ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO )၏ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးတွင် စစ်ကောင်စီအား အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် ILO ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရန် အတည်ပြုခဲ့သည်။
Article 33 အရအရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ILO တွင် လက်မှတ်ထိုးထားသည့် အချက်အလက်များကို လိုက်နာ အကောင်အထည်ဖော်မှု မရှိခြင်း၊ ပြုပြင်ပြောင်းလဲရန် အကြုံပြုမှုများကို လိုက်နာမှု မရှိခြင်းကြောင့်ဖြစ်ကာ စစ်ကောင်စီကို နည်းလမ်း ၂ ခုဖြင့် အရေးယူနိုင်ဖွယ်ရှိပြီး UN ကုလသမဂ္ဂ အေဂျင်စီများက ထောက်ပံ့သည့် နည်းပညာများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ သံတမန်ရေးများကို ရပ်တန့်ပြီး အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက် စစ်တပ်အဖြစ် သတ်မှတ်နိုင်သလို၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေသည့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးက ခုံရုံးတင်စစ်ဆေးပြီး ကျူးလွန်မှုအပေါ်မူတည်ကာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများလည်း ပြုလုပ်လာနိုင်ကြောင်း သိရသည်။
ယင်းသို့ ILO အုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်ခဲ့သည့်အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ကျနော်တို့ သတင်းထဲမှာ ကြားရတဲ့ စစ်ကောင်စီကို ကမ္ဘာအလုပ်သမားအဖွဲ့ချုပ် (ILO) က နေပြီးတော့ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ကို သူ့ရဲ့အုပ်ချုပ်မှုကော်မတီက အတည်ပြုခဲ့ပြီးတော့ ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ILO ညီလာခံမှာ အပြီးသတ် ဆုံးဖြတ်ချက်ချသွားမယ်ဆိုတာကို သိရတာပေါ့။ ဒီ ဖြစ်ပေါ်တိုးတက်မှုက ဘယ်လောက်ထိ အရေးပါတာလဲ ။
ဖြေ ။ ။ ဘယ်လောက်ထိအရေးပါလဲဆိုတော့ ပထမတဆင့် အရင်ပြောချင်တာက ဒီဆုံးဖြတ်ချက်ချမယ့် အပိုင်းပေါ့နော်၊ လုပ်ငန်းစဉ်ကို အရင်ပြောချင်တယ်။ ကျမတို့ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ၂ ခု၊ ၃ ခု ပါတယ်ပေါ့။ တခုကတော့ လာမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) မှာ Agenda ထည့်တာ အရေးကြီးတယ်။ Agenda မပါရင် ကျမတို့ ဆွေးနွေးလို့မရဘူး၊ ဆုံးဖြတ်ချက်ချလို့ မရဘူးပေါ့နော်။ ၂၀၂၄ မှာ ဆို အဲဒီ မြန်မာAgenda ညီလာခံမှာ မပါခဲ့ဘူးလေ။ နောက်နှစ်မှာ ကျိန်းသေပေါက် ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်။ အဲဒီမတိုင်ခင် ကျမတို့ အရေးကြီးတဲ့လုပ်ငန်းစဉ်တခု ထည့်ရမယ်ပေါ့နော်။ အဲဒါက Article 33 နဲ့ အရေးယူတယ်ဆိုတဲ့ကိစ္စက မြန်မာနိုင်ငံကို ဘယ်လိုအရေးယူဖို့သင့်တယ်ဆိုတဲ့ အသေးစိတ်ကို တင်ပြရမှာ ဖြစ်တယ်။
ပြီးခဲ့တဲ့အပတ် ဆုံးဖြတ်ချက်မှာက Article 33 နဲ့ အရေးယူဖို့ သဘောတူလိုက်ပြီဆိုတော့ အုပ်ချုပ်ရေးအဖွဲ့ကနေ သူတို့သည် ဘယ်လိုအရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထပ်ဆွေးနွေးရဦးမယ်။ အဲဒါက ဘယ်တော့မှဖြစ်မလဲဆို ဒီလလာမယ့် မတ်လ မှာပေါ့နော်။ နောက်ထပ်အုပ်ချုပ်ရေးအဖွဲ့အစည်း အစည်းအဝေးတွေမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ အသေးစိတ် ဆွေးနွေးပြီးတော့ GP ကနေ ဆုံးဖြတ်ချက်ကျသွားပြီဆိုရင် ညီလာခံကြီးက အတည်ပြုပေးလိုက်ဖို့ ဒါက ၈၅-၉၀ ရာခိုင်နှုန်း ဖြစ်သွားတာပေါ့။ ဒါက ပထမဆုံးလုပ်ငန်းစဉ်ပါ။ ဘာလို့ဆို တချို့က ထင်တာပေါ့နော် ဒီလောက်ကြီး ကြာလှချည်လား၊ ILO က တနှစ်ကို အစည်းအဝေးက သုံးခေါက် လုပ်တယ်၊ မတ်လ၊ ဇွန်လ၊ နိုဝင်ဘာပေါ့နော်။ နောက်ထပ် ကိုယ်လိုချင်တဲ့ အစည်းအဝေး နှစ်ကြိမ် ကျန်သေးတယ်၊ ကျမတို့က ကိုယ်လိုချင်တဲ့ဆုံးဖြတ်ချက်ရဖို့ တိုက်တိုက်တွန်းတွန်း အများကြီး လုပ်ရဦးမယ့်ကိစ္စလေးတော့ ရှိပါတယ်။
ဒီဆုံးဖြတ်ချက်က ဘယ်လောက်အရေးကြီးလဲပေါ့၊ ဒီ Article 33 ဆိုတာက ဘာလဲဆိုလို့ရှိရင် ILO ရဲ့ပြဋ္ဌာန်းချက်တွေကို မလိုက်နာတဲ့ နိုင်ငံတွေကို ILO ကနေပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်တယ်၊ စစ်ပြီးတော့ ချိုးဖောက်ကြောင်း တွေ့တယ်။ တွေ့ရှိချက်တွေပေါ်မှာ ပြင်ဆင်ဖို့ အကြံပြုတယ်ပေါ့နော်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မလိုက်နာတဲ့အဖွဲ့ဝင်နိုင်ငံကို အမျိုးမျိုးသော ပိတ်ဆို့မှုအပါအဝင်ပေါ့။ မြန်မာနိုင်ငံမှာဆိုရင် လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်နဲ့ (Forced Labor) အဓမ္မခိုင်းစေခွင့်ကို ပြင်းထန်စွာ ချိုးဖောက်နေတယ်ဆိုတာကို ကော်မရှင်ကနေ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်တယ်။ အဲဒီအပြင်ကိုမှ ထပ်ထပ်ပြီး ချိုးဖောက်တဲ့ကိစ္စတွေပေါ့။ ဥပမာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တာတွေဆိုတဲ့ ကိစ္စမျိုးက (forced Labor) အဓမ္မခိုင်းစေမှုဖြစ်တယ်။
ကော်မရှင်က စစ်ပြီးတဲ့အပြင်မှာတောင်မှ ထပ်မံ ချိုးဖောက်တယ်၊ အကြံပြုချက်တွေကို မလိုက်နာဘူး။ ဒါကြောင့်မို့လို့ အပြစ်ပေး အရေးယူရတော့မယ်ပေါ့နော်။ ဒါဆို ပိတ်ဆို့မှုတွေ ပါဝင်လာမယ်။ အရမ်းအရေးကြီးပါတယ်။ ILO ကနေ ပိတ်ဆို့တဲ့ ဆုံးဖြတ်ချက်ချရင် Level သုံးခုမှာ ပိတ်ဆို့မှုဖြစ်နိုင်မယ်၊ နံပါတ် ၁ က ILO အဆင့်၊ ဥပမာအားဖြင့် ILO အနေနဲ့ မြန်မာနိုင်ငံကို နည်းပညာပိုင်းအရ အကူအညီမပေးဖို့ ပြီးတော့တခြားသော ဘဏ္ဍာရေး အပါအဝင်ပေါ့နော်၊ အကူအညီတွေ မပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တခု၊ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ Sanction ပေါ့နော်။ ဆုံးဖြတ်ချက်တခုဖြစ်နိုင်တယ်။ ဒီနှစ်မှာတောင် ဒီလိုဆုံးဖြတ်ချက်တခုအနေနဲ့ ပါဝင်သွားပြီလို့ ပြောလို့ရပါတယ်။
နောက်ထပ်တခုက ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက အရေးယူမှုဖြစ်ပါတယ်။ ILO က ဆုံးဖြတ်ချက်ကို ချလိုက်ပြီဆိုတာနဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အစိုးရတွေ၊ အလုပ်ရှင်တွေက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန် သုံးသပ်ပြီးတော့မှ ပူးပေါင်း ဆောင်ရွက်မှုတွေ ရပ်လိုက်တယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါက နိုင်ငံအဆင့် နိုင်ငံတကာ အရေးယူမှု ဖြစ်ပါတယ်။ နောက်တဆင့်က အပြည်ပြည်ဆိုင်ရာအဆင့် ဖြစ်ပါတယ်။ ဥပမာ အာဆီယံအဆင့်မှာ လုပ်တဲ့ အစည်းအဝေးတွေ၊ ဒေသဆိုင်ရာမှာလုပ်တဲ့ အစည်းအဝေးတွေ၊ ပြီးတော့ UN လိုနေရာမျိုးတွေ၊ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်တော့ဘူးဆိုတဲ့ဟာ မပူးပေါင်းဆောင်ရွက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။
ဒါက ဘာလို့အရေးကြီးတာလဲဆိုတာ ဒီနေ့ ကျမတို့ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ဆက်ပြီးတော့ လုပ်နေတယ်။ ပစ္စည်းတွေ ရောင်းနေတယ်၊ ဒီလေယာဉ်ဆီ၊ လက်နက်တို့ ဒါတွေအပါအဝင် တခြားသော ကုန်ပစ္စည်းတွေ ရောင်းနေတယ်။ ဒါတွေကို ကျမတို့က တခုချင်း လိုက်ပိတ်နေရတယ်။ ဒီကုမ္ပဏီ ထွက်ပါတို့ မလုပ်ပါနဲ့တို့ တခုချင်း လိုက်ပြောနေလို့ မဖြစ်နိုင်ဘူးလေ။ နောက်တခုက အစိုးရတွေလည်း အဲဒီအတိုင်းပဲ အစည်းအဝေးတွေ ဖိတ်တယ်ပေါ့နော်။ ကျမတို့က အာဆီယံအစည်းအဝေးဆိုလည်း ကမ်ပိန်းတွေ လုပ်ရတယ်၊ မဖိတ်ပါနဲ့၊ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေဆိုလည်း စစ်ကောင်စီကို မဖိတ်ပါနဲ့ ဆိုပြီးတော့ တခုချင်း လိုက်လုပ်နေရတယ်။ ဒါပေမယ့် ဖိတ်သွားတာ တွေလည်း အများကြီးရှိတယ်ပေါ့နော်။
အကယ်၍သာ ILO ကနေ Article 33 ကို သုံးပြီး ဒီဆုံးဖြတ်ချက်တွေကို ချလိုက်ပြီဆိုရင် ကျမတို့ လိုက်လုပ်နေရတဲ့ တခုချင်းကို လိုက်ပြီး မလုပ်ပါနဲ့ပြောနေရတာတွေ ကိစ္စတွေ အကုန်လုံးကို အစိုးရအဆင့်တွေမှာ အကုန်ဖြတ်လိုက်ပြီးသား ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ဟာမျိုး ဖြစ်သွားမယ်ပေါ့နော်။ UN လိုဟာ မျိုး အဖွဲ့အစည်းမျိုးတွေ တခြားအဖွဲ့အစည်းတွေ အကုန်လုံးက ILO က ဆုံးဖြတ်ချက်ကို လိုက်နာရမယ့်အနေအထားမျိုး အကုန်လုံးက လိုက်ပါ အကောင်အထည်ဖော်ရတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ ဒါကြောင့် ILO ရဲ့ ဆုံးဖြတ်ချက်သည် နိုင်ငံမှာ အခု လုပ်နေတဲ့ တော်လှန်ရေးမှာ အများကြီး အကျိုးသက်ရောက်မှု ရှိသွားမှာဖြစ်တယ်။ စစ်ကောင်စီကို ဖယ်ရှားရေးအတွက် အရမ်းကို အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်ဆိုတာ ပြောပြချင်ပါတယ်။
မေး ။ ။ ILO ညီလာခံကိုယ်စားလှယ် ရွေးချယ်ရေး အနေအထားကရော ဘယ်လိုရှိသလဲ။ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရကိုယ်စားလှယ်တွေ လွတ်တဲ့နေရာမှာ CTUM ကတော့ အလုပ်သမားကိုယ်စားလှယ်ပေါ့နော်၊ ဆိုတော့ ကျန်တဲ့ အလုပ်ရှင်နဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ရော အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ အထူးသဖြင့် ၆ လပိုင်းမှာလုပ်တဲ့ ညီလာခံကို ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကနေ ကိုယ်စားလှယ်သွားရပါတယ်။ ILO မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ရှိတယ်။ ညီလာခံကို တက်ရောက်ခွင့်က နိုင်ငံတိုင်းမှာ အစိုးရ ကိုယ်စားလှယ် ၂ ယောက်၊ အလုပ်သမား ကိုယ်စားလှယ် ၁ ယောက်၊ အလုပ်ရှင်ကိုယ်စားလှယ် ၁ ယောက် တက်ရောက်ခွင့်ရတယ်။ ဒါပေမယ့် အကြံပေးတွေကတော့ တက်လို့ရတယ်ပေါ့နော်။ ကိုယ်စားလှယ်အနေနဲ့ကတော့ ၂ အချိုး ၁ နဲ့ ၁ ပေါ့နော်။ ကျမတို့က ညီလာခံအတွက် ကိုယ်စားလှယ်စာရင်း ပို့တဲ့အခါမှာ နိုင်ငံအဆင့်က အစိုးရကနေ ကိုယ်စားလှယ်ပို့ရပါတယ်။ ညီလာခံကို သုံးပွင့်ဆိုင်ကိုယ်စားလှယ် အပြည့်အဝ တက်နိုင်မှသာ ILO ကို တက်ခွင့်ရှိတယ်။ အဓိကက အစိုးရက ပါရတာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ ကနေ အာဏာ သိမ်းပြီးတဲ့နောက်မှာ ပြည်သူက ရွေးကောက်ထားတဲ့အစိုးရ မရှိတော့ဘူး။
စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရအနေနဲ့ အသိအမှတ်မပြုပါနဲ့ဆိုတဲ့ဟာကို ILO အတွင်းမှာ အလုပ်သမားအစုအဖွဲ့က ၂၀၂၁ ကတည်းက တိုက်လာတာပေါ့နော်။ ၂၀၂၁ ILO ရဲ့ ဇွန်လ အစည်းအဝေးမှာကတည်းက စစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ အသိအမှတ် မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက် ထွက်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်နိုင်တဲ့အခြေအနေ မရှိခဲ့ပါဘူး။ ၂၀၂၁ ကစလို့ မရှိဘူးပေါ့နော်။
ဒါပေမယ့် တောက်လျောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရယ်၊ ကျမတို့ CTUM အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်နဲ့ နွေဦးအလုပ်ရှင်အဖွဲ့ချုပ် ပေါင်းပြီးတော့မှ NUG ရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံဖို့ နှစ်တိုင်း တင်ပြတဲ့ကိစ္စလည်း ရှိပါတယ်။ ဒါပေမယ့် မနှစ်ကရော ဒီနှစ်ရောမှာကော ILO ကနေပြီးတော့ NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်မခံခဲ့သလို စစ်ကောင်စီက တင်သွင်းတဲ့ ညီလာခံကိုယ်စားလှယ်အဖွဲ့ကိုလည်း လက်မခံခဲ့ဘူး။ ဒါပေမယ့် ကျမတို့ အလုပ်သမား ကိုယ်စားလှယ်တွေရဲ့ တိုက်တွန်းမှုအရ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ဆုံးဖြတ်ချက်တရပ် ထွက်ခဲ့ပါတယ်။
အဲဒါ ဘာလဲဆိုတော့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စစ်ကောင်စီကိုရော NUG ကိုရော အသိအမှတ်မပြုသေးတဲ့ အနေအထားမှာ UN က အဓိကကျတာပေါ့နော်။ UN က ဒီအစိုးရတရပ်ကို အသိအမှတ်မပြုသေးတဲ့ကာလမှာ ဘာတွေဆုံးရှုံးနေလဲဆိုတော့ အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အလုပ်ရှင်အဖွဲ့ချုပ်တွေက သူတို့ရဲ့ကိုယ်စားပြုမှုနဲ့ ILO မှာ ပါဝင် ဆောင်ရွက်ခွင့် ဆုံးရှုံးနေတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး မဖြစ်ဖို့အတွက်ကို အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့မှ ဆုံးဖြတ်ချက်တရပ် ချခဲ့တာ ဘာလဲဆိုရင် လာမယ့် ILO ညီလာခံကျလို့ရှိရင် မြန်မာနိုင်ငံက အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကို လက်ခံဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တခု ချခဲ့တယ်။
ဘယ်လိုလက်ခံရမှာလဲဆိုရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) ဆိုတာရှိပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာအလုပ်ရှင်အဖွဲ့ချုပ် (IOE) ဆိုတာရှိပါ တယ်။ IOE ကနေ ညီလာခံကိုမြန်မာနိုင်ငံရဲ့ အလုပ်သမားအဖွဲ့ချုပ်အဖြစ် နာမည်စာရင်းတင်သွင်းလာတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို ဒီညီလာခံကို တက်ရောက်ခွင့်ပေးပါ၊ သူတို့ ညီလာခံတက်တဲ့အခါမှာ သူတို့ကို ဆွေးနွေးပြောဆိုခွင့် အခွင့်အရေး ပေးရပါမယ်။ ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးကနေပြီးတော့ ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ ဒါက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့ ကောင်းတဲ့အနေအထားတရပ်လို့ မြင်ပါတယ်။
ကျမတို့ ဘာကိုတောင်းရလဲဆို သုံးပွင့်ဆိုင် ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ တောင်းနေတာ ဖြစ်ပါတယ်။ NUG ကိုလည်း အသိအမှတ်ပြုဖို့ပေါ့နော်။ အစိုးရတရပ်အနေနဲ့ဆိုတော့ ဒီအတွက် ကျမတို့ဆက်လက် ကြိုးစားသွားရမှာ ဖြစ်တယ်ပေါ့။ ကျမတို့ ဆက်လုပ်ပါမယ်၊ ဒါပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွေကတော့ လာမယ့် ညီလာခံကို တက်ရောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။
မေး။ ။ ဒီလိုမျိုးဖြစ်ပေါ်တိုးတက်လာတဲ့အပေါ် စစ်ကောင်စီဘက်က ဘယ်လိုတုံ့ပြန်တာတွေရှိလဲ ။ နောက်ပြီးအခုက အရေးယူတော့မယ်ဆိုတာကို စစ်ကောင်စီက သိလာတဲ့အခါမှာကျတော့ သူ့တို့ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ။ ။ တုံ့ပြန်ချက်တွေကတော့ အမျိုးမျိုးဖြစ်တယ်ပေါ့နော်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အဓမ္မ ခိုင်းစေမှု ဖြစ်ပွားနေ တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ရင် စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်လာတာက နိုင်ငံအဆင့် အဓမ္မခိုင်းစေမှုနဲ့ပတ်သက်လို့ တိုင်ကြားရေး ယန္တရားတခုကို ဖော်ဆောင်ထားတယ်ဆိုတဲ့ဟာကို သူတို့ လုပ်ပါတယ်၊ ကော်မတီအဖွဲ့ဝင်တွေကိုလည်း ထုတ်ပြန်တယ်ပေါ့နော်။ သူတို့က ဒီကော်မတီထဲမှာ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ချုပ်တွေ၊ အစိုးရကိုယ်စားလှယ်တွေ ပါဝင်တယ်ဆိုပြီးတော့ သူတို့ ထုတ်ပြန်ခဲ့တာ သုံးလလောက် ရှိပြီပေါ့နော်။ အဲဒီ သတင်းကိုလည်း မကြာခဏ မီဒီယာက နေပြီးတော့မှ ထုတ်ပြန်နေတယ်။ ဘာကိုပြချင်တာလဲဆိုတော့ Forced Labor ရှိပေမယ့် ကျနော်တို့သည် အဓမ္မခိုင်းစေမှုတွေ ပပျောက်အောင် ဒီလိုတိုင်ကြားတဲ့ ယန္တရားတခုကို ထူထောင်ထားပါပြီပေါ့နော်။ ဒီလို ဓားစာခံတွေပေါ့။ အဓမ္မခိုင်းခံရတဲ့သူ တွေ ဒီယန္တရားမှာ တိုင်ကြားကြပါဆိုပြီးတော့ လုပ်ဆောင်နေတာရှိပါတယ်။
ဒါပေမယ့် ကျမတို့ သမဂ္ဂတွေကတော့ တိတိလင်းလင်း ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။ ဒီ ယန္တရားသည် အပြသဘော နဲ့ ILO ရဲ့ဖိအားကို ရှောင်ချင်တာနဲ့ လုပ်တာသာဖြစ်တယ်။ ဒီအဓမ္မခိုင်းစေမှုကို ဘယ်သူက ကျူးလွန်နေတာလဲ၊ စစ်ကောင်စီက ကျူးလွန်တာဖြစ်ပါတယ်။ အဲဒီတော့ကျူးလွန်တဲ့သူက ယန္တရားကို ပြန်ထောင်ပြီး လာတိုင်ကြားပါဆိုတဲ့ စနစ်ကတော့ ဘယ်လိုမှအလုပ်ဖြစ်စရာစနစ် မဟုတ်ဘူးဆိုတာ ကျမတို့က ထုတ်ပြန်ပါတယ်။ ILO ကိုလည်း ပြောပြထားပြီး ဖြစ်ပါတယ်။
နောက်ထပ် သူတို့က Freedom of association FOA နဲ့ပတ်သက်ပြီး လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီးတော့ ပြန်လည်ချေပတဲ့ ကိစ္စမျိုးတွေ သူတို့လုပ်တယ်ပေါ့နော်။ ဥပမာအားဖြင့် ကျမတို့ဆိုရင် နိုင်ငံအဆင့် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် CTUM က မှတ်ပုံတင်ကျပြီးသွားပြီ။ တခြားသော အဖွဲ့ချုပ် အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တယ်။ ၂၀၂၂ ခုနှစ် မတ်လကတည်းကပေါ့။ ကျမတို့ CTUM ကိုတော့ မကြေညာဘူး။ ကျမတို့က နိုင်ငံအဆင့် မှတ်ပုံတင်ကျပြီးသား အဖွဲ့အစည်းတခုဖြစ်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ ကြေညာလိုက်မယ် ဆိုရင် ILO ဖိအားက ပိုများလာနိုင်တယ်။
ဒါကြောင့်မို့ သူတို့က ကျမတို့ကိုကျတော့ တရားမဝင်ဘူးလို့ မကြေညာဘဲနဲ့ ဘာလုပ်လိုက်လဲဆိုတော့ ခေါင်းဆောင်တွေအကုန်လုံးကို ဖမ်းဝရမ်းထုတ်လိုက်တယ်၊ တရားစွဲတယ်၊ တချို့ခေါင်းဆောင် တွေ ထောင်ထဲ ရောက်သွားပြီ။ အဖွဲ့ချုပ်အဆင့်ကနေပြီးတော့ မြို့နယ်အဆင့် လုပ်ငန်းခွင်အဆင့် သမဂ္ဂတက်ကြွလှုပ်ရှား သူတွေကို ဖမ်းဝရမ်းထုတ်တယ်ဆိုတော့ သမဂ္ဂတွေကို အခြေခံကနေ အဖွဲ့ချုပ်အထိ ဘာမှ မလုပ်နိုင်အောင် ဖမ်းဝရမ်းတွေ ထုတ်ပြီး စက်မှုဇုံထဲမှာ အစည်းအဝေးတွေလုပ်တယ်။ အလုပ်သမားတွေကိုခေါ်တယ်၊ CTUM က ခေါင်းဆောင်တွေပေါ့၊ ဦးမောင်မောင်၊ ဒေါ်စန္ဒာတို့ ဒေါ်ခိုင်ဇာတို့ကတော့ အပြစ်ကျူးလွန်တဲ့သူတွေပေါ့နော်။ အပြစ်ကျူးလွန်ထားလို့ ဖမ်းဝရမ်း ထုတ်ခံထားရတာ ဖြစ်ပေမယ့် အဖွဲ့ဝင်တွေက ကိုယ့်ရဲ့အဖွဲ့ချုပ်က ခေါင်းဆောင်တွေကို ပြန်ပြီးတော့မှ ပြန်ရွေးကြပါ ဆိုပြီးတော့ အလုပ်သမားတွေကိုခေါ်ပြီးတော့ အစည်းအဝေးခေါ်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။ အဲဒီတော့ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ကို အလုပ်သမားတွေကိုလည်း အသိပေးပါတယ်ပေါ့။ တွေ့ဆုံ ပြောပါတယ်ပေါ့၊ မီဒီယာတွေမှာလည်း သူတို့လုပ်တယ်ပေါ့နော်။
ဆိုတော့ FOA လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ကို နိုင်ငံက အသိအမှတ်ပြုပြီး ကျင့်သုံးခွင့် ပေးထားပါတယ်ဆိုတာမျိုးကို ဖြစ်အောင် သူတို့က လုပ်တယ်ပေါ့။ ဒါပေမယ့် ဘယ်လိုမှ အလုပ်သမားအခွင့်အရေးဆိုတာ ပြောလို့မရဘူး၊ ဖွဲ့စည်းမှုဆိုတာ လုပ်လို့မရဘူးဆိုတာ သက်သေအထောက်အထားပေါင်းများစွာ ILO ကို တင်ပြထားပြီး ဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက ဒီလိုမျိုးလှုပ်ရှားမှုတွေလုပ်ပြီးတော့မှ ILO ရဲ့ဖိအားတွေကို လျော့အောင် ဆောင်ရွက်နေ တဲ့ကိစ္စမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ လုပ်ဆောင်မှုကို ILO က အသိအမှတ် မပြုပါဘူးရှင့်။
မေး။ ။ အဲဒီလိုမျိုးစစ်ကောင်စီဘက်က တုံ့ပြန်မှုတွေကို အသိအမှတ်မပြုတော့ဘဲနဲ့ အခုဟာက ဆုံးဖြတ်ချက်ချတော့မှာ ဆိုတော့ ILO ညီလာခံမှာ ဒီလိုမျိုး အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ပြီးသွားလို့ရှိရင် ဘာတွေဆက်ဖြစ်မှာလဲ။
ဖြေ ။ ။ ဘာဆက်ဖြစ်မလဲဆိုတော့ ကျမ ခုနကပြောတဲ့ အဆင့် သုံးခုမှာ အရေးယူဆောင်ရွက်မှု ဖြစ်နိုင်တယ်ပေါ့နော်၊ အခုပဲ ILO ကအရေးယူဆောင်ရွက်မှုတခု ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက် ချလိုက်ပြီ၊ No Technical Support နည်းပညာဆိုင်ရာ ပံ့ပိုးမှု မလုပ်ဘူး။ ပြီးတော့ အခြားသော ကူညီပံ့ပိုးမှုတွေ ဘာမှ မလုပ်ဘူး။ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို တိုက်ရိုက်အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှတပါး ကျန်တဲ့ဟာကို ဘာမှ ထောက်ပံ့မှုမလုပ်ဘူး ဆိုတဲ့ဟာကို ILOက ဆုံးဖြတ်ချက် ချလိုက်ပြီ။ ပထမအဆင့် အရေးယူမှုလို့ ပြောလို့ရပါတယ်။ ဒုတိယအဆင့်နဲ့ တတိယအဆင့် အရေးယူမှု ဖြစ်ဖို့အတွက်ကတော့ အလုပ်တွေတော့ အများကြီးလုပ်ရမယ်၊ ဥပမာ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင် လုပ်ငန်းစဉ်က ဘာဖြစ်မလဲဆိုတော့ ILO ရဲ့အဖွဲ့ဝင် အစိုးရတွေသည် သူတို့နိုင်ငံကို သူတို့ ပြန်သွားရမယ်၊ သူတို့နိုင်ငံမှာ ပါလီမန်မှာ အစိုးရအဖွဲ့မှာ ILO ရဲ့ဆုံးဖြတ်ချက်ကို သူတို့ တင်ပြရမယ်။
တင်ပြပြီးတော့မှ ဥပမာ တခု ပေးရမယ်ဆိုရင် ၂၀၀၀ ခုနှစ်မှာ အလားတူကိစ္စမျိုး မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာ ILO ညီလာခံက ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်က ဘာလဲဆိုရင် မြန်မာနိုင်ငံက ဒီလိုချိုးဖောက်မှုတွေ လုပ်တယ်၊ ဒါကြောင့်မို့လို့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်ကြပါဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ခုနက ပြောတဲ့လုပ်ငန်းစဉ်ထဲ ဝင်သွားတာပေါ့နော်၊ အစိုးရတွေက သူတို့နိုင်ငံမှာ ပြန်ပြီးတော့ သူတို့ဘာလုပ်ငန်းတွေ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ မြန်မာနိုင်ငံနဲ့ရှိသလဲဆိုပြီးတော့ သူတို့ ပြန်ကြည့်ရပါတယ်။
ဥပမာအားဖြင့် ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံကိုပေးနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာအထောက်အပံ့တွေ၊ Development Aid လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအထောက်အပံ့တွေ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ ရန်ပုံငွေတွေ၊ Project တွေပေါ့နော်။ ဒါတွေအများကြီး ရှိနေတယ်၊ အဲဒါတွေ အကုန်လုံးကို သူတို့ ပြန်သုံးသပ်ရတယ်၊ ပြန်သုံးသပ်ရတယ်။ ဒီဟာ ချိုးဖောက်လိုက်တယ်၊ မလုပ်တော့ပါနဲ့ လို့ ILO က ပြောလိုက်တဲ့အတွက်ကြောင့်မို့ ပြန်သုံးသပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းရမယ့် အနေအထား ဖြစ်လာတယ်။
အဲဒီမှာ ဖြစ်နိုင်တာက အဖွဲ့ဝင်နိုင်ငံတွေက အရေးယူဖို့ကို အဆောတလျင်မလုပ်ဘဲနဲ့ အချိန်ဆွဲနေတဲ့ ကိစ္စမျိုးတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျမတို့ အလုပ်သမားသမဂ္ဂတွေအနေနဲ့ကတော့ ထိုကဲ့သို့ မဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာမှာ အလုပ်သမား အဖွဲ့ချုပ်တွေ နိုင်ငံတွေအလိုက် ရှိတယ်၊ CTUM ရဲ့ ညီအစ်ကို မောင်နှမ သမဂ္ဂတွေပါ။ အခုလည်း သူတို့နဲ့ ပူးပေါင်းပြီးတော့ ILO မှာ စစ်ကောင်စီကို အရေးယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ နိုင်ငံတကာက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေကို ဆက်လက်ပြီးတော့ ဆက်သွယ် တွေ့ဆုံပြီးတော့မှ သူတို့အစိုးရတွေ အဆောတလျင် အရေးယူမှု လုပ်ရအောင် ကျမတို့လုပ်ရမှာဖြစ်ပါတယ်။
ထိုနည်းတူပဲ ILO အဖွဲ့ဝင် အလုပ်ရှင် ကုမ္ပဏီတွေအနေနဲ့ကလည်း ဒီဆုံးဖြတ်ချက်ကို သူတို့ရဲ့ဘုတ်အဖွဲ့မှာ ပြန်တင်ပြပြီးတော့မှ လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အနေအထားမျိုးတွေဖြစ်လာမှာပါ၊ ဒါက ဆက်လက်ဖြစ်မယ့်ကိစ္စပေါ့နော်။ အဖွဲ့ဝင် အစိုးရတွေ၊ အလုပ်ရှင်တွေက အရေးယူမှုကို သူတို့ လုပ်တဲ့အခါမှာ မြန်မာနိုင်ငံအတွက်ကို ကျမတို့ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ အဆင့်ဆင့်တိုင်းမှာ ဖြစ်လာမယ်ဆိုတာကို တင်ပြလိုပါတယ်။
မေး ။ ။ မခိုင်ဇာ ပြောတဲ့အထဲမှာ ၂၀၀၀ တုန်းက အရင်စစ်အုပ်စုကလည်း ဒီလိုမျိုးချမှတ်ခံခဲ့ရဖူးတဲ့အခါမှာကျတော့ အခုလည်း ဒုတိယအကြိမ်ပြန်ပြီးတော့ ချမှတ်ခံရပြီပေါ့ဗျာ။ ဆိုတော့ အဲဒီ နှစ်ခု ဘာကွာသွားမလဲ။
ဖြေ ။ ။ ဘာကွာသွားမလဲဆိုတော့ ရည်ရွယ်ချက်ပေါ့နော်၊ ဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်၊ အလုပ်သမားအခွင့်အရေး၊ သမဂ္ဂအခွင့်အရေးအတွက် ILO ရဲ့ပြဋ္ဌာန်းချက်တွေကို လေးစား လိုက်နာတယ်ဆိုတဲ့အစိုးရတရပ် ပေါ်ပေါက်လာဖို့ အထောက်အပံ့ အများကြီး ဖြစ်ပါတယ်။ အဲဒါ ဘယ်လိုနည်းနဲ့ဖြစ်မှာလဲ ဆိုတော့ ဥပမာ ၂၀၀၀ ခုနှစ်က ဆုံးဖြတ်ချက်ချတုန်းကဆိုရင် ILO အဖွဲ့ဝင် အစိုးရတွေ၊ အလုပ်ရှင်တွေရဲ့ အရေးယူမှုက သိသိသာသာဆို သုံးနှစ်အတွင်းမှာ ဖြစ်ခဲ့တယ်။ ဥပမာ ၂၀၀၃ ခုနှစ်မှာဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ အလုံးစုံ စီးပွားရေးပိတ် ဆို့မှု ဖြစ်သွားတယ်၊ Economic Sanction ပေါ့နော်။ ကုမ္ပဏီတွေလည်း ထွက်၊ တခြားသောအစိုးရတွေရဲ့ အထောက်အပံ့တွေ အကုန်ရပ်တာ ၂၀၀၃ ခုနှစ်မှာ ပိုပြီးတော့ မြင်သာထင်သာရှိခဲ့တယ်။
အဲဒီလိုဖြစ်ပြီးတော့ နိုင်ငံရေးအပြောင်းအလဲက ဘယ်လို ဖြစ်ခဲ့လဲဆိုရင် စစ်ကောင်စီက ဖိအားတွေရတဲ့အခါမှာ ဘယ်လိုပဲ တရုတ်၊ ရုရှားတို့ သူ့ကိုထောက်ပံ့တယ်ပဲ ပြောပြာ ကိုယ့်နိုင်ငံက အပြည်ပြည်ဆိုင်ရာက အထောက်အပံ့မရဘူး Sanction ဖြစ်တဲ့အခါမှာ မရပ်တည်နိုင်ခဲ့ဘူး။ မရပ်တည်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ အထောက်အပံ့တွေ ပြန်ရဖို့အတွက် အဲဒီအချိန်က စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ရေးတယ်။ ၂၀၀၈ မှာ Referendum အတည်ပြုပွဲတွေလုပ်ပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့တယ်ပေါ့နော်၊ အဲဒါ ဘာကိုလုပ်တာလဲဆိုတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်တယ်။ ပြီးတော့ သူတို့ပဲ နိုင်တယ်ပေါ့နော်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာကို ပြောတယ်။ ငါတို့နိုင်ငံမှာ ရွေးကောက်ထားတဲ့ အစိုးရရှိပြီ။ ဒါကြောင့် ပြန်လာကြည့်ပါ၊ ငါတို့ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေပါပြီ ဆိုပြီးတော့ ဖိတ်ခေါ်ပြီး လုပ်ခဲ့တယ်။
အဲဒီလိုလုပ်ခဲ့တာကြောင့်မို့လို့ အဲဒီအချိန်မှာ ကျမတို့လည်း မြန်မာပြည်ကို ပြန်ဝင်တယ်၊ သူတို့ပြောတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါပြီလို့ပြောတဲ့ အတည်ပြုဖို့ လိုတာပေါ့နော်။ ဒီမိုကရေစီရဲ့ အဓိကအနှစ်သာရက ဘာလဲ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် တွေရှိရမယ်၊ ဒါအခြေခံပဲ၊ ကျမတို့ပြန်သွားပြီးတော့ သမဂ္ဂဖွဲ့စည်းရေးကိစ္စတွေ လုပ်နိုင်တယ်။ တခြား CSO တွေ လူထု အခြေပြုအဖွဲ့အစည်းတွေ အများကြီး ပေါ်ပေါက်လာတယ်။ ပါတီတွေ NLD အပါအဝင် အများကြီးက စည်းရုံးရေးကမ်ပိန်း တွေ လုပ်လာနိုင်တယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က အပြည်ပြည်ဆိုင်ရာပိတ်ဆို့မှုကို အလူးအလဲ ခံရပြီတဲ့အခါမှာ ပြန်ပြီးတော့ အထောက်အပံ့ ရချင်တယ်။
အဲဒီ လှုပ်ရှားမှုတွေ အားလုံးဖြစ်ပေါ်နေတာ သူတို့မကြိုက်ခဲ့ဘူး၊ သို့သော် ကျမတို့ သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းလိုက်မယ်၊ ပါတီခေါင်းဆောင်တွေကို ဖမ်းလိုက်မယ်၊ အဲဒီအချိန် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဖမ်းလိုက်မယ်ဆိုရင် ကမ္ဘာက စောင့်ကြည့်နေတယ်။ ILO ကစောင့်ကြည့်နေတယ်၊ သူတို့ပြသနာ ပိုတက်သွားမယ်၊ အဲဒါကြောင့် ကျမတို့ကို လုပ်ဆောင်ခွင့် ပေးတာပေါ့နော်။ ကျမတို့ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်တွန်းသွားနိုင်တဲ့အခါမှာ NLD က နိုင်ခဲ့တယ်၊ ၂၀၁၅ နဲ့ ၂၀၂၀ မှာ နိုင်ခဲ့တယ်။ ဒါက Sanction ကြောင့်မို့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကောင်းဘက်က တိုးတက်ဖြစ်ထွန်းမှု ဖြစ်လာတယ်။
ကျမပြောချင်တာက Sanction ကြောင့်မို့လို့ နိုင်ငံရေး အပြောင်းအလဲ အကြီးကြီး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဘာကွာမလဲပေါ့၊ နိုင်ငံရေးအပြောင်းအလဲ အကြီးကြီးဖြစ်မယ်လို့ ကျမတို့ တထစ်ချယုံကြည်တယ်၊ ဒီမိုကရေစီ အင်အားစုတွေက ဒီ Sanction ကြောင့်မို့လို့ ILOက ဆုံးဖြတ်ချက်ချပြီးသွားတဲ့အခါမှာ အပြောင်းအလဲ အကြီးကြီးဖြစ်မယ်၊ ပိုမြန်မယ်လို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆို အခုအချိန်က ပြည်တွင်းမှာ ပြည်သူတွေရဲ့ တိုက်ပွဲပြင်းထန်နေတယ်။ ဒီဟာက အဲဒီအချိန်တုန်းကနဲ့ မတူတဲ့ ထူးခြားတဲ့ ကျမတို့ဘက်က အားသာချက်တခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ILO Sanction ပြီးတဲ့နောက်မှာ ILO ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့အကောင်းဘက်ကို သွားမယ်၊ နိုင်ငံရေး အပြောင်းအလဲက ပိုမြန်ပါလိမ့်မယ်။
ကွာခြားချက်ကဘာဖြစ်မလဲဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်လာတဲ့ စစ်တပ်ကျောထောက်နောက်ခံဖြစ်သော အစိုးရကို လက်ခံခဲ့ရတယ်။ ဒါပေမယ့် ဒီတခေါက် အဲဒီလို မဖြစ်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီနေ့ ပြည်သူတွေရဲ့တော်လှန်ရေးအင်အားစုတွေရဲ့မူက ဘာလဲဆိုရင် စစ်တပ်ကို အရေးယူ အပြစ်ပေးနိုင်ဖို့ လိုတယ်။ စစ်တပ်သည် နိုင်ငံရေးထဲမှာ လုံးဝမပါနဲ့တော့ဆိုတာ ဖြစ်တယ်။ ဒါက ကျမတို့ မတူညီတဲ့ ကွာခြားချက်ဖြစ်မယ်လို့ ပြောချင်ပါတယ်၊ အရေးယူမှုမြန်မယ်၊ အပြောင်းအလဲမြန်မယ်၊ စစ်တပ်မပါသော နိုင်ငံရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ကျမတို့သွားမှာဖြစ်တယ်။
မေး ။ ။ မခိုင်ဇာအနေနဲ့ အခုက အလုပ်သမားခေါင်းဆောင်လည်း ဖြစ်တယ်။ CTUM ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်တဲ့အခါမှာကျတော့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ အလုပ်သမားတွေကို ဘာသတင်းစကားပါးချင်ပါသလဲ။
ဖြေ ။ ။ ကျမတို့ ညီအစ်ကို မောင်နှမတွေ၊ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေကို ပြောချင်တာက သူတို့တွေ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေ ကျမတို့သိတယ်၊ နားလည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့လုပ်နေတဲ့ အလုပ်တွေ သည် သူတို့ လိုအပ်ချက်တွေကိုပြောလို့ သူတို့လိုအပ်ချက်တွေကို ကျမတို့ ဘယ်လိုဖြည့်ဆည်းနိုင်မလဲဆိုတာ နိုင်ငံရေး အပြောင်းအလဲက အရေးကြီးတာကို။ ဒါကြောင့်မို့ ဒီနေ့ ကျမတို့အဖွဲ့ချုပ်က လုပ်နေတဲ့မူဝါဒတွေ၊ လုပ်ငန်းအကောင် အထည် ဖော်ဆောင်ရွက်မှုတွေသည် အလုပ်သမားတွေကို ကိုယ်စားပြုပြီး လုပ်နေတယ်။ သူတို့တောင်းဆိုမှုအရ လုပ်နေတယ်ဆိုတာ ကျမ ပြောချင်ပါတယ်။
ကျမတို့က မဆုတ်မနစ် လုပ်နေတယ်ပေါ့ နော်။ ဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ပါဝင်ပံ့ပိုးမှု အရမ်းကိုမှ အရေးကြီးတယ်ဆိုတာပြောချင်ပါတယ်၊ ဒီနေ့ထိ ဒေါ်ခိုင်ဇာအောင်အနေနဲ့သော်လည်းကောင်း CTM ဥက္ကဋ္ဌ ဦးမောင်မောင်အနေနဲ့သော်လည်းကောင်း၊ အခြားသော ခေါင်းဆောင်တွေ လုပ်နိုင်တာ အပြည်ပြည်ဆိုင်ရာအဆင့်မှာ တိုက်ပွဲဝင်နိုင်တာ ဘာကြောင့်လဲဆိုရင် သူတို့တွေက ကျမတို့ကို လာပေးတဲ့ သတင်းအချက်အလက်တွေကြောင့် ဒီအချက်အလက်တွေသုံးပြီး ILO ကို ချိုးဖောက်မှုတွေ ဖော်ပြနိုင်တာဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပူးပေါင်း ဆောင် ရွက်မှုတွေ နောက်ကနေ ထောက်ပံ့မှုတွေကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။
နောက်တခုက တော်လှန်ရေး နိုင်ငံရေးအပြောင်းအလဲဖြစ်မှုက မဝေးတော့ပါဘူး။ အားလုံးရှိနေတဲ့ အတိဒုက္ခတွေကို ကြံ့ကြံ့ခိုင်ပြီးတော့ ဆက်လက်ပြီးတော့ ကျမတို့ ဒီစစ်အာဏာရှင်ဖယ်ရှားရေးတိုက်ပွဲမှာ ပါဝင်ကြပါ။ ကျမတို့အတူတူ ပြန်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်တော့မှာဖြစ်တယ်ဆိုတာကို သတင်းစကားပါးချင်ပါတယ်၊ စိတ်မလျော့ပါနဲ့၊ အားမလျော့ပါနဲ့၊ ကျမတို့အောင်ပွဲက နီးလာပါပြီဆိုတာကို ပြောချင်ပါတယ်။
You may also like these stories:
မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ
မြန်မာ အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်လာနေဟု ILO အစီရင်ခံ
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို
NUG ရော စစ်ကောင်စီပါ အလုပ်သမားညီလာခံ တက်ခွင့်မရ
အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ