ကရင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် မကြာခင် အညာဒေသတွင် စစ်ဒေသ အသစ်တခု ဖော်ဆောင်သွားမည်ဟု ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တွင် ထုတ်ပြန်ခဲ့သည်။
အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်လာနိုင်တော့မည့်အကြောင်းနှင့် ပတ်သက်ပြီး BPLA ၏ ကွပ်ကဲရေးမှူး မောင်ဆောင်းခကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
ဧရာဝတီ ။ ။ အညာကို ဆင်းတော့မယ်ဆိုတော့ အညာမှာရှိနေတဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန)၊ PDF တွေ၊ တခြားအဖွဲ့ပေါင်းစုံတွေလည်း ရှိနေကြတယ်ဆိုတော့ သူတို့အနေနဲ့ ကိုဆောင်းခတို့အပေါ် ဘယ်လိုသဘောထား ရှိကြလဲဆိုတာကို သိချင်နေကြတာဆိုတော့ အညာမှာ တဖွဲ့ထပ်တိုးတာပဲ ဖြစ်မလား။ ၁၀၂၇ စစ်ဆင်ရေးလို အဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်ကြမှာလား။
မောင်ဆောင်းခ ။ ။ အဓိကကတော့ ကျနော်တို့ အညာသွားတော့မယ်ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက BPLA ရဲ့ ရည်မှန်းချက်၊ ပင်မရည်ရွယ်ချက်ကတည်းက ဗမာပြည်နယ် ဗမာဒေသနိုင်ငံရေး ရည်မှန်းချက်ရှိတဲ့အခါမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေးလို နေရာမျိုးကို တချိန်ကျရင် အခြေချနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တခြားလူမျိုးစုနေရာတွေမှာ စစ်ပညာသွားယူနေတယ်။ စစ်ရေးအတွေ့အကြုံ ရယူတယ်။ လက်နက်ခဲယမ်း တည်ဆောက်တယ်။
တခြားလူမျိုးစုနဲ့ ဗမာကြားထဲက အဟတွေကို အတတ်နိုင်ဆုံး ဗမာသည်လည်း လူမျိုးစုတခုဖြစ်တယ် ဆိုတာကို ကိုင်စွဲထားပြီးတော့ ကျနော်တို့ လူမျိုးစုအနေနဲ့ တန်းတူညီတူ ပြည်ထောင်စုကို တည်ဆောက်လိုသော ဗမာတွေဖြစ်ကြတယ် ဆိုတာကို သက်သေပြရတာပေါ့။ အဲဒီလိုမျိုး ချဉ်းကပ်ပြီး မဟာမိတ်ဆက်ဆံရေးတည်ဆောက်၊ လက်နက်ကြီး ခဲယမ်း အကူအညီတွေ တောင်းခံရတာပေါ့။ ဒါမျိုးနဲ့ပဲ BPLA ဆိုတာ ဖြစ်လာခဲ့တယ်။ အဲဒီကနေတဆင့် လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အိပ်မက်က အခုမှ အကောင်အထည် ဖော်လာတာပေါ့။ အထူးသဖြင့် BPLA သည် ဗမာတပ်ဖြစ်တဲ့အတွက် ဗမာဒေသမှာ အခြေချရမယ်ဆိုတဲ့ ရည်မှန်းချက်က အရင်ကတည်းက ရှိခဲ့တယ်ဆိုတာ ပြောပြချင်တယ်။
အခုမှ ချက်ချင်းကြီး ရောက်လာတာ မဟုတ်ဘူး။ သုံးနှစ်လောက် မက်ခဲ့ရတဲ့အိပ်မက် အခုမှပြည့်တာပေါ့။ ဘာလို့ အခုမှပြည့်တာလဲဆိုရင် အထူးသဖြင့် စစ်ပုံကျပြီးတော့ စစ်တပ်တခု ခိုင်ခိုင်မာမာဖြစ်မှလည်း မင်းအောင်လှိုင်တို့ စစ်တပ်ကို အပြီးတိုင် ဖြိုချတိုက်ဖျက်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက် တပ်ဖြစ်အောင် အရင်လုပ်တာပေါ့။ အဲဒါကြောင့် ဒီဘက်မှာ ရောက်နေတာ ဖြစ်တယ်။
အခုမှ ချက်ချင်းကြီး ရောက်လာတာ မဟုတ်ဘူး။ သုံးနှစ်လောက် မက်ခဲ့ရတဲ့အိပ်မက် အခုမှပြည့်တာပေါ့။ ဘာလို့ အခုမှပြည့်တာလဲဆိုရင် အထူးသဖြင့် စစ်ပုံကျပြီးတော့ စစ်တပ်တခု ခိုင်ခိုင်မာမာဖြစ်မှလည်း မင်းအောင်လှိုင်တို့ စစ်တပ်ကို အပြီးတိုင် ဖြိုချတိုက်ဖျက်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက် တပ်ဖြစ်အောင် အရင်လုပ်တာပေါ့။ အဲဒါကြောင့် ဒီဘက်မှာ ရောက်နေတာ ဖြစ်တယ်။
အခုဆိုရင် လူတွေကပြောကြတယ်။ BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြန်လာတဲ့နေရာမှာလည်း လက်ချည်းဗလာ မဟုတ်ဘူး။ ကို့ရို့ကားယား မဟုတ်ဘဲ၊ ရှိပြီးသား အင်အားစုတွေ မဟုတ်ဘဲ သေသေချာချာ တိုင်ပင်နှီးနှောပြီး ရောက်လာတာပေါ့။
အထူးသဖြင့် ကျနော်တို့က နိုင်ငံရေးအရတော့ ကျေလည်သော သဘောတူညီမှု မရသေးပါဘူး။ ဒါပေမယ့် စစ်ရေးအရတော့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်တော့ ချထားတယ်။ စစ်ရေးအရတော့ အရင်ဆုံး သေချာပေါင်းစပ်မယ်။ နိုင်ငံရေးအရကို အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှုတွေ၊ သဘောထားကြီးမှုတွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာလို့ရတယ်ဆိုတာကို လက်ကိုင်ထားတယ်။
အဓိကလက်ရှိမှာ စစ်အုပ်စုပြုတ်ကျရေး၊ အနိုင်တိုက်ရေးကို ရှေ့တန်းတင်ထားတယ်။ ကျန်တဲ့ကိစ္စမှာလည်း လုံးဝ မပြောဘူးတော့ မဟုတ်ဘူး။ ပြောစရာရှိတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ BPLA ဟာ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) / MOD လက်အောက်က မဟုတ်ဘူးဆိုတာ ကျနော်တို့ တောက်လျှောက်ပြောတယ်။ BPLA ဟာ ဘယ်လိုမူလဲဆိုတာ တောက်လျှောက်ပြောတယ်။
ဒီလိုမူဝါဒတွေကို အညာလူထုကြားထဲမှာ၊ ပြည်သူလူထုကြားထဲမှာ ဗမာတွေကိုယ်တိုင် ဗမာပြည်နယ် လိုချင်တာကိုက BPLA ဘယ်လောက်လုပ်နိုင်မလဲဆိုတာ သက်သေဖြစ်လာလိမ့်မယ်။ နောင်တချိန်ကျရင်ပေါ့လေ။ အဲဒါကတော့ နောက်ပိုင်း ဆွေးနွေးရမယ့်ကိစ္စလို့ ယုံကြည်တယ်။ လတ်တလောမှာ စစ်အနိုင်တိုက်ရေးဖြစ်တဲ့အတွက် MOD နဲ့လည်း ညှိပြီးလုပ်ထားတာဖြစ်တယ်။ တခြားသော အင်အားစုတွေနဲ့လည်း စကားတွေအများကြီး ပြောထားပြီးတော့မှ အခြေချဖို့ စပြီးစီစဉ်တာပေါ့။
မေး ။ ။ BPLA က NUG လက်အောက်ခံ မဟုတ်ဘူးလို့ ပြောလိုက်တဲ့အပေါ် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်သံတွေ ထွက်လာတာ တွေ့ရမှာပေါ့။ ဒီလိုပြောလာတဲ့အပေါ်မှာရော ဘယ်လိုတုံ့ပြန်ချင်လဲ။ ဒီလိုဝိုင်းပြီး ဝေဖန်သံတွေ လျှံလာတဲ့အတွက် NUG လက်အောက်ခံ မဟုတ်ဘူးပြောလိုက်တာကို နောင်တရမိလား။
ဖြေ ။ ။ ကျနော်တို့က နဂို တပ်တည်ဆောက်တဲ့ ပုံစံကတည်းကကို ဗမာလူမျိုးစု လက်နက်ကိုင်တဖွဲ့အနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ NUG / MOD လက်အောက်ခံအနေနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ သီးသန့်အနေနဲ့ပဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တည်ထောင်တာဖြစ်တယ်။ NUG / MOD ရဲ့ တည်ဆောက်ထားတဲ့ပုံစံသည် သူတို့က PDF ရှိတယ်။ NUG အစိုးရသည် ပြည်ထောင်စုအစိုးရပုံစံ ဖြစ်တဲ့အတွက် ဒီ PDF တွေလည်း ပြည်ထောင်စုတပ်မတော် ဖြစ်ပါတယ်။ ဒါသည် လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်ဖြစ်တယ်။
ကျနော်တို့တွေသည် လူမျိုးစုတွေကို ကိုယ်စားပြုတဲ့တပ်ဖြစ်တယ်။ ရခိုင်မှာ AA (အာရက္ခတပ်တော်) ရှိသလို ကရင်မှာ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) ရှိတယ်။ ဗမာတွေအတွက်လည်း ဗမာလက်နက်ကိုင်အဖွဲ့ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သီးသန့်ထူထောင်ထားတဲ့ တပ်ဖြစ်တယ်။
ကျနော်တို့တွေသည် လူမျိုးစုတွေကို ကိုယ်စားပြုတဲ့တပ်ဖြစ်တယ်။ ရခိုင်မှာ AA (အာရက္ခတပ်တော်) ရှိသလို ကရင်မှာ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) ရှိတယ်။ ဗမာတွေအတွက်လည်း ဗမာလက်နက်ကိုင်အဖွဲ့ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သီးသန့်ထူထောင်ထားတဲ့ တပ်ဖြစ်တယ်။
သို့သော်လည်းပဲ လက်ရှိ NUG / MOD အစိုးရကို တော်လှန်ရေးအစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုထားပြီးသား ဖြစ်တယ်။ အတူတကွလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားဖို့လည်း အကြိမ်ကြိမ် ပြောဆိုထားပြီးဖြစ်တယ်။ လက်တွေ့မှာလည်း မြေပြင်မှာ တောင်ပိုင်းရော၊ မြောက်ပိုင်းမှာပါ NUG ရဲ့ PDF တွေနဲ့ အတူတကွ တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲပေါင်းများစွာ ရှိပါတယ်။ ဒီလောက်ထိ ကျနော်တို့အနေနဲ့ အပြုအမူအရရော အလုပ်အကိုင်အရပါ ညီညွတ်ရေးအတွက် ဖိဖိစီးစီးလုပ်နေတယ် ဆိုတာကလည်း MOD ဘက်ကလည်း နားလည်ပြီးသား ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ကို သံသယမထားဘဲနဲ့ အတူတကွ လက်တွဲဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။
မေး ။ ။ အခုက စစ်ဆင်ရေးလုပ်တော့မယ်ဆိုတော့ ဒီစစ်ဆင်ရေးအတွက်ကို ခဲယမ်း မီးကျောက်နဲ့ ထောက်ပို့တွေ လိုအပ်မှာပေါ့။ ဒါတွေကရော လုံလောက်မှုရှိရဲ့လား။ နောက်ပြီး စစ်တပ်လော်ဘီတွေ ပြောနေတာက ရှမ်းမြောက်ကနေ လက်ချည်းဗလာနဲ့ ဆင်းလာရတယ်ဆိုတာမျိုး၊ တိုက်ပွဲတွေမှာ ဘာမှမရထားဘူးဆိုပြီး ပြောနေတဲ့အပေါ်မှာရော ဘာပြန်ပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ လက်ချည်းဗလာတော့ ဆင်းမလာပါဘူး။ ကျနော်တို့မှာ လက်နက်အပြည့်အစုံ ရှိပါတယ်။ အဓိကက ကျနော်တို့က ရန်သူကို ဘာမှမလုပ်နိုင်သေးဘဲနဲ့ ဘာမှပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကျနော်တို့မှာ ကျနော်တို့လူငယ်တွေရဲ့ ဘဝတွေ၊ အသက်တွေကို အများကြီး စတေးပြီးတော့ မဟာမိတ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ရာကနေ ရခဲ့တဲ့လက်နက်တွေဆိုတာက ကျနော်တို့မှာ ထိုက်သင့်သလောက် ရပါတယ်။ ဒါသည် ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ ရခဲ့တဲ့အရာဖြစ်တယ်။ ကျိန်းသေတာက BPLA ဟာ လက်ချည်းဗလာနဲ့ အညာကို လာနေတာ မဟုတ်ဘူး ဆိုတာပါပဲ။
မေး ။ ။ ကိုဆောင်းခတို့ ရည်မှန်းထားတာတွေလည်း ရှိနေတော့ အဲဒီထဲမှာ ထိန်းချုပ်နယ်မြေ (လွတ်မြောက်ဒေသ) ထူထောင်င်ဖို့ ရှိမလား။ တကယ်လို့ရှိမယ်ဆိုရင် NUG ထူထောင်ထားတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဘယ်လို ပူးတွဲလုပ်ကိုင်ကြဖို့ ရှိမလဲဆိုတာ ရှင်းပြနိုင်မလား။
ဖြေ ။ ။ ကျနော်တို့ BPLA က NUG နဲ့ စင်ပြိုင်အစိုးရထူထောင်မယ့် တပ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် NUG တည်ဆောက်ထားပြီးသား အုပ်ချုပ်ရေးယန္တရားတွေကို ကျနော်တို့က နှောင့်ယှက်ဖို့ လာတာလည်း မဟုတ်ဘူး။ သူတို့ကို တတ်နိုင်သမျှ စစ်ရေးအရ အကူအညီပေးဖို့ပဲ ဖြစ်တယ်။ ကျနော်တို့ စစ်ရေးအရ MOD နဲ့ တာဝန်ခွဲယူရမှာပဲ။
သူ့ချည်းပဲလည်း အညာဒေသတခုလုံးကို လွှမ်းမိုးထိန်းချုပ်ခွင့် မရှိသေးတာ အတိအကျပဲ။ သူ့မှာ စစ်ဆင်ရေးအရ၊ ဗျူဟာအရ တာဝန်ယူရမှာရှိသလို ကျနော်တို့ကို BPLA အနေနဲ့တော့ ဘယ်လိုနေရာမျိုးမှာ ဘယ်ဒေသကို တာဝန်ယူပြီးတော့ တိုက်ပွဲဖော်ဆောင်ပေးပါဆိုတာ အချင်းချင်းကြားမှာ ညှိနှိုင်းဆောင်ရွက်လို့ ရပါတယ်။
ဒီလိုနေရာတွေမှာ စစ်ရေးဖော်ဆောင်ပြီးတဲ့အခါမှာ လက်ရှိမှာ တည်ဆောက်ထားပြီးသား NUG ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အတူတကွ ပေါင်းစပ်ညှိနှိုင်းပြီးတော့ပဲ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ BPLA က အဲဒီနေရာတွေကို လွှမ်းမိုးအုပ်ချုပ်မှာမျိုးတွေ မဟုတ်ပါဘူး။ ကျနော်တို့ မျှော်မှန်းတာကတော့ ထိန်းချုပ်နယ်မြေကို သေသေချာချာလေး စိုးမိုးနိုင်တယ်ဆိုရင် အဲဒီလိုဒေသတွေမှာ ဒေသန္တရဒီမိုကရေစီကို ကျင့်သုံးလို့ရတာ ရှိနိုင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ ကျနော်တို့က စစ်ကောင်စီ မရှိတုန်းက ထိန်းချုပ်နိုင်တယ်။ ရှိတော့ ဆုတ်ပေးနေရတယ်ဆိုတာ တကယ်ထိန်းချုပ်နိုင်တယ်လို့ ခေါ်လို့မရဘူး။ တကယ်ထိန်းချုပ်နိုင်တဲ့ နေရာတွေကို ဖန်တီးလာနိုင်ရင် ဒေသခံပြည်သူလူထုကို ဦးစားပေးတဲ့ ဒေသန္တရဒီမိုကရေစီ ရွေးကောက်ပွဲ အသေးစားလေးတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့ကျင့်ယူလို့ရတယ်လို့ ယုံကြည်တယ်။
ကျနော်တို့ အထူးသဖြင့်က BPLA ဟာ NUG နဲ့ စင်ပြိုင်အစိုးရ မတည်ဆောက်ဘူးဆိုတာ ပြောခဲ့သလိုပဲ အတတ်နိုင်ဆုံး NUG နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အချောမွေ့ဆုံးဖြစ်အောင် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ BPLA အနေနဲ့ ကရင်ပြည်နယ်မှာ KNLA ထိန်းချုပ်နယ်မြေထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် တကယ့်စစ်ရေးမှာ ရှမ်းမြောက်မှာက ပိုပြီးတော့ တိုက်ပွဲတွေ ပိုတိုက်ရတာပေါ့။ ညီနောင် သုံးဖွဲ့နဲ့လည်း တွဲတိုက်ဖူးထားတယ်။ အခုဆိုရင် တရုတ်ပြည်ကနေ နယ်စပ်ကိုပိတ်ပြီး စစ်ပွဲရပ်ဆိုင်းပေးဖို့ အတင်းအကျပ်ကို ဖိအားပေးနေတဲ့ အနေအထားပေါ့။ အားလုံးကလည်း တိုင်းရင်းသားတပ်တွေရဲ့ နွေဦးတော်လှန်ရေးအပေါ်မှာ ထားတဲ့ သဘောထားကို လှမ်းမျှော်ကြည့်ကြတယ်။ အခု ကိုဆောင်းခတို့ BPLA အနေနဲ့ သူတို့ရဲ့ နွေဦးတော်လှန်ရေးအပေါ်မှာ ထားတဲ့ သဘောထားအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ နွေဦးတော်လှန်ရေးဆိုတာ သူတို့အတွက် မထင်မှတ်ဘဲ ရောက်လာတဲ့ ကြားဖြတ်အစီအစဉ်တခုပဲ။ ဒီညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့က ဒီအိပ်မက်တွေကို အရင်ကတည်းက မက်နေခဲ့ကြပြီး ဖြစ်တယ်။ AA အနေနဲ့ သူတို့ရဲ့ အာရက္ခနိုင်ငံဖြစ်မြောက်ရေး ဖက်ဒရယ်ရည်မှန်းချက်တွေဆိုတာ မနေ့တနေ့ကမှ ပေါ်လာတာမှ မဟုတ်တာ။
အဲဒီလိုပဲ ကိုးကန့် MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) အနေနဲ့ လောက်ကိုင်ရရှိရေး၊ အထူးဒေသ (၁) ကို ပြန်လည် တည်ဆောက်ရေးဆိုတာ နွေဦးတော်လှန်ရေးပေါ်လာမှ ကောက်မက်တဲ့အိပ်မက်တွေ မဟုတ်ခဲ့ဘူးဆိုတာ သတိထားဖို့ လိုအပ်ပါတယ်။ ပလောင် (TNLA) လည်း ထို့နည်းတူပေါ့။
ပြောချင်တာက သူတို့အစီအစဉ်နဲ့သူတို့ ရှိပြီးသားကိုမှ နွေဦးတော်လှန်ရေးဟာ ကြားဖြတ်ဝင်လာတဲ့ အစီအစဉ်ဖြစ်ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်တွေကို အဆောတလျင် ပြီးမြောက်အောင် အထောက်အပံ့ ဖြစ်စေခဲ့တယ်လို့ သုံးသပ်ပါတယ်။ တဖက်ကလည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရားကလည်း ရှိပြီးသားပေါ့။ နွေဦးတော်လှန်ရေးကြောင့် သူတို့ရဲ့ ရည်မှန်းချက်တွေသည် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည် ပေါ်လာခဲ့သလို သူတို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့်လည်း ရှေ့ကိုအများကြီး ရောက်သွားခဲ့တာ။ ဒါဟာ အပြန်အလှန် ကျေးဇူးပြုမှုသဘောတရားလို့ နားလည်ပါတယ်။
ကျနော်တို့အနေနဲ့က အမြဲတမ်း သူတို့ရဲ့ ဦးဆောင်မှုနောက်လိုက်ပြီးတော့ အမြဲတမ်း သူတို့ရဲ့ စီစဉ်ဆောင်ရွက်မှုကြားထဲမှာပဲ ကိုယ့်အစီအစဉ်ကို ထိုးထည့်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် စစ်ဆေးဖော်ဆောင်နိုင်တဲ့ စစ်တပ်ဖြစ်လာနိုင်ဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်လာဖို့ အလွန်အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်။
BPLA အနေနဲ့ ဒီ သုံးနှစ်တာ ကာလအတွင်းမှာ မဟာမိတ်တွေနဲ့ အရိပ်အောက်မှာ ရှင်သန်ကြီးထွားခွင့်ရတယ်။ စစ်တပ်တခုအဖြစ် မွေးဖွားခွင့်ရခဲ့တယ်။ ကျနော်တို့ ကိုယ်တိုင် သီးသန့်ရပ်တည်နိုင်ဖို့၊ ရှင်သန်နိုင်ဖို့ ကိုယ့်နယ်မြေမှာ ကိုယ့်ဟာကိုယ် တိုက်ပွဲဝင်နိုင်ဖို့၊ ကိုယ့်ရဲ့ ဒေသခံပြည်သူလူထုကို အပြည့်အဝ အကာအကွယ်ပေးနိုင်ဖို့ အချိန်တော့တန်လာပြီလို့ ယုံကြည်ပါတယ်။
BPLA အနေနဲ့ ဒီ သုံးနှစ်တာ ကာလအတွင်းမှာ မဟာမိတ်တွေနဲ့ အရိပ်အောက်မှာ ရှင်သန်ကြီးထွားခွင့်ရတယ်။ စစ်တပ်တခုအဖြစ် မွေးဖွားခွင့်ရခဲ့တယ်။ ကျနော်တို့ ကိုယ်တိုင် သီးသန့်ရပ်တည်နိုင်ဖို့၊ ရှင်သန်နိုင်ဖို့ ကိုယ့်နယ်မြေမှာ ကိုယ့်ဟာကိုယ် တိုက်ပွဲဝင်နိုင်ဖို့၊ ကိုယ့်ရဲ့ ဒေသခံပြည်သူလူထုကို အပြည့်အဝ အကာအကွယ်ပေးနိုင်ဖို့ အချိန်တော့တန်လာပြီလို့ ယုံကြည်ပါတယ်။
အထူးသတိထားရမှာက ကျနော်တို့က အမြဲတမ်း သူများအပေါ်မှာ မှီခိုရှင်သန်လာတဲ့လူဟာ မှီခိုချင်တဲ့စိတ်က ဖျောက်ရခက်တယ်။ ကျနော်တို့တွေ အားလုံးလည်း အဲဒါကို ဖျောက်ဖို့လိုအပ်တယ်။ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရပ်တည်ပြီးတော့ ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုလည်း သူများတွေနဲ့ နောက်မကျအောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်တယ်။
ဒီညီနောင် သုံးဖွဲ့ဟာ သူလုပ်စရာရှိတာကိုသူ လုပ်သွားတယ်။ ပြီးမြောက်သွားတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက်လည်း ဒီတိုင်းပစ်ထားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမှာပဲ။ ကျနော်တို့က သူတို့ကို သွားတိုက်ပေးသလို သူတို့က ကျနော်တို့ကို ပေါင်းလာတိုက်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ထင်တယ်။ လက်တွေ့မကျဘူးပေါ့ဗျာ။
ကျနော်တို့ ဗမာဟာ လူမျိုးစုတွေကြားထဲမှာ လူဦးရေအရဆိုရင် ၇၀ ရာခိုင်နှုန်းကျော်လောက်ရှိတာကိုကိုယ့်ဘာသာ စုစည်းညီညွတ်မှု တည်ဆောက်ပြီးတော့ ကိုယ့်ရဲ့ဒေသတွေမှာ သေချာတိုက်ထုတ်မယ်ဆိုရင် ကျနော်တို့လည်း သိပ်မကြာပါဘူး။ ဒီ သုံးနှစ်အတွင်းမှာ မြန်မာလူငယ်တွေ တတ်ခဲ့တဲ့ စစ်ပညာဆိုတာ အံ့မခန်းလောက်အောင် ဖြစ်တယ်။ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ပြီ။ လုပ်နိုင်ပြီလို့တောင် ယုံကြည်ပါတယ်။
မေး ။ ။ BPLA ဖွဲ့စည်းတည်ထောင်ပြီးတော့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ခဲ့တာလည်း သုံးနှစ်ကျော်လာပြီဆိုတော့ ဒီကာလအတွင်းမှာ မမေ့နိုင်စရာအကောင်းဆုံး ဖြစ်ရပ်တခုဆိုရင် ဘာဖြစ်မလဲ။
ဖြေ ။ ။ အဓိကကတော့ တခုတည်း ပြောလို့မရဘူးပေါ့။ ကျနော်တို့ BPLA ကို KNU, KNLA တပ်မဟာ ၅ နယ်မြေမှာ မွေးဖွားခဲ့ရတာပေါ့။ စတင်တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ပြီးတော့ တနှစ်အကြာမှာ ရှမ်းမြောက်ကို တပ်ရင်း တရင်းပို့ပြီး စစ်ပညာ သွားထပ်သင်တယ်။ ကျနော်တို့က ကရင်မှာ AA ဆီက စစ်ပညာယူသလို ရှမ်းမြောက်ကို နှစ်လခွဲနဲ့ အဝေးကြီးကို ရောက်အောင်သွားခဲ့တယ်။ အဲဒီမှာလည်း ခြောက်လ ပညာထပ်သင်တယ်။
ဒုက္ခတွေကြားထဲကပဲ ကိုယ့်ရဲ့အိပ်မက်တွေကို လူမသိအောင်၊ လူတွေကြားထဲမှာ ချက်ချင်းဖော်ပြလို့မရအောင် ကိုယ့်ဟာကိုယ် မြိုသိပ်ထားပြီးတော့ တဆင့်ချင်း လျှောက်လှမ်းခဲ့ရတာဖြစ်တယ်။ ၁၀၂၇ ဆိုတာလည်း ဘွားခနဲ ပေါ်လာခဲ့တာ မဟုတ်ဘူး။ ကျနော်တို့တောင် ၁၀၂၇ မပေါ်ခင် တနှစ်မှာကို အများကြီး ပြင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးနဲ့ပဲ ရောက်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ ကတော့ BPLA အတွက် အချိုးအကွေ့တခု ဖြစ်ခဲ့တယ်။ လူသိလာကြတယ်။ အဲဒီကနေတဆင့် BPLA ကို စိတ်ဝင်စားလာကြတယ်။
ဒုက္ခတွေကြားထဲကပဲ ကိုယ့်ရဲ့အိပ်မက်တွေကို လူမသိအောင်၊ လူတွေကြားထဲမှာ ချက်ချင်းဖော်ပြလို့မရအောင် ကိုယ့်ဟာကိုယ် မြိုသိပ်ထားပြီးတော့ တဆင့်ချင်း လျှောက်လှမ်းခဲ့ရတာဖြစ်တယ်။ ၁၀၂၇ ဆိုတာလည်း ဘွားခနဲ ပေါ်လာခဲ့တာ မဟုတ်ဘူး။ ကျနော်တို့တောင် ၁၀၂၇ မပေါ်ခင် တနှစ်မှာကို အများကြီး ပြင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးနဲ့ပဲ ရောက်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ ကတော့ BPLA အတွက် အချိုးအကွေ့တခု ဖြစ်ခဲ့တယ်။ လူသိလာကြတယ်။ အဲဒီကနေတဆင့် BPLA ကို စိတ်ဝင်စားလာကြတယ်။
ရှေ့မှာကျတော့ သိပ်ပြီး ထူးထူးခြားခြား ပါမနေဘူး။ တောင်ပိုင်းမှာတိုက်တဲ့ တိုက်ပွဲတွေမှာ သတင်းထုတ်ခွင့် သိပ်မရဘူး။ ဒါကလည်း မဟာမိတ်တွေရဲ့ စဉ်းစားချက် မတူတာဖြစ်ပါလိမ့်မယ်။ အခုကတော့ ကျနော်တို့က တောင်ပိုင်းမှာရော မြောက်ပိုင်းမှာရော ကိုယ်ကိုယ်တိုင် တိုက်ပွဲတွေကို ဦးဆောင်နိုင်တဲ့ အခန်းကဏ္ဍ ရောက်လာပြီဖြစ်တဲ့အတွက် ကျနော်တို့တိုက်တဲ့တိုက်ပွဲကို ကိုယ့်ရဲ့ ဆင်ခြင်တုံတရားနဲ့အညီ သတင်းထုတ်ပိုင်ခွင့်တွေ ရှိလာပြီဖြစ်တယ်။
ဒါကတော့ မဟာမိတ်တွေက သုံးနှစ်တာ ကာလအတွင်း ကျနော်တို့ တည်ဆောက်ခဲ့တဲ့ အခြေအနေအပေါ်မှာ ယုံကြည်မှုအရ ပေးအပ်လာတဲ့ အခွင့်အလမ်းတွေဖြစ်တယ်။ ဒါတွေကိုလည်း ကျနော်တို့က ပျောက်ပျက်သွားအောင် လုပ်မှာမဟုတ်ဘူး။ ပျက်ပြားသွားအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အကောင်းဆုံး ထိန်းသိမ်းပြီးတော့ ရှေ့ဆက်သွားမယ်။ မဟာမိတ်တွေနဲ့ တောက်လျှောက် လက်တွဲသွားမှာဖြစ်သလို ကိုယ့်ရဲ့ဒေသမှာလည်း အကောင်းဆုံး တည်ဆောက် တော်လှန်သွားမယ်ဆိုတာ ပြောလို့ရပါတယ်။
မေး ။ ။ အညာကို ပြန်တော့မယ်ဆိုတော့ အညာလူထုတွေအတွက် သတင်းစကား ပြောချင်တာရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးသည် ခက်ပါတယ်။ အထူးသဖြင့် ဘယ်လောက်ပဲ စစ်တပ် ခိုင်မာ ခိုင်မာ လက်နက်ခဲယမ်း မလုံလောက်ရင် ရေရှည်မှာ မနိုင်နိုင်ဘူး။ ရေရှည်မှာ နိုင်တယ်လို့ ပြောလို့မရဘူး။ လက်နက်ခဲယမ်းပြဿနာတွေ ကြုံလာရနိုင်တယ်။ ကိုယ့်ခြေကိုယ့်ခြေထောက်ပေါ်မှာ ရပ်ပြီး ကြိုးစားအားထုတ်တဲ့အခါမှာ လူထုရဲ့အားဟာ ဒီထက်ပိုပြီး လိုလာပါတယ်။
ကျနော် အမြဲတမ်းပြောတဲ့စကား ရှိပါတယ်။ ကျနော်တို့ အညာသားတွေဟာ အိမ်ကိုအရမ်းချစ်တယ်။ ကိုယ့်အိမ်ကို အရမ်းပြန်ချင်တယ်။ ကိုယ့်ဒေသကို ကိုယ့်မွေးရပ်ကို အရမ်းချစ်တဲ့ အညာသားတွေဆိုတာက “အညာအိမ်ပြန် ခမောက်လန်” တဲ့၊ စကားပုံတောင်ရှိပါတယ်။ အိမ်ကိုအရမ်းပြန်ချင်လို့ ပြေးသွားတာ သူ့ရဲ့ခမောက်တောင် နောက်လန်ကျခဲ့တယ်ဆိုတာမျိုး ကျနော်တို့ ခမောက်တွေ နောက်လန်တော့မှာ ဖြစ်တယ်။
ကျနော်တို့ အိမ်ပြန်လာနေပြီဖြစ်တယ်။ လူထုရဲ့ ကြိုဆိုမှု လိုအပ်တယ်။ အားပေးထောက်ခံမှု လိုအပ်တယ်။ လူထုမပါဘဲ တော်လှန်ရေးက အောင်နိုင်စရာ လုံးဝမရှိဘူး။ ဒီနေ့အထိ ရပ်တည်နိုင်တာ လူထုကြောင့်ဖြစ်တယ်။ ဆက်လက်ပြီး အောင်ပွဲဆင်နိုင်တာလည်း လူထုကြောင့်ဖြစ်မယ်။ ဒါကြောင့် လူထုအနေနဲ့လည်း BPLA ကို တခြား တော်လှန်ရေးအဖွဲ့တွေနည်းတူ ယုံကြည်ပေးပါ။ ကျနော်တို့ BPLA ပေါ်မှာ အားပေးထောက်ခံပေးပါ။ ကျနော်တို့အနေနဲ့ လုပ်ရပ်တွေနဲ့ မကြာခင်ကာလအတွင်းမှာ သက်သေပြသွားမယ်ဆိုတာ ဒီနေရာကနေ အထူးမေတ္တာရပ်ခံ ပြောကြားချင်ပါတယ်။
You may also like these stories:
အညာမှာ စစ်ဆင်ရေးတွေ စတင်တော့မယ့် BPLA (ရုပ်/သံ)
ရှမ်းမြောက်က တော်လှန်ရေးတပ်တို့ ပွင့်လင်းရာသီ အညာ ဆင်းမည်