နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်က ဖိအားပေးနေချိန် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးကို သိမ်းထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပဋိပက္ခများ ဖြေရှင်းရေး တရုတ် ကြားဝင်စေ့စပ်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်သလို စစ်မြေပြင် မချဲ့တောဘဲ ချက်ချင်း အပစ်ရပ်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာမည့် ထုတ်ပြန်ချက်တစောင်ကို စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရေး ကြေညာချက်ထုတ်သော်လည်း စစ်ကောင်စီဘက်ကမူ MNDAA သိမ်းထားသည့် လားရှိုးမြို့ပေါ် ကို ဗုံးကြဲမြဲ ကြဲနေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အဦ ပျက်စီးမှုများ ရှိနေသည်။
ထို့အတွက် MNDAA ကမ်းလှမ်းသည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေ၊ NUG မပူးပေါင်းရေး ထုတ်ဖော်ပြောဆိုမှု၊ ဘာကြောင့် စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေသလဲ ဆိုသည်များကို တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာ သုံးသပ် သူ ဒေါက်တာလှကျော်ဇောကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ MNDAA က တရုတ်ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ပြောနေပေမယ့် စစ်တပ်က MNDAA သိမ်းထားတဲ့ လားရှိုးကို ရက်ဆက်ဗုံးကြဲနေတဲ့အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဒါဟာ စစ်တပ်က MNDAA က အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ဆိုတာကို လက်မခံကြောင်း ပြသတာပဲ။ MNDAA က သိပုံရတယ် စစ်ကောင်စီက အပစ်ရပ်မှာ မဟုတ်ဘူးဆိုတာ၊ အဲဒါကြောင့် ဒီကြေညာချက်ကို ထုတ် ပေးလိုက် တာပဲ။ တကယ်တော့ MNDAA က ကြေညာကတည်းက အဲဒီမှာတကြောင်းပါပြီးသား။ အပစ်အခတ်ကို ချက်ချင်းရပ်မယ်။ ဒါပေမယ့် သူဒေသကို သူ ကာကွယ်ခွင့်ကိုတော့ ထိန်းထားမယ်လို့ ပြောထားပြီးသား။ စစ်တပ်က ဒီလို တိုက်လာတာ ကောင်းတာပေါ့။ MNDAA က ပြန်တိုက်ဖို့ပဲ ရှိတော့တာပေါ့။
စစ်တပ်က လားရှိုးကို ပြန်တောင်းတယ်လို့ ပြောတယ်။ MNDAA ကလည်း မပေးနိုင်တဲ့အတွက် NUG နဲ့ မဆက်စပ်ပါ ဘူးဆိုတာ ပြောရတာပေါ့ အပေးအယူလုပ်ထားတဲ့ ပြဿနာပါ။ အပစ်အခတ်ရပ်စဲရေးက ဖြစ်မှာမဟုတ်ဘူး။ ဆက်ပြီး တော့ တိုက်စရာရှိတာ တိုက်ကြရမှာပါ။
မေး ။ ။ MNDAA အနေနဲ့ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းပါဘူးဆိုတာကို ဘာကြောင့် လူသိရှင်ကြား ထုတ်ပြောရ တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ NUG က ဒေါ်ဇင်မာအောင်လည်း ထွက်ပြောတာရှိတယ်။ တရုတ်က NUG ဟာ အနောက်အုပ်စုလိုလားသူလို့ ထင်နေပုံရတယ်တဲ့။ အဲဒါ မဟုတ်ကြောင်း ကျမတို့ဘက်က ပြရဖို့လိုတယ်ဆိုပြီး ပြောသွားတာပဲ။ အဲဒီပဋိပက္ခအပေါ်မှာ အခြေခံပြီး ဖြစ်လာတာပေါ့။ တရုတ်က ပြောနေတာရှိတယ်။ မြန်မာပြည်အရေးမှာ တခြားနိုင်ငံတွေ ဝင်စွက်လို့ မရဘူး ဆိုတာ။ အမေရိကန်တို့ဘာတို့ အနောက်နိုင်ငံတွေကို ဟန့်တဲ့သဘောပေါ့။ အဲဒီတော့ NUG ကို အနောက်နိုင်ငံတွေက ကြိုးဆွဲနေတယ်လို့ တရုတ်ကထင်ပုံရတယ်။ အဲဒါကို တရုတ်ကကြိုပြီးတော့ ဟန့်တာထင်တယ်။
တရုတ်နဲ့ နယ်နိမိတ်ထိစပ်ပြီးနေရတဲ့ တိုင်းရင်းသားအုပ်စုတွေမှာ တရုတ်ရဲ့ဖိအားတွေ သိပ်မလွန်ဆန်နိုင်ဘူး။ ဟိုတလောကပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတောင် တရုတ်ရဲ့ပေါ်လစီတွေနဲ့ ကျနော်တို့ ပဋိပက္ခမဖြစ်အောင်နေရတယ်ဆိုတာ ပြောသွားတာပဲ။ အားလုံးက တရုတ်ကို ကျောပေးပြီးနေနေရတာ။ စီးပွားရေးတွေဘာတွေ အားလုံးကလည်း တရုတ်ကို အမှီပြုပြီးနေရတာဆိုတော့ တရုတ်ကပြောလာရင် အလိုက်အထိုက်တော့ဆက်ဆံကြရတာပဲ။
တရုတ်ရဲ့ မဟာဗျူဟာကလည်း အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ် ရောက်ဖို့လိုတယ်လို့ သူက တွက်ထားတာ။ မြန်မာပြည်အရေးမှာ သက်ဆိုင်တဲ့သူတွေအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရမယ်၊ အဖွဲ့တိုင်းက ကိုယ့်လိုလားချက်တွေတင်ပြီးတော့ အလယ်မှာဆုံကြဖို့ ပြောနေတာကြာပြီ။ အဲဒီဟာအတွက် တရုတ်က ခြေလှမ်း တလှမ်းပြီးတလှမ်း တိုးနေပုံရပါတယ်။ အဲဒီတော့ MNDAA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက တရုတ်ပြောတာကိုလည်း တစုံတရာလိုက်နာ။ ကိုယ့်ရဲ့ ရည်မှန်းချက်ကိုလည်း မပျက်အောင် ရှဉ့်လည်းလျှောက်သာပျားလည်းစွဲစေ ဆိုတာမျိုးပေါ့။ ဒါကြောင့်မလို့ အဓိပ္ပာယ်အမျိုးမျိုးထွက်တဲ့ ကြေညာချက်တွေ ထုတ်နေရတာပေါ့။
မေး ။ ။ MNDAA ရဲ့ ကြေညာချက်ကြောင့် လက်ရှိ မြေပြင်စစ်ဆင်ရေးတွေအပေါ်ကို သက်ရောက်မှု ရှိနိုင်မလား။
ဖြေ ။ ။ မရှိနိုင်ပါဘူး။ အခုလည်း TNLA နဲ့ တိုက်ပွဲတွေဖြစ်နေတာ။ ဆက်ပြီးလည်း ဖြစ်ဦးမှာပါပဲ။ တရုတ်က ဖိအား ပေးတယ်၊ တရုတ်ကို ကပ်နေတဲ့ MNDAA တို့ဘာတို့က အလိုက်အထိုက်နေ၊ ကျန်တဲ့သူတွေက လုပ်စရာရှိတာဆက်လုပ် ပေါ့။ AA လည်း တိုက်ပွဲတွေရပ်နေတာမှမဟုတ်ဘဲ၊ သူ့ဟာသူဆက်လုပ်နေတာပဲ။
မေး ။ ။ စစ်တပ်က အခုလို ဗုံးဆက်တိုက်ကြဲပြီး တိုက်ခိုက်နေတော့ MNDAA ဘက်က ထိုးစစ်တွေ ပြန်စလာနိုင်မလား။
ဖြေ ။ ။ MNDAA က သူလုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ ပါးစပ်ကသာ အပစ်ရပ်မယ်၊ ဆွေးနွေးမယ်ပြောတာ သူ့ဒေသမှာ နွေဦးတော်လှန်ရေးရဲ့ PDF သင်တန်းတွေဘာတွေရှိတယ်။ နောက်တခုက သူသိမ်းထားတဲ့ နယ်မြေတွေမှာ ဒေသအုပ်ချုပ်ရေးတွေ သေသေချာချာ တည်ဆောက်နေတာရှိတယ်။ လောလောဆယ် စစ်ရေးကို ခဏနားထားတယ် ဆိုရင်လည်း သူတို့အနားရတာပေါ့။ ကျန်တာတွေတော့ လုပ်စရာရှိတာ လုပ်နေတာပဲ။ ဗုံးခိုကျင်းတွေ ဘာတွေလည်း တူးပေးတယ်ကြားတယ်။ စစ်တပ်ကလည်း နောက်ဆုတ်မှာမဟုတ်တော့ ရှေ့လျှောက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာမယ့် အခြေအနေရှိတယ်။ တော်လှန်ရေးဘက်ကလည်း ဆက်တိုက်စရာရှိတာတိုက်ရင်း ပိုပြီး ပြင်းထန်တဲ့ပွဲတွေ ဖြစ်လာဖို့ရှိပါတယ်။
မေး ။ ။ တရုတ်ရဲ့ ငြိမ်းချမ်းရေးတိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ကရော ဘယ်လိုသဘောထားတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ စစ်တပ်က အခုထိ မာနမချဘူး။ သူတို့စိတ်ထဲမှာ အကြမ်းပတမ်းတိုက်လိုက်ရင် နိုင်မယ်လို့တွက်တုန်း။ ဒါကြောင့်မလို လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်သိမ်းမယ်ဘာမယ်နဲ့ပြောနေတာ။ အောက်ခြေက အဖြစ်အပျက်တွေကို သူတို့မသိကြဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အောက်ခြေမှာ ဒီလောက်ပြဿနာတွေတက် နေတာ၊ စုတ်ပြတ်သပ်နေတာ သူတို့ကို မတင်ပြတော့ သူတို့ သိပ်မသိဘူးထင်တယ်။ သူတို့ စိတ်ထဲမှာ တိုက်ခိုင်းလိုက်ရင် တိုက်လိမ့်ဦးမယ်၊ တိုက်လို့ရလိမ့်မယ် ထင်လို့နေတုန်း။ ဒါကြောင့်မလို့ မလျှော့နိုင်ဘူး ဖြစ်နေတာ။ အဲဒီတော့ လောလောဆယ် တရုတ်ဘာပဲပြောပြောပါ ငြိမ်းချမ်းရေးစားပွဲပေါ် မရောက်နိုင်သေးပါဘူး။ ကျမတို့ ဆက်တိုက်ရဦးမှာ၊ တိုင်းပြည်အခြေအနေကလည်း ပိုပြီးဆိုးလာဖို့ပဲရှိပါတယ်။
မေး ။ ။ စစ်တပ်ကဗုံးကြဲမှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတဲ့အပေါ် တရုတ်ကရော ဘယ်လိုသဘောထားရှိမယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ တရုတ်က အာဆီယံ ၁၀ နိုင်ငံနဲ့ သူနဲ့ပေါင်းပြီးတော့ လွတ်လပ်တဲ့ ဈေးကွက်ဒေသကြီးတခုကို တည်ထောင် ထားတာ။ အဲဒီ ထောက်ပံ့ရေးလမ်းကြောင်းကြီးပေါ်က မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက ရမှဖြစ်မယ်။ အဲဒါကြောင့် သူက တော်တော်လေး တိုးလုပ်နေတာဖြစ်တယ်။ နောက်ပြီး မြန်မာပြည်မှာ သူ့ရဲ့ ပိုးလမ်းမစီမံကိန်းတွေက အများကြီး ဘာမှရှေ့မတိုးနိုင်ဘူး ဖြစ်နေတာ။
သို့သော်လည်း တရုတ်က အချိန်ကသူ့မှာရှိတယ်။ သူက ဖြည်းဖြည်းအေးအေးပဲ၊ သူ့မဟာဗျူဟာနဲ့သူ လုပ်နေမှာပဲ။ ဒီထက်ပိုပြီးတော့ တွန်းတိုက်ပြီးတော့ လုပ်စရာမရှိဘူး။ ဟိုအဖွဲ့ကို တကြောင်းပြောလိုက်၊ စစ်ကောင်စီကို တကြောင်းပြောလိုက် ဒီလောက်ပဲသူပြောမှာ။
အဓိက မြန်မာပြည်ရဲ့အရေးကို ဆုံးဖြတ်မှာ ကျမတို့ပြည်သူပဲ။ ကျမတို့က ဒီလောက်မစောင့်နိုင်ဘူး။ တရုတ်က သူ့စီးပွားရေးက ဒီလောက်မဟုတ်ဘူး။ ဒီလောက်လည်း ထိခိုက်စရာမရှိဘူး။ အဲဒါကြောင့်သူက ဖြည်းဖြည်းပဲ တလှမ်းချင်းတိုးနေမှာ။ ကျမတို့ ပြည်သူက ဒီလောက်စောင့်လို့မရဘူး၊ နည်းတဲ့နှစ်တွေမဟုတ်ဘူး၊ နည်းတဲ့သွေးတွေ၊ ချွေးတွေ မဟုတ်ဘူး။ ကျမတို့လုပ်စရာရှိတာကို သွက်သွက်လက်လက်လုပ်ဖို့ပဲ။
တရုတ်က သူ့နိုင်ငံအကျိုးစီးပွားပေါ်က တချက်ချင်းပြောပြော၊ နှစ်ချက်ချင်းပြောပြော၊ သူဘာပြောပြော ကျမတို့က အလိုက်အထိုက်တော့ ဆက်ဆံဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အိမ်နီးနားချင်း အင်အားကြီးနိုင်ငံဖြစ်လို့ အလိုက်အထိုက်တော့ဆက်ဆံရမယ်။ သို့သော်လည်း သူပြောတဲ့အတိုင်း အကုန်မလုပ်နိုင်ဘူး။ ကိုယ့်အတွက်လည်း ကိုယ့်စီမံကိန်းနဲ့ ကိုယ့်လမ်းစဉ်နဲ့ သွားစရာရှိတာသွားရမယ်။ တွန်းတွန်းတိုက်တိုက် ကိုယ့်အားကိုယ်ကိုးလုပ်ကြရမှာ။
You may also like these stories:
TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့
ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား