စစ်ကောင်စီက တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့အား လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်၍ ၎င်းတို့ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲလမ်းကြောင်းမှ တဆင့် နိုင်ငံရေးပြဿနာများအား နိုင်ငံရေး နည်းလမ်း ဖြင့်ဖြေရှင်းရန် ယမန်နေ့က ဖိတ်ခေါ်ခဲ့သည်။
သို့သော် နိုင်ငံရေး ပြဿနာများကို ပြေလည်လိုသည့် စိတ်ရင်း အမှန်ဖြင့်သာ ဖိတ်ခေါ်ပါက ပထမဦးစွာ အပစ်အခတ်ရပ်စဲ ရမည်ဖြစ်သော်လည်း ယနေ့ နံနက်အစောပိုင်းကမူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့အား စစ်ကောင်စီက ဗုံးကြဲသဖြင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့သည်။
ထိုအတူ စစ်ကောင်စီ၏ သတင်းစာများတွင် နိုင်ငံရေးအရ အရေးပါသော ဖိတ်ခေါ်မှုကို မျက်နှာဖုံးသတင်း ဖော်ပြခြင်းမပြုဘဲ အတွင်းတနေရာတွင်သာ ဖော်ပြထားခြင်းကလည်း သာမန်အပေါ်ယံ ဖိတ်ခေါ်ခြင်းလားဆိုသည်က မေးခွန်းထုတ် စရာ ပင်ဖြစ် နေ၏။
ထို့အတွက် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF အချို့၏ တုံ့ပြန်ချက်များအား မေးမြန်းဖော်ပြလိုက်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် (ကချင်လွတ်မြောက်ရေးကောင်စီ (KIC)၊ ဒုဥက္ကဌ-၁)
ဘာ့ကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကို ထုချေလွှာတင်ပြနဲ့ သန်းခေါင်စာရင်း ကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ပြန်ချက်ဖြစ်နေ။ ခေါ်ပုံခေါ်နည်း နည်းနည်းများ လိုနေသလားလို့ပါ။
ဦးမောင်မောင်ဆွေ (အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်)
သေနတ်ပြပြီး အနိုင်ကျင့်ဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ ပါတီထောင်ပြီး နိုင်ငံရေး လုပ်ကြဖို့ ထုတ်ပြန်လာတာဟာ အင်မတန် ရယ်စရာကောင်းပြီး အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ထုတ်ပြန်ချက် လို့ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ မြေပြင်ရင်ဆိုင် တိုက်ပွဲတွေမှာလည်း မရှုမလှကျရှုံးနေတယ်။ လူမှုရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံတကာရေးရာ စတဲ့ စစ်မျက်နှာတွေ မှာလည်း ကျရှုံးနေတာဖြစ်တဲ့အတွက် သူ့ကိုထောက်ခံတဲ့သူတွေနဲ့ နိုင်ငံတကာကို ဝါဒဖြန့်ချိနိုင်ဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်။
ကျနော်တို့ K3C-NUG အနေနဲ့ ဇန်နဝါရီလမှာ စစ်တပ်သည် နိုင်ငံရေးက လုံးဝထွက်ခွာဖို့၊ စစ်တပ်သည် အရပ်သားရဲ့ အုပ်ချုပ်မှုအောက်မှာရှိဖို့၊ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုကိုခံယူဖို့ စတဲ့ အချက်တွေပါတဲ့ ဘုံသဘောထားထုတ်ပြန်ချက်ကို ကြေညာခဲ့ပြီးဖြစ်တယ်။
တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ဒီဘုံသဘောထား ရပ်တည်ချက် အတိုင်းပဲ ဆက်ပြီးသွားဖို့ရှိတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အခုလို ထုတ်ပြန်ခြင်းသည် သူတို့ရဲ့ ထွက်ပေါက်ပိတ်နေတဲ့အတွက် ပွင့်အောင် သွေးရူးသွေးတန်းနဲ့ ကြေညာရုံမှတပါး ဘာမှ အကျိုးရလဒ် ရှိလာမှာမဟုတ်ဘူး။
ဒေါက်တာစိုးသူရဇော် (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး/ MDY-PDF)
ပြည်သူတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်နေတဲ့ စစ်တပ်က ကမကထလုပ်ပြီး ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာပါပဲ။
လွေးယေဦး (ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြောခွင့်ရှိသူ)
စစ်ကောင်စီပြောသလို လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ရွေးကောက်ပွဲဝင်ရမယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့ကိစ္စ နယ်မြေ တွေ ဆုံးရှုံးပြီး စစ်ရေးအရ ရှုံးနိမ့်လာတဲ့အချိန်မှာ သူ့ရဲ့လက်အောက်ခံ တပ်သားတွေကို စိတ်ဓာတ်မြှင့်တင်ရေး ပြန်လည် ဖော်ဆောင်နိုင်ဖို့နဲ့ နိုင်ငံရေးဗျူဟာပြောင်းတာ ဖြစ်တယ်။ နိုင်ငံရေးကစားတာသာ ဖြစ်တယ်။
အမှန်က PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျမတို့အတွက်ရော၊ တခြားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ။
ဒေါ်နှင်းနှင်းမွှေး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တွဲဖက်အတွင်းရေးမှူး)
၂၀၂၁ နွေဦးတော်လှန်ရေးကနေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်တွေ နိုင်ငံရေးနယ်ပယ်ကနေ လုံးဝဆုတ်ခွာသွားပြီး သူ့နေရာသူနေဖို့ဆိုတာ လုံးဝမပါဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်ကနေဆက်ပြီးတော့ ဦးဆောင်ဦးရွက် ပြုမယ်ဆိုတဲ့အဓိပ္ပာယ် သက်ရောက်နေပါတယ်။
လက်နက်စွန့်ရမယ်၊ လက်နက်ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာအကြောင်းမရှိဘူး။ စစ်တပ်ကပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲ ယူဆပါတယ်။
ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အတွင်းရေးမှူး-၂)
နိုင်ငံရေးဆွေးနွေးပွဲဆိုတာ စစ်တပ်က ဖိတ်ခေါ်ခွင့်မရှိဘူး။ သူတို့ကို တရားဝင်အစိုးရလို့ ကျနော်တို့က သတ်မှတ်ထား တာမဟုတ်ဘူး။ နိုင်ငံကို အာဏာသိမ်းထားတဲ့ အကြမ်းဖက်အုပ်စုပဲဖြစ်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေကို လက်နက်စွန့် အလင်းဝင်ပြီး နိုင်ငံရေးပါတီထောင်ရအောင် ကျနော်တို့ ဘာကြောင့်မလို့ လက်နက်ကိုင်ရသလဲဆိုတဲ့ အဓိက အကြောင်းအရင်းကို သိဖို့လိုတယ်။
ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ တန်းတူရေးနဲ့ တရားမျှတခွင့်မရှိလို့ တော်လှန်တာဖြစ်တယ်။ နိုင်ငံရေးပါတီထောင်ပြီးမှ အုပ်ချုပ်ရေးကို ဝင်မယ့်သူတွေမဟုတ်ဘူး။
သူခေါ်တိုင်း ကျနော်တို့က အလင်းဝင်ပြီးတော့မှ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရလောက်အောင် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတာမဟုတ်ဘူး။ ၂၀၀၈ က ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးကို သွားလို့မရဘူး။ ကျနော်တို့ သွားချင်တာက တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ ၂၀၀၈ အောက်ကနေ သွားမယ်ဆို စစ်တပ်အာဏာတည်တံ့ခိုင်မြဲအောင် လုပ်ပြီးတော့မှ စစ်တပ်က နိုင်ငံရေးလောကထဲမှာ ဝင်ရောက်စွက်ဖက်တာကို ကျနော်တို့က တွန်းအားပေးသလိုဖြစ်တယ်။ ဒီနေ့က ကျနော်တို့တိုင်းပြည်မှာ နိုင်ငံတော်သစ်တည်ဆောက်ဖို့အတွက် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားရမှာဖြစ်တယ်။
ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ တဝက်ကျော်လောက် က ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အကုန်လုံးရောက်နေပြီဖြစ်တယ်။ ဒါကိုသိလို့ သူကလည်း အပိုင်းလိုက် ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးမှ လုပ်နေတာ။ အဓိကတော့ သူတို့ဖိတ်ခေါ်ချက်က သူတို့ နိုင်ငံရေးထွက်ပေါက်ကို ရှာတဲ့ပုံစံပါပဲ။ ဒီကနေ အားလုံးသိကြတဲ့အတိုင်းပဲ သူ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာကလည်းသိနေပြီ။ အဲဒါကြောင့် သူက Internal Legitimacy မရရအောင် ရွေးကောက်ပွဲထွက်ပေါက်လုပ်ပြီးမှ External Legitimacy ရအောင်လုပ်တာပဲဖြစ်တယ်။
ဆလိုင်းထက်နီ (ချင်းအမျိုးသားတပ်ဦး (CNF)၊ ပြောရေးဆိုခွင့်ရှိသူ)
စစ်ကောင်စီ အာဏာသိမ်းလို့ ပြည်သူလူထု စစ်ဘေးရှောင်ဘဝနဲ့ တပြည်လုံးအတိုင်းအတာ ဒုက္ခရောက်နေချိန်၊ အခု တောင် တပြည်လုံးကြုံတွေ့နေရတဲ့ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ ဆိုပြီး တွန်းလာပြန်တော့ တကယ့်ကို အံ့ဩတယ်။
အဓိကတော့ သူ့ရဲ့ ရေရှည်မြန်မာ့နိုင်ငံရေးမှာ ရပ်တည်ရေးအတွက် ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ်ဖြစ် တယ်။ ဒါကြောင့်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်ကနေ စစ်ကောင်စီက လုပ်ဆောင်မှုမှန်သမျှ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ပကနေ လုပ်ဆောင်မှုမှန်သမျှကတော့ လက်ခံနိုင်စရာအကြောင်းလည်းမရှိဘူး။ လက်တွေ့လည်းဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့ ချင်းတောင်မှာဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူစိုးမိုးထားတဲ့ ပြည်သူက အုပ်ချုပ်ရေးဖော်ဆောင်မှု ရှိနေတဲ့အချိန်မှာ စစ်ကောင်စီက သူ့ရဲ့တချို့မြို့ပေါ်မှာပဲ လူအနည်းအကျဉ်းနဲ့ လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းလည်းမရှိဘူး။ နိုင်ငံတကာကို လှည့်စားနေတာလို့ပဲ ပြောချင်ပါတယ်။
You may also like these stories:
တရုတ်ဘာပဲပြောပြော ငြိမ်းချမ်းရေးစားပွဲပေါ် မရောက်နိုင်သေးဘူး
မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်
လွတ်မြောက်ပြီဆိုပေမယ့် စစ်ရေးသတိရှိဖို့လို