၂၀၂၁ အာဏာသိမ်းကာလအတွင်း မည်သည့် အဖွဲ့အစည်းလက်အောက်၌မှ မရှိနေဘဲ စစ်ကောင်စီအား တော်လှန် တိုက်ပွဲဝင်နေသော လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြား ကယန်းဒေသများရှိ ပြန့်ကျဲနေသည့် ကယန်း လက်နက်ကိုင်တပ်များကို တစုတစည်းတည်း ပေါင်းစည်း၍ ကယန်းအမျိုးသားတပ်မတော် (KNA) ကို ဖွဲ့စည်းလိုက် ကြောင်း အောက်တိုဘာ ၂၉ ရက်က ကြေညာသည်။
KNA ကို တပ်ရင်း ၈ ရင်းဖြင့် ဖွဲ့ထားသည်ဆိုကာ အခြေခံမူ ၉ ချက်၊ အမျိုးသား ရည်မှန်းချက် ၅ ချက် သစ္စာ အဓိဋ္ဌာန် ၄ ချက်တို့ ချမှတ်ထားကာ စစ်ကောင်စီကို တော်လှန်နေသော မည်သည့်အဖွဲ့အစည်းနှင့်မဆို အတူလက်တွဲ တိုက်ပွဲ ဝင် သွားမည်ဖြစ်ဟုလည်း ထုတ်ပြန်ထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုကာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ကယန်းလူမျိုးများနေထိုင်ရာ နယ်မြေ ၄ ခုဖြစ်သည့် ကယားပြည်နယ် အနောက်ခြမ်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင် ပြည်နယ် သံတောင်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်တို့ကို စုစည်းပြီး ကယန်းပြည်နယ် ထူ ထောင်ရေး ပြည်နယ်၊ လူမျိုးကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း KNA က အမျိုးသား ရည်မှန်းချက် ထားရှိသည်။
လက်ရှိ ကယားပြည်နယ် (ကရင်နီပြည်)၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၄၅၁၉ ရှိပြီး အနောက်ကရင်နီနယ်တွင် ဘောလခဲ၊ ကြယ်ဖိုးကြီး၊ နောင်ပုလဲ၊ နန်းမယ်ခုံ၊ မိုးဗြဲနယ်များ ပါဝင်ပြီး အရှေ့ ကရင်နီနယ်တွင် ကန္တရဝတီနယ် ပါဝင် သည်။
ယခုကဲ့သို့ KNA ဖွဲ့စည်းသစ်ပေါ်ပေါက်လာခြင်းအပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့သလို ယင်းအဖွဲ့အနေဖြင့် မည်သည့် အခန်းကဏ္ဍကနေ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ကို သိရှိစေရန် ၂၀၂၁ခုနှစ် စစ်တပ် အာဏာသိမ်း ကတည်းက လူထုတိုက်ပွဲမှ လက်နက်ကိုင်တိုက်ပွဲအထိ ပါဝင်ခဲ့သော KNA ၏ ဦးဆောင်ကော်မတီ ၁၅ ဦးတွင် တဦးအပါအဝင် သည့် KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူ အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ကယန်းအမျိုးသား တပ်မတော်ကို ဘယ်အဖွဲ့အစည်းက ဦးဆောင်ဖွဲ့စည်းထားတာလဲ။ ဘာကြောင့် ဖွဲ့စည်းဖြစ် တာလဲ
ဖြေ။ ။ ကျနော်တို့ KNA ဆိုတာ ကယန်းအမျိုးသား တပ်မတော်ဆိုတော ကယန်းအမျိုးသားဖြစ်တဲ့ လူငယ်တွေနဲ့ ဦး ဆောင် ဖွဲ့စည်းထား ဖြစ်တယ်။
နွေဦးတော်လှန်ရေးကာလ သုံးနှစ်ကျော်ကျော်အတွင်းမှာ ကျနော်တို့ မြေပြင်မှာ အစုအဖွဲ့တွေက အရမ်းများတယ်၊ ပြန့် ကျဲနေတဲ့ ကယန်းဒေသက တော်လှန်ရေး အင်အားစုအသီးသီးကို တစုတစည်းတည်းဖြစ်အောင် ပြန်စုစည်းတဲ့ဟာ မျိုး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တော်တော်ခိုင်ခိုင်မာမာရှိတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိသလို ကျနော်တို့က လည်း ကယန်းဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေကို ပြန်လည်စုစည်းတဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ကျနော်တို့ သုံးနှစ်ကျော်ကျော်မှာ တော်လှန်ရေးကို ဘက်ပေါင်းစုံကနေ ပါဝင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ကယန်းလူမျိုးတွေအတွက် မှတ်ကျောက် တင်လောက်ရတဲ့ သမိုင်းပုံစံမျိုး ပြောဆို ခံရတာမျိုး၊ ကယန်းအနေနဲ့လည်း စစ်ကောင်စီကို တထောင့်တနေရာကနေ တိုက်ခိုက်တယ် ဆိုတဲ့အဖြစ်မျိုးတောင် ပြောဆိုခံရခြင်း မရှိဘူးပေါ့နော်။
အဲဒီအခါကျတော့ ကျနော်တို့ လူငယ်တွေလည်း မခံမရပ်နိုင် ဖြစ်တယ်။ ကျနော်တို့လည်း ပြည်ထောင်စုထဲက တိုင်းရင်းသား လူမျိုးတမျိုး ဖြစ်တာပေါ့နော်။ အခြားလူမျိုးစုတွေနဲ့အတူ စစ်အာဏာရှင်ကို ရရာလက်နဲ့ဆွဲကိုင် တော်လှန်မယ့်ဟာမျိုးဆန္ဒရှိလို့လည်း ကျနော်တို့ တောက်လျောက်ပါဝင်တာပေါ့နော်။
မေး။ ။ KNA က ကယန်းပြည်သစ်ပါတီနဲ့ ဆက်စပ်မှု ရှိလား။
ဖြေ။ ။ ကျနော်တို့ အတိအလင်း ပြောကြားချင်တာက KNA သည် ကယန်းပြည်သစ်ကနေ ဘက်ပြောင်းပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ နောက်တခုက ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဆက်နွယ်လာ မယ့်ဟာမျိုး မဟုတ်ဘဲနဲ့ စစ်ရေးတခုတည်းသာ ကျနော်တို့ သွားမှာဖြစ်ပါတယ်။
နိုင်ငံရေးအရ ပြန်လည်ဖွဲ့စည်းဖို့အစီအစဉ်ကတော့ နိုင်ငံရေးကို ဦးစီးဦးရွက်ပြုလိုတဲ့ ပုဂ္ဂိုလ်တွေကတော့ လုပ်ကောင်း လုပ်နိုင်တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့အနေနဲ့က အခုချိန်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုတဲ့မူကိုပဲ စွဲကိုင် ထားပြီးတော့ စစ်ရေးအရ ဖွဲ့စည်းထူထောင်ခြင်းဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ရှိနေတဲ့ကယန်းပြည်သစ်ပါတီက အခုလို KNA ရဲ့ ကယန်းပြည်နယ်ဖွဲ့စည်းရေးကြိုးပမ်းနေတဲ့အပေါ် ဘယ်လို မှတ်ချက်ပေးတာမျိုးရှိပါသလဲ။
ဖြေ။ ။ ကယန်းပြည်သစ်ပါတီ ဆိုတာလည်း နှစ်ပေါင်း ၆၀ ကျော်နီးပါး ထူထောင်လာတဲ့အဖွဲ့တဖွဲ့ဖြစ်တယ်၊ သူတို့ မှာလည်း သူတို့နည်းလမ်းနဲ့ သူတို့မူနဲ့ သူတို့သွားနေတာဖြစ်လို့ သူတို့ကို ကျနော်တို့ဖိအားပေးတာမျိုးလည်း လုပ်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လည်းဆို သူတို့က ERO အကြီးတခုဖြစ်တယ်။ သူတို့မှာလည်း မူဝါဒတွေ ရှိပြီးသားဖြစ် တယ် ကျနော်တို့ကလည်း ကျနော်တို့မူနဲ့ပဲ သွားနေတယ်ဆိုတာ ပြောချင်ပါတယ်။
မေး။ ။ ကယားပြည်နယ်(ကရင်နီ)မှာလက်နက်ကိုင်အဖွဲ့အစည်းတွေများနေတယ်ဆိုပြီးဝေဖန်နေတဲ့အပေါ်ဘာများ
ပြောချင်ပါသလဲ။
ဖြေ။ ။ မြန်မာတနိုင်ငံလုံး ပြည်ထောင်စုအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် သူ့မျိုးနွယ်စုနဲ့သူ တော်လှန်ရေးလုပ်နေတဲ့ သူတွေလည်းအများကြီးရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေများတယ်ဆိုတာကလည်း ကျနော်တို့က ပြန်စုစည်း တဲ့အနေအထားဖြစ်ပါတယ်။
တခြားတပ်ရင်းတပ်ဖွဲ့တွေကိုပုံရိပ်ပျက်ပြားအောင် သွေးကွဲစေတဲ့ဟာမျိုးလည်းရည်ရွယ်ထားတာမရှိဘူး၊ အခြားလူမျိုးစု တွေ အနေနဲ့လည်း သူ့လူမျိုးစုနဲ့ သူပြန်စုစည်းကြတာလည်းအများကြီးရှိတယ်။ သူ့အမျိုးသားအနေနဲ့ ပြန်စုစည်းကြတာ ကျနော့်အနေနဲ့ ကောင်းတဲ့လက္ခဏာလို့မြင်ပါတယ်။
ကျနော်တို့ ကယန်းအမျိုးသားတပ်မတော် တည်ထောင်တယ်ဆိုတာကလည်း ကယန်းလူမျိုးတွေကို ပြန်စုစည်းတဲ့ သပ်သပ်ပဲပေါ့နော်။ နောက်ပြီးတော့ ပြည်ထောင်စုအစိုးရဆိုတာ ကျနော်တို့အစိုးရဆိုတာ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပြီးဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့ထင်ပါတယ်။
မေး။ ။ KNA က စစ်ရေးကို ဘယ်နေရာတွေမှာ အဓိက ဖော်ဆောင်သွားမှာလဲ။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ကယန်းလူမျိုးတွေအများစုရှိနေတဲ့နေရာမှာ ကယားပြည်နယ် အနောက်ခြမ်း လွိုင်ကော်မြို့နယ် အနောက်ဖက်နဲ့ ဒီမောဆိုမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ ပင်လောင်းမြို့နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ မန္တလေးတိုင်း နေပြည်တောင်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်တန်း တောင်ပေါ်ဒေသတွေမှာ အဓိက စစ်ရေးဖော်ဆောင်မှုတွေပြုလုပ်သွားမယ်ဖြစ်ပါတယ်။
စစ်ကောင်စီကိုတော်လှန်တွန်းလှန်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ဖြေကြားချင်ပါတယ်။
မေး။ ။ KNA ရဲ့ ကြေညာချက်ထဲမှာ အမျိုးသား ရည်မှန်းချက်တွေပါနေတဲ့အပေါ် ရှင်းပြပေးပါဦး။
ဖြေ ။ ။ အမျိုးသားရေး ရည်မှန်းချက်ဆိုတာ ကယန်းအမျိုးသား တပ်မတော်ရဲ့ ချမှတ်ထားတဲ့မူပါ၊ ကယန်း တမျိုးသား လုံးရဲ့ မူဆိုတာလည်း သီးသန့်ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမယ့် အခုချိန်မှာ အမျိုးသားတခုလုံးရဲ့ တပ်မတော်အနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မူချမှတ်ခြင်းဖြစ်တယ်။ တနေ့တချိန်ကျရင်တော့ ပြည်သူလူထုကနေ ကယန်းတမျိုးသား လုံး ချမှတ်ထားတဲ့မူ သူတို့ရဲ့ဆန္ဒတွေအတိုင်း လိုက်နာဖို့ရှိပါတယ်။
မေး။ ။ KNA ကို ဖွဲ့စည်းတဲ့အခါ ကယန်းတပ်ရင်းတချို့ မပါတာကို တွေ့ရတယ် ဒါကြောင့် ဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ရှိခဲ့လဲ
ဖြေ။ ။ KNA စတင်ဖွဲ့စည်းချိန်မှာ အခက်အခဲအများကြီးရှိတဲ့ ပုံစံမဟုတ်ပါဘူး။ အဓိက အခက်အခဲတခုက ၃ နှစ် ကျော်အတွင်းမှာ ကျနော်တို့ PDF အင်အားစုတွေအနေနဲ့ဆိုရင် တချို့က MOD ရဲ့ အောက်မှာ တပ်ရင်းတပ်ဖွဲ့တွေ ယူထားတဲ့အဖွဲ့တွေ ရှိတယ်။ အဲဒီအခါမှာ ကျနော်တို့ ဇွတ်အတင်း လုပ်ရမယ့်ဟာမျိုး ပြောလို့ မရဘူး။ ပြည်ထောင်စု အရေးမှာပါတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျနော်တို့ အတင်းအဓမ္မပုံစံမျိုး လုပ်ထားတာ မရှိဘူး၊ စည်းရုံးထားတာတွေ မရှိဘူး။
အဓိက ကတော့ NUG လက်အောက် မသွားရသေးတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ဒေသမှာ အများကြီး ရှိတယ်။ အဲဒီအဖွဲ့တွေအားလုံးကို ပြန်လည် စုစည်းလိုက်တာဖြစ်ပါတယ်။
ကျနော်တို့က တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တယ်။ ပြည်သူတွေက မကြိုက်တဲ့အမူ အကျင့် ပုံစံမျိုးရှိခဲ့ရင် ကျနော်တို့က လိုက်နာဖို့အသင့်ပါ။ ဒါလည်း ကျနော်တို့က တပ်ရင်းတပ်ဖွဲ့ တွေကို ပြောပြထားပြီးသား အကုန်လုံးကို ချပြပြီးသား ဖြစ်တယ်။
ကျနော်တို့က ပြည်သူကနေလာပြီးတော့ ပြည်သူဆီကိုပဲ ပြန်သွားရမယ်ဆိုတဲ့ မူကိုပဲ တဦးချင်းကိုဖြစ်စေ၊ တပ်ရင်း လိုက်ဖြစ်စေ အကုန်လုံးကို ချမှတ်ထားပြီးသားပေါ့နော်။ အဲဒီအခါကျတော့ ကျနော်တို့အတွက် ပြဿနာကြီးကြီး မားမားရှိလာလို့ မထင်မိပါဘူး။
မေး။ ။ KNA ဖွဲ့စည်းလိုက်တဲ့အပေါ် ဝေဖန်မှုတွေနဲ့ မေးခွန်းတွေအမျိုးမျိုးရှိနေတာကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က သုံးနှစ်ကျော်မှပဲ ဒီအဖွဲ့အစည်းကို ထ ဖွဲ့စည်းရလားဆိုတဲ့ မေးခွန်းတွေလည်း အများကြီး မေးခံရ တာပေါ့။ အရင်ကတည်း တချို့ပုဂ္ဂိုလ်တွေ အသင်းအဖွဲ့တွေ မြင်နိုင်မိကြပါတယ်။ ဒီလိုအစီအစဉ်မျိုး လုပ်ထားသင့်တာ ကြာပြီ၊ စုစည်းသင့်တာကြာပြီဆိုတဲ့ အမြင်မျိုးကို အကြံပြုခံထားရတာလည်း အများကြီး ရှိတယ်။ အဲဒါကို ကျနော်တို့ အချိန်ယူလက်ခံပြီးတော့ ဒီနေ့ဒီချိန်မှာ ကယန်းတမျိုးသားလုံးအနေနဲ့ စည်းရုံးသင့်ပြီ စည်းစည်းလုံးလုံးနဲ့ COC တခု အမိန့်တခုအောက်မှာပဲ တိတိကျကျနဲ့ သွားသင့်ပြီ ဆိုတဲ့ဟာမျိုး အဓိက ဦးစီးဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေကို တိုင်ပင်ပြီးတော့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။
အခက်အခဲ မရှိဘူးလားဆိုတော့ ရှိပါတယ်၊ နောက်လည်း ရှိလာနိုင်ဦးမှာပဲ။ ကျနော်တို့က ဒီတော်လှန်ရေးကာလ မှာ ပေါ့ တခြားအသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) ကြီးတွေနဲ့ ပြဿနာဖြစ်လာမှာ မစိုးရိမ်ဘူး လား လို့ တချို့တွေ မေးကြတာရှိတယ်။
ဒါကတော့ ကျနော်တို့ ညီညွတ်ရေးလမ်းစဉ်ကို သွားနေတာပေါ့နော်။ အဲဒီအခါကျတော့ မြေပြင်မှာပဲဖြစ်ဖြစ် အွန်လိုင်း မီဒီယာတွေမှာပဲဖြစ်ဖြစ် ကျနော်တို့ ပွတ်တိုက်မှုတွေကို ပါးပါးနပ်နပ်ရှောင်ရှားဖို့ အဲဒီ လမ်းစဉ်ကိုပဲ ရွေးထားတယ်။
အပေါင်းလက္ခဏာဆန်တဲ့ ဆက်ဆံရေးမျိုးနဲ့ပဲ ကျနော်တို့ သွားမယ်။ မြေပြင်မှာလည်း အသင်းအဖွဲ့တွေ အများကြီး ရှိတာပေါ့နော်။ အဲဒီအခါကျတော့ အချိတ်အဆက်မိမိနဲ့ အလုပ်ကို အတူတကွ ထိထိမိမိ လုပ်နိုင်အောင်တော့ ကျနော်တို့ ဒီနောက်ပိုင်းမှာ ချိတ်ဆက်မှုတွေလည်း အများကြီး လုပ်သွားဖို့ရှိပါတယ်။
You may also like these stories:
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်
မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ