တွေက မြို့အနောက်ပိုင်းကို ကြဲသလို တိုက်ပွဲက မြို့ အရှေ့ပိုင်းပါ ရောက်လာပြီဆိုတော့ စိုးရိမ်တယ်။
လက်နက်ကြီးတွေကျတာက နေရာ အတိအကျ မရှိဘူး၊ လေယာဉ်ကြဲတာတွေလည်း အိမ်ပေါ်ကျတာတွေ တွေ့နေရတော့ စိုးရိမ်လာပြီး နောက်ဆုံးပြေးမယ်လို့ ဆုံးဖြတ်လိုက်တာ။ တဖက်နဲ့တဖက် ပစ်တာက ရှောင်လို့တိမ်းလို့ ရတယ်။ လက်နက် တွေ၊ လေယာဉ်တွေကျတော့ ကျနော်တို့အတွက် အာမခံချက် မရှိဘူးလေ။
မေး။ ။ စစ်ရှောင်လာတုန်းက ယာဉ်တန်းအပစ်ခံရတယ်လို့ သိရတယ်၊ ပစ်ခတ်ခံရတဲ့ အခြေအနေကို ပြောပါအုံး။
ဖြေ။ ။ ဇွန် ၃၀ ရက် မနက် ၄ နာရီလောက်မှာ မိုးကုတ်အရှေ့ပိုင်းကနေ ထွက်တာ။ စစ်ရှောင်ကား အစီး ၉၀၊ ၁၀၀ လောက် ရှိတယ်။ အတန်းလိုက်ကြီး ထွက်လာတာ အနောက်ပိုင်းရောက်ချိန် သေနတ်သံတွေ ကြားရတယ်။ ဒါပေမယ့် ကျနော်တို့ ကားတန်းနဲ့က နည်းနည်းလေးတော့ လှမ်းတယ်။ ပစ်သံတွေ ကြားပေမယ့် အရှေ့ကကားတွေ သွားတော့ ကျနော်တို့လည်း ဆက်သွားရင်းနဲ့ အနောက်ပိုင်း ဘောလုံးကြီး မရောက်ခင် တောင်အတက်ကြီးတခု ရှိတော့ ကားတွေက တစီးနဲ့တစီး နည်းနည်းတော့ ခွာကြ တယ်။
ကျနော်တို့ကလည်း လူက ခြောက်ယောက် စစ်ရှောင်လာတော့ ခရီးဆောင်အိတ်တွေနဲ့ အများကြီး ထည့်လာတော့ ဝိတ်က များတယ်။ အရှေ့မှာ ၂၅ စီး ၃၀ လောက် တက်သွားပြီ။ ကျနော်အနောက်မှာ စီးရေ လေး ငါး ခြောက် ဆယ်လောက် ရှိ သေးတယ်။ ကျနော်တို့ တောင်ပေါ်ကုန်းတက်ဖို့ အလှည့်ရောက်တော့ ကားက ဝိတ်လည်းပါတော့ ဖြည်းဖြည်း လေးပဲ တက်နေချိန် အနောက်ကနေ လှမ်းပစ်တာခံလိုက်ရတယ်။

ပစ်တာ ၁၅ ချက်လောက် ရှိတယ်။ ကျနော်တို့ဘေးတွေရော ကားရော၊ မှန်တာ။ အဓိက ထိတာတော့ ကျနော်တို့ ကားကို ထိတာ ၃ ချက်။ ၃ ချက်မှာ ၂ ချက်က ကျနော့် မိန်းမနဲ့ သမီးကြီးကို မှန်တော့တာပဲ။ ကျနော့် မိန်းမက ခြေသလုံးနဲ့ပေါင်၊ သမီးကြီးက တင်ပါးကနေပေါက်ပြီး ပေါင်ကနေ ထွက်တယ်၊ ဘယ်အဖွဲ့အစည်းက ပစ်တာလဲ ဆိုတာ လှည့်တော့ မကြည့်ဖြစ်လိုက်ဘူး၊ ကျနော် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ရပ်ရင်လည်း ဆက်ပစ်ခံရမှာ၊ နောက် ဆုတ်တော့လည်း မရတော့၊ လူလည်း ထိသွားပြီ၊ သွေးတွေကလည်းထွက်နေတော့ ရောက်အောင်ပဲ အရှေ့ကို ဆက်တက် ပစ်လိုက် တော့တယ်။
မေး။ ။ ဒဏ်ရာတွေလည်းရထားတယ် ရှေ့ဆက်သွားတယ်ဆိုတော့ ကုသမှုတွေရော ဘယ်လိုဆက်လုပ်ခဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့ ဆက်သွားတော့ သွေးကလည်း ထွက်နေတယ်။ နီးစပ်ရာ ဆေးခန်းကလည်း မရှိဘူး။ ရွာတွေထဲကို မေး တော့လည်း ဆေးခန်းတွေကမရှိတော့ ကင်းရွာကို ရောက်အောင်သွားပြီးတော့ အဲဒီနားက ဆေးခန်းမှာ သွေးတိတ်အောင် ဆေးနီလေး ထည့်ပေးတယ်။ ဆရာကတော့ သွေးတွေက အရမ်းထွက်နေတယ်တဲ့ မန္တလေးထိလည်း မသွားနဲ့ နီးစပ်ရာ ဆေး ရုံဆေးခန်းကို အမြန်ဆုံး ဝင်ပါဆိုတော့ ကျနော်တို့လည်း စုံစမ်းကြည့်တော့ ခုတင် ၁၀၀ ဆေးရုံ ၇ မိုင် ဆိုတာရှိ တယ်ဆိုလို့ အဲဒီဆေးရုံကို အမြန်ဆုံး ပြေးရတာ။
ဆေးရုံရောက်တော့လည်း ဆေးရုံက ၄၊ ၅ ရက်လောက် သူတို့ဆီမှာ မီးပျက်နေတာ့ ဓာတ်မှန်တွေ ရိုက်လို့ မရဘူးတဲ့။ အထဲမှာ ကျည် ကျန်မကျန်လည်း ကြည့်လို့မရဘူးပေါ့။ အဲဒါနဲ့ ကျနော်တို့နောက်ဆုံး ဘယ်လိုဖြစ်လဲဆိုတော့ ဇရပ်ကွင်းမှာ ရှိတဲ့ ဆရာတွေဆီမှာ မီးစက်နှိုးပေး၊ ဓာတ်မှန်တွေပါ ရိုက်လို့ရတယ်ဆိုလို့ အဲဒီမှာပဲ ဆေးကုသမှုခံ ယူနေတယ်။
မေး။ ။ ဇရပ်ကွင်းမှာ ဇွန် ၃၀ ရက်ထဲက ပိတ်မိနေတာဆိုတော့ လမ်းပြန်ပွင့်ဖို့ရော အခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ။ ။ မနက်ဆို ပွင့်မလားဆိုပြီး သွားတန်းစီတယ် အများကြီးပဲ။ အစီးရေ ၂၀၀၊ ၂၅၀ လောက် ရှိမယ်။ အဲဒီမှာ တန်းစီ နေ ချိန် စစ်သားတွေက လိုက်ကြည့်တယ်။ ကျနော်တွေ့ရသလောက်တော့ ဘုန်းကြီးကားတွေ တွေ့ရင် ရပ်ပြီးစကားတွေ ပြော တာ တွေ့တယ်။ ကျနော်တို့ကားနား ရောက်တော့ ဘာဖြစ်တာလဲမေးတော့ မိုးကုတ်မှာ အပစ်ခံရတာ၊ လူနာလည်းတွေ့၊ ဆေးတွေလည်း ချိတ်ထားတော့ အဲဒါဆို အစ်ကိုတို့ ပြန်လှည်လိုက်ပါ။ တပတ် ၁၀ ရက်လောက်ကြာဦးမှာ။ နီးစပ်ရာဆေးရုံ၊ ဆေးခန်း မှာ ဆေးကုသမှုခံယူပါ၊ လမ်းကြောင်းက ပွင့်ဦးမှာ မဟုတ်သေးဘူးတဲ့။ အဲဒီနေရာက ဇရပ်ကွင်း လိပ်ကျဂိတ် လို့တော့ ခေါ်ကြတယ်။

မေး။ ။ မိုးကုတ်အရှေ့ပိုင်းမှာရော မရှောင်ဘဲ ကျန်နေခဲ့တဲ့သူတွေ ရှိသေးလား
ဖြေ။ ။ ကျန်ခဲ့တဲ့သူတွေလည်း ရှိသေးတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ကားခတွေက အရင်ဆို တစီးလုံး ငှားမှ ၅ သိန်းလောက်ပဲ ရှိတာ။ အခုဆိုရင် သူတို့ ကားခတွေက ဘယ်လောက်ထိတောင် ခေါ်လဲဆိုရင် တယောက်ကို ၅ သိန်းတို့၊ တစီးလုံး အပြတ်ကို သိန်း ၃၀ တို့ အဲဒီလိုမျိုးရှိတော့ တချို့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေက ပြောင်းချင်လျက်နဲ့ ကျန်ခဲ့တဲ့သူ တွေ အများကြီးရှိတယ်။ တချို့ သက်ကြီးရွယ်အိုတွေကျတော့လည်း ကလေးတွေကို ပြေးခိုင်းပြီး သူတို့ အိမ်စောင့်ကျန်ခဲ့ တာမျိုးလည်း ရှိတယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
ဖြေ။ ။ မန္တလေးကို အမြန်ရောက်ချင်တယ်။ ဆေးဝါး ကောင်းကောင်းလေးတွေနဲ့ ကုသမယ်ဆိုရင် ဒဏ်ရာရသူတွေ သက်သာမလားလို့လေ။ အခုကျတော့ ဆေးဝါးကောင်းကောင်းမရှိတော့ ပိုပြီး နာကျင်ခံစားရတာပေါ့။ သူတို့ ဒဏ်ရာ အပေါက်တွေကလည်း အကြီးကြီးဆိုတော့ ဆေးတခါထည့်တိုင်း အော်ငိုရတယ်၊ နည်းနည်းတောင် လှုပ်လို့ရ ဘူး နာကျင်နေတာ။ ဇရပ်ကွင်းက မိုးကုတ်ကနေ ထွက်လာရင် ၂ နာရီခွဲ ၃ နာရီလောက် ကားမောင်းရတဲ့အကွာအဝေးပေါ့။ မန္တလေးရောက်ဖို့က သိပ်မလိုတော့ဘူး၊ နောက်ထပ် ၂ နာရီလောက်ဆို ရောက်တယ်။
You may also like these stories:
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး
စစ်တပ်နှင့်ပျူစောထီးတို့ မတ္တရာ၌ အင်အားဖြည့် ခံစစ်ပြင်
မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်
မိုးကုတ်စစ်ရှောင်များ မြို့အထွက်၌ ပိတ်မိနေ